← Chapters

အချိန်ကိုကျော်လွန်၍ (ဇာတ်သိမ်းပိုင်း)

Vol. 120 Ch. 1839-Final

အချိန်ကိုကျော်လွန်၍ (ဇာတ်သိမ်းပိုင်း)

Vol. 120 Ch. 1839-Final

အချိန်က ကုန်ဆုံးသွားသည်။

ထိုအချိန်မှစ၍ အနှစ်သုံးရာ ကုန်လွန်သွားသည်။

ထိုအနှစ်သုံးရာအတွင်းမှာ ဝမ်ကူးကုန်းမြေက တိတ်ဆိတ်အေးချမ်းနေသည်။ ယခု ဤလောကထဲမှာ ဒြပ်နှောများ နောက်ထပ် မရှိတော့ပေ။ ရွှီချင်း ပြန်ရောက်လာသည့်အခါ ဝမ်ကူးကုန်းမြေထဲမှ နတ်ဘုရားများက လွန်ခဲ့သော အနှစ်သုံးရာကတည်းက ထွက်ခွာသွားခဲ့ကြသည်။

နတ်ဘုရားအနည်းစုသာ ဝမ်ကူးကုန်းမြေမှာ ဆက်နေခဲ့ကြသည်။

နတ်ဘုရင်များ မရှိတော့သည့်နောက် အမှတ်ကိုးကြယ်တာရာစက်ဝန်းတွင် နတ်ဘုရားလမ်းစဉ်က ပျောက်ကွယ်သွားသည်။

ရှေးဦးအပျက်အစီးသာလျှင် ဤနေရာမှာ ဆက်ပြီး ရှိသည်။

၎င်းက ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်မှာ ဆက်ပြီး လွင့်မျောနေသည်။ ၎င်း၏ ပြီးပြည့်စုံသော မျက်နှာက မျက်လုံးမှိတ်ထားဆဲပင်။

ရွှီချင်းရင်းနှီးကျွမ်းဝင်သော သူ၏ မိတ်ဆွေဟောင်းများသည်တော့ သူတို့က ဤအနှစ်သုံးရာအတွင်းမှာ ကိုယ်ပိုင်အခွင့်အလမ်းများနှင့် ကံကြမ္မာကောင်းများကို ပိုင်ဆိုင်သွားခဲ့ကြသည်။

သူတို့ထဲတွင် သတ္တမသခင်ကြီးက သူ၏ တမူထူးခြားသော ကျင့်ကြံခြင်းနည်းလမ်းနှင့် သူ၏ ကျင့်ကြံခြင်းအခြေခံက အဆုံးသတ်သို့ ရောက်ရှိနေသောကြောင့် အတိတ်မှာ သူလုပ်ဆောင်ခဲ့သော ရွေးချယ်မှုကို ထပ်မံ လုပ်ဆောင်လိုက်သည်။

သူက ပြန်လည်မွေးဖွားခြင်းသံသရာစက်ဝန်းထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားသည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် သူက ဝမ်ကူးကုန်းမြေမှ ပြန်လည်မွေးဖွားခြင်းသံသရာစက်ဝန်းထဲသို့ မဝင်ရောက်သွားခဲ့ပေ။

သူက ရွှမ်ကမ္ဘာမြေမှာ ပြန်လည်မွေးဖွားလာရန် ရည်ရွယ်ထားသည်။

ယင်းက သူ၏ လမ်းစဉ်ဖြစ်သည်။

သတ္တမသခင်ကြီးက ထိုသို့ဆုံးဖြတ်ချက်ချပြီးနောက် ရွှီချင်းကို ပြောပြခဲ့သည်။

“ အနာဂတ်မှာ ငါတို့တွေ ပြန်တွေ့ဆုံကြလိမ့်မယ် ”

ရွှီချင်းက သူ၏ ဆရာကို မတားဆီးပေ။ သူက တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး သတ္တမသခင်ကြီးကို ရွှမ်ကမ္ဘာမြေဆီသို့ ကိုယ်တိုင်လိုက်ပို့ဆောင်သည်။ သတ္တမသခင်ကြီးက ရွှမ်ကမ္ဘာမြေထဲမှာ ပျောက်ကွယ်သွားကြောင်း သူမြင်သောအခါ ရွှီချင်းက လေးနက်စွာ အရိုအသေပေးလိုက်သည်။

ထို့နောက် ရွှီချင်းက ဟွမ်ကောင်းကင်ဘုံဆီသို့ သွားသည်။

သူက ထိုနေရာမှာ နှစ်ချိုက်စွာ အိပ်မောကျနေသော သူ၏ စီနီယာအကိုကြီးကို ကြည့်လိုက်သည်။

ရွှီချင်း၏ လက်ရှိကျင့်ကြံခြင်းနှင့် သူ၏ အတွေ့အကြုံများကြောင်း စီနီယာအကိုကြီး၏ ဇစ်မြစ်ကို အနည်းနှင့်အများ သူခန့်မှန်းမိသွားသည်။

“ စီနီယာအကိုကြီးက ရှေးခေတ်မိခင်ဂြိုလ်နဲ့ ဘာမှမသက်ဆိုင်ဘူး… စီနီယာအကိုကြီးက… နတ်ဘုရားသန္ဓေချက်ကြိုးနဲ့ ဆက်စပ်နေတာ ဖြစ်လောက်တယ် ”

ရွှီချင်းက အနောက်လှည့်လိုက်ပြီး ဟွမ်ကောင်းကင်ဘုံမှ ထွက်သွားကာ ကျောက်ရှာတောင်ဆီသို့ ပြန်သွားသည်။

သူက ဤအနှစ်သုံးရာအတွင်းမှာ ဆက်လက် ကျင့်ကြံခဲ့သည်။

ယခု သူ၏ ကျင့်ကြံခြင်းက အင်မော်တယ်ဘုရင်အဆင့်နှင့် အလွန်အမင်း နီးကပ်နေပြီ ဖြစ်သည်။

အမွှာကြယ်ဂြိုလ်နှစ်ခုကို ပေါင်းစည်းခြင်းက ရွှီချင်းအတွက် စစ်မှန်သော အင်မော်တယ်ဘုရင်လမ်းစဉ် ဖြစ်သည်။

