← Chapters

ရှေးဦးအပျက်အစီး ပြီးပြည့်စုံပြီ (ဂ)

Vol. 120 Ch. 1836

ရှေးဦးအပျက်အစီး ပြီးပြည့်စုံပြီ (ဂ)

Vol. 120 Ch. 1836

ဤအခိုက်အတန့်မှာ အနက်ရောင်မျှော်စင်၏ အစစ်အမှန်ခန္ဓာကိုယ် ဆင်းသက်လာသည်နှင့် ရှေးဦးအပျက်အစီး၏ ဝိညာဉ်ရင်းမြစ်အား စုပ်ယူမှုက ယခင်ကထက် အဆပေါင်းတစ်ထောင် ပိုပြီးတိုးမြှင့်သွားသည်။

ဤသည်မှာ ၎င်းက ကြယ်တာရာကောင်းကင်တစ်ခုလုံးမှ ဝိညာဉ်အားလုံးကို ခြောက်ကပ်သွားအောင် စုပ်ယူတော့မည့်အလားပင်။

ထိုမြင်ကွင်းကို ဧရာမသားရဲမြင်သွားသောအခါ ၎င်း၏ သွေးနီရောင်မျက်လုံးများက ပိုပြီးထွန်းလင်းတောက်ပလာသည်။ ၎င်းက တစ်ခဏစောင့်ဆိုင်းပြီးနောက် ၎င်း၏ ရက်စက်ကြမ်းကြုတ်သော ဦးခေါင်းကို ရုတ်တရက် မော့လိုက်ပြီး ချောက်ချားဖွယ်ကောင်းသော ဟိန်းသံကို ထုတ်လွှတ်လိုက်သည်။ ၎င်း၏ ဟိန်းသံအောက်မှာ ကြယ်ဂြိုလ်များက ပြိုကွဲပျက်စီးသွားကြသည်။

ဝေါင်း….

၎င်း၏ အနောက်မှ ဟင်းလင်းပြင်က အပြည့်အဝ အက်ကွဲသွားသည်။ မရေမတွက်နိုင်သော အပျက်အစီးကြယ်များ၊ ဂြိုလ်များ၊ အမှောင်ထုဖြင့် ဖွဲ့စည်းထားသော သားရဲဦးခေါင်းတစ်ခုသည် အက်ကွဲသွားသော ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။

ထိုသားရဲဦးခေါင်းက အလွန်ကြီးမားလေရာ ဂလက်စီတစ်ခုကို တစ်လုပ်တည်းဖြင့် ဝါးမျိုနိုင်စွမ်းရှိသည်။

အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော အရှိန်အဝါဖြင့် ၎င်းက ၎င်း၏ ဧရာမပါးစပ်ကို ဖွင့်လိုက်ပြီး ရှေးဦးအပျက်အစီးကို ကိုက်စားလိုက်သည်။

ဈာပနအဆောင်စက္ကူပုံရိပ်က နတ်ဘုရင်လေးပါးထဲမှာ ဉာဏ်အများဆုံးနှင့် သတိအကြီးဆုံးဖြစ်ကြောင်း ထင်ရှား‌ပေသည်။ တခြားနတ်ဘုရင်သုံးပါးက ၎င်းတို့၏ အစစ်အမှန်ခန္ဓာကိုယ်များဖြင့် ရောက်ရှိလာကြသော်လည်း ၎င်းက မလှုပ်ရှားသေးချေ။

ယင်းက အထွတ်အမြတ် နတ်ဘုရင်သုံးပါး၏ လုယက်မှုက အထွတ်အထိပ်သို့ ရောက်သွားသည်အထိ ဖြစ်သည်။ ခြောက်ကပ်ပိန်ချုံးနေသော ရှေးဦးအပျက်အစီးသည်လည်း လမ်းအဆုံးသို့ ရောက်ရှိနေသည့် လက္ခဏာများကို ဖော်ပြလာသည်။

ထိုအခိုက်အတန့်မှာ မရေမတွက်နိုင်သော စက္ကူလူသားများ၏ ဗလာမျက်လုံးထဲတွင် အလွန်မှိန်ဖျော့သော အလင်းရောင်နှစ်ခု ရုတ်တရက် ထွန်းလင်းလာသည်။

ထို့နောက် စက္ကူလူသားများထဲမှ တစ်ယောက်သည် ၎င်း၏ ရင်ဘက်ကို မည်သည့်သတိပေးမှုမှမရှိဘဲ ရုတ်တရက် ဆုတ်ဖြဲလိုက်သည်။ ခုနစ်ရောင်ခြယ်မိစ္ဆာအလင်းဖြင့် ဝန်းရံခံထားရသော စက္ကူပုံရိပ်ငယ်တစ်ခုသည် ကွဲထွက်သွားသော စက္ကူလူသား၏ ရင်ဘက်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး အလွန်အား‌ကောင်းသော အတိတ်နိမိတ်ဆိုးအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

ခုနစ်ရောင်ခြယ်စက္ကူပုံရိပ် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က တိတ်တဆိတ် ယိုယွင်းပျက်စီးသွားသည်။

ထို့နောက် ၎င်းက ကြယ်အလင်းရောင်ကို ပုံပျက်တွန့်လိမ်သွားစေမည့် ခုနစ်ရောင်ခြယ်မိစ္ဆာအလင်းအဖြစ် ပြောင်းလဲသွားသည်။ ၎င်းက ကံကြမ္မာကို လုယက်နိုင်သော အထူးအဆန်းစွမ်းအားကို သယ်ဆောင်လျက် အတားအဆီးအားလုံးကို လျစ်လျူရှုလိုက်ပြီး ရှေးဦးအပျက်အစီး၏ အနက်ပိုင်းဆီသို့ ဦးတည်သွားသည်။

အလင်းတန်းက သေခါနီး ရှေးဦးအပျက်အစီးပေါ်သို့ အမြစ်ဖြတ်သုတ်သင်သော တိုက်ခိုက်မှုကို ပြုလုပ်လိုက်သည်။

