← Chapters

သတ္တမမြောက်တောင်ထိပ်

Vol. 6 Ch. 80

သတ္တမမြောက်တောင်ထိပ်

Vol. 6 Ch. 80

သို့သော်လည်း ကွဲပြားသွားသည်မှာ ကောင်းကင်ယံရှိ နတ်ဘုရား၏မျက်နှာပျက်ကြီးက မျက်လုံးများဖွင့်လိုက်သောအခါ သူငယ်အိမ်များက ကြက်ခြေခတ်တစ်ခုအသွင် ပြောင်းလဲသွားခြင်း ဖြစ်သည်။

ဤပုံရိပ်ယောင်မျက်လုံး၏ သူငယ်အိမ်များက ဒေါင်လိုက်သာ ဖြစ်သွားသည်။

တန်ခိုးအစွမ်းအရ ယှဥ်ကြည့်လျှင်လည်း အရှိန်တညီးညီးတောက်ပနေသော နေမင်းကြီးနှင့် ပိုးစုန်းကြူးတစ်ကောင် ကွာခြားသည့်အလား ဖြစ်နေပေသည်။ မျက်နှာပျက်ကြီးမှအကြည့်သည် နယ်မြေတစ်ခုလုံးကို တားမြစ်နယ်မြေအဖြစ်သို့ ချက်ချင်း ပြောင်းလဲပေးနိုင်ပြီး အနှီမျက်လုံးမှာမူ လူတစ်ယောက်၏စိတ်ကို တုန်လှုပ်ချောက်ချားသွားစေရန်သာ စွမ်းဆောင်နိုင်သည်။

အမှန်စင်စစ် ပုံရိပ်ယောင်မျက်လုံးက ကြိမ်ဖန်များစွာ ရောစပ်ခြင်းခံထားရသော သွေးစက်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အကယ်၍ သန့်စင်သော သွေးစက်သာ ဖြစ်နေပါက ၎င်းက ပို၍ပင် ကြောက်စရာကောင်းနေပေမည်။

သို့ပေသည့် မည်သို့ပင်ဖြစ်စေကာမူ အစစ်အမှန်မျက်လုံး ပေါ်လာသည့်တိုင်အောင် နတ်ဘုရား၏မျက်နှာပျက်ကြီးနှင့် ယှဉ်ပါက ကမ္ဘာခြင်းခြားနေဦးမည်သာ ဖြစ်သည်။

သို့တိုင်အောင် ရွှီချင်းသည် မကြုံစဖူး တုန်လှုပ်ချောက်ချားသွားရဆဲပင်။ သူ၏ခန္ဓာကိုယ်က တုန်ရီနေပါသော်ငြား သူ၏ရင်ထဲရှိ ခံစားချက်လှိုင်းများက ထိုကိစ္စနှင့်ပတ်သက်၍ အကြမ်းဖျင်းယူဆချက်တစ်ခုကို ပေးနေသည်။

“ ချီရွှဲ့ထုံဂိုဏ်းက နတ်ဘုရားတွေရဲ့ အသွေးအသားကို ယူနိုင်ခဲ့တာလား ”

“ ဒါ လုံးဝမဖြစ်နိုင်ဘူး။ အဲဒီနှစ်ခုက ဆင်သလို ရှိပေမဲ့ တကယ်တော့ မတူဘူး။ ဒါဆိုရင် ဒီလောကမှာ နတ်ဘုရားတွေနဲ့ ဆင်တူတဲ့သတ္တဝါတွေရှိနိုင်ဖို့ အခွင့်အလမ်းများနေတာပေါ့ ”

ထိုယူဆချက်သည် ရွှီချင်း၏အသက်ရှူသံများကို ပို၍ပင် မြန်ဆန်သွားစေသည်။ သူသည် ကျောက်တုံးကြီးပေါ်ရှိ ပုံရိပ်ယောင်မျက်လုံးကို ငေးစိုက်ကြည့်ရင်း သူ၏ရင်ထဲတွင် ဤလောကကြီးနှင့်ပတ်သက်၍ သိချင်စိတ်များ တားမနိုင်ဆီးမရဖြစ်လာသည်။

