ကောင်းကင်ဘုံမျက်လုံးကမ္ဘာ၏ လက်စားချေမှု
Vol. 187 Ch. 2797
“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ညရဲ့စိတ်ဝိညာဉ်ကို ဘာလို့လွတ်မြောက်ခွင့်ပေးလိုက်တာလဲ”
ဆူဇီမိုက မေးလိုက်၏။
“ငါ မပြောတတ်ဘူး”
လုယွင်က ခေါင်းခါပြလိုက်၏။
“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက လူတွေက အရမ်းကို လျှို့ဝှက်ဆန်းကြယ်တယ်… သူတို့နဲ့တွေ့ဖို့ဆိုတာ မလွယ်ဘူး… သူတို့က သူတို့ရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး တခြားသူတွေကိုလည်း ရှင်းမပြတတ်ဘူး”
ခဏမျှ ရပ်တန့်ပြီးနောက် လုယွင်က ဆူဇီမို စိတ်ဝင်စားနေပုံရသည်ကို တွေ့မြင်သွားသောအခါ ပြောလိုက်၏။
“ငါက ညရဲ့စိတ်ဝိညာဉ်နဲ့ ပတ်သက်ပြီး များများစားစား သိမထားဘူး… ငါက ကောလာဟလတချို့ကိုပဲ ကြားဖူးထားတာ”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
မည်သို့ပင်ဆိုစေ၊ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ဤခရီးစဉ်မှာ သူ့အတွက် အကြီးမားဆုံးရရှိမှုက ညဝိညာဉ်၏ သတင်းဖြစ်လေသည်။
သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ညဝိညာဉ်ကို ဘာကြောင့်လွှတ်ပေးလိုက်သလဲ သို့မဟုတ် သူက ဘယ်ကိုရောက်ရှိသွားသလဲ သူ မသိသော်လည်း ညဝိညာဉ်သည် အလွန်တရာ မြန်ဆန်စွာ ကြီးပြင်းလာပြီး သူ၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာထက် မနိမ့်ကျသည်ကို သူသေချာသိလိုက်သည်။
သူတို့ ညီအစ်ကိုခုနစ်ဦးသည် အထက်ဘုံကမ္ဘာသို့ တက်လှမ်းလာခဲ့ကြပြီဖြစ်သည်။ ယခုအချိန်ထိကို သူသည် ညဝိညာဉ်၏ သတင်းကိုသာ ရရှိသေးပြီး တခြားခြောက်ဦးနှင့် ပတ်သက်၍ မည်သည့်အရာကိုမှ မသိရပေ။
အထက်ဘုံကမ္ဘာက အရမ်းကိုကျယ်ပြောပြီး ကမ္ဘာတစ်ထောင်သုံးဆင့်လောကက အကန့်အသတ်မဲ့လေသည်။ ညီအစ်ကိုခုနစ်ဦးက ပြန်လည်ဆုံစည်းလိုသည်ဆိုလျှင် သူတို့က အချိန်ဘယ်လောက်ကြာကြာ စောင့်ဆိုင်းရဦးမလဲ မသိရပေ။
“ညီအစ်ကိုဆူ… မင်း ဂေဟာကိုပြန်ပြီး နားနေလိုက်ပါလား… ဒီမှာ စောင့်ကြည့်နေစရာ မလိုတော့ဘူး”
လုယွင်က ပြောလိုက်၏။
“လက်ရှိအခြေအနေအရဆို လင်းရွှင်ကျန်းနဲ့ တခြားသူတွေက အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရမှာ မဟုတ်တော့ဘူး… ငါတို့က ဒီမှာ တစ်ယောက်နှစ်ယောက်လောက် အလှည့်ကျ စောင့်ကြည့်နေမယ်ဆိုရင် ရပြီ”
ဖုန့်ရှုက ပြောလိုက်၏။
“ကမ္ဘာအမျိုးမျိုးက မျိုးနွယ်စုတစ်သောင်းသက်ရှိတွေက မွန်မြတ်ကျွန်းပေါ်မှာ စုဝေးရောက်ရှိနေကြတယ်… ဒီမှာရှိတဲ့ မွန်မြတ်စံအိမ်အပြင် ငါတို့လျှောက်ကြည့်လို့ရတဲ့ စျေးကွက်တချို့လည်း ရှိတယ်… ငါ မင်းကို မွန်မြတ်ကျွန်းပေါ်မှာ လိုက်ပြပေးမယ် ညီအစ်ကိုဆူ”
