← Chapters

ခွဲခွာခြင်း

Vol. 187 Ch. 2795

ခွဲခွာခြင်း

Vol. 187 Ch. 2795

မျောက်ဝံမသည် သူ့သားကို အစွမ်းကုန်ဖြင့် ကာကွယ်ပေးနေသောကြောင့် သူက သနားဂရုဏာသက်မိတာ ဖြစ်ကောင်းဖြစ်နိုင်လေသည်။

နီညိုရောင်မျောက်ဝံမျိုးနွယ်ကို တွေ့မြင်ရချိန်မှာ သူက မျောက်ကို အမှတ်ရသွားသောကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။

သူသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေအပေါ် ရှင်းမပြတတ်သည့် အလိုမကျမှုတစ်ခု ရှိနေသောကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။

ထိုအချိန်တိုအတွင်းမှာ ဆူဇီမိုသည် သူတို့ကို ထိခိုက်အောင် မလုပ်လိုတော့ပေ။

ဆူဇီမိုက သူ၏ ကုသရေးဆေးလုံးတချို့ကို ထုတ်ယူပြီး မျောက်ဝံမ၏ တွေဝေရှုပ်ထွေးနေသော အကြည့်အောက်မှာ သူမရှေ့သို့ ချပေးလိုက်၏။

သူက ဆေးလုံးကို ဘယ်လိုစားသုံးရမလဲ အကြမ်းဖျင်းရှင်းပြလိုက်၏။

မျောက်ဝံမက ဆူဇီမိုကို တစ်နည်းတစ်ဖုံ မယုံကြည်နိုင်စွာဖြင့် ကြည့်နေလေသည်။

အပြင်လောကမှာ ဤသက်ရှိများသည် တိုက်ပွဲရမှတ်များကို ဖလှယ်ရယူဖို့အတွက် သူတို့ကို သတ်ဖြတ်လိုကြလေသည်။

ဤလူက ဘာ့ကြောင့် ဤမျှထိ ကြင်နာတတ်နေရတာလဲ။

ဆူဇီမိုကလည်း ရှင်းပြမနေပေ။ ရုတ်တရက် သူ၏ လက်ချောင်းထိပ်ဖျားကနေ အစိမ်းရောင်အလင်းတချို့ ပစ်လွင့်ထွက်ပေါ်သွားပြီး မျောက်ဝံမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။

ထိုအပြုအမူသည် အလွန်တရာမြန်ဆန်ပြီး မျောက်ဝံမက တုံ့ပြန်နိုင်သည့်အချိန်မှာ နောက်ကျသွားခဲ့လေပြီ။

မျောက်ဝံမက ဒေါသထွက်သွားပြီး ဆူဇီမိုသည် သူမအပေါ် ဓမ္မကျိန်စာတချို့ ထည့်သွင်းလိုက်သည်ဟု တွေးထင်လိုက်လေသည်။ သူမ၏ မျက်လုံးထဲရှိ သွေးရောင်အလင်းက နောက်တစ်ဖန်တောက်ပလာပြီး ဆူဇီမိုကို အံကြိတ်ကာကြည့်နေ၏။

သို့သော်လည်း သိပ်မကြာခင် မျောက်ဝံမ၏ သတ်ဖြတ်လိုစိတ်က အိုးတိုးအမ်းတမ်းအမူအရာတစ်ခုနှင့်အတူ ငြိမ်သက်သွားလေသည်။

အစိမ်းရောင်အလင်းစက်များမှာ သိပ်သည်းကြွယ်ဝသော အသက်ဓာတ်စွမ်းအားပါဝင်နေပြီး သူမကို လုံးဝမထိခိုက်စေပေ။ သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးနောက် အဲဒါက သူမ၏ ထိခိုက်ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးနေ၏။

ကျိန်စာနည်းစနစ်တစ်ခုကြောင့် တိုက်စားခံထားရသည့် သူမ၏ ပေါင်ပေါ်မှ ဒဏ်ရာကပင် အသားနုများစတင်တက်လာပြီး သက်သာပျောက်ကင်းတော့မည့် လက္ခဏာများ စတင်ပြလာလေသည်။

ထိုအခိုက်အတန့်မှသာ မျောက်ဝံမသည် သူမကို ကုသပေးနေခြင်းဖြစ်ကြောင်း နောက်ဆုံး နားလည်သဘောပေါက်သွားသည်။

မျောက်ဝံမက မြေပြင်ပေါ်မှာ ဒူးထောက်ချပြီး သူမ၏ လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ကာ ဆူဇီမိုကို ထပ်တလဲလဲဦးချနေ၏။

