← Chapters

မေးခွန်းထုတ်ခြင်း

Vol. 187 Ch. 2794

မေးခွန်းထုတ်ခြင်း

Vol. 187 Ch. 2794

ရှန်းယွဲ့က ဆတ်ခနဲတုန်ယင်သွားသည်။

မြစိမ်းရောင်အလင်းသည် သူ၏ ပုံရိပ်ယောင်ဓားကို ဖျက်ဆီးလိုက်ရုံသာမက ၎င်းသည် သူ့အင်မော်တယ်ဓား၏ အားအနည်းဆုံးအမှတ်ကို ထိခတ်ပြီး အလွန်တရာ စွမ်းအားကြီးမားလေသည်။ ဓားကိုကိုင်ထားသော သူ့လက်က ဆတ်ခနဲတုန်ယင်သွားပြီး ထုံထိုင်းမှုကို ခံစားလိုက်ရသည်။

ရှန်းယွဲ့က အာရုံစိုက်၍ ကြည့်လိုက်သည်။ မြစိမ်းရောင်အလင်းသည် ထက်ရှသော အနားစောင်းတစ်ခုနှင့် ဓားတစ်လက်ဖြစ်လေသည်။

သူ၏ တိုက်ခိုက်မှုသည် ဟန့်တားနှောက်ယှက်ခံလိုက်ရပြီး သူ့ဓား၏ လမ်းကြောင်းက သွေဖယ်သွားသည်။ သူ့အင်မော်တယ်ဓား၏ စွမ်းအားက ပျက်ပြယ်သွားပြီး သူက သူ့ရှေ့မှာရှိသော မျောက်ဝံမကို ဆက်လက်၍ မခြိမ်းခြောက်နိုင်တော့ပေ။

သို့သော်လည်း မျောက်ဝံမ၏ မျက်လုံးများက ရပ်တန့်ဖို့စိတ်ကူးမရှိဘဲ နီညိုရောင်အလင်းဖြင့် တောက်ပနေ၏။

အစိမ်းရောင်ဓားက လုံးဝရပ်တန့်မသွားပေ။ ၎င်းသည် ရှန်းယွဲ့၏ အင်မော်တယ်ဓားကို တွန်းထုတ်ပြီးနောက် ၎င်းက ရုတ်တရက် ဘေးဘက်သို့ ရွှေ့ပြောင်းကာ မျောက်ဝံမပေါ်သို့ ဆင်းသက်ပြီး ထိုသူကို ညင်သာစွာ ရိုက်ချလိုက်၏။

အစိမ်းရောင်ဓားသည် မျောက်ဝံမ၏ လက်မောင်းလုံးလောက်ပင် တုတ်ခိုင်မှု မရှိပေ။ သို့သော်လည်း ဤကဲ့သို့သော သာမန်ကာလျှံကာ ရိုက်ချက်တစ်ခုနှင့်အတူ မျောက်ဝံမ၏ အရှိန်အဟုန်က ချက်ချင်းပင် ရပ်တန့်သွားလေသည်။ သူမ၏ မြင့်မားသောခန္ဓာကိုယ်က မြောက်တက်သွားပြီး သူမက မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်သွားလေသည်။

လူတိုင်းက ထိုသည်ကို တွေ့မြင်သောအခါ ရင်တစ်ချက်ထိတ်သွားကြသည်။

မြစိမ်းရောင်ဓားက ပုံရိပ်ယောင်ဓားကို ဖြတ်ကျော်သွားသည့် တစ်ချိန်တည်းမှာပင် ၎င်းသည် ရှန်းယွဲ့၏ အင်မော်တယ်ဓားကို ရိုက်ခတ်ပြီး မနှိုင်းယှဉ်သာအောင် ကြမ်းကြုတ်ခက်ထန်သော စွမ်းအားကို ထုတ်ဖော်ခဲ့သည်။ ထို့နောက် အစိမ်းရောင်ဓားသည် မျောက်ဝံမပေါ်သို့ ရိပ်ခနဲဆင်းသက်ပြီး နူးညံ့သောသိမ်မွေ့သော အင်အားတစ်ရပ်အဖြစ် ပြောင်းလဲသွားလေသည်။

မာကြောမှုနှင့် နူးညံ့သိမ်မွေ့မှုကြား အပြောင်းအလဲသည် ဓားကိုင်သူ၏ အလွန်တရာ အနုစိပ်သော ကျွမ်းကျင်မှုကို ပြသပေးနေ၏။

“ဘယ်သူလဲ”