တချိန်တည်းမှာပင် ဖိအားများ ပြင်းထန်လာရာ ရင်ပြင်ထဲရှိ လူများ တစ်ယောက်ပြီးတစ်ယောက် သွေးများအန်နေကြသည်။ တစ်ဝက်ကျော်က တောင့်မခံနိုင်ကြတော့ဘဲ မျက်နှာရှည်ရှည်နှင့်ကျင့်ကြံသူက လက်ကိုဝှေ့ယမ်းကာ ထုတ်ပယ်လိုက်သည်။

မကြာခင် လူသုံးယောက်သာ ဆက်လက်တောင့်ခံနိုင်ကြသည်။

ကျိုးချင်ဖုန်းက ထိုသုံးယောက်ထဲတွင် မပါဝင်ပေ။ ထိုကျန်နေသည့်သုံးယောက်အနက် တစ်ယောက်က လီကျစ်မေ့ဖြစ်ပြီး နောက်တစ်ယောက်က သာမန်ရုပ်ရည်သွင်ပြင်ရှိသော လူငယ်လေးတစ်ယောက်ဖြစ်သည်။ လူငယ်လေး၏ အဝတ်အစားများက ရတနာမုဆိုးများ၏အဝတ်အစားများကဲ့သို့ မဟုတ်ပါသော်လည်း ရိုးရိုးဖျင်ကြမ်းထည်သာဖြစ်သည်။ မြို့ငယ်လေးတစ်မြို့မှ သူ ရောက်လာခြင်း ဖြစ်သည်။

လက်ကျန်တစ်ယောက်ကတော့ ရွှီချင်းပင် ဖြစ်သည်။

စိတ်ဓာတ်ကို အတုအယောင် ဖန်တီးနိုင်သည်။

သို့သော် ဤတစ်ခေါက်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ အေးစက်စက်သတ္တဝါတစ်ကောင်ရှေ့၌ ရွှီချင်းသည် လိမ်ညာနေရန် ဆန္ဒမရှိပေ။ ထိုပုဂ္ဂိုလ်ကို သူ ဦးမညွှတ်ချင်စိတ်က အလိုလို ဖြစ်နေ၏။

ထို့ကြောင့် ပုံရိပ်ယောင်မျက်လုံးကို သူ စူးစိုက်ကြည့်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းလာသည်။ သူ၏နှလုံးသားက တစ်ခါမှ မကြုံဖူးလောက်အောင် ခုန်နေပြီး ပုံရိပ်ယောင်မျက်လုံးကို တွန်းလှန်တိုက်ခိုက်ရန် သူ၏စိတ်ဓာတ်နှင့် ပေါင်းစည်းသွားသည်။

“ ငါက နတ်ဘုရားရဲ့မျက်နှာပျက်ကြီးအောက်မှာ အသက်ရှင်နိုင်ခဲ့တာ။ အခုလို အကြိမ်ကြိမ် ရောယှက်ခံထားရတဲ့ ဒီသွေးစက်ရဲ့ ဖိအားအောက်မှာ ငါ ဦးမညွတ်နိုင်ဘူး ”

ရွှီချင်း၏မျက်လုံးများ တဖြည်းဖြည်း နီမြန်းလာပြီး သူ၏ခန္ဓာကိုယ် တုန်ရီလာကာ သူ၏ခန္ဓာကိုယ်ထဲရှိ အသွေးအသားများအားလုံး အော်ဟစ်နေကြသည့်အလားပင်။ ဆင်းရဲသားရပ်ကွက်နှင့် တားမြစ်နယ်မြေတောအုပ်ထဲတွင် သူ ကြုံခဲ့ရသည်များကြောင့် သူ့ကိုယ်သူ အပြည့်အဝ ထိန်းချုပ်နိုင်နေသည်။

ယခုအခါ ရင်ပြင်ထဲ၌ သူ တစ်ယောက်တည်းသာ တောင့်ခံနေသေးသည်။ ထိုမြင်ကွင်းသည် ဘေးပတ်လည်ရှိ စစ်ဆေးခံသည့်လူများအားလုံးကို တုန်ရီသွားစေပြီး ရွှီချင်းအား အထိတ်တလန့်ဖြင့် ကြည့်လိုက်ကြသည်။

မျက်နှာရှည်ရှည်သက်လတ်ပိုင်းလူနှင့် တခြားကျင့်ကြံသူနှစ်ယောက်သည်ပင် ရွှီချင်းကို အံ့အားသင့်သည့်အမူအရာများဖြင့် ကြည့်လိုက်ကြသည်။

