ချောင်းမြောင်းတိုက်ခိုက်ခြင်း
Vol. 187 Ch. 2791
တာအိုသစ်သီးသည် ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံမှုအဆီအနှစ်ကို စုဖွဲ့ထားခြင်းဖြစ်သည်။
အဲဒါကို လုံးလုံးလျားလျား လိုအပ်မှုမရှိသရွေ့ ကျင့်ကြံသူအများစုသည် ဤကဲ့သို့သော ပြတ်သားသည့်နည်းလမ်းကို ရွေးချယ်ကြလိမ့်မည် မဟုတ်ပေ။
လူတိုင်းသည် ကံကောင်းမှုတစ်ခုနှင့် ကြုံတွေ့ရဖို့ အမြဲတမ်း မျှော်လင့်ထားကြပေလိမ့်မည်။ သူတို့က သေအံ့ဆဲဆဲ အခြေအနေသို့ ရောက်ရှိနေသည်ဆိုလျှင်တောင် သူတို့သည် သူတို့၏ နောက်ဆုံးမျှော်လင့်ချက်ကို လွှတ်မချလိုဘဲ ရှင်သန်နိုင်မည့် အခွင့်အရေးတစ်ခုကို စောင့်မျှော်နေပေလိမ့်မည်။ သို့သော်လည်း အနက်ရောင်ဝတ် အမျိုးသားက လုံးဝ တွေဝေတုံ့ဆိုင်းမနေခဲ့ပေ။
လင်းရွှင်ကျန်းသည် သူမလက်ထဲရှိ အင်မော်တယ်ဓားကို ကိုင်ဆွဲ၍ အနက်ရောင်ဝတ်အမျိုးသား၏ နှာရောင်ရှေ့မှာ သူမ၏ ဓားဖျားကို အနည်းငယ်မြှောက်ပြီး သူ၏ တာအိုသစ်သီးကို တူးထုတ်လိုက်၏။ ကံဆိုးစွာဖြင့် ဤလူ၏ တာအိုသစ်သီးက အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီဖြစ်ပြီး များစွာအသုံးမဝင်တော့ပေ။
လင်းရွှင်ကျန်းသည် ထိုလူ၏ သိုလှောင်အိတ်ကို ဖြုတ်ယူ၍ သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ပြီးနောက် မြေပြင်ပေါ်သို့ သာမန်ကာလျှံကာ ပစ်ထုတ်လိုက်၏။
ဝမ်တုန်က ဆူဇီမိုနှင့် ပေမင်ရွှယ်ကို ရှင်းပြလိုက်သည်။
“ဒီဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ် အများစုမှာ ရတနာတွေ မရှိတတ်ကြဘူး… သူတို့ရဲ့ သိုလှောင်အိတ်တွေက ဗလာကျင်းနေတတ်တယ်… အဲဒါကြောင့် ငါတို့ရဲ့ သိုလှောင်အိတ်တွေက သူတို့အတွက် အရမ်းကို ဆွဲဆောင်မှုရှိနေတာပဲ”
ထိုလူကို သတ်ဖြတ်ပြီးနောက် လင်းရွှင်ကျန်းက မှင်သေသေဖြင့် ပြောလိုက်၏။
“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာရှိတဲ့ လူသားကျင့်ကြံသူတွေမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြား မရှိဘူးဆိုရင် သူတို့တွေကို အပြစ်သားစိတ်ဝိညာဉ်တွေလို့ သတ်မှတ်နိုင်တယ်… သူတို့ကို သနားညှာတာမှု ပြနေစရာမလိုဘူး”
ထိုစကားလုံးများက ပြောဖို့မလိုအပ်ဟု ထင်ရသည်။
ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ဝင်ရောက်မလာခင်က လူတိုင်းသည် ထိုအကြောင်းနှင့်ပတ်သက်၍ သိရှိထားကြပြီးသားဖြစ်သည်။ ဘာကြောင့်ရယ်မသိ၊ လင်းရွှင်ကျန်းက ထိုစကားကို ထပ်မံ၍ပြောလိုက်လေသည်။
လင်းရွှင်ကျန်း၏ စကားလုံးများက သူ့ကို တိုက်ရိုက်ရည်ရွယ်နေခြင်းဖြစ်ကြောင်း ဆူဇီမိုကသာ သိရှိထားလေသည်။
ဝမ်တုန်က ထပ်ပြောလိုက်၏။
“အဲဒါ ဟုတ်တယ်… ငါတို့တွေက သူတို့ကို မသတ်ဘူးဆိုရင်တောင် တစ်ဖက်သူက ငါတို့ကို ချက်ချင်းသတ်ဖို့ ကြိုးစားမှာပဲ… ငါတို့တွေက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်ရောက်လာတဲ့အချိန်မှာပဲ ငါတို့က အဲဒီဆိုးယုတ်မိစ္ဆာတွေ၊ အပြစ်သားစိတ်ဝိညာဉ်တွေနဲ့ ညှိနှိုင်းလို့မရတဲ့ ရန်သူတွေ ဖြစ်လာခဲ့ပြီ… ငါတို့က အသေအကြေ တိုက်ခိုက်ရရုံပဲ ရှိတယ်”
ဆူဇီမိုက ခဏမျှ စဉ်းစားတွေးတောပြီး ပြောလိုက်၏။
“တကယ်တော့ ငါကလည်း ဒီနှစ်တွေထဲမှာ အသင်္ချေဓားဝင်္ကပါကို ကျင့်ကြံထားတာပဲ… မင်းတို့တွေ ငါ့ကို ဘာလို့ထည့်မတွက်ကြတာလဲ”
“ဒါက…”
ထိုစကားကို ကြားသောအခါ ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများက အခက်တွေ့သော အမူအရာဖြင့် အကြည့်ချင်းဖလှယ်ပြီး ခဏမျှနှုတ်ဆိတ်သွားကြသည်။
ပုံမှန်အခြေအနေမှာဆိုလျှင် လူကိုးယောက်ဖြင့် စုဖွဲ့ထားသည့် ဓားဝင်္ကပါတစ်ခုက လူရှစ်ယောက်စုဖွဲ့ထားသည့်ထက် ပိုမိုသန်မာလေသည်။
သို့သော်လည်း တောင်ထွတ်သခင်ဆူ၏ ကျင့်ကြံမှုနယ်ပယ်က ပေါင်းစည်းခြင်းနယ်ပယ်မှာသာ ရှိနေသည်။ သူက ဓားဝင်္ကပါထဲသို့ ဝင်ရောက်ပူးပေါင်းမည်ဆိုလျှင် ဓားဝင်္ကပါမှာ သိသာထင်ရှားသော အားနည်းချက်တစ်ခု ဖြစ်လာပေလိမ့်မည်။
ဓားဝင်္ကပါ၏ စွမ်းအားက တိုးလာမည့်အစား လျော့ကျသွားပေလိမ့်မည်။
တောင်ထွတ်သခင်ဆူက ဓားဝင်္ကပါထဲမှာ ဝင်ရောက်ပူးပေါင်းမည်ဆိုလျှင် သူက သူတို့ရှစ်ယောက်ကိုပင် ဆွဲချသွားနိုင်လေသည်။
သို့သော်လည်း ဤအကြောင်းနှင့်ပတ်သက်ပြီး တောင်ထွတ်သခင်ဆူကို တိုက်ရိုက်ပြောပြဖို့က မသင့်လျော်ပေ။ အဲဒါက သူ၏ ဂုဏ်သိက္ခာကို ထိခိုက်ကောင်း ထိခိုက်ပေလိမ့်မည်။
ခဏနေပြီးနောက် ဝမ်တုန်က ညင်သာစွာ ချောင်းဟန့်ကာ ပြုံး၍ပြောလိုက်၏။