ရှန်းယွဲ့က အော်ငေါက်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။

သူသည် သူ၏ သွေးချီကို လှည့်ပတ်ပြီး သူ၏ ဓားကို သူ၏ ရင်ဘတ်ရှေ့မှာ ထောင့်ဖြတ်ကိုင်ထားလေသည်။ သူက နောက်သို့ခြေတစ်လှမ်းဆုတ်ပြီး ခံစစ်အနေအထားဖြင့် အာရုံစိုက်ထား၏။

“တောင်ထွတ်သခင်ဆူလား”

ရှန်းယွဲ့က တစ်ဘက်သို့လှည့်ပြီးနောက် မလှမ်းမကမ်းမှာ သူ့လက်ထဲရှိ အစိမ်းရောင်ဓားနှင့်အတူ မတ်တတ်ရပ်နေသော ဆူဇီမိုကို တွေ့မြင်လိုက်ရ၏။

လင်းရွှင်ကျန်း၊ ဝမ်တုန်နှင့် အခြားသူများကလည်း မှင်တက်နေကြသည်။ စောစောက သူတို့ဘေးကနေ ပုံရိပ်တစ်ခု ရိပ်ခနဲဖြတ်ပြေးသွားသည်ကိုသာ သူတို့က မြင်တွေခဲ့ရသည်။ ယခု ထိုသူက တောင်ထွတ်သခင်ဆူ ဖြစ်နေလေသည်။

“ဘာဖြစ်သွားတာလဲ… တောင်ထွတ်သခင်ဆူက ညီကိုရှန်းရဲ့ ပုံရိပ်ယောင်ဓားတာအိုကို တကယ်ဘဲ ထွင်းဖောက်မြင်ပြီး သူ့ကို ဓားချက်တစ်ချက်နဲ့ တွန်းလှန်ထုတ်လိုက်တာလား”

ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများက အကြည့်ချင်းဖလှယ်ပြီး တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် မယုံကြည်နိုင်မှုနှင့် တွေဝေရှုပ်ထွေးမှုတို့ကို တွေ့မြင်နေရသည်။

အကြီးမားဆုံးဖြစ်နိုင်ခြေမှာ ရှန်းယွဲ့သည် သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်အသုံးမပြုခဲ့ဘဲ တောင်ထွတ်သခင်ဆူကတော့ တိုက်ခိုက်ဖို့ သူ၏ ခွန်အားကို ကြိုတင်စုဆောင်းထားခဲ့ပြီး ဤကဲ့သို့သော သက်ရောက်မှုတစ်ခု ထွက်ပေါ်လာစေခြင်းဖြစ်ပေမည်။

တကယ်တော့ ဆူဇီမိုသည် ရှန်းယွဲ့ ထိခိုက်ဒဏ်ရရှိသွားမည်ကို စိုးပြီး သူ၏ ခွန်အား သုံးဆယ်ရာခိုင်နှုန်းကိုသာ ထုတ်ဖော်ခဲ့လေသည်။

“တောင်ထွတ်သခင်ဆူကျူး… ဒါက ဘာသဘောလဲ”

ရှန်းယွဲ့က မျက်မှောင်ကြုတ်ပြီး သူ၏ အမူအရာက သုန်မှုန်လာကာ သူ့လေသံမှာ အမျက်ဒေါသ တစ်စွန်းတစ်စ ပါဝင်လာလေသည်။ စောစောက ဆူဇီမိုသည် မျောက်သားပေါက်ကို မသတ်ဖြတ်ရန် သူ့ကို တားဆီးခဲ့လေသည်။ သူက မကျေနပ်သော်လည်း တစ်စုံတစ်ရာပြောဆိုခဲ့ခြင်း မရှိပေ။

မည်သို့ပင်ဆိုစေ လသားအရွယ်မျောက်သားပေါက်က သူတို့အပေါ်ခြိမ်းခြောက်မှုမရှိဘဲ မည်သည့်တိုက်ပွဲရမှတ်ကိုမှလည်း ရရှိလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း သူ့တို့အပေါ်မှာ သိသိသာသာရန်လိုစိတ်ရှိနေသည်။ ဒါ့အပြင် သူတို့သည် ဤမျောက်ဝံမကို သတ်ဖြတ်ခြင်းဖြင့် တိုက်ပွဲရမှတ်ဆယ်မှတ်ကို ရရှိမည်ဖြစ်သည်။

သို့သော်လည်း ယခု တောင်ထွတ်သခင် ဆူကျူးက သူ့ကိုထပ်မံ၍ တားဆီးလာပြီး ရှန်းယွဲ့က ဒေါသထွက်ခဲ့လေသည်။