ယင်းမှာ ရွှီချင်းက အချိန်အတော်ကြာသည်အထိ တောင့်ခံနိုင်သည့်အတွက်ကြောင့် ဖြစ်ပေသည်။

ယခုနှစ် စစ်ဆေးပွဲကို တစ်လကြာ ကျင်းပခဲ့ပြီး ရွှီချင်းကဲ့သို့ အချိန်အတော်ကြာသည်အထိ တောင့်ခံနိုင်သူ သုံးယောက်သာ ရှိခဲ့သည်။

“ ဒီကလေးက နောက်ဆုံးလှိုင်းကို တောင့်ခံနိုင်မလား ငါ သိချင်တယ် ”

“ ဒီနှစ်ထဲ အဲဒီစစ်ဆေးတာကို အောင်တဲ့လူ တစ်ယောက်မှမရှိသေးဘူး ”

သက်လတ်ပိုင်းကျင့်ကြံသူသုံးယောက်က တစ်ယောက်နှင့်တစ်ယောက် အသံလွှင့်၍ စကားပြောနေကြစဉ် ကျောက်တုံးကြီးပေါ်ရှိ ရွှေရောင်အရည်တစ်ဝက်ကျော် လွင့်ပါးပျောက်ကွယ်သွားပြီ ဖြစ်သည်။ သို့သော်လည်း ထိုအရည် လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့မည့်အခိုက် ကျောက်တုံးပေါ်ရှိ ပုံရိပ်ယောင်မျက်လုံးက ရုတ်တရက် လူးလွန့်လာသည်။ ၎င်း၏အကြည့်က ဖြန့်ကျက်ထားရာမှ ရွှီချင်းတစ်ယောက်တည်းအပေါ်သို့ စုဆုံကျလာသည်။

ရွှီချင်း၏ခန္ဓာကိုယ်ပေါ်သို့ ကြောက်ခမန်းလိလိ ဖိအားတစ်ရပ် စုစည်းလာ၏။ နတ်ဘုရားများက အရာခပ်သိမ်းကို ဦးညွတ်လာစေရန် မြေပြင်တုန်ဟီးသွားရလောက်အောင် ဟိန်းဟောက်လိုက်သည့်အလားပင်။

ရွှီချင်း၏တစ်ကိုယ်လုံး ယိမ်းထိုးလာပြီး တောင်ကြီးတစ်လုံး ပိကျလာသည့်အလား သူ၏ခေါင်း အနည်းငယ် အောက်စိုက်သွားသည်။

ထိုမြင်ကွင်းသည် ကျင့်ကြံသူသုံးယောက်ကို လေးနက်တည်ကြည်သွားစေပြီး ဂရုတစိုက် လေ့လာစောင့်ကြည့်လိုက်သည်။

သို့သော် ထိုသို့ ခေါင်းငုံ့သွားနေစဉ် ရွှီချင်း၏ခန္ဓာကိုယ်က ပို၍ပင် တုန်ရီလာသည်။ အဆုံးသတ်တွင် သူသည် တဖြည်းဖြည်း ခေါင်းပြန်မော့လာ၏။ သူ၏နဖူးပေါ်ရှိ သွေးကြောများ ဖောင်းကားလာပြီး သူ၏သွေးရောင်လွှမ်းနေသော မျက်လုံးများထဲတွင် တွေဝေယိမ်းယိုင်သွားခြင်းမရှိသည့် ဝံပုလွေတစ်ကောင်ကဲ့သို့ အေးစက်တင်းမာမှုများဖြင့် ပြည့်နှက်နေသည်။

ပုံရိပ်ယောင်မျက်လုံးကို သူ ကြည့်လိုက်သည့်အခိုက် တောင်တန်းပင်လယ်ပညာရပ်၏ အဆင့်ခုနစ်အပြင်အားများ သူ့ကိုယ်ထဲမှ ထွက်ပေါ်လာပြီး သူ့နောက်တွင် အရိပ်မည်းတစ်ခုအဖြစ် စုစည်းသွားသည်။

ထိုအရိပ်သည် ဆယ်ပေမြင့်မားပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်နေသည်။ ၎င်းက ခေါင်းတွင် ချိုနှစ်ချောင်းပေါက်နေပြီး ခရမ်းရောင်မျက်လုံးတစ်စုံလည်း ရှိနေသည်။ ၎င်း၏သွေးလွှမ်းနေသော ပါးစပ်ကြီး ချက်ချင်း ပွင့်လာပြီး ပုံရိပ်ယောင်မျက်လုံးကို အော်ဟစ်လိုက်သည်။