မျောက်ငယ်ကလည်း ဆူဇီမို၏ စေတနာကို အာရုံခံမိသွားပုံရပြီး သူ၏ ခြေရင်းမှာ လှည့်ပတ်ကာ တတွတ်တွတ်အော်နေလေသည်။

ဆူဇီမိုက မျောက်ငယ်၏ ရှင်းလင်း၍ နက်မှောင်နေသော မျက်လုံးများကို ကြည့်နေ၏။

ထိုမျက်လုံးများသည် ရိုးသားအပြစ်ကင်းစင်ပြီး မည်သည့်အမုန်းတရားမှ မရှိပေ။

တကယ်ဆို သူ မွေးဖွားလာသည့် အချိန်မှာပင် သူက အပြစ်သားစိတ်ဝိညာဉ်ဟူသော ခေါင်းစဉ်အောက်မှာ ရောက်ရှိသွားပြီး တိုက်ပွဲရမှတ်များအတွက် အချိန်မရွေး သတ်ဖြတ်ခံရနိုင်သည်ကိုပင် သူက မသိရှိပေ။

ဆူဇီမိုက သူတို့၏ ကံကြမ္မာနှင့် ပတ်သက်၍ ဘာမှမတတ်နိုင်ပေ။

သူက ကြိတ်၍သက်ပြင်းချပြီး ခဏမျှငြိမ်သက်နေပြီးနောက် လှည့်ထွက်လာခဲ့၏။

ဆူဇီမိုက လင်းရွှင်ကျန်းနှင့် ပေမင်ရွှယ်ဘေးသို့ ရောက်ရှိလာပြီး သူတို့သုံးယောက်က လိုဏ်ဂူ၏ ထွက်ပေါက်သို့ ဘေးချင်းယှဉ်လျှောက်လှမ်းလာကြလေသည်။

လင်းရွှင်ကျန်းသည် ဆူဇီမို၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိပေ။ ခဏနေပြီးနောက် သူမက ရုတ်တရက်ပြောလိုက်၏။

“တောင်ထွတ်သခင်ဆူ… ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေက ရှင့်အတွက် သင့်လျော်တဲ့ နေရာတစ်ခု မဟုတ်လောက်ဘူး”

ဆူဇီမိုက နှုတ်ဆိတ်နေ၏။

လင်းရွှင်ကျန်းက ဆက်ပြောလိုက်၏။

“ကျွန်မတို့တွေ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်ရောက်လာခဲ့တဲ့ အကြောင်းအရင်းက ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေကို သတ်ဖြတ်ဖို့ဘဲ… မှန်ကန်ဖြောင့်မတ်မှုနဲ့ ဆိုးယုတ်မှုက ညှိနှိုင်းဆွေးနွေးလို့မရဘူး”

“ရှင်က ဒီနေ့ နီညိုရောင်မျောက်ဝံကို ကယ်တင်လိုက်တယ်ဆိုရင်တောင် သူက နောက်ပိုင်း ကျွန်မတို့နဲ့ ပြန်တွေ့တဲ့အခါ ကျေးဇူးကန်းလာနိုင်တာဘဲ… ဆိုးယုတ်မိစ္ဆာတွေက ဆိုးယုတ်မိစ္ဆာတွေပဲ… အပြစ်သားစိတ်ဝိညာဉ်တွေကလည်း အပြစ်သားစိတ်ဝိညာဉ်တွေပဲ… သူတို့က လူသားသဘာဝအကြောင်း ဘာသိမှာလဲ”

“ဟုတ်နိုင်ပါတယ်”

ဆူဇီမိုက ငြင်းဆန်ခြင်းမရှိဘဲ မှင်သေသေဖြင့်သာ ပြန်ဖြေလိုက်၏။

ထိုစဉ်မှာပင် လိုဏ်ဂူ၏ အပြင်ဘက်ကနေ အသံတစ်သံထွက်ပေါ်လာ၏။

“အားလုံးပဲ… တောင်ထွတ်သခင်ဆူကျူးက အဲဒီတောကောင်ကို သေချာပေါက် လွှတ်ပေးလိုက်မယ်ဆိုတာ မင်းတို့တွေယုံလား”

အဲဒါက ရှန်းယွဲ့၏ အသံဖြစ်သည်။

သူတို့ကို လိုဏ်ဂူက ပိုင်းခြားထားသော်လည်း အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ အကြားအာရုံက အလွန်တရာအားကောင်းပြီး ရှန်းယွဲ့၏ အသံကို ရှင်းလင်းစွာ ကြားနေရဆဲဖြစ်သည်။