ဒါ့အပြင် နှစ်ဖက်စလုံးက ယခုတင် တိုက်ခိုက်ဖလှယ်လိုက်ခါစ ဖြစ်သည်။

အဲဒါသည် နှုတ်ဖြင့် ငြင်းခုန်ခြင်းထက် များစွာပိုမိုပြင်းထန်လေသည်။

ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများက ထိုသည်ကို တွေ့မြင်သောအခါ ရှေ့သို့ အလောတကြီး တက်လှမ်းလာကြသည်။

လူတိုင်းက မည်သည့်စကားမှ မပြောသော်လည်း သူတို့က ဆူဇီမိုကို သံသယဖြင့်ကြည့်လာကြ၏။

“တောင်ထွတ်သခင်ဆူကျူး”

ရှန်းယွဲ့က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ခင်ဗျားရဲ့ကျင့်ကြံမှုနယ်ပယ်က ကျုပ်ထက်နိမ့်ကျတယ်ဆိုပေမယ့် ခင်ဗျားက တောင်ထွတ်သခင်တစ်ဦးပဲ… အဲဒါကြောင့် ကျုပ်က ခင်ဗျားပေါ်မှာ နဲနဲလေးမှ အထင်အမြင်မသေးခဲ့ဘူး”

“တောင်ထွတ်သခင်ဆူ… ကျုပ်ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို မေးချင်တယ်… ခင်ဗျားက စောစောက မျော်သားပေါက်ကို ကာကွယ်ချင်တယ်ဆိုရင်လည်း ရတယ်လေ… ဒါပေမဲ့ အခု ဒီတောကောင်ကို ကယ်တင်လိုက်တာက ဘာသဘောလဲ”

လင်းရွှင်ကျန်း၊ ဝမ်တုန်နှင့် အခြားသူများကလည်း ဆူဇီမိုကို ကြည့်လာကြသည်။

တကယ်ပင် သူတို့သည် ဆူဇီမို၏ အပြုအမူကို နားမလည်နိုင်ကြပေ။

မျောက်ဝံမသည် လိုဏ်ဂူထဲကနေ ပြေးထွက်လာသည့် ထိပ်သီးပညာရှင်များစွာကို တွေ့မြင်သောအခါ သူမကလည်း ငြိမ်သက်သွားလေသည်။ သူမမျက်လုံးထဲရှိ အနီရောင်အလင်းက ပျောက်ကွယ်သွားပြီး သူမက မဆင်မခြင်တိုက်ခိုက်ခြင်းမရှိတော့ပေ။

ဒါ့အပြင် ရှန်းယွဲ့၏ စောစောကစကားအရ အနည်းဆုံးတော့ သူမ၏ ကလေးက မသေသေးသည်ကို သူမက သိရှိလိုက်ရသည်။

မျောက်ဝံမသည် ဆူဇီမို၏ နောက်ကျောကိုကြည့်ပြီး သူမ၏ မျက်လုံးထဲတွင် သံသယတစ်စွန်းတစ်စ ပေါ်ထွက်နေ၏။

အပြင်လောကမှ ဤပကတိစိတ်ဝိညာဉ်သည် သူမကို ကယ်တင်ဖို့ ဘာ့ကြောင့်ပေါ်ထွက်လာခဲ့သလဲ သူမ၏ ကလေးကိုပင် ဘာကြောင့်ကာကွယ်ပေးလိုခဲ့သလဲ နားမလည်ပေ။

သူမသည် အကြောင်းအရင်းကို မသိရှိသော်လည်း အစိမ်းရောင်အမျိုးသားက သူမအပေါ် ရန်လိုစိတ်မရှိသည်ကို မျောက်ဝံမက ခပ်ရေးရေးအာရုံခံမိနိုင်သည်။

“ငါ သူ့ကို မေးစရာမေးခွန်းတချို့ရှိတယ်”

ဆူဇီမိုက ပြောလိုက်သည်။

“အဲဒါပြီးရင်ရော…”

ရှန်းယွဲ့က ဆူဇီမိုကို စိုက်ကြည့်ကာ မေးလိုက်၏။

ဆူဇီမိုက နှုတ်ဆိတ်နေလေသည်။

“ထားလိုက်ပါ… ထားလိုက်စမ်းပါကွာ”

