ကမ္မ
Vol. 187 Ch. 2798
တကယ်တော့ ဆူဇီမိုသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ရှိခဲ့စဉ်က ဤပြဿနာကို ရှာဖွေတွေ့ရှိခဲ့ပြီးသားဖြစ်သည်။
သူတို့သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ပထမဆုံးဝင်ရောက်စဉ်က သူတို့သည် ယက္ခိုသ်တစ်အုပ်စု၏ တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ သူတို့ထဲမှတစ်ဦး၊ ယက္ခိုသ်အမျိုးသမီးတစ်ဦးက တစ်ဝက်တစ်ပျက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အချိန်ရပ်တန့်ခြင်းကို ထုတ်ဖော်ပြီး အသင်္ချေဓားဝင်္ကပါမှာ ဟာကွက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
တစ်ဝက်တစ်ပျက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုပင် ထိုသို့ပြုလုပ်နိုင်သည်ဆိုပါက အစစ်အမှန်အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ကြယ်တာရာအကျဉ်းထောင် ဆင်းသက်ရောက်ရှိလာသည်နှင့် လင်းရွှင်ကျန်းနှင့် အခြားသူများ၏ အသင်္ချေဓားဝင်္ကပါကို အဲဒါက ချိုးဖျက်နိုင်ပေလိမ့်မည်။
ဖုန့်ရှုက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“ဒါပေမဲ့ လင်းရွှင်ကျန်းက ဘာလို့ ဒီလောက်ဒဏ်ရာအပြင်းအထန်ရလာတာလဲ… သူ့ရဲ့မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားက ဘယ်မှာလဲ”
သူက စဉ်းစားရခက်နေ၏။
ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများက ထိခိုက်ဒဏ်ရာရရှိလာသော်လည်း သူတို့က အသက်အန္တရာယ် မရှိပေ။ လင်းရွှင်ကျန်းကတော့ သူမ၏ တိုက်ခိုက်ရည်ခွန်အားက အသန်မာဆုံးဖြစ်သည်။ သူမ၏ ဒဏ်ရာများက ဝမ်တုန်နှင့် အခြားသူများထက် ဘာကြောင့် ပိုမိုပြင်းထန်နေရတာလဲ။
လုယွင်နဲ့ ယုလန်က ဒေါသချောင်းချောင်းထွက်နေသော အမူအရာများဖြင့် နှုတ်ဆိတ်နေကြ၏။
ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်က လင်းရွှင်ကျန်းအပေါ် ကျရောက်သွားပြီး သူက ရုတ်တရက် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“သူက သူ့ရဲ့အမြုတေစိတ်ဝိညာဉ်ကို လောင်ကျွမ်းစေခဲ့တာလား”
လုယွင်က သက်ပြင်းချပြီး စကားပြောချင်သော်လည်း တွေဝေတုံ့ဆိုင်းနေ၏။
“အဲဒါတွေအားလုံးက ကျုပ်တို့အမှားပါ”
ထိုစဉ်မှာပင် ဝမ်တုန်က မလုံမလဲအမူအရာဖြင့် အသံနှိမ့်ကာ ပြောလိုက်၏။
“အဲဒီအချိန်တုန်းက ကျုပ်တို့တွေက ရှန်းမင်ရဲ့ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားထဲမှာ ပိတ်မိနေပြီး ကျုပ်တို့က အသက်အန္တရာယ်ရှိနေခဲ့တယ်… ကျုပ်တို့က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ထွက်ပြေးဖို့ အခွင့်အရေး မရခဲ့ဘူး”
“စီနီယာအစ်မလင်းက ရုတ်တရက် အင်မော်တယ်နှိမ်နင်းဓားကို ဆင့်ခေါ်ပြီး အဲဒီကြယ်တာရာအကျဉ်းထောင်ကို ဖြတ်တောက်ရင်း ကျုပ်တို့ကို အမြန်ထွက်သွားဖို့ ပြောခဲ့တယ်”