သို့သော်လည်း ခုနစ်ရောင်ခြယ်မိစ္ဆာအလင်းက ရှေးဦးအပျက်အစီးကို ထိမှန်တော့မည့်အချိန်၊ အနက်ရောင်မျှော်စင်၏ ဝိညာဉ်စုပ်ယူမှု၊ ဧရာမသားရဲ၏ ခန္ဓာကိုယ်ဝါးမျိုမှုနှင့် မိခင်မြစ်၏ ချုပ်နှောင်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားကြသည့်အချိန်…

ကြိုးအဆုံးသို့ ရောက်ရှိနေပြီး သေခါနီးနေသော ရှေးဦးအပျက်အစီး၏ မျက်နှာက အပြင်းအထန် တုန်ယင်သွားသည်။ တစ်ချိန်တည်းမှာ ထာဝရ အိပ်စက်နေဟန်ရသော ၎င်း၏ ဧရာမမျက်လုံးများက တင်းတင်းကျပ်ကျပ် မှိတ်ထားရာမှ ရုတ်တရက် ပွင့်သွားသည်။

၎င်း၏ မျက်လုံးတစ်လုံးတွင် အဆုံးမဲ့ကမ္မမီးတောက်က ချော်ရည်ချောက်နက်ထဲမှ သွေးနီရောင်အလင်းသဖွယ် တဟုန်းဟုန်း လောင်ကျွမ်းနေသည်။

၎င်း၏ အခြားမျက်လုံးထဲမှာတော့ အလင်းရောင်အားလုံးကို ဝါးမျိုနိုင်ပြီး ဗလာနတ္ထိကိုပင် ဖယ်ရှားနိုင်သော အကြွင်းမဲ့ဟင်းလင်းပြင် ရှိသည်။

တစ်ချိန်တည်းသော မရေမတွက်နိုင်သော နတ်ဘုရားအသံများ ထပ်ဆင့်လွှမ်းခြုံနေသည့် အသံနက်ကြီးက အထွတ်အမြတ် နတ်ဘုရင်လေးပါး၏ စိတ်အာရုံထဲမှာ ဘီလီယံနှင့်ချီသော ကြယ်ဂြိုလ်အပျက်အစီးများ၏ နောက်ဆုံးညည်းညူသံသဖွယ် ရုတ်တရက် ပေါက်ကွဲသွားသည်။ ထိုအသံကြောင့် အချိန်နှင့် လေဟာနယ်၏ စိတ်ဆန္ဒက အေးခဲသွားသည်။

“ နောက်ဆုံးတော့ မင်းတို့အားလုံး ဒီကို ရောက်လာကြပြီ… ”

ထိုအသံ ပဲ့တင်ထပ်သွားသည့်အခိုက် ထူးဆန်းသော အပြောင်းအလဲတစ်ခုက ထွက်ပေါ်လာသည်။

ယင်းက ရှေးဦးအပျက်အစီး၏ အကြွင်းအကျန်စိတ်ဆန္ဒမှ တန်ပြန်တိုက်ခိုက်မှု မဟုတ်ပေ။ ယင်းအစား ရှေးဦးအပျက်အစီးကို ဆန့်ကျင်နေပြီး ၎င်း၏ အသွေးအသားများကို သိမ်းပိုက်နေသော ဇီချင်းထံမှ ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။

ဤသည်မှာ သူက ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေသည့်အလားပင်။

နတ်ဘုရင်လေးပါး၏ စိတ်ဆန္ဒများက ဤနေရာမှာ အပြည့်အဝ ထွက်ပေါ်လာကြပြီး ရှေးဦးအပျက်အစီး၏ အနှစ်သာရကို လောဘတကြီး လုယက်နေသည့်အချိန် ဇီချင်းက ဆန်းကြယ်ဘုံကို အပြည့်အဝ ဖွင့်လှစ်လိုက်သည်။

ရလဒ်အနေဖြင့် ဆန်းကြယ်ဘုံထဲမှ ထုတ်လွှတ်နေသော အနက်ရောင်မြူခိုးက ယခင်ကထက် အဆပေါင်းသိန်းသန်းမက ပိုပြီးကျယ်ပြန့်သွားသည်။ အနက်ရောင်မြူခိုးထဲမှ အန္တရာယ်အရှိန်အဝါသည်လည်း တစ်ဟုန်ထိုး အားကောင်းလာသည်။

ထို့ပြင် မြူခိုးက ဒြပ်မဲ့ပုံစံဖြင့် မဟုတ်တော့ပေ။ ယင်းက နှစ်သန်းပေါင်းများစွာကြာအောင် ပုပ်သိုးနေခဲ့သော အလောင်းထံမှ သွေးများသဖွယ် စေးပျစ်လာသည်။ စေးပျစ်သော အနက်ရောင်မြူခိုးထုသည် အတွေး၏ အမြန်နှုန်းထက်ပင် သာလွန်သော အလျင်ဖြင့် ကောင်းကင်ကို ဖုံးလွှမ်းလိုက်သည်။

ထို့နောက် ယင်းက စတင်ဝါးမျိုလိုက်သည်။

အရင်ဦးဆုံး ဧရာမသားရဲ၏ ဦးခေါင်းက ဝါးမျိုခံလိုက်ရသည်။ ညစ်ညမ်းသော မြူခိုးထုက ၎င်းကို ချက်ချင်း လွှမ်းခြုံသွားပြီး အပျက်အစီးကြယ်ဂြိုလ်များဖြင့် ဖွဲ့စည်းထားသော ၎င်း၏ အသွေးအသားများကို စတင်ယိုယွင်းတိုက်စားလိုက်သည်။ နားကွဲလုမတတ် ကျယ်လောင်သော တရှဲရှဲမြည်သံက ကောင်းကင်ပေါ်မှာ ပဲ့တင်ထပ်သွားသည်။

၎င်းက အမှန်တကယ် အရည်ပျော်သွားပြီး ယိုယွင်းပျက်စီးသွားသည်။

၎င်း၏ အသွေးအသားများဖြစ်သော အပျက်အစီးကြယ်ဂြိုလ်များက တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကြပြီး နံဟောင်သော အရည်ကို ထုတ်လွှတ်လိုက်ကြသည်။ ထိုအရည်က မြူခိုး၏ လောဘတကြီး စုပ်ယူခံလိုက်ရသည်။