“တောင်ထွတ်သခင်ဆူ… ကျုပ်တို့ရှစ်ယောက်က အသင်္ချေဓားဝင်္ကပါမှာ တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းလုပ်ဆောင်တာနဲ့ပတ်သက်ပြီး အတော်လေး ရင်းနှီးကျွမ်းဝင်မှု ရှိနေပြီ… ခင်ဗျားက ဓားဝင်္ကပါကို ကျင့်ကြံထားတာ မကြာသေးဘူး… ခင်ဗျားက ရုတ်တရက်ပူးပေါင်းလာမယ်ဆိုရင် အဲဒါနဲ့ အသားကျချင်မှကျလိမ့်မယ်”
“နောက်ရက်အနည်းငယ်အတွင်း ခင်ဗျားက ဓားဝင်္ကပါမှာ ကျုပ်တို့ရဲ့ ပူးပေါင်းချိတ်ဆက်မှုကို လေ့လာအကဲခတ်ပြီး အဲဒါနဲ့ ရင်းနှီးအောင် အရင်လုပ်ထားဦးပေါ့”
“ဟုတ်ပါတယ်”
ကုန်းစွန်းယွီက အလောတကြီး ထပ်ပြောလိုက်၏။
“တောင်ထွတ်သခင်ဆူ… ခင်ဗျား စဉ်းစားနေတာကို ကျုပ်တို့ နားလည်ပါတယ်… ခင်ဗျားကလည်း ကူညီပေးချင်တာပဲ… ဒါပေမဲ့ တောင်ထွတ်သခင်ဆူ… ဘာမှစိုးရိမ်ပူပန်မနေပါနဲ့”
“ကျုပ်တို့တွေက ပေါင်းစည်းခြင်း ဒါမှမဟုတ် အာကာသသက်ရှိ ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေနဲ့ နောက်ပိုင်းကြုံတွေ့ရမယ်ဆိုရင် ကျုပ်တို့က တောင်ထွတ်သခင်ရဲ့ အစွမ်းအစကို သေချာပေါက် ပြခွင့်ပေးပါ့မယ်”
“ကောင်းပြီလေ”
ဆူဇီမိုသည် ဝမ်တုန်နှင့် အခြားသူများ ပြောချင်သည့်အဓိပ္ပာယ်ကို နားလည်သဘောပေါက်ပြီး မရမကပြောဆိုမနေတော့ပေ။
သူ့အတွက်တော့.. သူက ဓားဝင်္ကပါမှာ ဝင်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကိစ္စမရှိပေ။
လင်းရွှင်ကျန်းနှင့် အခြားသူများက တကယ်တမ်းအန္တရာယ်နှင့် ကြုံတွေ့ရပြီး သူတို့မဖြေရှင်းနိုင်ဘူးဆိုလျှင် သူက အချိန်မရွေး ဝင်ရောက်တိုက်ခိုက်ပေးနိုင်လေသည်။
ဤချောင်းမြောင်းတိုက်ခိုက်မှုသည် လူတိုင်းအတွက် ကြားဖြတ်ဖျော်ဖြေမှုတစ်ရပ်သာ ဖြစ်လေသည်။ မည်သူကမှ အဲဒါကို စိတ်ထဲမှာ ထည့်မထားဘဲ ရှေ့သို့ဆက်တက်လာခဲ့ကြသည်။
သိပ်မကြာခင် တောအုပ်၏ အနက်ပိုင်း အမှောင်ထုထဲမှာ ရုတ်ရုတ်သဲသဲ အသံတစ်သံ ထွက်ပေါ်လာ၏။
ဤတစ်ခေါက်မှာ ဆူဇီမို၏ သတိပေးမှု မရှိလျှင်တောင် ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများက အန္တရာယ်ကို အာရုံခံမိကြလေသည်။
“ဝင်္ကပါကို စုဖွဲ့ပြီး သတိအနေအထား ပြင်ထားကြ”
လင်းရွှင်ကျန်းက သတိပေးပြီး လူတိုင်းက သူတို့၏ အရှိန်ကို လျှော့ချလိုက်၏။