“ကျုပ်တို့လည်း အဲဒါနဲ့ပတ်သက်ပြီး အဲဒီအချိန်တုန်းက သိပ်ပြီး စဉ်းစားမနေခဲ့ဘူး… ကျုပ်တို့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်ကို ပြန်ရောက်လာမှပဲ စီနီယာအစ်မလင်းက ကြယ်တာရာအကျဉ်းထောင်ကို ဖြတ်တောက်ဖို့ အင်မော်တယ်နှိမ်နင်းဓားကို အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုရဲ့ အဆင့်ရောက်အောင် သူ့ရဲ့အမြုတေစိတ်ဝိညာဉ်ကို လောင်ကျွမ်းစေတဲ့ လျှို့ဝှက်အတတ်တစ်ခု သုံးခဲ့တယ်ဆိုတာ ကျုပ်တို့ သိလိုက်ရတယ်”
ထိုစကားကို ကြားရပြီးနောက် လူတိုင်းက ရင်ထဲမှာ ဆို့နင့်သွားလေသည်။
လင်းရွှင်ကျန်းသည် ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများကို ကယ်တင်ရန် သူမကိုယ်သူမ စွန့်လွှတ်အနစ်နာခံခဲ့ခြင်းနှင့် တူလေသည်။
လင်းရွှင်ကျန်းသည် ဖြတ်တောက်ဓားတာအိုကို ကျင့်ကြံထားပြီး ခါတိုင်းမှာ အခြားသူများအပေါ် အတော်လေး အေးစက်နေတတ်လေသည်။ သို့သော်လည်း သေရေးရှင်ရေးအခိုက်အတန့်မှာ သူမသည် ပြတ်သားမှုရှိပြီး ဤကဲ့သို့သော ရွေးချယ်မှုတစ်ခုကိုပင် ပြုလုပ်ခဲ့လေသည်။
ဝမ်တုန်က ပြောလိုက်၏။
“စီနီယာအစ်မလင်းက သူ့ရဲ့အမြုတေစိတ်ဝိညာဉ်ကို လောင်ကျွမ်းစေပြီးတဲ့နောက် သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက အလျင်အမြန်လျော့ကျသွားပြီး တန်ပြန်ရိုက်ခတ်မှုတစ်ခုကို ကြုံလိုက်ရတယ်… သူ့ရဲ့မွန်မြတ်ကောင်းကင်ဘုံတံဆိပ်ပြားကိုလည်း ရှန်းမင်က လုယူသွားခဲ့တယ်”
ကုန်းစွန်းယွီ၏ မျက်လုံးက နီရဲနေပြီး ဝမ်းနည်းစွာ ပြောလိုက်၏။
“ကျုပ်သာ အဲဒါကို စောစောကြိုသိမယ်ဆိုရင် ကျုပ်က စီနီယာအစ်မလင်းရဲ့ဘေးမှာနေပြီး သူနဲ့အတူ တိုက်ခိုက်ပါတယ်”
ယုလန်က ခေါင်းခါပြလိုက်၏။
“နင်တို့တွေ နေခဲ့မယ်ဆိုရင်လည်း အလကားပဲ… နင်တို့က သက်သက်အသေခံရရုံပဲ ရှိလိမ့်မယ်… ရွှင်ကျန်းက အဲဒါကို ပြုလုပ်ခဲ့တယ်ဆိုတာ နင်တို့ကို အသက်ရှင်သန်စေချင်လို့ပဲ”
တကယ်တော့ ဝမ်တုန်နှင့် အခြားသူများက သတ္တိမကြောင်ကြပေ။
သို့သော်လည်း ထိုအခိုက်အတန့်မှာ အခြေအနေက သေရေးရှင်ရေး ဖြစ်နေခဲ့သည်။ ဝမ်တုန်နှင့် အခြားသူများသည် လင်းရွှင်ကျန်းက သူတို့လိုပင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ချက်ချင်းပြန်လိုက်လာမည်ဟု တွေးထင်ခဲ့ကြလေသည်။
မထင်မှတ်ထားစွာပင် လင်းရွှင်ကျန်းသည် သူမ၏ အမြုတေစိတ်ဝိညာဉ်ကို လောင်ကျွမ်းစေ၍ အင်မော်တယ်နှိမ်နင်းဓားကို ထုတ်ဖော်ပြီးနောက် သူမသည် ပြင်းထန်သော တန်ပြန်ရိုက်ခတ်မှုတစ်ခုကို တွေ့ကြုံခံစားခဲ့ရသည်။ ထို့နောက် သူမသည် ရှန်းမင်နှင့် အခြားသူများနှင့် ဆက်လက်တိုက်ခိုက်ခဲ့ရပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို အသုံးပြုဖို့ပင် အခွင့်အရေးမရခဲ့ပေ။
လင်းရွှင်ကျန်းသည် အလွန်တရာ သနားစရာကောင်းသော အခြေအနေမှာ ရှိနေခဲ့ပြီး သူမ၏ လမ်းဆုံးသို့ ရောက်ရှိနေပြီကို လူတိုင်းက ရှင်းရှင်းလင်းလင်း တွေ့မြင်နေရသည်။
သူမ၏ အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာအပြင်းအထန်ရထားပြီး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေ၏။
လက်ရှိအင်မော်တယ်ဘုရင်ပညာရှင်တချို့ပင်လျှင် ဤကဲ့သို့သော ထိခိုက်ဒဏ်ရာများမှာ ဘာမှမတတ်နိုင်ကြပေ။