ဝမ်တုန်က အသံနှိမ့်၍ ပြောလိုက်သည်။

“အဲလိုဆိုလည်း ထားလိုက်ပါ… အဲဒါက တိုက်ပွဲရမှတ်ဆယ်မှတ်ပဲကို ကိစ္စကြီးမှ မဟုတ်တာ… ငါတို့ကြား အတွင်းရေးပဋိပက္ခမဖြစ်သရွေ့ အဆင်ပြေတယ်”

ရှန်းယွဲ့က‌ အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“မင်းတို့တွေလည်း စောစောက မြင်ခဲ့တာပဲ… သူက အဲဒီတောကောင်အတွက် ငါနဲ့တောင်မှ တကယ်ပဲ တိုက်ခိုက်လိုခဲ့တယ်… သူ့ရဲ့အပြုအမူက အဲဒါ ဘာအဓိပ္ပါယ်လဲ”

“ဓားကမ္ဘာက တောင်ထွတ်တစ်ခုရဲ့ တောင်ထွတ်သခင်အနေနဲ့ သူက ငါတို့ကို တပည့်ဂိုဏ်းသားရောင်းရင်းတွေကို ခြိမ်းခြောက်နေတာလား

ဝမ်တုန်က ဖျောင်းဖျလိုက်၏။

“ညီကိုချန်း… မင်းက ချဲ့ကားပြောဆိုနေတာပဲ.. တောင်ထွတ်သခင်ဆူက မင်းကို ပစ်မှတ်ထားတာ မဟုတ်ပါဘူး… အဲဒီတုန်းက အခြေအနေက အပူတပြင်းနိုင်နေလို့ သူက ငါတို့နဲ့ ဆက်သွယ်ပြောဆိုဖို့ အချိန်မရခဲ့ဘူး… အဲဒါကြောင့် သူက မျောက်ဝံမကို အရင်ဆုံးကယ်တင်ဖို့ လုပ်ခဲ့တာပဲ”

ချင်ကျုံးက ရုတ်တရက်ပြောလိုက်၏။

“တကယ်တော့ တောင်ထွတ်သခင်ဆူကျူးက ငါတို့အဖွဲ့မှာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေတယ်လို့ ငါခံစားရတယ်”

“သူက တိုက်ခိုက်မှုမှာ ငါတို့ကို အကူအညီများများမပေးနိုင်တာ အသာထား ငါတို့က သူ့ကို ဂရုစိုက်နေရတာနဲ့တင် ငါတို့ရဲ့ စွမ်းအင်ထက်ဝက်ကျော်ကို ထောက်ပံ့ပေးထားရတယ်”

ခဏမျှရပ်တန့်ပြီးနောက် ချင်ကျုံးက ထပ်ပြောလိုက်၏။

“တကယ်တော့ တပည့်ဂိုဏ်းသားရောင်းရင်း အချင်းချင်းကာကွယ်ဖို့ဆိုတာ ငါတို့ရဲ့တာဝန်ပဲ… ဒါပေမဲ့ သူနဲ့ ဂျူနီယာညီမပေမင်ကြောင့် ငါတို့က တိုက်ပွဲရမှတ်အတော်များများရမယ့် အခွင့်အရေးတွေကို ဆုံးရှုံးနေရတယ်”

“အဲဒါက ဘာရယ်တော့ မဟုတ်ဘူး”

ကိုယ်တော်ကြွယ်ကျန့်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ငါလေ့လာအကဲခတ်ရသလောက် အဓိကတော့ တောင်ထွတ်သခင်ဆူကျူးက စာပေသမားအရမ်းဆန်ပြီး ကြင်နာတတ်လို့ပဲ… သူက သတ်ဖြတ်ရာမှာ ပြတ်သားတဲ့ပုံ မပေါ်ဘူး… ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေကို ကိုင်တွယ်တဲ့အချိန်မှာတောင်ပေါ့”

“ငါတို့က ဒီနေ့တောကောင်တစ်ကောင်ကို လွှတ်ပေးလိုက်ရတယ်ဆိုတာ လက်ခံလို့ရတယ်… ဒါပေမဲ့ ငါတို့က နောက်ပိုင်း ဆိုးယုတ်မိစ္ဆာတွေနဲ့ ထပ်ပြီးကြုံတွေ့တဲ့အခါ တောင်ထွတ်သခင်ဆူကျူးက သူတို့ကိုလည်း လွှတ်ပေးချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ”