“ညီအစ်ကိုဖုန့်… ခင်ဗျားရဲ့ စေတနာအတွက် ကျေးဇူးပါပဲ… နောက်ကျမှ ကျုပ်ဘာသာကျုပ် သွားကြည့်လိုက်မယ်”
ဆူဇီမိုက ပြုံး၍ ငြင်းပယ်ပြီး မွန်မြတ်စံအိမ်ကနေ ပေမင်ရွှယ်နှင့်အတူ ထွက်ခွာလာခဲ့သည်။ သူက မွန်မြတ်ကျွန်းကို လှည့်ပတ်ကြည့်ရှုပြီးနောက် အနားယူရန် ဂေဟာသို့ ပြန်လာခဲ့လေသည်။
တစ်ခဏချင်းမှာပင် ဒုတိယမြောက်နေ့က ကုန်ဆုံးသွားခဲ့သည်။
လုယွင်နှင့် ယုလန်က စိတ်လက်ပေါ့ပါးသော အမူအရာများဖြင့် ဂေဟာသို့ ပြန်လည်ရောက်ရှိလာကြသည်။
လုယွင်က ဆူဇီမိုကို ပြောလိုက်၏။
“အဲဒီမှာ အထွေအထူး ဘာမှတော့ မရှိတော့ဘူး… လင်းရွှင်ကျန်းနဲ့ တခြားသူတွေက အတော်လေး အောင်မြင်နေကြပြီ… သူတို့က ပထမနေ့မှာ တိုက်ပွဲရမှတ် ၂၀၀ ရပြီး ဒုတိယမြောက်နေ့မှာ တိုက်ပွဲရမှတ် ၁၀၀ ရထားတယ်”
တောင်ထွတ်သခင်လုယွင်၊ ယုလန်၊ ဖုန့်ရှုနှင့် ပီထျန်ရှင်းတို့က အလှည့်ကျ စောင့်ကြည့်ပေးနေကြ၏။ သူတို့နှစ်ယောက်က ထိုနေရာမှာ စောင့်ကျန်ရစ်ခဲ့ပြီး ကျန်နှစ်ယောက်က အနားယူအားဖြည့်ရန်အတွက် ဂေဟာသို့ ပြန်လည်ရောက်ရှိလာကြသည်။
လုယွင်၊ ယုလန်နှင့် ဆူဇီမိုတို့က စကားပြောဆိုနေစဉ် လုယွင်က ရုတ်တရက်ပြောလိုက်၏။
“တကယ်တော့ မွန်မြတ်ကျွန်းပေါ်မှာ ဒီလိုမျိုးဂေဟာတစ်ခု ငှားထားတာ နောက်ထပ်အကျိုးကျေးဇူးတစ်ခုရှိတယ်”
“ဟုတ်လား”
ဆူဇီမိုမှာ မေးမြန်းလိုသော အမူအရာတစ်ခု ရှိနေ၏။
လုယွင်က ရှင်းပြလိုက်သည်။
“ပုံမှန်အခြေအနေမှာဆိုရင် တိုက်ခိုက်သတ်ဖြတ်တာတွေကို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ပိတ်ပင်တားဆီးထားတယ်… ဒါပေမဲ့ ငါတို့တွေက ဒီလိုမျိုး ဂေဟာတစ်ခုကို ငှားရမ်းထားပြီဆိုမှတော့ ဒီနေရာက ငါတို့ ဓားကမ္ဘာရဲ့ သီးသန့်ပိုင်နက်နယ်မြေဖြစ်သွားပြီ… ဒီဂေဟာထဲမှာ ခိုက်ရန်ဖြစ်ပွားမှုတစ်ခုခု ဖြစ်လာမယ်ဆိုရင် ငါတို့တွေက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ စည်းမျဉ်းစည်းကမ်းအရ အပြစ်ပေးခံရမှာ မဟုတ်ဘူး”
ဆူဇီမိုက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဒါဆိုရင် တခြားကမ္ဘာက သက်ရှိတွေ အတင်းကျပ်ဝင်ရောက်လာတဲ့အခါ ကျုပ်တို့က သူတို့ကို သတ်ဖြတ်လို့ရတာပေါ့”
“ဒါပေါ့”
“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ဝင်ရောက်လာပြီးနောက် ပုံမှန်အခြေအနေမှာဆိုရင် မင်းက တခြားကမ္ဘာက သူတွေရဲ့ သီးသန့်ဂေဟာတွေထဲကို မဝင်ရောက်ရဘူး”
ယုလန်က ပြောလိုက်၏။
“ဒီလိုမျိုး ကိုယ်ပိုင်ဂေဟာတစ်ခုကို ငှားရမ်းထားတာ နောက်ထပ်အကျိုးအမြတ်ရှိသေးတယ်… တိုက်ခိုက်တာနဲ့ သတ်ဖြတ်တာတွေကို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ပိတ်ပင်တားမြစ်ထားတယ်… ဒါပေမဲ့ တစ်ယောက်ယောက်က တစ်ဖက်သူကို မရမကသတ်ဖြတ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင် အဲဒါက အန္တရာယ်ရှိနေဦးမှာပဲ”