သို့သော်လည်း ထိုပေါင်းစည်းမှုက အချိန်တိုလေးအတွင်း ပြီးမြောက်နိုင်သည့်အရာ မဟုတ်ပေ။

သို့သော်လည်း ရွှီချင်းက အလျင်မလိုပေ။

သူက ကျင့်ကြံခြင်းတစ်ခုတည်းမှာ အပြည့်အဝ စိတ်မနှစ်ထားပေ။ ယင်းအစား သူက စိတ်နှလုံးတည်ငြိမ်အေးချမ်းစေရန် သေမျိုးဘဝကို တွေ့ကြုံခံစားပြီး ကျစ်ရွှမ်းနှင့် အချိန်အများကြီး အသုံးပြုခဲ့သည်။

တစ်နှစ်ပြီးတစ်နှစ်…

တစ်ရက်ပြီးတစ်ရက်…

ကုန်ဆုံးသွားသည်။

ကျောက်ရှာတောင်ပေါ်တွင် ရွှီချင်းက ကျစ်ရွှမ်းဘေးမှာ ထိုင်နေသည်။ ကျစ်ရွှမ်းက သူတို့နှစ်ယောက်၏ ရှေးဖြစ်နောက်ကြောင်းကို ပြန်ပြောပြနေစဉ် သူက ပြုံးလျက် နားထောင်နေသည်။ နောက်အခိုက်အတန့်မှာ သူ၏ နှလုံးသားက ရုတ်ချည်း တုန်လှုပ်သွားသည်။ သူက ဆတ်ခနဲ ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို စိုက်ကြည့်လိုက်သည်။

နောက်အခိုက်အတန့်မှာ ရွှီချင်းက ကျောက်ရှာတောင်ပေါ်မှာ ဆက်ရှိနေသေးသော်လည်း သူ၏ ဒုတိယမူလခန္ဓာကိုယ်က ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ သူက ကောင်းကင်ပေါ်မှာ လွင့်မျောနေသော ရှေးဦးအပျက်အစီး၏ အရှေ့မှာ ရပ်လိုက်သည်။

ရှေးဦးအပျက်အစီး၏ မှိတ်ထားသော မျက်လုံးကို ကြည့်နေရင်း ရွှီချင်းက ဟင်းလင်းပြင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက တိတ်တဆိတ် စောင့်ဆိုင်းသည်။

အသက်ဆယ်ခါရှူချိန်ကြာပြီးနောက်…

လွန်ခဲ့သော နှစ်တစ်ထောင်လုံးလုံး လှုပ်ရှားမှုကင်းမဲ့နေခဲ့သော ရှေးဦးအပျက်အစီး၏ မျက်လုံးက ဖြည်းညင်းစွာ ပွင့်သွားသည်။

သို့သော်လည်း ၎င်း၏ မျက်လုံးများက ယခင်ကဲ့သို့ မဟုတ်တော့ပေ။ အတိတ်မှာ ၎င်း၏ မျက်လုံးတစ်လုံးက သွေးနီရောင်ဖြစ်ပြီး အခြားမျက်လုံးတစ်လုံးက ဗလာနတ္ထိဟင်းလင်းပြင် ဖြစ်သည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ ၎င်း၏ မျက်လုံးများက ကြည်လင်တောက်ပနေသည်။ ၎င်းက မျက်လုံးဖွင့်လိုက်သည်နှင့် ရွှီချင်းကို ကြည့်လိုက်သည်။

“ မင်းနိုးလာပြီ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

ရှေးဦးအပျက်အစီးက နှုတ်ဆိတ်နေသည်။ အချိန်တစ်ခဏကြာပြီးနောက် ဝုန်းခနဲ မြည်ဟိန်းသံက ဝမ်ကူးကုန်းမြေတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။

အကယ်၍ တစ်စုံတစ်ယောက်က ဝမ်ကူးကုန်းမြေကို အပြင်ဘက်မှ ကြည့်မည်ဆိုလျှင် ဝမ်ကူးကုန်းမြေတစ်ခုလုံးကို ရစ်ပတ်ထားသော ကင်းခြေများအသွင်ရှိသည့် ၎င်း၏ ကျောရိုးက ယခု ဆန့်တန်းသွားနေကြောင်း မြင်ရလိမ့်မည်။

လျှပ်တစ်ပြက်အတွင်းမှာ ၎င်း၏ ကျောရိုးက ဝမ်ကူးကုန်းမြေပေါ်မှ အပြည့်အဝ ကွာကျသွားသည်။ နောက်အခိုက်အတန့်မှာ ၎င်း၏ ကျောရိုးက မြန်ဆန်စွာ ကျုံ့သွားသည်။

ထို့နောက် ကျောရိုးက ရှေးဦးအပျက်အစီး၏ ပြီးပြည့်စုံသော ဧရာမမျက်နှာကြီးနှင့် အတူတကွ ပေါင်းစည်းသွားသည်။

ဤအခိုက်အတန့်မှာ အရာအားလုံးက ပျောက်ကွယ်သွားနေဟန် ရ၏။

ယနေ့တွင် သက်ရှိအားလုံး၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။

အဘယ့်ကြောင့်ဆိုသော် သူတို့၏ မှတ်ဉာဏ်များထဲမှာ တစ်ချိန်လုံး ချောက်လှန့်နေခဲ့သော ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးက ယခု ပျောက်ကွယ်သွားသောကြောင့် ဖြစ်သည်။

ကောင်းကင်ယံတွင် ရွှီချင်း၏ အရှေ့မှာ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မှာ ရှည်လျားသော အနက်ရောင်ဆံပင် ရှိသည်။ သူက ရွှီချင်း၏ အရှေ့မှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် သူက ပြုံးလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

“ ဒီနှစ်တွေမှာ ငါ့ရဲ့ ထွက်ပေါ်လာမှုက မင်းနဲ့ မင်းရဲ့ လောကကို ကပ်ဘေးဒုက္ခကျရောက်စေခဲ့တယ်… အဲ့ဒါက ငါ့ကံကြမ္မာရဲ့ ကမ္မမီးတောက် ဖြစ်တယ်… အဲ့ဒါက ငါ့ရဲ့ ကံကြမ္မာနဲ့ အမြဲတမ်း တည်ရှိနေလိမ့်မယ် ”