လေထုက အနည်းငယ်တင်းကျပ်လေးလံလာသည်ကို ကြည့်ပြီး ဝမ်တုန်က ညင်သာစွာ ချောင်းဟန့်ကာ ကိစ္စများကို အဆင်ပြေချောမွေ့စေရန် ရှေ့သို့ ထွက်လာခဲ့သည်။

“ဒီတောကောင်က တောင်ထွတ်သခင်ဆူအတွက် အသုံးဝင်နေတဲ့ပုံဘဲ… တောင်ထွတ်သခင်ဆူကို အရင်မေးမြန်းပါစေ… ပြီးမှ ငါတို့ဆက်ပြီး ပြောကြတာပေါ့”

ထိုသို့ပြောရင်း ဝမ်တုန်က ရှန်းယွဲ့ကို တံတောင်ဖြင့် တွတ်ကာ စိတ်ကိုလျှော့ထားရန် အချက်ပြလိုက်၏။

ရှန်းယွဲ့က ခြေလှမ်းအနည်းငယ်ဆုတ်ပြီး ဝမ်တုန်နှင့် အခြားသူများ ဤနေရာမှာ ရှိနေသေးသည်ကို တွေ့မြင်သောအခါ သူက လှောင်ရယ်လိုက်၏။

“တောင်ထွတ်သခင်ဆူက ဒီတောကောင်ကို ဒီနေရာမှာမေးခွန်းတချို့မေးချင်တယ်… မင်းတို့တွေ ဘာလို့ ဒီမှာရှိနေသေးတာလဲ”

ဝမ်တုန်က ပြောလိုက်၏။

“တောကောင်က တခြားသူတွေကို ရန်မပြုအောင် ငါတို့စောင့်ကြည့်ရမယ်”

ရှန်းယွဲ့က သူ၏ နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်၏။

“တောင်ထွတ်သခင်တစ်ဦးအနေနဲ့ တောင်ထွတ်သခင်ဆူကျူးက သာမန်ကာလျှံကာ ဓားချက်တစ်ချက်နဲ့တောင်မှ ငါ့ကို တွန်းလှန်ထုတ်နိုင်တယ်… သူက မင်းတို့ရဲ့ ကာကွယ်မှုကို လိုအပ်မယ်လို့ ထင်လို့လား”

ဝမ်တုန်က အိုးတိုးအမ်းတမ်းအမူအရာဖြင့် ဆူဇီမိုကို တစ်ချက်ကြည့်လိုက်၏။ ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး ဒေါသထွက်နေခြင်းမရှိပေ။

မည်သို့ပင်ဆိုစေ ရှန်းယွဲ့သည် ပုံရိပ်ယောင်ဓားတောင်ထွတ်၏ နံပါတ်တစ်ဖြစ်လေသည်။ သူ့အနေဖြင့် သူ၏ ပုံရိပ်ယောင်ဓားတာအိုက ဓားချက်တစ်ချက်ဖြင့် သာမန်ကာလျှံကာ ချေဖျက်ခံလိုက်ရသည့်အတွက် မချင့်မရဲဖြစ်နေသည်မှာ နားလည်လက်ခံ၍ ရလေသည်။ ဒါ့အပြင် တောင်ထွတ်သခင်တစ်ဦးအနေဖြင့် သူက ရှန်းယွဲ့နှင့် ငြင်းခုန်နေဖို့ကို အရေးလုပ်မနေပေ။

ရုတ်တရက် လင်းရွှင်ကျန်းက ပြောလိုက်သည်။

“နင်တို့တွေ သွားလို့ရပြီ… ငါဒီမှာ စောင့်ကြည့်နေပေးမယ်”

ဝမ်တုန်နှင့် အခြားသူများကလည်း လင်းရွှင်ကျန်း၏ စကားအပေါ် ကန့်ကွက်မှုမရှိကြပေ။ ရှန်းယွဲ့က ပခုံးတွန့်ပြီး လှည့်ထွက်သွားသည်။

လင်းရွှင်ကျန်းသည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပြီး ဆူဇီမိုနှင့် မျောက်ဝံမကို အကာအဝေးတစ်ခု ခြားပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ထိုအကွာအဝေးမှာ တစ်ခုခုဖြစ်လာမည်ဆိုလျှင် သူမက အချိန်မီ တိုက်ခိုက်နိုင်ပေလိမ့်မည်။

ထိုစဉ်မှာပင် လိုဏ်ဂူထဲမှ မျောက်ငယ်က အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ အခြေအနေကို ကြားလိုက်ရပြီး ဒယီးဒယိုင်ဖြင့် လျှောက်လှမ်းထွက်လာလေသည်။ မျောက်ဝံမကို တွေ့မြင်သောအခါ သူ၏ မျက်နှာက ဝမ်းသာပျော်ရွင်မှုဖြင့် ပြည့်နှက်လာပြီး ညင်သာစွာ အော်ခေါ်လိုက်၏။