သူတို့က လင်းရွှင်ကျန်းကို ဓားကမ္ဘာသို့ ယခုအချိန်မှာ ခေါ်သွားပြီး ဧကရာဇ်တစ်ပါးကို သွားရှာမည်ဆိုလျှင်တောင် အဲဒါက နောက်ကျသွားပေလိမ့်မည်။
လင်းရွှင်ကျန်းသည် ထိုအချိန်ထိ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ယုလန်မှာ ပူဆွေးဝမ်းနည်းသော အမူအရာတစ်ခု ရှိနေပြီး သူမက သူမလက်ထဲမှာ သတိလစ်နေသော လင်းရွှင်ကျန်းကို သနားကရုဏာသက်စွာဖြင့် ကြည့်နေ၏။
လင်းရွှင်ကျန်းသည် ဒီဘက်မျိုးဆက် ဖြတ်တောက်ဓားတောင်ထွတ်၏ အသန်မာဆုံး ပကတိအင်မော်တယ်ဖြစ်ပြီး သူမ၏ အနာဂတ်အောင်မြင်ပေါက်မြောက်နိုင်မှုက အကန့်အသတ်မဲ့လေသည်။ ယခုတော့ သူမသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဤကဲ့သို့သော ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ခဲ့ရလေသည်။
ဓားကမ္ဘာအတွက်တော့ လင်းရွှင်ကျန်း၏ သေဆုံးမှုက အစားထိုး၍မရနိုင်သော ဆုံးရှုံးမှုတစ်ရပ် ဖြစ်လာပေလိမ့်မည်။
ဆူဇီမိုမှာ လင်းရွှင်ကျန်း၏ ထိခိုက်ဒဏ်ရာများကို ကိုင်တွယ်ဖို့ အစီအစဉ်ရှိထားပြီး သူက အလောတကြီးရှိမနေပေ။
သူ၏ စိတ်ထဲမှာ နောက်ထပ်မေးခွန်းတစ်ခု ပေါ်ထွက်လာ၏။
“ရှန်းမင်က လင်းရွှင်ကျန်းရဲ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို လုယူခဲ့တယ်… သူက ဘယ်လိုပြန်လာနိုင်တာလဲ”
ကောင်းကင်ဘုံမျက်လုံးကမ္ဘာသည် လက်စားချေဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်လေသည်။
ခုနစ်စင်ကြယ်ဓားကမ္ဘာမှာတုန်းက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ် သက်ရှိအများစုသည် လင်းရွှင်ကျန်း၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် ရှန်းမင်သည် လင်းရွှင်ကျန်းကို သေချာပေါက် လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း လင်းရွှင်ကျန်းသည် ရှန်းမင်နှင့် အခြားသူများ၏ စောင့်ကြည့်မှုအောက်မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားမရှိဘဲ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်ကို ဘယ်လိုပြန်ရောက်လာနိုင်တာလဲ။
ထိုစကားကိုကြားချိန်မှာ ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများမှာ တွေဝေရှုပ်ထွေးသော အမူအရာများ ရှိနေကြသည်။ သူတို့က ရှက်ရွံ့၍ ဒွိဟဖြစ်နေသည့်အလားပင်။
နောက်ဆုံးမှာ ရှန်းယွဲ့က ရှေ့သို့ထွက်ပြီး အထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်၏။
“စီနီယာအစ်မလင်းကို ကယ်ခဲ့တာက ဟိုမျေက်ဝံမပါ”
ဆူဇီမိုက မှင်တက်သွားသည်။
ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ မကြာခဏပြောင်းလဲနေသော အာကာသဆုံမှတ် ဆယ်ခုရှိလေသည်။
ဆယ်ရက်အတွင်းမှာ ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများအနေဖြင့် အာကာသဆုံမှတ်တစ်ခုကို ရှာဖွေတွေ့ရှိဖို့က မလွယ်ပေ။ သို့သော်လည်း တစ်နှစ်ပတ်လုံး ထိုနေရာမှာနေထိုင်သော ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကတော့ အာကာသဆုံမှတ်တစ်ခုကို ရှာဖွေနိုင်ပေလိမ့်မည်။