ထိုစကားကို ကြားသောအခါ ဝမ်တုန်ပင်လျှင် နှုတ်ဆိတ်သွားလေသည်။

ထိုစဉ်မှာပင် ဝမ်တုန်က လင်းရွှင်ကျန်း၊ ဆူဇီမိုနှင့် ပေမင်ရွှယ်တို့ လိုဏ်ဂူထဲကနေ လျှောက်လှမ်းထွက်လာသည်ကို အာရုံခံမိသွားပုံရပြီး အလောတကြီး ပြောလိုက်၏။

“ကဲ တော်ပြီ… ဆက်မပြောကြနဲ့တော့”

သိပ်မကြာခင် ဆူဇီမိုနှင့် အခြားနှစ်ယောက်က လိုဏ်ဂူအပြင်ဘက်သို့ ရောက်ရှိလာကြသည်။

ဆူဇီမိုက ဝမ်တုန်၊ ရှန်းယွဲ့နှင့် အခြားသူများကို ကြည့်ပြီးပြောလိုက်၏။

“ငါ… အဲဒီမျောက်ဝံမကို မသတ်ခဲ့ဘူး”

“ဟားဟား”

ရှန်းယွဲ့က လှောင်ရယ်လိုက်သည်။

“ကြည့်လေ… ငါမပြောဘူးလား”

ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများက မျက်မှောင်ကြုတ်လိုက်ကြ၏။

ချင်ကျုံးကလည်း မနေနိုင်ဘဲ ပြောလိုက်၏။

“တောင်ထွတ်သခင်ဆူကျူး ကျုပ်တို့တွေက ခင်ဗျားရဲ့ ဓားတောင်ထွတ်အတွက် တိုက်ပွဲရမှတ်တွေ စုဆောင်းဖို့ ဆိုးယုတ်တိုက်ပွဲမြေကို ရောက်လာကြတာပဲ”

“အဲဒီမျောက်ဝံမက တိုက်ပွဲရမှတ်ဆယ်မှတ်တန်တယ်… ဒါပေမဲ့ ခင်ဗျားက သူ့ကို ဒီတိုင်းပဲ လွှတ်ပေးလိုက်တယ်… အဲဒါက နဲနဲတော့...”

“တာအိုရောင်းရင်းချင် ခင်ဗျားပြောတာမှန်ပါတယ်”

ဆူဇီမိုက ခေါင်းညိတ်ပြီး သူ၏ ခါးမှ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ဖြုတ်ယူပြီး လင်းရွှင်ကျန်းကို ကမ်းပေးလိုက်၏။

“အဲဒီထဲမှာ တိုက်ပွဲရမှတ်ဆယ်မှတ်ရှိတယ်… အဲဒါက မျောက်ဝံမရဲ့ အသက်နဲ့ အတူတူပဲမလား”

“ဟမ်..”

လူတိုင်းက အာရုံစိုက်၍ ကြည့်ရှုလိုက်ပြီး ဆူဇီမို၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားမှာ တိုက်ပွဲရမှတ်နှစ်ဆယ်ရှိနေသည်ကို တွေ့မြင်လိုက်ရသည်။

တစ်နည်းအားဖြင့်ဆိုသော် သူ့ကို စစချင်းလင်းရွှင်ကျန်းပေးထားသည့် တိုက်ပွဲရမှတ်ဆယ်မှတ်အပြင် ဆူဇီမိုသည် တိုက်ပွဲရမှတ်ဆယ်မှတ်ကို သူ့ဘာသာသူ ထပ်မံစုဆောင်းထားလေသည်။

အစကနေ ယခုအချိန်ထိ ဆူဇီမိုက တိုက်ပွဲရမှတ်ဆယ်မှတ်ကို ဘယ်လိုရရှိခဲ့သလဲ မည်သူကမှမသိကြပေ။

“ဟုတ်ပါပြီ… ဟုတ်ပြီ”

ဝမ်တုန်က ကိစ္စများအဆင်ပြေချောမွေ့စေရန် ရှေ့သို့တက်လှမ်းပြီး ပြုံး၍ပြောလိုက်၏။

“အဲဒါက ကောင်းတာပဲ… ဒီတိုက်ပွဲရမှတ်ဆယ်မှတ်နဲ့ဆိုရင် အဲဒါက ဟိုမျောက်ဝံမကို သတ်ဖြတ်လိုက်တာနဲ့ အတူတူပဲ”

လင်းရွှင်ကျန်း၊ ကုန်းစွန်းယွီ၊ ရှန်းယွဲ့နှင့် အခြားသူများက တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိကြဘဲ လေထုက အေးစက်လာခဲ့သည်။