“ ဒါကြောင့် နတ်ဘုရားတစ်ပါးအဖြစ် ငါတတ်လှမ်းသွားတဲ့နေ့မှာ နတ်ဘုရားကျိန်ဆိုမှုတစ်ခုကို ငါပြုလုပ်ခဲ့တယ်… ငါ့ကြောင့် သေဆုံးသွားတဲ့ သက်ရှိအားလုံးက အနာဂတ်မှာ ငါနဲ့အတူ ကြီးမြတ်တဲ့ ဂုဏ်ကျက်သရေကို ခံစားကြရလိမ့်မယ် ”

ပုံရိပ်က နူးညံ့စွာ ပြောသည်။

ရွှီချင်းက သူ့အရှေ့မှ ပုံရိပ်ကို လေးနက်စွာ ကြည့်လိုက်ပြီး ပြောသည်။

“ မင်းကို ဇီချင်းလို့ ငါခေါ်သင့်လား ဒါမှမဟုတ် ရှေးဦးအပျက်စီးလို့ ငါခေါ်သင့်လား ”

“ ငါဘယ်သူလဲ ငါ့ကိုယ်ငါ မသိဘူး… ငါက ရှေးဦးအပျက်အစီးဟုတ်သလို ဇီချင်းလည်း ဟုတ်တယ်… ဒါမှမဟုတ် ငါက သူတို့ရဲ့ အသိစိတ်နှစ်ခုပေါင်းစပ်မှုလည်း ဖြစ်နိုင်တယ်… ဒါပေမဲ့ ငါ့ကို ဇီချင်းလို့ခေါ်တာကို ငါပိုပြီးသဘောကျတယ် ”

ဇီချင်းက ရွှီချင်းကို ကြည့်လိုက်ပြီး ပြုံးပြသည်။

“ ဒါဆိုရင်… ငါဘယ်ကနေ ရောက်လာတာလဲဆိုတာ အခု မင်းပြောပြနိုင်မလား ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

“ မင်းတကယ်သိချင်တာလား ”

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။

ဇီချင်းက တိတ်ဆိတ်သွားသည်။ အချိန်တစ်ခဏကြာပြီးနောက် သူက ခေါင်းမော့လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။

အချိန်မြစ်ထဲမှ ပျံ့လွင့်လာဟန်ရသော သူ၏ အသံက ရွှီချင်း၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။

“ မင်းရဲ့ ပေါင်းစည်းမှုက အဆုံးသတ်ကို ရောက်နေပြီ… အထက်ကြယ်တာရာစက်ဝန်းတွေရဲ့ နောက်ဆုံးအဆင့်ကို အချိန်မရွေး မင်းပြီးမြောက်နိုင်တယ် ”

“ နတ်ဘုရင်ပဲဖြစ်ဖြစ် အင်မော်တယ်ဘုရင်ပဲဖြစ်ဖြစ်… ဘယ်လမ်းစဉ်ကို မင်းလျှောက်လှမ်းပါစေ ‘ အစောပိုင်းအဆင့် ’နဲ့ ‘ နှောင်းပိုင်းအဆင့် ’တွေမှာ ကြီးမားတဲ့ ခြားနားမှုဆိုတာ မရှိဘူး… တိုက်ပွဲစွမ်းအားကွာခြားမှုက မင်းရဲ့ ကိုယ်ပိုင်အခွင့်အာဏာအပေါ် ဘယ်လောက်နက်နက်ရှိုင်းရှိုင်း နားလည်ထားသလဲအပေါ်မှာပဲ မူတည်တယ်… အဲ့ဒီအဆင့်ကို မင်းရောက်သွားတဲ့အခါ သိလာလိမ့်မယ် ”

“ ဘုရင်အဆင့်အတန်းက အထက်ကြယ်တာရာစက်ဝန်းတွေရဲ့ အကန့်အသတ်ပဲ ”

“ ဒါပေမဲ့ အဲ့ဒါက ရှေးခေတ်တည်ရှိမှုတွေနဲ့ ငါတို့အတွက်တော့ အကန့်အသတ်မဟုတ်သေးဘူး… ဆန်းကြယ်ဘုံရဲ့ ရှေးဟောင်းမှတ်တမ်းတွေအရ ဘုရင်အဆင့်ရဲ့ အထက်မှာ နောက်တစ်ဆင့် ရှိသေးတယ် ”

“ ဆန်းကြယ်ဘုံက အဲ့ဒါကို… ဘီယွန်းသက်ရှိလို့ ခေါ်တယ် ”

“ ပြီးတော့… မျက်မှောက်ခေတ်ရဲ့ အထက်ကြယ်တာရာစက်ဝန်းတွေက အဲ့ဒါကို ဉာဏ်အလင်းပွင့်နတ်ဘုရားလို့ ခေါ်ကြတယ် ”

“ မင်းတို့ကျင့်ကြံသူတွေအတွက်တော့ အနာဂတ်မှာ အဲ့ဒီအတွက် ထူးခြားတဲ့ နာမည်တစ်ခုရှိလာလိမ့်မယ်… အဲ့ဒါကို သဏ္ဍာန်မဲ့အမှန်တရား(ရှီရီ)လို့ ခေါ်လိမ့်မယ်… အဲ့ဒါက တာအိုရဲ့ စစ်မှန်တဲ့ အသွင်သဏ္ဍာန်လည်း ဟုတ်တယ် ”

ထိုသို့ပြောပြီးနောက် ဇီချင်းက အဝေးထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းက ဇီချင်းကို ကြည့်နေရင်း လေးလေးနက်နက် တွေးတောလိုက်သည်။ ထို့နောက် သူက ဖြည်းညင်းစွာ ပြောသည်။

“ တစ်စုံတစ်ယောက်က မင်းပြောတဲ့ အဆင့်ကို ရောက်ချင်တယ်ဆိုရင် အထက်ကြယ်တာရာစက်ဝန်းကနေ ထွက်ခွာပြီး နတ်ဘုရားသန္ဓေချက်ကြိုးထဲ လျှောက်လှမ်းမှပဲ ရလိမ့်မယ်မဟုတ်လား ”