အား …

ရွှီချင်းသည်လည်း အော်ဟစ်လိုက်ပြီး ရုတ်တရက် ကျောက်တုံးပေါ်ရှိ ပုံရိပ်ယောင်မျက်လုံးနှင့် သူ့အကြား ဆက်သွယ်မှုတစ်ခု ဖြစ်သွားသည်။

ထိုအခိုက် လေးလံသောတူကြီးတစ်လက်က သူ၏ခေါင်းကို ထုနှက်လိုက်သည့်အလား ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။ သွေးများ ပန်းထွက်သွားပြီး သူ့နောက်ရှိ အရိပ် လွင့်ပါးပျောက်ကွယ်သွားသည်။ ကျောက်တုံးပေါ်ရှိ ပုံရိပ်ယောင်မျက်လုံးသည်လည်း ဝိုးတဝါးဖြစ်သွားကာ နောက်ဆုံး၌ ပျောက်ကွယ်သွားသည်။

စစ်ဆေးပွဲ ပြီးဆုံးသွားလေပြီ။

ရွှီချင်း၏အသက်ရှူသံများ မြန်ဆန်နေပြီး ခေါင်းတစ်ခုလုံး တဆစ်ဆစ် ကိုက်ခဲနေသည်။ အချိန်အတော်ကြာပြီးနောက် သူ ခက်ခက်ခဲခဲ မတ်တတ်ရပ်၍ နှုတ်ခမ်းထောင့်စွန်းမှ သွေးများကို သုတ်လိုက်သည်။ ထို့နောက် မတ်တတ်ရပ်နေသော သက်လတ်ပိုင်းကျင့်ကြံသူသုံးယောက်ကို လက်နှစ်ဖက်ဆုပ်၍ လေးနက်စွာ ကြည့်လိုက်သည်။ ပြီးသည်နှင့် သူသည် ချာခနဲ လှည့်ကာ ရင်ပြင်ထဲမှ ဆင်းသွားသည်။

ရင်ပြင်ဘေး၌ မကြာသေးခင်က တောင့်မခံနိုင်ခဲ့ကြသောလူအားလုံးက ရွှီချင်းကို သရဲသဘက်တစ်ကောင်အလား တအံ့တဩကြည့်နေကြသည်။ သူတို့၏မျက်နှာများတွင် မယုံကြည်နိုင်ခြင်းများ၊ ထိတ်လန့်တုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်နေသည်။

“ သွေးနဲ့ချီ၊ သွေးချီအရိပ်ဖြစ်တည်ခြင်းလား၊ ဒါက အပြင်အားကို အထွတ်အထိပ် ရောက်တဲ့အခါမှသာ ပေါ်လာတာ မဟုတ်လား။ အဲဒါက ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်ကို ရောက်နေတာနဲ့ အတူတူပဲလေ ”

မသေချာမရေရာသော အသံတစ်သံ လွင့်ပျံလာသည်။

ထို့နောက် ရေရွတ်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။

ရွှီချင်းသည် မျက်လုံးများကို မှိတ်၍သာ ရပ်နေ၏။ ထိုအချိန်၌ သူ ခံစားနေရသော နာကျင်မှုက တဖြည်းဖြည်း ပျောက်ကွယ်လာနေသည်ကို သူ အာရုံခံမိလိုက်သည်။ သူ၏အသိအာရုံက ပို၍ပင် စူးရှပြတ်သားလာနေဟန်တူသည်။

ပန်းပဲထုနှက်သည့်ပမာပင်၊ သူ၏အသိအာရုံက ကြိမ်ဖန်များစွာ ထုနှက်ခံရပြီးနောက် စူးရှပြတ်သားသွားခဲ့ခြင်းပေလား။

အမှန်စင်စစ် ဒုတိယမြောက်စစ်ဆေးပွဲသည်လည်း ထိုကဲ့သို့ ကံကြမ္မာကောင်း ပါဝင်နေသည့် စစ်ဆေးပွဲတစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ၎င်းကို အောင်မြင်နိုင်မည့်လူက ဖီးနစ်ငှက်မွေးများနှင့် ချီလင်ဦးချိုများပမာ ရှားပါးသည်။