အနက်ရောင်မျှော်စင်သည်လည်း ထို့အတူပင်။ မြူခိုးက တိတ်တဆိတ် ငိုကြွေးနေသော နတ်စင်များကို ထိတွေ့သွားသည့်အခိုက် နတ်စင်များထဲမှ နာကျင်ရှုံ့မဲ့နေသော မျက်နှာများက ချက်ချင်း အေးခဲသွားကြသည်။ ထို့နောက် ညစ်ညမ်းသော အမည်းစက်များက ကြေးနီရောင်မျှော်စင်၏ မျက်နှာပြင်ပေါ်မှာ အလျှင်အမြန် ပျံ့နှံ့သွားကြသည်။

အရူးအမူး ဝိညာဉ်စုပ်ယူနေသော မျှော်စင်သည် အကြောက်တရားဖြင့် ပြည့်နှက်နေသော ချောက်ချားဖွယ်အော်သံကို ထုတ်လွှတ်လိုက်သည်။

မျှော်စင်၏ အောက်ခြေမှ မဖျက်ဆီးနိုင်သော ကြေးနီရောင်သတ္ထုက စတင်အရည်ပျော်သွားသည်။

မိခင်မြစ်သည်လည်း လွတ်မြောက်ရန် အခက်တွေ့နေသည်။

နာကျင်ရှုံ့မဲ့နေသော မျက်နှာအမြောက်အများဖြင့် ဖွဲ့စည်းထားသည့် မြစ်ရေမျက်နှာပြင်ပေါ်မှ ဧရာမမျက်နှာကြီးက ကြောက်လန့်သော အော်ဟစ်ညည်းညူသံကို ထုတ်လွှတ်လိုက်သည်။ မြစ်ရေက ပွက်ပွက်ဆူလာပြီး မြူခိုး၏ အတင်းအဓမ္မ စုပ်ယူဝါးမျိုခံလိုက်ရသည်။

အထူးဆန်းဆုံးမှာ စက္ကူပုံရိပ်ဖြစ်သည်။ ဤအခိုက်အတန့်မှာ ၎င်း၏ ကိုယ်ပွားအားလုံးက ပြိုကွဲပျက်စီးသွားပြီး မြေပြင်ပေါ်မှာ ပြန့်ကျဲသွားကြသည်။

၎င်း၏ မူလခန္ဓာကိုယ်ဖြစ်သော ခုနစ်ရောင်ခြယ်စက္ကူပုံရိပ်သည်တော့ ညစ်ညမ်းသော မြူခိုးထဲမှာ အပြင်းအထန် ရုန်းကန်နေသည်။ သို့သော်လည်း ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အရောင်များက မြန်ဆန်စွာ ပျောက်ကွယ်သွားနေသည်။

အလွန်အားကောင်းသော သေခြင်းအန္တရာယ်ကို ခံစားမိသောအခါ ၎င်းက ချက်ချင်း အနောက်ဆုတ်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ရှေးဦးအပျက်အစီး၏ ကံကြမ္မာအမှတ်များနှင့် ချိတ်ဆက်နေသည့် သဏ္ဍာန်မဲ့ချည်မျှင်များက ဤအခိုက်အတန့်မှာ ၎င်းအတွက် အသက်သေစေနိုင်သော အချုပ်အနှောင်များ ဖြစ်လာကြသည်။

မြူခိုးက ချည်မျှင်များပေါ်မှာ စီးဆင်းသွားပြီး ၎င်း၏ ဇစ်မြစ်ကို အရူးအမူး ယိုယွင်းတိုက်စားလိုက်သည်။

၎င်း၏ ခန္ဓာကိုယ်က လေထဲမှာ ပုံပျက်တွန့်လိမ်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အရောင်များက ဆက်လက် မှေးမှိန်သွားနေလေရာ ယခု ၎င်းက ညစ်ညမ်းသော ရေထဲမှာ နစ်မြုပ်နေသည့် စက္ကူစုတ်သဖွယ် ဖြစ်လာသည်။

“ အာဟာရဓာတ်တွေ… ပိုပြီးများတဲ့ အာဟာရဓာတ်တွေ လိုတယ် ”

ဘီလီယံနှင့်ချီသော အင်းဆက်များ၏ လောဘအတွေးများကို သယ်ဆောင်ထားဟန်ရသော အသံနက်ကြီးက နတ်ဘုရင်လေးပါး၏ အသိစိတ်ထဲမှာ ဝုန်းခနဲ မြည်ဟိန်းသွားသည်။

လုယက်သူများက ယခု သားကောင်များ ဖြစ်လာကြသည်။

ပြေး…

ဧရာမသားရဲကြီးသည် အဆုံးမဲ့အကြောက်တရားများ ကိန်းအောင်းနေသော ဟိန်းသံကို ထုတ်လွှတ်လိုက်သည်။ ၎င်းက အရည်ပျော်နေသော ကံကြမ္မာဆိုးမှ လွတ်မြောက်နိုင်ရန် အရူးအမူး ကြိုးစားလိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အပျက်အစီးကြယ်ဂြိုလ်များက တစ်ခုပြီးတစ်ခု ကွာကျသွားနေသည်။

အနက်ရောင်မျှော်စင်သည် ကောင်းကင်ဘုံတုန်လှုပ်သွားစေမည့် တဝီဝီမြည်သံကို ထုတ်လွှတ်လိုက်သည်။ ၎င်း၏ မျှော်စင်ခန္ဓာကိုယ်ပေါ်မှာ အလွန်အားကောင်းသော သေခြင်းအငွေ့အသက်က ထွက်ပေါ်လာသည်။ ၎င်းက ခန္ဓာကိုယ်ကို အပြင်းအထန် လှုပ်ခါလိုက်ပြီး ၎င်းအား ကပ်တွယ်နေသော အမည်းစက်များကို ခွာချရန် အကောင်းဆုံး ကြိုးစားလိုက်သည်။

မိခင်မြစ်က ပရမ်းပတာ လှုပ်ခတ်နေသည်။ ၎င်း၏ ဧရာမမျက်နှာက ပုံပျက်တွန့်လိမ်သွားပြီး ပြိုကွဲပျက်စီးသွားသည်။ မဟူရာရွှေမြစ်ရေက အနောက်သို့ တလိပ်လိပ် ဆုတ်ခွာသွားသည်။ ဤသည်မှာ မိခင်မြစ်က မြူခိုးနှင့် ၎င်းကြားမှ ဆက်သွယ်မှုကို ဖြတ်တောက်ချင်နေသည့်အလားပင်။