ယင်းကို ကြားသောအခါ ဇီချင်းက ခေါင်းညိတ်လိုက်သည်။

“ နတ်ဘုရားသန္ဓေချက်ကြိုးရဲ့ နာမည်က ဆန်းကြယ်ဘုံကနေ ဆင်းသက်လာတာ… ဆန်းကြယ်ဘုံက အဲ့ဒါကို ပိုင်ဆိုင်ခဲ့တဲ့ခေတ်မှာ အဲ့ဒါကို ဆန်းကြယ်သန္ဓေချက်ကြိုးလို့ ခေါ်ခဲ့ကြတယ် ”

“ အဲ့ဒါက အထက်ကြယ်တာရာစက်ဝန်းကနေ ထွက်ခွာနိုင်တဲ့ တစ်ခုတည်းသောလမ်းကြောင်းပဲ… အဲ့ဒီလမ်းကြောင်းကို လျှောက်မှပဲ ပိုပြီးမြင့်တဲ့ အဆင့်ကို မင်းရောက်ရှိနိုင်လိမ့်မယ် ”

“ အတိတ်မှာ… ငါက နတ်ဘုရားသန္ဓေချက်ကြိုးရဲ့ အနက်ပိုင်းထဲထိ လျှောက်သွားခဲ့တယ်… ”

“ အဲ့ဒါက ငါ့ရဲ့ အဆင့်တတ်လှမ်းမှုလည်း ဟုတ်တယ်… တစ်နည်းပြောရရင် တစ်စုံတစ်ယောက်က နတ်ဘုရားသန္ဓေချက်ကြိုးရဲ့ လျှောက်လမ်းပေါ် ခြေချလိုက်တာနဲ့ အဆင့်တတ်လှမ်းမှု စတင်သွားလိမ့်မယ်… ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အဆင့်တတ်လှမ်းမှုက ပြီးမြောက်တဲ့အထိ ဆက်လက် လုပ်ဆောင်သွားလိမ့်မယ် ”

“ တကယ်လို့ တစ်စုံတစ်ယောက်က နတ်ဘုရားသန္ဓေချက်ကြိုးထဲကနေ အပြင်ကို ထွက်လျှောက်နိုင်သွားမယ်ဆိုရင် ဉာဏ်အလင်းပွင့်နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မယ် ”

“ ငါကတော့… အပြင်ထွက်နိုင်ဖို့ ခြေတစ်လှမ်းပဲ လိုခဲ့တယ် ”

ဇီချင်းက နူးညံ့စွာ သက်ပြင်းချလိုက်သည်။

“ အဲ့ဒါက ငါနဲ့ ပတ်သက်နေတာလား ”

ရွှီချင်းက ရုတ်တရက် မေးသည်။

ဇီချင်း၏ အကြည့်က လေးနက်သွားပြီး သူက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

“ နတ်ဘုရားသန္ဓေချက်ကြိုးရဲ့ အနက်ပိုင်းထဲမှာ တံခါးတွေအများကြီးနဲ့ ပြည့်နှက်နေတဲ့ လျှောက်လမ်းရှည်တစ်ခုကို ငါမြင်လိုက်တယ်… တံခါးတစ်ချပ်စီက နတ်ဘုရင်တစ်ပါး ဒါမှမဟုတ် ဆန်းကြယ်ဘုရင်တစ်ပါးကို ကိုယ်စားပြုတယ် ”

“ ဒီလောကထဲမှာ ဘုရင်တစ်ပါး ထွက်ပေါ်လာတဲ့အခါတိုင်း အဲ့ဒီမှာ တံခါးတစ်ချပ် ထပ်တိုးသွားလိမ့်မယ် ”

ယင်းကို ကြားသောအခါ ရွှီချင်း၏ သူငယ်အိမ်က မှေးကျဉ်းသွားသည်။

ဇီချင်းက ဆက်ပြီး ပြောသည်။

“ တံခါးပေါ်မှာ မင်းရဲ့ နာမည်ကို ရေးထွင်းပြီး တံခါးကို တွန်းဖွင့်ရမယ်… ပြီးသွားရင် တံခါးအပြင်ကို မင်းထွက်သွားနိုင်တဲ့အခါ… မင်းက အမှန်တကယ် အဆင့်တတ်လှမ်းသွားလိမ့်မယ် ”

“ ရှည်လျားတဲ့ လျှောက်လမ်းရဲ့ အဆုံးသတ်မှာ ပလ္လင်တစ်ခု ရှိတယ်… လူတစ်ယောက်က အဲ့ဒီပလ္လင်ပေါ်မှာ ထိုင်နေတယ်… သူက လက်ထဲမှာ ခရမ်းသလင်းကျောက်တစ်ခုကို ဆုပ်ကိုင်ထားတယ်… သူ့ရဲ့ ဘေးမှာ အမျိုးသမီးအရိုးစုတစ်ခုရှိပြီး ခြောက်သွေ့နေတဲ့ အပြာရောင်ပိုးကောင်တစ်ကောင် ရှိတယ်… သူတို့က သေဆုံးနေတာ နှစ်ပေါင်းအတော်ကြာပြီ ”

“ သူက ပလ္လင်ပေါ်မှာ အထီးကျန်စွာ ထိုင်နေပြီး ရှေးဟောင်းအရှိန်အဝါက သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ပြည့်နှက်နေတယ်… အဲ့ဒီအရှိန်အဝါက ဆန်းကြယ်ဘုံနဲ့ ဆက်စပ်နေတယ်လို့ ငါခံစားရမိတယ်… သူဘယ်သူလဲဆိုတာ ငါမသိဘူး… ဒါပေမဲ့ ငါသူ့ကို မြင်လိုက်ရတဲ့အချိန် ‘ စီယု ’ဆိုတဲ့ စကားလုံးနှစ်လုံးက ငါ့ရဲ့ အသိစိတ်ထဲမှာ ထွက်ပေါ်လာတယ် ”

“ သူက သေအံ့ဆဲဆဲအခြေအနေမှာရှိနေပြီး ငါက အထွတ်အထိပ်အခြေအနေမှာ ရှိနေတယ်… တံခါးပေါ်မှာ ငါ့ရဲ့ နာမည်ကို ငါရေးထွင်းတော့မှာကို သူက တားဆီးခဲ့တယ်… ဒါကြောင့် ငါတို့နှစ်ယောက်က သေခြင်းရှင်ခြင်းတိုက်ပွဲကို ဆင်နွှဲခဲ့တယ် ”