“အချိန်အများစုမှာတော့ သေခြင်း ရှင်ခြင်းကို လျှပ်တပြက်အတွင်း အဆုံးအဖြတ်ပေးသွားနိုင်တယ်”
ဆူဇီမိုက ခဏမျှ စဉ်းစားတွေးတောပြီး နားလည်သဘောပေါက်သွား၏။
အပြင်ဘက် လမ်းမပေါ်မှာ အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးက ပကတိစိတ်ဝိညာဉ်တစ်ဦးကို ရုတ်တရက်တိုက်ခိုက်လာမည်ဆိုလျှင် ထိုပကတိစိတ်ဝိညာဉ်က သေချာပေါက် သေရပေတော့မည်။
ထို့နောက် အင်မော်တယ်ဘုရင်ပညာရှင်သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ စည်းမျဉ်းစည်းကမ်းအရ အပြစ်ပေးသတ်ဖြတ်ခံရမည် ဖြစ်သော်လည်း သေဆုံးသွားသော ပကတိစိတ်ဝိညာဉ်ကို ပြန်လည်အသက်သွင်းနိုင်တော့မည် မဟုတ်ပေ။
ဤကဲ့သို့သော ဂေဟာတစ်ခုကို ငှားရမ်းထားခြင်းသည် ဤကဲ့သို့ ဖြစ်ပျက်လာမည့် အခြေအနေတစ်ရပ်ကနေ ကာကွယ်ပေးနိုင်လေသည်။ အပြင်လူများက အတင်းအကျပ်ဝင်ရောက်လာသည်နှင့် ဓားကမ္ဘာက လက်ဦးမှုရယူကာ အန္တရာယ်ကို ကြိုတင်ရှင်းလင်းပစ်နိုင်မည်ဖြစ်သည်။
“အဲဒါကြောင့်ပဲ ဒီလိုမျိုးဂေဟာတစ်ခုကို ငှားရမ်းတာက တစ်နေ့ကို တိုက်ပွဲရမှတ်ဆယ်မှတ် ပေးနေရတာပေါ့… နောက်ကွယ်က အကြောင်းပြချက်က ဒီလိုရှိတာကိုး”
ဆူဇီမိုက အသိအမှတ်ပြု ခေါင်းညိတ်ပြလိုက်၏။
နောက်ထပ်ရက်အနည်းငယ်မှာ ဆူဇီမိုသည် မွန်မြတ်စံအိမ်သို့ ရံဖန်ရံခါ သွားရောက်ကြည့်ရှုတတ်လေသည်။
လင်းရွှင်ကျန်းနဲ့ အခြားသူများက အတော်လေးအောင်မြင်နေပြီဖြစ်သည်။
သူတို့သည် ဤအချိန်အတောအတွင်း အန္တရာယ်တချို့နှင့် ကြုံတွေ့ရသော်လည်း သူတို့က အကုန်လုံးကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ခဲ့လေသည်။
ခုနစ်ရက်မြောက်နေ့မှာ လင်းရွှင်ကျန်းနှင့် အခြားသူများသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ တိုက်ပွဲရမှတ်တစ်ထောင်ကို ရရှိသွားခဲ့ပြီဖြစ်သည်။
ဤအမြန်နှုန်းသည် စစချင်း သူတို့မျှော်လင့်ထားသည်နှင့် သုံးရက်ပိုမိုမြန်ဆန်နေလေသည်။
တကယ်တော့ လင်းရွှင်ကျန်းနှင့် အခြားသူများသည် မွန်မြတ်စံအိမ်သို့ ချက်ချင်းပြန်မလာခဲ့ကြပေ။ ထိုအစား သူတို့သည် တိုက်ပွဲရမှတ်များကို စုဆောင်းရန် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှ ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကို ဆက်လက်၍ ရှာဖွေနေကြသည်။
သူတို့က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆယ်ရက်သာ နေနိုင်လေသည်။ ယခု သုံးရက်က ကျန်နေသေးပြီး မည်သူကမှ ဤကဲ့သို့ ရှားရှားပါးပါးအခွင့်အရေးကို လက်လွှတ်မခံချင်ကြပေ။