ထို့နောက် အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ ဘေးပတ်ဝန်းကျင်အပူချိန်က ရေခဲမှတ်အထိ ကျဆင်းသွားပုံရပြီး လေထုက တင်းကျပ်လေးလံလာခဲ့သည်။
နောက်ခဏ၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုနှင့် ကြုံတွေ့ရတော့မည်ကို လူတိုင်းက သိရှိလိုက်ကြလေသည်။
မသိလိုက်မသိဘာသာ အချိန်တစ်ခုကြာသွားပြီးနောက် နတ်ဘုရားစွမ်းအားများနှင့် ဓမ္မရတနာများသည် အမှောင်ထုထဲကနေ ပစ်လွင့်ထွက်ပေါ်လာပြီး လင်းရွှင်ကျန်းနှင့် အခြားသူများအပေါ် အုပ်မိုးကျဆင်းလာခဲ့သည်။
အသင်္ချေဓားဝင်္ကပါကို နောက်တစ်ဖန် လှည့်ပတ်လိုက်ပြီး အဆုံးမဲ့ဓားချီက တလိပ်လိပ်ထိုးတက်ကာ ဘေးပတ်ဝန်းကျင်အမှောင်ထုကို ဆုတ်ဖြဲပစ်လိုက်၏။
အမှောင်ထုထဲကနေ ပုံရိပ်များစွာက ထိုးထွက်လာပြီး ဆူဇီမိုနှင့် အခြားသူများကို ရန်လိုခက်ထန်စွာဖြင့် ကြည့်လိုက်ကြသည်။
ဤလူများသည် လူသားကျင့်ကြံသူများနှင့် မကွာခြားပေ။ သို့သော်လည်း သူတို့၏ ခါးများမှာ ချိတ်ဆွဲထားသည့် မွန်မြတ်ကောင်းကင်ဘုံတံဆိပ်ပြားများ မရှိပေ။
“သတ်”
ခေါင်းဆောင်ဖြစ်သူက အော်ဟစ်အမိန့်ပေးလိုက်၏။
နှစ်ဦးနှစ်ဖက်ကြားမှာ ကြီးမားသောတိုက်ပွဲတစ်ခု ပေါ်ထွက်လာလေသည်။
လင်းရွှင်ကျန်း၊ ဝမ်တုန်နှင့် အခြားသူများသည် သူတို့၏ အစွမ်းကုန်ဖြင့် တိုက်ခိုက်လိုက်ကြသည်။ အသင်္ချေဓားဝင်္ကပါ၏ အားဖြည့်စုဆောင်းမှုနှင့်အတူ ဓားတာအိုရှစ်ခုက ကြောက်စရာကောင်းသော သေစေနိုင်စွမ်းအားကို ထွက်ပေါ်လာစေသည်။
တစ်ဖက်အဖွဲ့မှာ ပကတိအင်မော်တယ်အတော်များများ ရှိပြီး အရေအတွက်အားသာချက်ရှိသော်လည်း လင်းရွှင်ကျန်းနှင့် အခြားသူများသည် အသင်္ချေဓားဝင်္ကပါအပေါ် မှီခိုကာ ခုခံ၍ တန်ပြန်တိုက်ခိုက်လိုက်ကြသည်။
အသက်ရှူချိန် ဆယ်ကြိမ်မပြည့်ခင်မှာ တစ်ဖက်အဖွဲ့မှ ပကတိအင်မော်တယ်ခြောက်ဦးက ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး သူတို့ထဲမှတစ်ယောက်က လင်းရွှင်ကျန်း၏ လက်ချက်ဖြင့် နေရာမှာတင် သတ်ဖြတ်ခံလိုက်ရသည်။
ပကတိအင်မော်တယ်များစွာက သူတို့ကို ဝိုင်းပတ်ထားသော်လည်း သူတို့မှာ စုဖွဲ့မှုဝင်္ကပါတစ်ခု မရှိဘဲ တစ်ဦးချင်းအလိုက် တိုက်ခိုက်နေကြရသည်။ ထို့သို့ဖြင့် သူတို့သည် နောက်ဆုံးမှာ အသင်္ချေဓားဝင်္ကပါကို မခုခံနိုင်ကြပေ။