“ အဲ့ဒီတိုက်ပွဲမှာ ငါရှုံးနိမ့်သွားပြီး ယိုယွင်းပျက်စီးနေတဲ့ ခန္ဓာကိုယ်နဲ့ ထွက်ပြေးခဲ့တယ်… ဒါပေမဲ့ သူလည်းပဲ အမှန်တကယ် အနိုင်မရခဲ့ဘူး ”

“ ဘာလို့လဲဆိုတော့ သူက နတ်ဘုရားသန္ဓေချက်ကြိုးရဲ့ အနက်ပိုင်းထဲမှာ သေဆုံးသွားလို့ပဲ ”

“ ပြီးတော့ သူက သူမသေဆုံးခင်မှာ သူ့ရဲ့ ဖြစ်နိုင်ခြေတစ်ခုကို ငါ့ရဲ့ ပြန်လည်မွေးဖွားခြင်းကနေတဆင့် နတ်ဘုရားသန္ဓေချက်ကြိုးရဲ့ အပြင်ဘက်ကို စေလွှတ်လိုက်တယ် ”

“ တကယ်တော့ အခု အဲ့ဒီအကြောင်းကို ငါပြန်စဉ်းစားလိုက်တဲ့အခါ သူငါ့ကို တားဆီးခဲ့တဲ့ အကြောင်းအရင်းက သူက နောက်ဆုံးနေဝင်ချိန်ကို ရောက်နေပြီး ငါ့ရဲ့ ထွက်ပေါ်လာမှုက သူ့အတွက် မျှော်လင့်ချက်တစ်ခုကို ပေးလိုက်တာကြောင့် ဖြစ်နိုင်တယ်… အဲ့ဒါကြောင့် တိုက်ပွဲမှာ ငါရှုံးနိမ့်သွားပေမဲ့ သူက ငါ့ကို မသတ်ခဲ့ဘူး… အဲ့ဒီအစား သူက ငါ့ကို တမင်ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးလိုက်တယ်… အဲ့ဒါတွေအားလုံးက သူ့ရဲ့ ဖြစ်နိုင်ခြေကို ငါနဲ့အတူ အပြင်ကို ယူဆောင်သွားစေဖို့ပဲ ဖြစ်တယ် ”

“ အဲ့ဒီဖြစ်နိုင်ခြေက ငါ့ရဲ့ ဖြစ်နိုင်ခြေနဲ့ ပေါင်းစပ်သွားခဲ့တယ်… ဒါကြောင့် ငါတို့က ရှေးခေတ်မိခင်ဂြိုလ်တည်ရှိတဲ့ ဟွမ်ကောင်းကင်ဘုံဆီ အတူတူ ရောက်လာခဲ့ကြတယ် ”

“ နောက်တော့… အဲ့ဒီဖြစ်နိုင်ခြေက မင်းဖြစ်လာတယ် ”

ဇီချင်းက ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းက နှုတ်ဆိတ်သွားသည်။ ဇီချင်းထံမှ သူကြားလိုက်ရသော စကားများက သူ၏ နှလုံးသားကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။

သူက ခရမ်းသလင်းကျောက်နှင့် သူ့ဝိညာဉ်၏ အနက်ပိုင်းထဲမှာရှိသော လျှောက်လမ်းနှင့် ပလ္လင်ကို စဉ်းစားလိုက်သည်။

အရေးကြီးဆုံးမှာ ဇီချင်းပြောသွားခဲ့သော အမျိုးသမီးအရိုးစုနှင့် အပြာရောင်ပိုးကောင် ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် ဇီချင်းက မတ်တတ်ရပ်လိုက်သည်။

“ ငါနိုးလာပြီဆိုမှတော့ နတ်ဘုရားသန္ဓေချက်ကြိုးကို နောက်တစ်ကြိမ် ငါလျှောက်လှမ်းမယ် ”

“ ဒီတစ်ခေါက် ဘယ်သူမှ ငါ့ကို တားဆီးလို့ မရဘူး… ပြီးတော့ မင်း… ငါ့ကို လိုက်ပို့ချင်လား ”

ဇီချင်းက ပြုံးလျက် ပြောသည်။

ယင်းကို ကြားသောအခါ ရွှီချင်းက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

…..

နတ်ဘုရားသန္ဓေချက်ကြိုးသည် အထက်ကြယ်တာရာစက်ဝန်းများ၏ နေရာတိုင်းမှာ တည်ရှိနိုင်သည်။

သို့သော်လည်း ယင်းကို အထက်ကြယ်တာရာစက်ဝန်း၏ စိတ်ဆန္ဒဖြင့်သာ ဖွင့်လှစ်နိုင်သည်။

ဤဖွင့်လှစ်မှုက အထက်ကြယ်တာရာစက်ဝန်း၏ စိတ်ဆန္ဒ လိုချင်သောအရာ မဟုတ်ပေ။

သို့သော်လည်း ယင်းက ဇီချင်းအတွက် ပြဿနာတစ်ခု မဟုတ်ပေ။ သူက အမှတ်ရှစ်ကြယ်တာရာစက်ဝန်းထဲမှာ နတ်ဘုရားသန္ဓေချက်ကြိုးကို လျှောက်လှမ်းရန် ရွေးချယ်လိုက်သည့်အခါ အမှတ်ရှစ်ကြယ်တာရာစက်ဝန်း၏ စိတ်ဆန္ဒက တုန်ယင်သွားပြီး သူ့အတွက် တံခါးဖွင့်ပေးလိုက်သည်။

ထို့ကြောင့် အမှတ်ရှစ်ကြယ်တာရာစက်ဝန်းထဲတွင် ဧရာမဝဲကတော့တစ်ခု ထွက်ပေါ်လာသည်။

ယင်းက နတ်ဘုရားသန္ဓေချက်ကြိုး၏ ဝင်ပေါက်ဖြစ်သည်။

ဇီချင်းသည် သူ၏ ထွက်ခွာမှုကို မဖုံးကွယ်ခဲ့ပေ။ သို့ဖြစ်၍ သူထွက်ခွာမည့်နေ့မှာ အထက်ကြယ်တာရာစက်ဝန်းများထဲမှ နတ်ဘုရင်အားလုံး ထွက်ပေါ်လာကြသည်။