ယင်းဖြစ်ရပ်သည် ရွှီချင်းကို မှင်သက်သွားစေသည်။ သူ ဂရုတစိုက် စစ်ဆေးကြည့်ပြီးနောက် သူ့အာရုံက ယခင်ကထက် များစွာ စူးရှပြတ်သားလာဟန်တူသည်ကို တွေ့လိုက်ရသည်။ သူ၏စိတ်ဓာတ်သည်လည်း ပို၍ ကြံ့ခိုင်လာဟန်တူပြီး ထိုသည်ကို သူ သက်သေမပြနိုင်ပါသော်လည်း သူ့အာရုံကတော့ မလွဲမှားနိုင်ပေ။

“ သိပ်ကောင်းတယ် ”

ရင်ပြင်ပေါ်၌ စစ်ဆေးပွဲတာဝန်ယူထားသည့် သက်လတ်ပိုင်းကျင့်ကြံသူသုံးယောက်က ရွှီချင်းကို လေးစားသည့်အကြည့်များဖြင့် ကြည့်နေကြသည်။ မျက်နှာရှည်ရှည်နှင့်ကျင့်ကြံသူက သူ့ကို ခေါင်းပင်ညိတ်ပြလိုက်၏။

“ မင်းနာမည်က ရွှီချင်း၊ ဟုတ်တယ်မလား။ ဒုတိယစစ်ဆေးပွဲကို တောင့်ခံနိုင်တဲ့လူက စိတ်ဓာတ်ပိုင်းမှာ သိသိသာသာ ပြောင်းလဲတိုးတက်သွားလိမ့်မယ်။ နတ်သတ္တဝါတစ်ကောင်ရဲ့ သွေးကို ဓားသွေးကျောက်အနေနဲ့ အသုံးပြုလိုက်ရလို့ စိတ်ဓာတ်က နှိုင်းယှဉ်လို့မရလောက်အောင် ကြံ့ခိုင်သွားလိမ့်မယ် ”

“ နတ်သတ္တဝါလား ”

ရွှီချင်းက မျက်နှာရှည်ရှည်နှင့်လူကို ကြည့်လိုက်သည်။

ထိုလူက ဆက်ရှင်းမပြတော့ဘဲ အကြည့်လွှဲကာ စကားပြောနေရာမှ ရပ်သွားသည်။ ထို့နောက် တတိယမြောက်စစ်ဆေးပွဲ စတင်လေသည်။

ထိုစစ်ဆေးပွဲကို တာဝန်ယူသည့်လူက သက်လတ်ပိုင်းကျင့်ကြံသူသုံးယောက်အနက် နောက်ဆုံးတစ်ယောက်ဖြစ်သည်။

ထိုလူသည် လုံးဝိုင်းသောမျက်နှာနှင့် အရွယ်အစားသေးငယ်သော်လည်း စူးရှသောအကြည့်ရှိသည့် မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသည်။ သူက လျှောက်လာပြီးနောက် လူအားလုံးကို ခြုံကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“ တတိယမြောက်စစ်ဆေးပွဲကတော့ လက်တွေ့တိုက်ပွဲဆင်နွှဲရမှာပဲ။ ပုံရိပ်ယောင်အစီအရင်ထဲမှာ သန္ဓေပြောင်းသားရဲတွေနဲ့ တိုက်ခိုက်ရမယ် ”

ထိုစကားပြောပြီးနောက် လုံးဝန်းသောမျက်နှာပိုင်ရှင် သက်လတ်ပိုင်းလူကြီးက ရွှီချင်းကို လက်ညှိုးဖြင့် ထိုး၍ ပြောလိုက်သည်။

“ ရွှီချင်း၊ မင်းက မပါရတော့ဘူး။ မင်းရဲ့အပြင်အားက သွေးနဲ့ချီ အရိပ်အဖြစ်ကို ပြောင်းလဲနိုင်တဲ့အဆင့်ကို ရောက်နေပြီ။ အထွတ်အထိပ်ခွန်အားကို မင်းက ရပြီးသားဆိုတော့ တတိယမြောက်စစ်ဆေးပွဲမှာ မင်း ပါပါ၊ မပါပါ မင်းအတွက် ဘာမှမထူးဆန်းတော့ဘူး။ ငါ မင်းကို အအောင်ပေးလိုက်ပြီ ”