ဒါ့အပြင် လင်းရွှင်ကျန်း၊ ဝမ်တုန်နှင့် အခြားသူများအတွက် ဤသည်က သူတို့၏ ဓားတာအိုကို ပိုမိုထက်ရှအောင် ပြုလုပ်ရန် နှစ်တစ်ထောင်မှာတစ်ကြိမ် ကြုံတွေ့ရနိုင်သော ရှားရှားပါးပါး အခွင့်အရေးတစ်ရပ်ဖြစ်သည်။
သူတို့သည် ဓားကမ္ဘာမှာသာ လက်ရည်စမ်းကြမည်ဆိုလျှင် သူတို့သည် ဓားတာအို၏ အစစ်အမှန်သတ်ဖြတ်ခြင်းစွမ်းအားကို ထုတ်ဖော်နိုင်ကြလိမ့်မည် မဟုတ်ပေ။
သွေးဖြင့်ဆေးကြောသန့်စင်မှုကနေသာ အနှိုင်းမဲ့ဓားတာအိုကို ဖန်တီးနိုင်ကြမည်ဖြစ်သည်။
တစ်ခဏချင်းမှာပင် လင်းရွှင်ကျန်းနှင့် အခြားသူများ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ဝင်ရောက်သွားခဲ့သည်မှာ ရှစ်ရက်မြောက်နေ့ကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ဤနေ့မှာ ဆူဇီမိုသည် သူ၏ အခန်းထဲမှာ မျက်လုံးမှိတ်ကာ နားနေပြီး သူ၏ ဓမ္မတာအိုကို နားလည်ဆင်ခြင်နေစဉ် အပြင်ဘက်မှာ အလောတကြီးနိုင်သော ခြေသံများထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်းပင် ဂေဟာတံခါးက ပွင့်သွားပြီး ခပ်ဖျော့ဖျော့ သွေးရနံ့က ပျံ့လွင့်လာ၏။
ဆူဇီမိုက ရင်ထဲမှာ နင့်ခနဲဖြစ်သွားပြီး ရုတ်တရက် သူက မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး ခြံဝင်းထဲသို့ ရိပ်ခနဲ ရောက်ရှိလာလေသည်။
တစ်ချိန်တည်းမှာပင် ဖုန့်ရှုနှင့် ပီထျန်ရှင်းတို့ကလည်း သူတို့၏ အခန်းများထဲကနေ တစ်ယောက်ပြီးတစ်ယောက် လျှောက်လှမ်းထွက်လာကြ၏။
လုယွင်နှင့် ယုလန်က ဒေါသချောင်းချောင်းထွက်နေသော အမူအရာများဖြင့် ဝင်ရောက်လာကြ၏။ သူတို့၏ နောက်ဘက်မှာ ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် တခြားငါးယောက်က ဆိုးဆိုးဝါးဝါးပုံပေါက်နေ၏။ သူတို့သည် ပုံစံအမျိုးမျိုးဖြင့် ဒဏ်ရာများ ရရှိထားသည်မှာ သိသာလေသည်။ ကံကောင်းစွာဖြင့် သူတို့က အသက်အန္တရာယ်မရှိပေ။ သို့သော်လည်း လင်းရွှင်ကျန်း၏ အခြေအနေက သိပ်ကောင်းသည့်ပုံ မပေါ်ပေ။
လင်းရွှင်ကျန်းသည် ယုလန်၏ လက်ထဲမှာ မျက်လုံးနှစ်ဖက်မှိတ်ကာ လဲကျနေ၏။ သူမ၏ နှုတ်ခမ်းက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူမ၏ အော်ရာက အားနည်းနေသည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားကလည်း ငွေ့ငွေ့သာကျန်တော့လေသည်။
“ဘာဖြစ်တာလဲ”
ပီထျန်ရှင်းက ဒေါသထွက်သွားပြီး ကျယ်လောင်စွာ မေးလိုက်၏။
လုယွင်၏ အမူအရာက ကြောက်စရာကောင်းလောက်အောင်ခက်ထန်နေပြီး သူက အံကိုကြိတ်ကာ ပြောလိုက်၏။
“ကောင်းကင်ဘုံမျက်လုံးကမ္ဘာက လူတွေက ရုတ်တရက် ရောက်လာခဲ့တယ်… သူတို့က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်ရောက်ပြီး လင်းရွှင်ကျန်းနဲ့ တခြားသူတွေရှိတဲ့ဘက်ကို တန်းသွားခဲ့တယ်”
ကောင်းကင်ဘုံမျက်လုံးကမ္ဘာ…
ဆူဇီမို၏ အမူအရာက အေးစက်လာခဲ့သည်။