၎င်းတို့ထဲမှာ ဧရာမသားရဲနှင့် အနက်ရောင်မျှော်စင်လည်း ပါဝင်ကြသည်။

အကယ်၍ ရှေးဦးအပျက်အစီးသာ တိုက်ခိုက်ချင်သည်ဆိုလျှင် ၎င်းတို့က မည်သည့်ကြယ်တာရာစက်ဝန်းထဲမှာ ပုန်းအောင်းနေပါစေ ရလဒ်က အတူတူဖြစ်လိမ့်မည်။ သို့ဖြစ်၍ ယင်းကို တည်ငြိမ်စွာ ထွက်ရင်ဆိုင်ခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်။

၎င်းတို့ထဲမှာ အမှတ်ငါးကြယ်တာရာစက်ဝန်းမှ အင်မော်တယ်ဘုရင်နှင့် ဆရာသခင်ပိုင်လည်း ပါဝင်ကြသည်။

သူတို့နှစ်ယောက်က နတ်ဘုရင်များကြားထဲမှာ မတ်တတ်ရပ်နေပြီး ဇီချင်းနှင့် ရွှီချင်းကို ကြည့်နေကြသည်။

ဇီချင်းက ၎င်းတို့ကို ဝေ့ဝိုက်ကြည့်လိုက်ပြီးနောက် နတ်ဘုရားသန္ဓေချက်ကြိုး၏ ဝင်ပေါက်အရှေ့မှာ ရပ်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောသည်။

“ မင်းတို့ထဲမှာ ဘယ်သူ ငါနဲ့ လိုက်ခဲ့ချင်လဲ ”

သူစကားပြောလိုက်သည်နှင့်ချက်ချင်း နတ်ဘုရင်အားလုံးက ထိတ်လန့်တုန်လှုပ်သွားကြသည်။

နတ်ဘုရားသန္ဓေချက်ကြိုးက မည်မျှအန္တရာယ်များကြောင်း ၎င်းတို့အားလုံး ကောင်းမွန်စွာ နားလည်ထားကြသည်။ သို့သော်လည်း ယင်းက ပိုပြီးမြင့်သော အဆင့်သို့ တတ်လှမ်းနိုင်မည့် တစ်ခုတည်းသောလမ်းကြောင်း ဖြစ်သည်။

နတ်ဘုရင်အဆင့်သို့ ရောက်ရှိနေသူအားလုံးသည် ကိုယ်ပိုင်လမ်းစဉ်နှင့် ရဲစွမ်းသတ္တိကို ပိုင်ဆိုင်ထားကြသည်။

အကယ်၍ အခွင့်အလမ်းသာရှိမည်ဆိုလျှင် ၎င်းတို့က နောက်တစ်ဆင့်သို့ တတ်လှမ်းရန် ဆန္ဒရှိကြလိမ့်မည်။

ယခု ထိုအခွင့်အလမ်းကို ဇီချင်းက ပေးကမ်းလာသည်။

နောက်ဆုံးမှာတော့ နတ်ဘုရင်တချို့က ၎င်းတို့၏ ကိုယ်ပိုင်အတွေးအခေါ်နှင့် လိုအပ်ချက်ကြောင့် ဇီချင်းနှင့်အတူ နတ်ဘုရားသန္ဓေချက်ကြိုးထဲသို့ လျှောက်လှမ်းရန် ရွေးချယ်လိုက်ကြသည်။

သို့သော်လည်း နတ်ဘုရင်အများစုက ထိုသို့မရွေးချယ်ကြချေ။ ၎င်းတို့က ရွှီချင်းနှင့်အတူ ဇီချင်း၏ ထွက်ခွာမှုကို စောင့်ကြည့်နေကြသည်။

ရွှီချင်း၏ အကြည့်က နတ်ဘုရားသန္ဓေချက်ကြိုး လုံးဝ ပျောက်ကွယ်သွားသည်အထိ ကြာမြင့်ခဲ့သည်။

သူက ဇီချင်းပြောခဲ့သော လျှောက်လမ်းရှည်ကို မမြင်ခဲ့ပေ။

ထို့နောက် နတ်ဘုရင်များက ပြန်ထွက်ခွာသွားကြသည်။

ဘုရင်အဆင့်သို့ ရောက်ရှိနေကြသော ၎င်းတို့က အလွယ်တကူ မတိုက်ခိုက်ချင်ကြချေ။ နတ်ဘုရားလမ်းစဉ်နှင့် အင်မော်တယ်လမ်းစဉ်၏ ခြားနားမှုက နတ်ဘုရားသန္ဓေချက်ကြိုး၏ အရှေ့မှာ ဘာအဓိပ္ပာယ်မှမရှိဟန် ရ၏။

သို့သော်လည်း အမှတ်ငါးကြယ်တာရာစက်ဝန်းမှ အင်မော်တယ်ဘုရင်နှင့် ဆရာသခင်ပိုင်သည် မထွက်ခွာသွားခင် ရွှီချင်းနှင့် စကားစမြည် ပြောခဲ့ကြသည်။

ထို့နောက် သူတို့က အမှတ်ငါးကြယ်တာရာစက်ဝန်းဆီသို့ ပြန်သွားကြသည်။

ရွှီချင်းသည်တော့ သူက ကျောက်ရှာတောင်ဆီသို့ ပြန်သွားပြီး ကျစ်ရွှမ်းပြောပြနေသော သူတို့နှစ်ယောက်၏ ရှေးဖြစ်နောက်ကြောင်းများကို ဆက်လက် နားထောင်လိုက်သည်။

…..