ထိုစကားပြောပြီးသည်နှင့် ဘေးပတ်လည်ရှိ စစ်ဆေးခံလူများက မနာလိုဖြစ်သွားကြပါသော်လည်း စကားတစ်ခွန်းမျှ မဆိုနိုင်ပေ။ ရွှီချင်း၏နောက်ရှိ အရိပ်က ခြိမ်းခြောက်နိုင်စွမ်း အပြည့်ရှိသည်ကို ယခုလေးတင် သူတို့ မြင်ခဲ့ရသည် မဟုတ်ပါလား။

“ ကျေးဇူးတင်ပါတယ် အကြီးအကဲ ”

ရွှီချင်းသည် လက်နှစ်ဖက်ကို ဆုပ်၍ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

သူက စကားပြောကောင်းသူတစ်ယောက်မဟုတ်ပါသော်လည်း ကောင်းမွန်သော ရည်ရွယ်ချက်နှင့် ပြောလာပါက ယဉ်ကျေးရမည်ကို သူ သိထားသည်။

မကြာခင် တတိယမြောက်စစ်ဆေးပွဲ စတင်သည်။ သူက ရင်ပြင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားသည်ကို ကြည့်နေပြီးနောက် တင်ပျဉ်ခွေထိုင်ကာ သူ၏ဝိညာဉ်ကို အားဖြည့်လိုက်သည်။ မကြာခင် သူ၏ဝိညာဉ်က အတော်လေး သက်သာသွားပြီဖြစ်သည်။

ထိုသို့သက်သာလာပြီးနောက် သူ၏အာရုံက ယခင်ကထက် နှစ်ဆ စူးရှပြတ်သားလာသည်ကို သူ ကောင်းစွာ နားလည်သွားသည်။

အထူးသဖြင့် သူသည် အတိုင်းအတာတစ်ခုအတွင်းရှိ လေတိုက်ခတ်ကာ မြက်ပင်များ လှုပ်ရှားသွားသည်ကို ချက်ချင်း အာရုံခံနိုင်သည်။ ယင်းသည် သူ၏နှလုံးသားကို မြန်ဆန်သွားစေပြီး သူ၏မျက်လုံးများကို ဝင်းလက်တောက်ပသွားစေသည်။

“ ငါ့စိတ်အာရုံက ဒီလိုမျိုး တိုးတက်သွားတယ်ဆိုရင် ငါ ပြန်ရောက်ရင် ငါ့အရိပ်ကိုလည်း ထိန်းချုပ်ကြည့်ရမယ်။ အခုဆိုရင် ပိုပြီး ထိန်းချုပ်ရ လွယ်ကူနေလောက်တယ် ”

ရွှီချင်း အတွေးနက်နေစဉ် တတိယမြောက်စစ်ဆေးပွဲက မြန်ဆန်စွာ ပြီးဆုံးသွားသည်။

လူအားလုံး သူတို့မူလနေရာအသီးသီးကို ပြန်ရောက်သွားကြပြီး ရလဒ်များကို စိုးရိမ်ပူပန်စွာ စောင့်နေကြသည်။ ရွှီချင်းသည်လည်း မတ်တတ်ရပ်၍ အချင်းချင်း တီးတိုးပြောဆိုနေကြသော သက်လတ်ပိုင်းကျင့်ကြံသူသုံးယောက်ကို ကြည့်လိုက်သည်။

“ ပထမမြောက်တောင်ထွတ်က အထူးဝင်ခွင့်တံဆိပ်ပြားလိုနေတာ ဆိုးတာပဲ …”

ရွှီချင်းသည် ခေါင်းငုံ့ကာ သူ့လက်ထဲရှိ တံဆိပ်ပြားကို ကြည့်လိုက်သည်။ မည်သည့်တောင်ထိပ်ကို သူ သွားရမည် မသိပါချေ။

မကြာခင် စစ်ဆေးပွဲအတွက် ကြေညာချက် ထုတ်ပြန်လိုက်သည်။ လူခြောက်ဆယ်အနက် တစ်ဝက် ထုတ်ပယ်ခံလိုက်ရသည်။

အထုတ်ခံလိုက်ရသူများအားလုံး စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။ ထိုစဉ် ဝင်ခွင့်စစ်ဆေးပွဲ မအောင်မြင်သည့်လူများအနေဖြင့် ချီရွှဲ့ထုံဂိုဏ်းမှ နှစ်နာရီအတွင်း ထွက်ခွာသွားရမည်ဖြစ်ကြောင်း တစ်ဆက်တည်း ကြေညာလာသည်။ ထိုသို့မထွက်ခွာပါက မန္တန်အစီအရင်ကြီး၏ သတ်ဖြတ်ခြင်း ခံရမည်ဖြစ်သည်။