ခုနစ်ရောင်ခြယ်စက္ကူပုံရိပ်က ၎င်းထက် ပိုပြီးပြတ်သားသည်။ ၎င်းက ရှေးဦးအပျက်အစီး၏ ကံကြမ္မာအမှတ်များဖြင့် ချိတ်ဆက်ထားသော ချည်မျှင်အားလုံးကို ဖြတ်တောက်လိုက်သည်။ ထို့နောက် ၎င်းက ကိုယ့်ဘာသာ အရောင်မှေးမှိန်စေပြီး အနက်ရောင်ပုံရိပ်အသွင်ဖြင့် ဟင်းလင်းပြင်ထဲသို့ အမြန်ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော်လည်း အလွန်နောက်ကျသွားချေ၏။

အဆုံးမဲ့တောင်တန်းသဖွယ် အလွန်ရှည်လျားသော ရှေးဦးပျက်အစီး၏ အနက်ရောင်ဆံပင်များက ဤအခိုက်အတန့်မှာ မြူခိုးထဲတွင် အကြမ်းပတမ်း လှုပ်ယမ်းသွားကြသည်။

ဆံပင်ရှည်များက ဟင်းလင်းပြင်ထဲမှာ အရူးအမူး ဆန့်တန်းသွားကြပြီး အထွတ်အမြတ် နတ်ဘုရင်လေးပါးနှင့် ၎င်းကြားမှ အကွာအဝေးကို လျစ်လျူရှုလိုက်ကြသည်။

ယင်းတို့က ချက်ချင်း ရစ်ပတ်ချုပ်နှောင်လိုက်ကြသည်။

ဧရာမသားရဲ၏ တောင်တန်းခန္ဓာကိုယ်က အတင်းအဓမ္မ ချုပ်နှောင်ခံလိုက်ရသည်။ ဆံချည်မျှင်၏ အစွန်းက သံချောင်းသဖွယ် ချွန်ထက်လာပြီး ၎င်း၏ အသွေးအသားများထဲသို့ ထိုးစိုက်သွားသည်။ ထို့နောက် ဆံချည်မျှင်များက လူးလွန့်လှုပ်ရှားသွားကြပြီး ချောက်ချားဖွယ်ကောင်းသော စုပ်ယူမှုကို စတင်လိုက်ကြသည်။

အနက်ရောင်မျှော်စင်သည်လည်း ထူထဲသော ဆံချည်မျှင်များဖြင့် ပင့်ကူအိမ်သဖွယ် ရစ်ပတ်ခံလိုက်ရသည်။ ဆံချည်မျှင်၏ အစွန်းက နတ်စင်များထဲ၌ အော်ဟစ်ညည်းညူနေကြသော မျက်နှာများကို တိုက်ရိုက် ထိုးဖောက်သွားသည်။ ထို့နောက် အလွန်အားကောင်းသော ဝိညာဉ်စုပ်ယူမှုက ဆံချည်မျှင်များထံမှ အရူးအမူး ထွက်ပေါ်လာသည်။

မိခင်မြစ်သည်လည်း ထို့အတူပင်။ မြစ်ရေက ယခု ညစ်ညမ်းသွားပြီး ရေမျက်နှာပြင်ပေါ်မှ နာကျင်ရှုံ့မဲ့နေသော မျက်နှာများက ဆံချည်မျှင်များဖြင့် ရစ်ပတ်ချည်နှောင်ခံလိုက်ကြရသည်။ ထို့နောက် ဆံချည်မျှင်များက အသန့်စင်ဆုံး နတ်ဘုရားအနှစ်သာရကို လောဘတကြီး စုပ်ယူလိုက်ကြသည်။

ဟင်းလင်းပြင်ထဲသို့ ထွက်ပြေးရန် ကြိုးစားနေသော အနက်ရောင်စက္ကူပုံရိပ်သည်တော့ ၎င်းက ဆံချည်မျှင်များဖြင့် ချက်ချင်း ချည်နှောင်ခံလိုက်ရပြီး အနောက်သို့ အတင်းအဓမ္မ ပြန်ဆွဲခေါ်ခံလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာ အထွတ်အမြတ် နတ်ဘုရင်လေးပါးက မြူခိုးထဲသို့ ဆွဲခေါ်ခံလိုက်ကြရသည်။

၎င်းတို့၏ ပုံရိပ်များက မြူခိုးဖြင့် အပြည့်အဝ ဖုံးလွှမ်းခံလိုက်ရသည့်အခါ အလွန်ကျယ်လောင်သော အော်ဟစ်ညည်းညူသံများက ပရမ်းပတာ လှုပ်ခတ်နေသော မြူခိုးထဲမှ ပဲ့တင်ထပ်လာသည်။ သို့သော်လည်း ထိုအသံများက ပိုပြီးချောက်ချားဖွယ်ကောင်းသော ကိုက်စားမျိုချသံများဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။

“ ခရက်… ဂျွတ်… ဂလု… ”

ယင်းက နတ်ဘုရင်များ၏ အရိုးများ အက်ကွဲနေသောအသံ ဖြစ်သည်။

ယင်းက နတ်ဘုရင်များ၏ ခန္ဓာကိုယ် ဆုတ်ဖြဲခံနေရသောအသံ ဖြစ်သည်။

ယင်းက နတ်ဘုရင်များ၏ မူလအနှစ်သာရများ အရူးအမူး ဝါးမျိုခံနေရသောအသံ ဖြစ်သည်။

ထိုအသံများက အချိန်တစ်ခဏကြာသည်အထိ မြူခိုးထဲမှာ ပဲ့တင်ထပ်သွားသည်။

ထို့နောက် အသံများက တဖြည်းဖြည်း တိုးညင်းသွားပြီး နောက်ဆုံးမှာ လုံးဝ တိတ်ဆိတ်သွားသည်။

အက်ကွဲပျက်စီးနေသော ကောင်းကင်ပေါ်မှ အနက်ရောင်မြူခိုးသည်သာ အသက်ရှိနေသည့်အလား တိတ်တဆိတ် ပရမ်းပတာ လှုပ်ခတ်နေသည်။