နှစ်ဦးနှစ်ဖက်က ထိတွေ့ဖလှယ်တိုက်ခိုက်သည့် ခဏမှာပင် နှစ်ဖက်စလုံးသည် တစ်ဖက်၏ ခွန်အားကိုတစ်ဖက် အကြမ်းဖျင်းနားလည်သဘောပေါက်သွားကြသည်။
လင်းရွှင်ကျန်းနှင့် အခြားသူများက အသင်္ချေဓားဝင်္ကပါကို စုဖွဲ့မထားလျှင်တောင် ဤအပြစ်သားစိတ်ဝိညာဉ်အုပ်စုက သူတို့ကို ယှဉ်နိုင်မည်မဟုတ်ပေ။
လင်းရွှင်ကျန်းသည် ထူးဆန်းသော အခြေအနေတစ်ရပ်သို့ ဝင်ရောက်သွားပုံရလေသည်။ သူမ၏ အမူအရာက မှင်သေသေဖြင့်ရှိနေပြီး သူမ၏ မျက်လုံးများက မည်သည့်စိတ်ခံစားချက်မှ မရှိဘဲ ရှင်းလင်းနေ၏။
သူမသည် ဖြတ်တောက်ဓားတာအိုကို အဓိကထား ကျင့်ကြံထားသော်လည်း ဓားပညာရပ်သုံးခုသည် သူမ၏ လက်ထဲမှာ ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားကို ထုတ်ဖော်နိုင်ဆဲဖြစ်လေသည်။
လေထဲမှာ သွေးမြူများက ပြန့်ကျဲလာခဲ့သည်။
သွေးဖြင့် ဆေးကြောသန့်စင်မှုသည် လင်းရွှင်ကျန်း၏ အနိဋ္ဌာရုံဓားတာအိုကို အဆက်မပြတ် အားဖြည့်ပေးနေ၏။
ဆူဇီမိုသည် အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်ထားခဲ့ပြီဖြစ်ပြီး အနိဋ္ဌာရုံဓားတာအိုအပေါ် သူ၏ နားလည်သဘောပေါက်မှုက လင်းရွှင်ကျန်းထက် ပိုလေသည်။
လင်းရွှင်ကျန်းသည် အင်မော်တယ်နှိမ်နင်းဓားကို သိပ်မကြာခင် နားလည်ဆင်ခြင်မိတော့မည်ဖြစ်ပြီး အခွင့်အလမ်းတစ်ခုသာ လိုအပ်တော့သည်ကို သူက အာရုံခံမိနိုင်သည်။
တိုက်ပွဲသည် အသက်ရှူချိန် ၁၀၀ပင် မကြာဘဲ တစ်ဖက်အဖွဲ့က စတင်၍ လဲပြိုလာခဲ့လေသည်။
အပြစ်သားစိတ်ဝိညာဉ် ဆယ်ဦးကျော်က သွေးအိုင်ထဲမှာ ကျဆင်းကာ သေဆုံးနေပြီဖြစ်သည်။ ကျန်ရှိနေသော အပြစ်သားစိတ်ဝိညာဉ်များက အသင်္ချေဓားဝင်္ကပါ၏ တိုက်ခိုက်မှုကို မခုခံနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် နောက်သို့ဆုတ်ခွာကာ တောအုပ်၏ အနက်ပိုင်းထဲသို့ နောက်တစ်ဖန် ပြန်လည်ဝင်ရောက်လိုလေသည်။
လင်းရွှင်ကျန်းနှင့် အခြားသူများသည် သူတို့နောက်သို့ ဆက်လိုက်မည်ဆိုလျှင် သူတို့အနေဖြင့် အသင်္ချေဓားဝင်္ကပါကို ထိန်းထားဖို့ ခက်ခဲပေလိမ့်မည်။
သူတို့၏ နည်းလမ်းများအရ သူတို့သည် မည်သည့်အန္တရာယ်နှင့်မှ ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ဆူဇီမိုနှင့် ပေမင်ရွှယ်ကို ကာကွယ်ပေးနိုင်တော့မည် မဟုတ်ပေ။