“ သတ် ” ဆိုသောစကားလုံးကြောင့် ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ ထုတ်ပယ်ခံရသူများသည်လည်း စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။

သို့သော်လည်း မဖြစ်မနေ ထွက်ခွာသွားရမည် မဟုတ်ဘဲ ရွေးချယ်စရာတစ်ခုလည်း ရှိသေးသည်။

ယင်းမှာ စွမ်းဆောင်မှုရမှတ်များ ဝယ်ယူနိုင်လောက်အောင် ဝိညာဉ်ကျောက်တုံးများ အလုံအလောက်ရှိပါက ပင်မမြို့ကြီးတွင် ဆက်နေနိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း ကုန်ကျစရိတ်က သာမန်လူများနှင့် အတူတူဖြစ်ပြီး တစ်နေ့ကို ဝိညာဉ်ကြေးပြား သုံးဆယ် သို့မဟုတ် စွမ်းဆောင်မှုရမှတ်သုံးဆယ် ပေးရမည်ဖြစ်သည်။

စစ်ဆေးပွဲအောင်သွားသည့်တပည့်များကတော့ တစ်နေ့ကို စွမ်းဆောင်မှုရမှတ် သုံးဆယ်ပေးရမည် ဖြစ်ပါသော်လည်း အပိုအနေဖြင့် ချီရွှဲ့ထုံဂိုဏ်း၏ ကျင့်ကြံခြင်းအရင်းအမြစ်များကို သုံးစွဲခွင့် ရှိမည်ဖြစ်သည်။

ရွှီချင်းသည် အနည်းငယ် ကြောင်သွားကာ နားမလည်ဖြစ်သွားပါသော်လည်း အရာအားလုံးကို အနှေးနှင့်အမြန် သူ ရှင်းရှင်းလင်းလင်း သိလာမည်ဖြစ်ကြောင်း ယုံကြည်ထားသည်။

မကြာခင် စစ်ဆေးပွဲအောင်သွားသည့်လူများအား သူတို့ သွားရမည့်တောင်ထိပ်များကို ကြေညာပေးလိုက်သည်။

“ ကျန်းဟန်၊ ပထမမြောက်တောင်ထိပ် ”

“ ကျောက်ချွမ်ကန်း၊ တတိယမြောက်တောင်ထိပ် ”

“ ကျိုးချင်ဖုန်း၊ သတ္တမမြောက်တောင်ထိပ် ”

…

လက်ကျန်လူများအနက် ငါးယောက်က ပထမမြောက်တောင်ထိပ်ကို သွားရမည်ဖြစ်ပြီး သုံးယောက်က သတ္တမမြောက်တောင်ထိပ်ကို သွားရမည်ဖြစ်ကာ လူခြောက်ယောက်၊ ခုနစ်ယောက်ခန့်က ကျန်တောင်ထိပ်ငါးလုံးကို သွားရမည်ဖြစ်သည်။

မျက်နှာရှည်ရှည်ကျင့်ကြံသူ၏စကားသံများ လွင့်ပျံနေစဉ် ရွှီချင်းသည် သူ့နာမည်ကို မကြားရသေး၍ တိတ်ဆိတ်စွာ စောင့်နေသည်။

မကြာခင် ရွှီချင်း ခေါင်းမော့သွားပြီး သူ့အကြည့်က အေးစက်သွားသည်။

“ ရွှီချင်း၊ သတ္တမမြောက်တောင်ထိပ် ”

မျက်နှာရှည်ရှည်ကျင့်ကြံသူက ရွှီချင်းနာမည်ကို ခေါ်ပြီးနောက် သူ့ရှေ့ရှိ လူငယ်လေးများကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“ စစ်ဆေးပွဲကိုအောင်တဲ့လူတွေအားလုံး စွမ်းဆောင်မှုရမှတ်တစ်ထောင်စီ ချီးမြှင့်ခံရမယ်။ ပထမရသွားတဲ့လူက ရွှီချင်းပဲ။ သူကတော့ စွမ်းဆောင်မှုရမှတ်တစ်သောင်းရမယ် ”