ရွှီချင်းက ထိုအရာအားလုံးကို နက်ရှိုင်းသော အကြည့်ဖြင့် စောင့်ကြည့်နေသည်။

ထိုအထွတ်အမြတ် နတ်ဘုရင်များက အမှန်တကယ် ကျရှုံးသွားသည်ဟု သူမယုံပေ။

မည်သို့ဖြစ်ပါစေ ၎င်းတို့က အထွတ်အမြတ် နတ်ဘုရင်များ မဟုတ်ကြပါလော။ ၎င်းတို့က အစစ်အမှန်ခန္ဓာကိုယ်ဖြင့် ဤနေရာသို့ ရောက်လာသည်ဆိုလျှင်ပင် ၎င်းတို့ဆီမှာ သေချာပေါက် အရံအစီအစဉ်များရှိနိုင်ကြောင်း ရွှီချင်း အကြွင်းမဲ့ ယုံကြည်သည်။

“ ဒါပေမဲ့... သူတို့မှာ အရံအစီအစဉ်တွေရှိရင်တောင် ဒီတစ်ခေါက် သူတို့ပေးဆပ်လိုက်ရတဲ့ တန်ကြေးက အရမ်းကြီးမားလွန်းတယ်… သူတို့က ဘုရင်အဆင့်အတန်းကို ဆက်ပြီး ထိန်းသိမ်းနိုင်ဦးမလားဆိုတာ… မသေချာဘူး ”

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက ကောင်းကင်ယံမှ အနက်ရောင်မြူခိုးထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး သူ၏ လက်ဖဝါးကို ငုံ့ကြည့်လိုက်သည်။

သူ၏ လက်ဖဝါးပေါ်မှာ စက္ကူအပိုင်းအစတစ်ခု ရှိသည်။

ယင်းက အစောနက မြေပြင်ပေါ်သို့ ပြန့်ကျဲသွားခဲ့သော စက္ကူလူသားများထဲမှ တစ်ခုဖြစ်သည်။

တစ်ချိန်တည်းမှာ အမှတ်ခုနစ်ကြယ်တာရာစက်ဝန်း၏ အလွန်ကျယ်ပြောသော ကြယ်တာရာပင်လယ်ထဲတွင် ဖော်မပြနိုင်အောင် အရွယ်အစားကြီးမားသော အဝါရောင်ကြယ်ဂြိုလ်တစ်လုံးက ရုတ်တရက် တုန်လှုပ်သွားသည်။

ကြယ်ဂြိုလ်၏ အပေါ်ယံမျက်နှာပြင်က ချက်ချင်း အက်ကွဲသွားသည်။ ထို့နောက် ဗုန်းဟူသော ပေါက်ကွဲသံနှင့်အတူ ကြယ်ဂြိုလ်က အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်။ ထိုအခါ ကြယ်ဂြိုလ်၏ အလယ်ဗဟိုမှ ဧရာမဥတစ်လုံးက အပြင်မှာ ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ ဥသည်လည်း အက်ကွဲ‌နေသည်။

မကြာမီ ဥအခွံက အပြည့်အဝ အက်ကွဲသွားပြီး အထဲမှ သားရဲပေါက်စတစ်ကောင်က အပြင်သို့ တွားသွားထွက်လာသည်။

၎င်းထွက်ပေါ်လာသည့်အခိုက် အထွတ်အထိပ် နတ်ဘုရားအရှင်သခင်အဆင့် အရှိန်အဝါက ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ ထို့နောက် ၎င်းက ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး အမှတ်ကိုးကြယ်တာရာစက်ဝန်း၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။

“ ငါထင်ထားသလို အဲ့ဒါက ထောင်ချောက်တစ်ခုပဲ… ဒါပေမဲ့ ငါတကယ်လိုချင်တာက မင်းရဲ့ အသွေးအသားတွေ မဟုတ်ဘူး… နတ်ဘုရားသန္ဓေချက်ကြိုးထဲက မင်းရဲ့ မှတ်ဉာဏ်ပဲ ”

“ ဒီတော့… နတ်ဘုရားသန္ဓေချက်ကြိုးဆိုတာ အဲ့ဒီလိုကို… ”

တစ်ချိန်တည်းမှာ အမှတ်ဆယ့်သုံးကြယ်တာရာစက်ဝန်းထဲတွင် နတ်ဘုရားတစ်ပါးက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

၎င်းက နတ်ဘုရားယဇ်ပလ္လင်အဆင့်မှာဖြစ်လေရာ ၎င်း၏ နတ်ဘုရားကြယ်ဂြိုလ်ထဲတွင် ၎င်းက အထွတ်အထိပ် တည်ရှိမှုတစ်ပါး ဖြစ်သည်။ ထိုအရာအားလုံးက ၎င်း၏ အစောပိုင်းနှစ်များမှာ ရှာတွေ့ခဲ့သော ရတနာတစ်ခုကြောင့် ဖြစ်သည်။

ယင်းက အနက်ရောင်ကြေးမျှော်စင် ဖြစ်သည်။

ထိုရတနာကြောင့် ၎င်းက မြန်ဆန်စွာ အဆင့်တတ်နိုင်ခဲ့ပြီး နာမည်ကျော်ကြားလာခဲ့သည်။

ယခု ၎င်းက အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဖြစ်လေရာ ၎င်း၏ နတ်ဘုရားကြယ်ဂြိုလ်မှ ထွက်ခွာပြီး ပိုပြီးအဆင့်မြင့်သော နတ်ဘုရားလောကဆီသို့ သွားရောက်ရန် ဆန္ဒရှိလာသည်။

လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မျှော်စင်၏ အကူအညီဖြင့်ဆိုလျှင် ၎င်းက အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသည်။

သို့သော်လည်း နတ်ဘုရားကြယ်ဂြိုလ်မှ ၎င်းထွက်ခွာတော့မည့်အချိန် ၎င်း၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင်မျှော်စင်က ရုတ်တရက် တုန်ယင်လာသည်။ ထို့နောက် မျှော်စင်က အလွန်ကြောက်စရာကောင်းသော စုပ်ယူအားကို အပြင်သို့ ထုတ်လွှတ်လိုက်သည်။

နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားက ဘာမှမတုံ့ပြန်နိုင်ခင် အနက်ရောင်မျှော်စင်၏ စုပ်ယူခံလိုက်ရသည်။ ၎င်းက မည်သည့်အစအနမှ မကျန်ခဲ့ဘဲ ဤလောကထဲမှ ပျောက်ကွယ်သွားသည်။

ထိုဖြစ်စဉ်က အလွန်မြန်ဆန်လေရာ မျက်တောင်တစ်ခတ်ကြာချိန်မျှသာ ရှိ၏။

ထိုနတ်ဘုရားက ၎င်းမည်သို့သေဆုံးသွားကြောင်းပင် မသိလိုက်ရပေ။

အနက်ရောင်မျှော်စင်သည်သာ လေထဲမှာ လွင့်မျောနေသည်။ ထို့နောက် မျှော်စင်က နတ်ဘုရားကြယ်ဂြိုလ်ပေါ်သို့ ပြုတ်ကျသွားသည်။

နောက်အခိုက်အတန့်မှာ ကြယ်ဂြိုလ်တစ်ခုလုံး ဝုန်းခနဲ မြည်ဟိန်းသွားပြီး ယင်းပေါ်မှာ နေထိုင်ကြသော နတ်ဘုရားများနှင့် သက်ရှိအားလုံးက ဖုန်မှုန့်ဖြစ်သွားကြသည်။

ထို့နောက် အာဟာရဓာတ်အားလုံးက အနက်ရောင်မျှော်စင်ဆီသို့ ဒလဟော စီးဆင်းသွားသည်။

နောက်ဆုံးမှာ မျှော်စင်က တိုးညင်းသော နတ်ဘုရားအသံကို ထုတ်လွှတ်လိုက်သည်။

“ နတ်ဘုရားသန္ဓေချက်ကြိုး… ”

အလားတူအဖြစ်အပျက်များက တခြားလျှို့ဝှက်ဆန်းကြယ်သော နေရာနှစ်နေရာမှာလည်း ဖြစ်ပွားနေသည်။

ဈာပနအဆောင်စက္ကူပုံရိပ် ပုန်းအောင်းသော နေရာသည် တမူထူးခြားသော အချိန်လေဟာနယ်ထဲမှာ တည်ရှိသည်။ ယင်းက ပန်းချီစာလိပ်တစ်ခုဖြစ်သည်။ ၎င်းက ထိုနေရာမှာ စွမ်းအင်ပြန်ဖြည့်ရန် အမြန်ဆုံး လုပ်ဆောင်လိုက်သည်။

မိခင်မြစ်၏ အရံအစီအစဉ်က ပိုပြီးလျှို့ဝှက်ဆန်းကြယ်သေးသည်။ ၎င်းက ကိုယ့်ကိုယ်ကိုယ် စကားလုံးတစ်လုံးအဖြစ် ပြောင်းလဲလိုက်ပြီး ၎င်းတည်ရှိနေသော လောကထဲမှာ ပုန်းအောင်းလိုက်သည်။

ထိုစကားလုံးက “ ရေ ” ဖြစ်သည်။

ပုန်းအောင်းသည့်နေရာတွင် မိခင်မြစ်၏ အရံအစီအစဉ်က အထူးခြားဆုံးဖြစ်သည်ဟု ဆိုနိုင်ပေသည်။

သို့သော်လည်း ကံမကောင်းစွာပင် ဝမ်ကူးကုန်းမြေထဲတွင် မိခင်မြစ်ကို ပုန်းအောင်းခွင့်မပေးချင်သော တည်ရှိမှုတစ်ခု ရှိ‌နေသည်။

ထို့ကြောင့် တမူထူးခြားသော ဤအချိန်လေဟာနယ်ထဲမှ ပြိုင်ဘက်ကင်းမြို့တော်၏ မြူခိုးပေါ်တွင် ဟင်းလင်းပြင်က လှိုင်းအတွန့်တွန့်ထသွားပြီး ဆန္ဒမျက်နှာဖုံးက ရုတ်တရက် ထွက်ပေါ်လာသည်။

၎င်း၏ ရည်ရွယ်ချက်က မိခင်မြစ်ကို သတ်ဖြတ်ရန် ဖြစ်သည်။

ဤအခိုက်အတန့်မှာ မိခင်မြစ် ထွက်ပြေးလွတ်မြောက်သွားသည်ကို မြင်သောအခါ ဆန္ဒမျက်နှာဖုံး၏ အမူအရာက ရက်စက်ကြမ်းကြုတ်သွားပြီး ၎င်းဆီမှာ ရူးသွပ်မှုတစ်စွန်းတစ်စ ထွက်ပေါ်လာသည်။

၎င်းက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ၎င်း၏ အရှိန်အဝါကို အထိန်းအချုပ်မဲ့စွာ ထုတ်လွှတ်လိုက်ပြီး လောင်ကျွမ်းပစ်လိုက်သည်။

၎င်းက မိခင်မြစ်နှင့် ၎င်းကြားမှ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုကို အသုံးပြု၍ ရှေးဦးအပျက်အစီးကို လမ်းညွှန်ပေးလိုက်သည်။

ထို့ကြောင့် နောက်အခိုက်အတန့်မှာ ၎င်း၏ ခန္ဓာကိုယ် လောင်ကျွမ်းသွားသည်နှင့် ၎င်းတည်ရှိနေသော လေဟာနယ်က ကျယ်လောင်သော မြည်သံနှင့်အတူ ပေါက်ကွဲသွားသည်။ ထိုအခါ မြင်ကွင်းတစ်ခုက လေဟာနယ်ထဲမှာ ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းက မိခင်မြစ်ပုန်းအောင်းနေသော နေရာဖြစ်သည်။

နောက်အခိုက်အတန့်မှာ ဆံချည်မျှင်တစ်မျှင်သည် ကောင်းကင်ယံမှ အနက်ရောင်မြူခိုးထဲမှ ရုတ်တရက် ကျဆင်းလာပြီး ထိုမြင်ကွင်းထဲသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။