သို့သော်လည်း သူတို့ရှေ့မှ မြင်ကွင်းက အလွန်တရာ ရှားပါးသည့် အခွင့်အလမ်းတစ်ရပ် ဖြစ်နေသည်။
သူတို့သည် နောက်ထပ်အပြစ်သားစိတ်ဝိညာဉ်တချို့ကို ထပ်မံသတ်ဖြတ်နိုင်မည်ဆိုလျှင် ဤတိုက်ပွဲတစ်ခုတည်းကပင် တိုက်ပွဲရမှတ် တစ်ရာလောက်ကို စုဆောင်းနိုင်မည် ဖြစ်လေသည်။
“ငါ သူတို့နောက်ကို လိုက်သွားလိုက်မယ်… နင်တို့တွေ ဒီမှာနေပြီး တောင်ထွတ်သခင်ဆူနဲ့ ဂျူနီယာညီမပေမင်ကို ကာကွယ်ပေးထားကြ”
လင်းရွှင်ကျန်းက ထိုသို့ပြောပြီး အရင်ဆုံး စတင်ပြေးလိုက်သွားလေသည်။
သူမက အမှောင်ထု၏ အစပ်သို့ လိုက်မိလာစဉ်မှာပင် လင်းရွှင်ကျန်းက ရုတ်တရက် သူမ၏ လှုပ်ရှားမှုကို ရပ်တန့်ပြီး လေထဲသို့ ခုန်တက်ကာ အော်ပြောလိုက်၏။
“ယက္ခတစ္ဆေတွေ…. သတိထား”
လင်းရွှင်ကျန်း၏ အောက်ဘက်ရှိ မြေဆီလွှာက ရုတ်တရက်ပွင့်ထွက်သွားပြီး စိမ်းဖန့်ဖန့်အသားအရေနှင့် နွားလပို့လို ဦးခေါင်းပေါ်ရှိ ကျိုးတိုးကျဲတဲ အစိမ်းရောင်သားမွေးများနှင့်အတူ မွန်းစတားတစ်ကောင်က မြေကြီးထဲကနေ တိုးထွက်လာခဲ့လေသည်။ ၎င်းသည် လက်ထဲမှာ သံမဏိခက်ရင်းလှံတစ်လက်ကို ကိုင်ဆွဲထားပြီး လင်းရွှင်ကျန်းရှိရာသို့ ပစ်ထိုးလိုက်လေသည်။
လင်းရွှင်ကျန်းသည် အနည်းငယ် နှေးကွေးသွားပြီး အချိန်မီ မရပ်တန့်ခဲ့ဘူးဆိုလျှင် သူမက ထိုယက္ခ၏ သံမဏိခက်ရင်းလှံဖြင့် ထိုးဖောက်ခြင်း ခံရပေလိမ့်မည်။
ဤမွန်းစတားသည် အလွန်တရာ အကျည်းတန်ပြီး သူ့မှာ မကောင်းဆိုးဝါးဆန်သော ရုပ်ရည်သွင်ပြင် ရှိလေသည်။ ၎င်းသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ အဆူရာတိုက်ပွဲမြေမှာတုန်းက ဆူဇီမိုမြင်တွေ့ခဲ့ဖူးသော ယက္ခမျိုးနွယ် ဖြစ်လေသည်။
သို့သော်လည်း အဆူရာတိုက်ပွဲမြေမှာတုန်းက ယက္ခများသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သေဆုံးထားခဲ့ပြီး ဆိုးယုတ်သွေးစွမ်းအားကို ငှားရမ်းသုံးစွဲကာ ပြန်လည်ရှင်သန်လာခြင်းသာ ဖြစ်လေသည်။
သူတို့ရှေ့မှ ယက္ခများကတော့ ၎င်း၏ သွေးချီက တလိပ်လိပ်ထိုးတက်နေပြီး အသက်ဓာတ်အားဖြင့် ပြည့်နှက်နေ၏။ အဲဒါသည် အစစ်အမှန်သတ္တဝါတစ်ကောင်ဖြစ်ပြီး ၎င်း၏ တိုက်ခိုက်ရည်ခွန်အားသည် ဖုတ်ဝင်နေသော ယက္ခအလောင်းများထက် အဆများစွာ ပိုမိုသန်မာလေသည်။