ထိုစကားကိုကြားသောအခါ ရွှီချင်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။ သတ္တမမြောက်တောင်ထိပ်သည်လည်း အလွန်ကောင်းသည်ဟု သူ ခံစားလိုက်ရသည်။ တချိန်တည်းမှာပင် ဆုကြေးငွေကြောင့် သူ အံ့အားသင့်သွားရ၏။

သူ စိတ်ထဲမှနေ၍ တွက်ချက်ကြည့်လိုက်သည်။ စွမ်းဆောင်မှုရမှတ်များနှင့် ဝိညာဉ်ကြေးပြားများက တန်ဖိုးချင်းတူညီပြီး စွမ်းဆောင်မှုရမှတ်တစ်သောင်းသည် ဝိညာဉ်ကြေးပြားတစ်သောင်းနှင့် ညီမျှသည်။ ဝိညာဉ်ကျောက်တုံးနှင့် တွက်ချက်ကြည့်မည်ဆိုပါက ဝိညာဉ်ကျောက်တုံးဆယ်တုံး ဖြစ်ပေသည်။

“ အများကြီးပဲ ”

ရွှီချင်းမှာ အနည်းငယ် အံ့အားသင့်သွားရသည်။

ထိုအချိန်၌ မျက်နှာရှည်ရှည်ကျင့်ကြံသူက စကားဆုံးသောအခါ ကျောက်စိမ်းပေလွှာကိုထုတ်၍ နှိုးဆွလိုက်သည်။ မကြာခင် ရွှီချင်းသည် သူ၏ဝင်ခွင့်တံဆိပ်ပြား တုန်ခါလာသည်ကို ခံစားလိုက်ရသည်။ သူခေါင်းငုံ့ကြည့်လိုက်ရာ ဝင်ခွင့်တံဆိပ်ပြားအရှေ့ခြမ်းရှိ ရုပ်ပုံက အလိုလို တွန့်လိမ်ကွေးကောက်သွားပြီး စကားလုံးတစ်သောင်းကို ကိုယ်စားပြုသည့် ရှေးဟောင်းစကားတစ်လုံးအဖြစ်ပြောင်းလဲသွားသည်။

သို့သော် မကြာခင် ဂဏန်းက ( ၉၉၉၉ ) အဖြစ် ပြောင်းလဲသွားသည်။

ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။

စစ်ဆေးပွဲကို အောင်မြင်ခဲ့ကြသည့် တခြားတပည့်များသည်လည်း သူတို့ဝင်ခွင့်တံဆိပ်ပြားများ ပြောင်းလဲသွားသည်ကို တစ်ယောက်ပြီးတစ်ယောက် အာရုံခံမိလိုက်ကြသည်။ သူတို့အားလုံး၏မျက်နှာများပေါ်တွင် စိတ်ပျက်ဟန်အမူအရာများ ပေါ်လာသည်။ မျက်နှာရှည်ရှည်ကျင့်ကြံသူက သူတို့ကို ခေါ်လိုက်သောအခါ သူတို့သည် အုပ်စုလိုက် ထွက်ခွာသွားကြ၏။

လုံးဝန်းသောမျက်နှာပိုင်ရှင်ကျင့်ကြံသူက ရွှီချင်းဆီ လျှောက်လာပြီး အနားရောက်သောအခါ ရွှီချင်း၏ဝင်ခွင့်တံဆိပ်ပြားကို ကြည့်၍ ပြုံးလိုက်သည်။

“ ကြည့်မနေတော့နဲ့။ ပြီးရင် ငါ မင်းကို အဲဒီအကြောင်း ပြောပြမယ် ”

ပြောပြီးသည်နှင့် သူက သတ္တမမြောက်တောင်ထိပ်သို့ ဝင်ခွင့်ရသည့်တခြားလူများကို ခေါ်လိုက်ပြီး သတ္တမမြောက်တောင်ထိပ်သို့ သွားသည့်လမ်းအတိုင်း လျှောက်သွားသည်။

“ သွားကြမယ်။ မင်းတို့ကို သတ္တမမြောက်တောင်ထိပ်ရဲ့ တောင်တံခါးဆီ ခေါ်သွားမယ်။ ဒီတစ်ကြိမ်ပဲ တောင်ပေါ်ကို မင်းတို့ တက်ခွင့်ရမှာဆိုတော့ ဒါကို တန်ဖိုးထားကြ ”

All Chapters