အချိန်က တိတ်တဆိတ် စီးဆင်းသွားသည်။

အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ ပုံပြင်အသစ်တစ်ပုဒ်ပြီးတစ်ပုဒ် ထွက်ပေါ်လာကြသည်။ ကျင့်ကြံသူအသစ်များက ပေါ်ထွန်းလာကြပြီး ရှေးခေတ်ကျင့်ကြံသူများက သေဆုံးသွားကြသည်။

နတ်ဘုရားများသည်လည်း ထို့အတူပင်။

ယင်းက ရှေးခေတ်ကတည်းက ဘယ်သောအခါမှ မပြောင်းလဲခဲ့သော နိယာမဖြစ်သည်။

နတ်ဘုရားသန္ဓေချက်ကြိုးသည်တော့ ဇီချင်းထွက်ခွာပြီးနောက် အကြိမ်များစွာ ဆက်ပြီး ဖွင့်လှစ်သွားခဲ့သည်။

နတ်ဘုရားသန္ဓေချက်ကြိုး ဖွင့်လှစ်သွားသည့်အခါတိုင်း နတ်ဘုရင်တစ်ပါးက ဉာဏ်အလင်းပွင့်နတ်ဘုရားဖြစ်လာရန် ရွေးချယ်လိမ့်မည်။

သို့သော်လည်း ဇီချင်းနှင့် တခြားနတ်ဘုရင်များက အောင်မြင်သွားခဲ့သလော မည်သူမှ မသိကြချေ။ ထို့အတူ နတ်ဘုရားသန္ဓေချက်ကြိုးထဲသို့ ဝင်ရောက်သွားခဲ့ကြသော နတ်ဘုရင်များက အသက်ရှင်နေသေးသလော မည်သူမှ မသိကြချေ။

ယင်းက အချိန်၏ အလွန် သို့မဟုတ် အချိန်၏ အပြင်ဘက်နှင့် ဆင်တူသည်။

ကြယ်တာရာစက်ဝန်းများထဲမှ သက်ရှိများက ယင်းကို နားမလည်နိုင်ကြချေ။

ယင်းက ဤနှစ်မတိုင်ခင်အထိ ဖြစ်သည်။

ယခုနှစ်၏ တပေါင်းလတွင်…

အချိန်အတော်ကြာ အိပ်မောကျနေခဲ့သော အားညိုက ပြန်နိုးလာသည်။

သူနိုးထလာသည့်အခိုက် ဟွမ်ကောင်းကင်ဘုံတစ်ခုလုံး ဝုန်းခနဲ မြည်ဟိန်းသွားသည်။ ပေါက်ကွဲသံက အလွန်ကျယ်လောင်လေရာ လောကတစ်သောင်းက တသိမ်သိမ့်တုန်သွားဟန် ရ၏။ ထို့နောက် ခေတ်အဆက်ဆက် ပဲ့တင်ထပ်သွားမည့် ရယ်သံက ဝမ်ကူးကုန်းမြေတစ်လျှောက် ပျံ့လွင့်သွားသည်။

“ ဟား ဟား... ချင်းလေး… ငါအခု နိုးလာပြီ… အရင်ကထက် အများကြီး ငါပိုသန်မာလာပြီ… ဇီချင်းနဲ့ ရင်ဆိုင်ဖို့ ငါမင်းကို ကူညီပေးမယ် ”

“ ပြီးတော့ ကောင်းကင်ပေါ်က မျက်နှာပျက်ကြီးကိုရော ငါ… ”

အားညိုက မောက်မာထောင်လွှားစွာ ပြောသည်။ သူက စကားပြောနေရင်း ဟွမ်ကောင်းကင်ဘုံထဲမှ ပျံသန်းထွက်လာကာ ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်သို့ ရောက်ရှိသွားသည်။ သူက လက်မြှောက်လိုက်ပြီး ယခင်က နတ်ဘုရားမျက်နှာပျက်ကြီး တည်ရှိနေခဲ့သော ကောင်းကင်ပေါ်သို့ လက်ညှိုးညွှန်လိုက်သည့်အခါ သူ၏ မျက်နှာက တောင့်တင်းသွားသည်။

နောက်အခိုက်အတန့်မှာ သူ၏ မျက်လုံးက ပြူးကျယ်သွားပြီး သူ၏ စကားသံက ရုတ်တရက် ရပ်တန့်သွားသည်။ သူက ဟာလာဟင်းလင်းဖြစ်နေသော မိုးကောင်းကင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။

အချိန်အတော်ကြာပြီးနောက် သူက အမြန်ခေါင်းယမ်းလိုက်ပြီး ကောင်းကင်ကို ထပ်ခါထပ်ခါ စစ်ဆေးကြည့်လိုက်သည်။

“ ဟာ… ဘာတွေဖြစ်ကုန်တာလဲ ”

“ မျက်နှာပျက်ကြီးက ဘယ်ရောက်သွားတာလဲ ”

“ စီနီယာအကိုကြီး… ”

အားညိုက စိတ်ရှုပ်ထွေးနေစဉ် ရွှီချင်း၏ အသံက ဟင်းလင်းပြင်ထဲမှ ပျံ့လွင့်လာသည်။

ထို့နောက် ကောင်းကင်က ပရမ်းပတာ လှုပ်ခတ်သွားပြီး ရွှီချင်းက ကျစ်ရွှမ်း၏ လက်ကို ကိုင်ထားလျက် ထွက်လျှောက်လာသည်။ သူက အားညိုကို ပြုံးလျက် ကြည့်နေသည်။

အားညိုက ရွှီချင်းကို မြင်သွားသောအခါ မိန်းမောတွေဝေသွားသည်။ ထို့နောက် သူက အံ့ဩထိတ်လန့်သွားသည်။

ရွှီချင်းထံမှ ထွက်ပေါ်နေသော အရှိန်အဝါက အင်မော်တယ်အရှင်သခင်တစ်ပါးထက် သာလွန်နေကြောင်း သူအာရုံခံမိသည်။ ထိုအရှိန်အဝါက…

“ နတ်ဘုရင်လား… အင်မော်တယ်ဘုရင်လား ”

“ ဘာ… ဘာတွေဖြစ်ကုန်တာလဲ… ငါခဏလေး အိပ်ပျော်သွားတာနဲ့ အရာအားလုံးက ပြောင်းလဲသွားပြီလား… ကောင်းကင်ပေါ်က မျက်နှာပျက်ကြီးက ဘယ်ရောက်သွားတာလဲ ”

“ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကရော ဘယ်ရောက်သွားတာလဲ ”

“ ချင်းလေးက ဘယ်တုန်းက ဘုရင်တစ်ပါး ဖြစ်လာတာလဲ ”

အားညိုက စိတ်ရှုပ်ထွေးသွားသည်။

ရွှီချင်းက ပြုံးလိုက်ပြီး နူးညံ့စွာ ပြောသည်။

“ စီနီယာအကိုကြီး… မင်းနိုးလာမှာကို ငါစောင့်နေတာ နှစ်တွေအတော်ကြာပြီ… နတ်ဘုရားသန္ဓေချက်ကြိုးထဲ ငါလျှောက်လှမ်းတော့မယ်… မင်း… ငါနဲ့အတူ လိုက်ခဲ့ချင်လား ”

…..