ထို့နောက် အော်ဟစ်ညည်းညူသံက ပဲ့တင်ထပ်သွားသည့်အခါ ဆံချည်မျှင်က ပြန်ရောက်လာသည်။

ထိုလောကထဲတွင် “ ရေ ”ဟူသော စကားလုံးက ဖယ်ရှားခံလိုက်ရသည်။

“ ရေ ”စကားလုံး ဖယ်ရှားခံလိုက်ရသည်နှင့် မိခင်မြစ်ပုန်းအောင်းနေသော လောကထဲမှ ကောင်းကင်သည် ပရမ်းပတာ လှုပ်ခတ်သွားသည်။ ထို့နောက် ရှေးခေတ်ကာလကတည်းက မိခင်မြစ်၏ ရွှံ့ထဲမှာ ချိပ်ပိတ်ခံထားရသော ရွှေရောင်မျက်နှာဖုံးသည် ချိပ်တံဆိပ်ကို ချိုးဖြတ်နိုင်သွားပြီး နောက်ဆုံးမှာ လွတ်လပ်မှုကို ပြန်ရရှိသွားသည်။

“ မိခင်မြစ်… အတိတ်မှာ နင်က ငါ့ကို ချိပ်ပိတ်ဖို့ ဆန္ဒပြုခဲ့ပြီး ငါ့ရဲ့ နတ်ဘုရားအခွင့်အာဏာနဲ့ ငါ့ရဲ့ နတ်ဘုရားရာထူးကို ယူဆောင်သွားခဲ့တယ်… ဒီနေ့ အဲ့ဒီကမ္မက အဆုံးသတ်သွားပြီ… အဲ့ဒါက ငါ့ဆီမှာ နင်ဆန္ဒပြုခဲ့တဲ့ တန်ကြေးပဲ ”

…..

ပြိုင်ဘက်ကင်းမြို့တော်တည်ရှိသော ဤအချိန်လေဟာနယ်ထဲတွင်…

ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ယံ၌ အနက်ရောင်မြူခိုးက ပရမ်းပတာ လှုပ်ခတ်နေဆဲပင်။ ရှေးဦးအပျက်အစီး၏ မျက်နှာကို မြူခိုးထဲမှာ မမြင်တွေ့ရတော့ပေ။

သို့သော်လည်း အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ မြူခိုးက တဖြည်းဖြည်း လျော့နည်းသွားနေသည်။

သူနှင့် ဇီချင်းကြားမှ ကမ္မက ယခု အမှန်တကယ် အဆုံးသတ်သွားပြီဖြစ်ကြောင်း ရွှီချင်း သိသည်။

ဇီချင်း၏ ရည်ရွယ်ချက် အောင်မြင်ခြင်း မအောင်မြင်ခြင်းကိုတော့ မသိရသေးပေ။

သို့သော်လည်း ရွှီချင်းက ယင်းကို စိတ်မဝင်စားချေ။

သူက ခေါင်းငုံ့လိုက်ပြီး တဖြည်းဖြည်း လွင့်ပြယ်သွားနေသော ဤအချိန်လေဟာနယ်ကို ကြည့်လိုက်သည်။ အချိန်လေဟာနယ်က ပစ္စုပ္ပန်လောကဆီသို့ စတင်ရွေ့လျားနေသည်။

သွေးမိုးက စတင်ရွာသွန်းလာသည်။

ဤအချိန်လေဟာထဲမှ အတိတ်ဖြစ်ရပ်အားလုံးက မြန်ဆန်စွာ ပျောက်ကွယ်သွားနေသည်။

သွေးမိုးထဲမှာ သူ၏ ငယ်ဘဝပုံရိပ်ကို ရွှီချင်း မြင်လိုက်သည်။

သွေးအိုင်ထဲမှ ကလေးငယ်လေးက ခက်ခက်ခဲခဲ မတ်တတ်ရပ်လိုက်ပြီး မိန်းမောတွေဝေစွာ ထွက်သွားသည်။

ထိုခုနစ်နှစ်အရွယ်ကလေးက တောရိုင်းနယ်မြေထဲမှာ အနိုင်ကျင့်ခံနေရပြီး ဓားပြများ၏ လုယက်ခံလိုက်ရသည်။

ကလေးငယ်က အကူအညီမဲ့နေသည်။

နောက်ဆုံးမှာ ကလေးငယ်လေးက အပျက်အစီးပုံထဲမှ သံချွန်တစ်လက်ကို ဆွဲထုတ်လိုက်သည်။

သူ၏ အားအင်ချည့်နဲ့နေသော ခန္ဓာကိုယ်က မြေပြင်ပေါ်မှာ ပစ်လဲကျသွားသည်။ သူက ခက်ခက်ခဲခဲ လက်မြှောက်လိုက်ပြီး သံချွန်ဖြင့် သူ၏ လည်ပင်းပေါ်သို့ ချိန်လိုက်သည်။

သူ၏ အကြည့်က ထုံထိုင်းနေပြီး နှုတ်ဆက်ခွဲခွာသော အရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်သည်။

သူ၏ ငယ်ဘဝပုံရိပ်က ဤလောကထဲမှ ထွက်သွားရန် ရွေးချယ်တော့မည်ကို ရွှီချင်း မြင်သွားသည်။

ထိုစဉ် အဝတ်အစား စုတ်ပြဲနေသော ကလေးမလေးတစ်ယောက်က သူ့ဆီသို့ လျှောက်လာပြီး သကြားလုံးတစ်လုံးကို ကမ်းပေးသည်။

ထိုကလေးမလေး၏ မျက်လုံးများက ညစ်ညမ်းသော ဤလောကထဲမှာ ကြည်လင်တောက်ပသည်။

ထိုသကြားလုံးက သူ့ငယ်ဘဝပုံရိပ်၏ မှတ်ဉာဏ်ဟောင်းများကို နက်နက်ရှိုင်းရှိုင်း လှုံ့ဆော်လိုက်သည်။

ရွှီချင်းက ခါးသီးမှုကို ခံစားမိသွားသည်။

ထိုအဖြစ်အပျက်ကို မည်သည့်အခါမှ သူမေ့သွားလိမ့်မည် မဟုတ်ချေ။

သူ၏ ငယ်ဘဝပုံရိပ်က ထိုသကြားလုံးကို ငေးကြည့်နေရင်း နောက်ဆုံးမှာ သူ့လက်ထဲမှ သံချွန်ကို လွှတ်ချလိုက်သည်။ ထို့နောက် သူက မြေပြင်ပေါ်မှာ ထထိုင်လိုက်ပြီး ကျယ်လောင်စွာ အော်ငိုလိုက်သည်။