“ချီးတဲ့မှ… ကောင်းကင်ဘုံမျက်လုံးကမ္ဘာပဲလား”
ပီထျန်ရှင်းက ကျိန်ဆဲလိုက်လေသည်။
ဖုန့်ရှု၏ အမူအရာကလည်း အတော်လေးပျက်ယွင်းနေ၏။
ဘုရင်အေးစက်မျက်လုံးသည် ကြမ်းတမ်းသော စကားလုံးများကို ပြောဆိုခဲ့သော်လည်း ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း တည်ငြိမ်အေးချမ်းနေခဲ့၏။
ဤကိစ္စသည် လောလောဆယ်မှာ ပြီးဆုံးသွားပြီဟု လူတိုင်းက တွေးထင်ခဲ့ကြသည်။
ယခု ကောင်းကင်ဘုံမျက်လုံးကမ္ဘာ၏ လက်စားချေမှုက နောက်ဆုံးရောက်ရှိလာခဲ့လေပြီ။
ဖုန့်ရှုက အေးစက်စွာ မေးလိုက်၏။
“အဲဒါ ကောင်းကင်ဘုံမျက်လုံးကမ္ဘာက ရှယင်လား”
ရှယင်သည် တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှာ အဆင့် ၁ ဖြစ်သည်။
“မဟုတ်ဘူး”
လုယွင်က ခေါင်းခါပြလိုက်၏။
“ရှယင်သာ ရောက်လာမယ်ဆိုရင် လင်းရွှင်ကျန်းနဲ့ တခြားသူတွေက တစ်ခါတည်း ရှင်းလင်းပစ်ခံရလောက်တယ်… အဲဒါက တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်က နောက်ထပ် ကောင်းကင်ဘုံမျက်လုံး ပကတိစိတ်ဝိညာဉ် ရှန်းမုန်ပဲ”
ဆူဇီမို၏ စိတ်ထဲမှာ သတင်းအချက်အလက်တစ်ခုက ဖျတ်ခနဲပေါ်ထွက်လာ၏။
တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှာ အဆင့် ၅၇… ရှန်းမုန်…
ပီထျန်ရှင်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“လင်းရွှင်ကျန်းနဲ့ တခြားသူတွေမှာ အသင်္ချေဓားဝင်္ကပါနဲ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြား ရှိတယ်မဟုတ်ဘူးလား… သူတို့က ဘာလို့ဒီလိုဖြစ်သွားရတာလဲ”
ပီထျန်ရှင်းနှင့် အခြားသူများ၏ ထင်မြင်ချက်အရ အသင်္ချေဓားဝင်္ကပါက ရှန်းမုန်နှင့် တခြားသူများကို မတားဆီးနိုင်ဘူးဆိုလျှင်တောင် လင်းရွှင်ကျန်းနှင့် အခြားသူများသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို အသုံးပြုကာ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ချက်ချင်းထွက်ခွာလာနိုင်လေသည်။
ထိုစကားကို ကြားချိန်မှာ လုယွင်က လက်သီးနှစ်ဖက်ကိုဆုပ်ပြီး လေးတွဲ့စွာ သက်ပြင်းချလိုက်၏။
ယုလန်က သူမ၏ လက်ထဲရှိ လင်းရွှင်ကျန်းကို ပူဆွေးဝမ်းနည်းသော အမူအရာဖြင့် ကြည့်နေ၏။
ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် တခြားသူများကလည်း ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားလေသည်။
ခဏနေပြီးနောက် လုယွင်က ပြောလိုက်၏။
“ရှန်းမုန် နားလည်ဆင်ခြင်ထားတဲ့ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားက ကြယ်တာရာအကျဉ်းထောင်ပဲ… အဲဒီအနှိုင်းမဲ့နတ်ဘုရားစွမ်းအားရဲ့ လွှမ်းခြုံမှုအောက်မှာ အသင်္ချေဓားဝင်္ကပါက မလှည့်ပတ်နိုင်တော့ဘဲ စွမ်းအားအတော်များများကို မထုတ်ဖော်နိုင်တော့ဘူး။”