ဇီချင်းထွက်ခွာသွားပြီးနောက် နတ်ဘုရားသန္ဓေချက်ကြိုးက နောက်ထပ် ခုနစ်ကြိမ်တိုင်အောင် ဖွင့်လှစ်သွားခဲ့သည်။

ဤတစ်ကြိမ်တွင် နတ်ဘုရားသန္ဓေချက်ကြိုးက အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲမှာ အသက်ဝင်လာသည်။

အင်မော်တယ်ဘုရင်နှင့် ဆရာသခင်ပိုင်က သူတို့ကို လိုက်ပို့‌ဆောင်ကြသည်။ သို့သော်လည်း သူတို့က ရွှီချင်းနှင့် ထွက်သွားရန် မရွေးချယ်ကြချေ။

ယင်းအစား သူတို့က အထက်ကြယ်တာရာစက်ဝန်းထဲမှာ ဆက်ပြီးနေထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။

ထို့ကြောင့် နတ်ဘုရားသန္ဓေချက်ကြိုး၏ ဝင်ပေါက်ဖြစ်‌သော ဝဲကတော့၏ အပြင်ဘက်တွင် ရွှီချင်းက အားညိုနှင့် ကျစ်ရွှမ်းနှင့်အတူ မတ်တတ်ရပ်လိုက်ပြီး အင်မော်တယ်ဘုရင်နှင့် ဆရာသခင်ပိုင်ကို ကြည့်လိုက်သည်။

ဆရာသခင်ပိုင်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

“ အတိတ်မှာ ငါပြောခဲ့တာကို မင်းမှတ်မိသေးလား… ကောင်းကင်နဲ့မြေပြင်က သက်ရှိအားလုံးရဲ့ ဧည့်ဂေဟာဖြစ်ပြီး အချိန်က ရှေးခေတ်ကနေ အခုချိန်ထိ ဖြတ်သန်းသွားနေတဲ့ ခရီးသည်ဖြစ်တယ်… အတိတ်မှာ ငါ့ကို မင်းလိုက်ပို့ပေးခဲ့တယ်… ဒီနေ့တော့ ငါမင်းကို လိုက်ပို့ပေးမယ် ”

“ ငါတို့မသေဆုံးသရွေ့ တစ်နေ့နေ့မှာ ပြန်တွေ့ဆုံကြလိမ့်မယ် ”

ရွှီချင်းက ဆရာသခင်ပိုင်ကို လေးနက်စွာ ဦးညွတ်လိုက်သည်။

ထို့နောက် သူက ဝမ်ကူးကုန်းမြေကို လှည့်ကြည့်လိုက်သည်။

သူက ညာလက်ကို မြှောက်လိုက်ပြီး သူ့မိဘနှစ်ပါးအပါအဝင် သူ့မှတ်ဉာဏ်ထဲမှ မရေမတွက်နိုင်သော လူများ၏ အစစ်အမှန်ဝိညာဉ်များကို ဆယ်ယူလိုက်သည်။

ထိုသို့လုပ်ဆောင်ပြီးနောက် သူက အားညိုနှင့် ကျစ်ရွှမ်းကို စိတ်ဆုံးဖြတ်ထားသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျစ်ရွှမ်းက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူက ရွှီချင်း၏ ကာကွယ်ပေးခြင်းခံလိုက်ရသည်။

အားညိုသည်တော့ သူက အပြာရောင်ပိုးကောင်အသွင်သို့ ပြောင်းလဲလိုက်ပြီး ရွှီချင်း၏ ပခုံးပေါ်မှာ လဲလျောင်းလိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ပြောသည်။

" သွားကြစို့... အဲ့ဒါက နတ်ဘုရားသန္ဓေချက်ကြိုးလေးပဲ မဟုတ်ဘူးလား... အထဲမှာ အရသာရှိတဲ့ တစ်စုံတစ်ခုရှိမလား ဝင်ကြည့်ရအောင် "

ရွှီချင်းက ပြုံးလိုက်သည်။ သူက နောက်ထပ် တုံ့ဆိုင်းမနေဘဲ သူ့အရှေ့မှ ဝဲကတော့ထဲသို့ ဝင်ရောက်သွားသည်။

သူက နတ်ဘုရားသန္ဓေချက်ကြိုးထဲသို့ ခြေချလိုက်သည်။

သူက ပိုပြီးအဆင့်မြင့်သော ရှီရီကို ရှာဖွေတော့မည်။

" အတိတ်မှာ ဒီဟာကို ဘယ်နှစ်ကြိမ် ငါလုပ်ဆောင်ခဲ့လဲ မသိဘူး... ဒါပေမဲ့ ဒီတစ်ကြိမ်တော့ သေချာပေါက် ငါအောင်မြင်ရမယ် "

( ပြီးပါပြီ )

( ဘာသာပြန်သူရဲ့ မှတ်ချက်: ရှီရီက အသံမဲ့ခြင်းနဲ့ အရောင်မရှိခြင်းဆိုတဲ့ တာအိုအနှစ်သာရကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ " မင်းက ကြည့်လိုက်ပေမဲ့ မမြင်နိုင်ဘူးဆိုရင် အဲ့ဒါကို ရီလို့ ခေါ်တယ်... မင်းက နားထောင်လိုက်ပေမဲ့ မကြားရဘူးဆိုရင် အဲ့ဒါကို ရှီလို့ခေါ်တယ် " ရှီရီက လျှို့ဝှက်ဆန်းကြယ်မှုနဲ့ ဗလာနတ္ထိရဲ့ အဓိပ္ပာယ်ဖြစ်ပါတယ် )

( စီယုရဲ့ အဓိပ္ပာယ်က ဂိတ်တံခါးစောင့် ဒါမှမဟုတ် ဂိတ်တံခါးအုပ်ချုပ်သူ ဖြစ်ပါတယ် )

( မူရင်းစာရေးဆရာ " Ergen "ရဲ့ ပြောကြားမှုအရ အချိန်ကိုကျော်လွန်၍က အခန်းပိုတွေ ထွက်လာပါဦးမယ်... လောလောဆယ်မှာတော့ အခန်းပိုတွေ မထွက်သေးပါဘူး )

All Chapters