မျောက်ဝံမသည် မျောက်ငယ်ကို တွေ့မြင်သောအခါ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ဆိုးယုတ်အော်ရာက ပျောက်ကွယ်သွားပြီး သူမ၏ အကြည့်က နူးညံ့ပျော့ပျောင်းသွားလေသည်။

သက်ရှိများအားလုံးမှာ မိခင်စိတ်ရှိကြလေသည်။ မျောက်ဝံမသည် ရှေ့သို့တက်လှမ်းပြီး မျောက်ငယ်ကို ပွေ့ဖက်လိုက်၏။ မည်သည့်ဒဏ်ရာမှ မရှိသည်ကို တွေ့မြင်ပြီးနောက် သူမက စိတ်သက်သာစွာ သက်ပြင်းချလိုက်လေသည်။

တကယ်တော့ မျောက်ဝံမသည် ဆူဇီမိုကို စိုးရိမ်ပူပန်နေဆဲဖြစ်သည်။

ဆူဇီမိုသည် မျောက်ဝံမရှေ့သို့ ရောက်ရှိလာပြီးနောက် သူ၏ အစစ်အမှန်အမြုတေကို လှည့်ပတ်လိုက်၏။ သူ့ရှေ့မှာ ရှေးဟောင်းကြေးမုံတစ်ချပ်ကို စုဖွဲ့ပြီး မျောက်၏ ပုံရိပ်ကို ပေါ်ထွက်လာစေ၏။

“သူက မင်းတို့နီညိုရောင်မျောက်ဝံမျိုးနွယ်ကဘဲ… မင်း သူ့ကိုသိလား”

ဆူဇီမိုက မေးလိုက်သည်။

မျောက်ဝံမက ရှေးဟောင်းကြေးမုံထဲမှပုံရိပ်ကို တွေဝေရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေ၏။

သူမက ခဏကြာစိုက်ပြီးနောက် ခေါင်းခါပြလိုက်၏။

ဆူဇီမိုက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ကြည့်ရသည်မှာ မျောက်က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ရှိမနေလောက်ပေ။ တစ်ချိန်တည်းမှာပင် သူသည် မျောက်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမှ မရရှိသည့်အတွက် အနည်းငယ်စိတ်ပျက်သွားသည်။

မျောက်ဝံမက ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ပင်ပန်းနွမ်းလျသော အမူအရာနှင့်အတူ သူမ၏ သားငယ်ကို လျှာဖြင့်လျက်နေ၏။

“သူ့အဖေက ဘယ်မှာလဲ”

ဆူဇီမိုက မေးလိုက်၏။

မျောက်ဝံမက သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး နှုတ်ဆိတ်နေ၏။

အတန်ကြာပြီးနောက် သူမက ပြောလိုက်သည်။

“သူ တိုက်ပွဲမှာ သေသွားပြီ”

သူမ ဆိုလိုသည်မှာ သူသည် ဤနေရာသို့ ဆင်းသက်ရောက်ရှိလာသော မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ပေမည်။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ သားပေါက်တစ်ကောင်ကို မပြောနှင့် အရွယ်ရောက်ပြီးသား ပကတိစိတ်ဝိညာဉ်မျောက်ဝံတစ်ကောင်ပင် အချိန်မရွေး အန္တရာယ်ဖြင့် ကြုံတွေရနိုင်သည်။

ထိုသို့ဆိုလျှင်တောင် မျောက်ဝံမသည် သူမ၏ ကလေးကို စွန့်ပယ်ခြင်းမရှိဘဲ သူသေကိုယ်သေ တိုက်ခိုက်လိုခဲ့လေသည်။

ဆိုးယုတ်စိတ်ဝိညာဉ်တွေဆိုတာ ဒါလား။

ဆူဇီမိုသည် သူ့ရှေ့မှ မျောက်ဝံမနှင့် ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများအကြား မည်သည့်ကွာခြားချက်ကိုမှ ရှာမတွေ့ပေ။

တစ်ခုတည်းသော ကွာခြားချက်မှာ သူမသည် ဆိုးယုတ်စိတ်ဝိညာဉ်ဟူသော ခေါင်းစဉ်အောက်မှာ မွေးဖွားလာခြင်းဖြစ်လေသည်။

All Chapters