ခဏနေပြီးနောက် ရှန်းယွဲ့က ရုတ်တရက်ပြောလိုက်၏။

“တောင်ထွတ်သခင်ဆူကျူး… စောစောက ကျုပ်ရဲ့စကားက ခင်ဗျားကို အတိုက်အခံလုပ်သလိုဖြစ်သွားတယ် ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ”

“ဒါပေမဲ့ ကျုပ်ပြောစရာတော့ရှိသေးတယ်… ခင်ဗျားနဲ့ ဂျူနီယာညီမပေမင်က အရင်ဆုံးပြန်သွားနှင့်ကြရင် မကောင်းဘူးလား”

“ဟင်းဟင်း”

ရှန်းယွဲ့နှင့် အခြားသူများထံမှ အထင်အမြင်သေးမှုကို ပေမင်ရွယ်က ရှင်းရှင်းလင်းလင်းတွေ့မြင်နေရပြီး သူတို့နှင့် ငြင်းဆန်ခြင်းမရှိပေ။ သူမက လှောင်ရယ်ပြီး ဆူဇီမိုကို ပြောလိုက်၏။

“ဆရာ သွားကြမယ်”

ဝမ်တုန်က ကူကယ်ရာမဲ့သော အမူအရာကို ထုတ်ဖော်ပြီး ခါးသက်စွာရယ်မောကာ ပြောလိုက်၏။

“တောင်ထွတ်သခင်ဆူကျူး.. ဂျူနီယာညီမပေမင် ဘာမှမပူပါနဲ့ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေက ဘာပဲပြောပြောအန္တရာယ်များလွန်းတယ် အနည်းဆုံးတော့ ခင်ဗျားတို့တွေက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ပြန်သွားတဲ့အခါ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရတော့မှာ မဟုတ်ဘူး”

ဆူဇီမိုက နှုတ်ဆိတ်နေ၏။

တကယ်တော့ သူသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ဝင်ရောက်လာခဲ့သည့် အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းမှာ သူသည် စူးစမ်းချင်စိတ်ရှိပြီး တစ်ချက်လိုက်ပါကြည့်ရှုချင်သောကြောင့်ဖြစ်သည်။

တစ်ဘက်မှာတော့ သူသည် ဓားကမ္ဘာမှ ဤပကတိအင်မော်တယ်များကို ကာကွယ်ပေးလိုသောကြောင့်ဖြစ်သည်။

ယခုသူသည် လူတိုင်း၏ အစစ်အမှန်အတွေးများကို သိရှိသွားပြီး ဆူဇီမိုက ဆက်လက်၍ ခေါင်းမာမနေတော့ပေ။

လင်းရွှင်ကျန်းက ဓားကမ္ဘာအဖွဲ့နှင့် အသင်္ချေဓားဝင်ကမ္ဘာကို ဦးဆောင်နေခြင်းနှင့်အတူ သူတို့သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ အန္တရာယ်တစ်ခုခုနှင့် မကြုံတွေ့ရလောက်ပေ။

ထိုသို့အတွေးဖြင့် ဆူဇီမိုက လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။

“ဒီလိုဆိုရင်တော့ ငါအားလုံးကို နှုတ်ဆက်ပါတယ်… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကနေ မင်းတို့ အောင်ပွဲခံပြီး ပြန်လာတာကို စောင့်နေမယ်”

“ကောင်းပါပြီ… တောင်ထွတ်သခင်ဆူက အမြော်အမြင်ရှိပါပေတယ်”

ဆူဇီမိုက ထွက်ခွာဖို့သဘောတူလိုက်သည်ကို တွေ့ရသောအခါ ရှန်းယွဲ့၊ ချင်ကျုံးနှင့် အခြားသူများက အားတက်သရောရှိလာပြီး ချီးကျူးပြောဆိုလိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများကလည်း လျင်မြန်စွာ ပြေလျော့သွားလေသည်။

လူတိုင်းသည် စိတ်သက်သာရာရသွားပြီး သူတို့၏ စိတ်လှုပ်ရှားမှုကို မဖိနှိမ်နိုင်တော့ပေ။

ဆူကျူးနှင့် ပေမင်ရွှယ်ထွက်ခွာသွားခြင်းသည် သူတို့အပေါ် ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ကျသွားခြင်းနှင့်တူလေသည်။

သူတို့သည် နောက်ဆုံးမှာ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေတွင် သူတို့စိတ်ကျေနပ်အားရသည်အထိ သတ်ဖြတ်ကာ သူတို့၏ အစွမ်းအစများကို ထုတ်ဖော်နိုင်ပေတော့မည်။

All Chapters