ယင်းက သူ၏ ငယ်ဘဝ ဖြစ်သည်။

ရွှီချင်းက ညင်သာစွာ သက်ပြင်းချလိုက်သည်။ ဤအချိန်လေဟာနယ်က လုံးဝ ပျောက်ကွယ်သွားတော့မည့်အချိန် သူက ထိုမြင်ကွင်းထဲမှ အရာအားလုံးကို ကြည့်လိုက်သည်။

သူ၏ ငယ်ဘဝပုံရိပ်က ပိုပြီးသန်မာလာသည်ကို သူမြင်လိုက်ရသည်။

ထို့ပြင် သူ၏ နှလုံးသားကို စူးရှနာကျင်သွားစေမည့် မြင်ကွင်းတစ်ခုကိုလည်း သူမြင်သွားသည်။

ထိုမြင်ကွင်းထဲတွင် သူ့ကို သကြားလုံးပေးခဲ့သော ကလေးမလေးက သွေးအိုင်ထဲမှာ လဲလျောင်းနေသည်။

သူ၏ ငယ်ဘဝပုံရိပ်က သူ့လက်ထဲမှ သံချွန်ဖြင့် လူဆိုး၏ လည်မျိုပေါ်သို့ ထိုးစိုက်လိုက်သည်။

သူက သံချွန်ကို ဖြည်းဖြည်းချင်း ဆွဲနုတ်လိုက်လေရာ သွေးက ရေပန်းသဖွယ် ဖြန်းခနဲ ပန်းထွက်လာပြီး သူ၏ အဝတ်အစားပေါ်မှာ ပေကျံသွားသည်။

အချိန်အတော်ကြာပြီးနောက် ကလေးငယ်ရွှီချင်းက မြေပြင်ပေါ်မှာ လဲလျောင်းနေသော ကလေးမလေးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။ သူက နေရာမှာ အချိန်အတော်ကြာ မတ်တတ်ရပ်နေပြီး တိတ်ဆိတ်နေသည်။

သူက ဖြည်းညင်းစွာ ခါးကုန်းလိုက်ပြီး ကလေးမလေး၏ ပွင့်နေသော မျက်လုံးကို ညင်သာစွာ ပိတ်ပေးလိုက်သည်။

“ ငါမင်းအတွက် လက်စားချေပေးလိုက်ပြီ ”

ထိုစကားသံ ပဲ့တင်ထပ်သွားသည့်အခိုက် ဤအချိန်လေဟာနယ်က လုံးဝ အက်ကွဲသွားသည်။

ပြိုင်ဘက်ကင်းမြို့တော်တည်ရှိသော အချိန်လေဟာနယ်က ကြေးမုံတစ်ချပ်နှယ် အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။ ထို့နောက် အရာအားလုံးက ပစ္စုပ္ပန်လောကဆီသို့ ပြန်ရောက်သွားသည်။

ရလဒ်အနေဖြင့် သမိုင်းမြူခိုးက စကြာဝဠာထဲမှ လွင့်ပြယ်သွားသည်။

ကောင်းကင်က ပစ္စုပ္ပန်လောကဆီသို့ ပြန်ရောက်သွားသည်။

မြေပြင်က ကောင်းကင်ဝါးမျိုဒေသကြီးအဖြစ် ပြောင်းလဲသွားသည်။

ရွှီချင်းသည်တော့ ကျစ်လွီဆဲ့တိုင်းပြည်၏ တော်ဝင်နန်းတော်အရှေ့မှာ မတ်တတ်ရပ်နေဆဲပင်။

သို့သော်လည်း နန်းတော်ထဲ၌ ဇီချင်းကို မမြင်ရတော့ပေ။

ရွှီချင်းက တိတ်တဆိတ် ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။

ထိုနေရာတွင် ရှေးဦးအပျက်အစီးက ဆက်လက် တည်ရှိနေသည်။

သို့သော်လည်း ၎င်းက မျက်နှာပျက်ကြီး မဟုတ်တော့ပေ။

၎င်း၏ မျက်နှာက ပြီးပြည့်စုံသွားသည်။

သို့သော်လည်း ၎င်း၏ မျက်နှာတစ်ခြမ်းက အရိပ်ဖြစ်ပြီး အခြားမျက်နှာတစ်ခြမ်းက အသွေးအသားဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်က ဂရုတစိုက် သေချာကြည့်မည်ဆိုလျှင် ထိုမျက်နှာက ဇီချင်း၏ မျက်နှာဖြစ်ကြောင်း သတိထားမိလိမ့်မည်။

“ ငါလုပ်ရမယ့် ကိစ္စတစ်ခု ကျန်နေသေးတယ်… ”

ရွှီချင်းက ကောင်းကင်ယံမှ အကြည့်ပြန်ရုပ်လိုက်ပြီး သူ၏ လက်ဖဝါးကို ငုံ့ကြည့်လိုက်ကာ နူးညံ့စွာ ပြောသည်

သူက ထိုစက္ကူအပိုင်းအစကို ပစ္စုပ္ပန်လောကဆီသို့ ယူဆောင်လာခဲ့သည်။

ထိုစက္ကူအပိုင်းအစကို ကြည့်နေရင်း ရွှီချင်း၏ မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားသည်။ သူက လက်သီးဆုပ်လိုက်လေရာ သူ၏ အာဏာစက်ဥပဒေသက ရုတ်တရက် ပေါ်လျှိုးလာသည်။

သူ၏ အသံက အဆုံးမဲ့ကြယ်တာရာကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။

“ ဒီလော့ဇီ… ဓားကိုင်ဧကရာဇ်အတွက် ငါမင်းကို လက်စားချေရမယ် ”

“ မင်းမှာ ကိုယ်ပွားဘယ်လောက်ပဲရှိရှိ… ဘယ်အချိန်လေဟာနယ်ထဲမှာပဲ မင်းပုန်းအောင်းနေပါစေ… မင်း မလွတ်မြောက်နိုင်ဘူး ”

ရွှီချင်းက ကြယ်တာရာကောင်းကင်ဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

All Chapters