ရှန်းယွဲ့က ဆက်ပြောလိုက်သည်။
“အဲဒီမျောက်ဝံမက စီနီယာအစ်မလင်းကို ကျောပေါ်မှာတင်ပြီး ရှန်းမင်နှင့် တခြားသူတွေရဲ့ လိုက်လံတိုက်ခိုက်မှုမှာ တစ်လမ်းလုံး ပြေးလွှားလာခဲ့တယ်… နောက်ဆုံး သူက စီနီယာအစ်မလင်းကို အာကာသဆုံမှတ်တစ်ခုထဲ တွန်းပို့ခဲ့တယ်”
ခြံဝင်းတစ်ခုလုံးက ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က လိုဏ်ဂူခန်းဝါထဲမှာ ဖြစ်ပျက်ခဲ့သည့်အရာကို လူတိုင်းက တွေ့မြင်ထားခဲ့သည်။
ဆူဇီမို၏ မဆုတ်မနစ်ရပ်တည်ပေးမှုကြောင့် ထိုမျောက်ဝံမက ရှင်သန်နိုင်ခဲ့လေသည်။
ထို့ကြောင့်ပင် ရှန်းယွဲ့နှင့် အခြားသူများသည် ဆူဇီမိုနှင့် အငြင်းပွားစရာတချို့ပင် ဖြစ်ခဲ့လေသည်။ တကယ်ဆို သူတို့သည် ဆူဇီမိုကို ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ထွက်ခွာဖို့ပင် ဖျောင်းဖျခဲ့လေသည်။
ရှန်းယွဲ့နှင့် အခြားသူများသည် ဆူဇီမို၏ ကြင်နာမှုကို နားမလည်နိုင်ကြပေ။
သူတို့ရင်ထဲမှာ အထဲမှာရှိသော ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များသည် ရိုင်းစိုင်းယုတ်မာပြီး ရက်စက်ကြမ်းတမ်းသော သက်ရှိများဖြစ်လေသည်။ သူတို့အတွက် သနားညှာတာမှုပြစရာ မလိုပေ။
ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကို သတ်ဖြတ်ခြင်းသည် ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ဆောင်ရွက်ပေးခြင်းနှင့် တူလေသည်။
ဆူဇီမိုသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေနှင့် သင့်လျော်မှုမရှိဟု လင်းရွှင်ကျန်းက တစ်ခါပြောခဲ့လေသည်။ သူသည် ဤမျောက်ဝံမကို ကယ်တင်ပေးလိုက်မည်ဆိုလျှင်တောင် ဤတောကောင်က နောက်ပိုင်းမှာ ကျေးဇူးပြန်ကန်းလိမ့်မည်ဟုပင် သူမက ပြောခဲ့လေသည်။
သို့သော်ယခု ရှန်းမင်နှင့် အခြားသူများထံကနေ လင်းရွှင်ကျန်းကို ကယ်တင်ပေးခဲ့သူက သူတို့ပြောနေသည့် အပြစ်သားစိတ်ဝိညာဉ် မျောက်ဝံမ ဖြစ်လေသည်။
ဤအဖြစ်အပျက်သည် ဝမ်တုန်၊ ကုန်းစွန်းယွီ၊ ရှန်းယွဲ့နှင့် အခြားသူများကို ပထမဆုံးအကြိမ် သံသယဝင်လာစေလေသည်။
အထဲမှာရှိသော ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များက တကယ်ပဲ ရိုင်းစိုင်းယုတ်မာပြီး ရက်စက်ကြမ်းတမ်းတဲ့ သက်ရှိတွေလား။
ဤမျောက်ဝံမက ကြင်နာမှုကို ဘယ်လိုပြန်ပေးဆပ်ရမလဲ ဘာကြောင့်သိနေရတာလဲ။
သူတို့သည် အရင်တုန်းက မျောက်ဝံမကို သတ်ဖြတ်ခဲ့မည်ဆိုလျှင် လင်းရွှင်ကျန်းသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ထွက်ခွာလာနိုင်လိမ့်မည်မဟုတ်ဘဲ သူမသည် ရှန်းမင်၏ လက်ထဲမှာ မခံမရပ်နိုင်သော အရှက်ခွဲမှုများနှင့် ကြုံတွေ့ရနိုင်လေသည်။
သူတို့ မှားနေခဲ့တာလား။
လူတိုင်းက တွေဝေရှုပ်ထွေးကာ သံသယဖြစ်နေကြသည်။
ကံကောင်းထောက်မစွာဖြင့် ဆူဇီမို၏ ရပ်တည်ပေးမှုက မျောက်ဝံမ၏ အသက်ကို ကယ်တင်ပေးခဲ့လေသည်။
ထို့ကြောင့်ပင် လင်းရွှင်ကျန်းသည် ရှန်းမင်၏ လိုက်လံဖမ်းဆီးမှုကနေ လွတ်မြောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဤသည်က ကမ္မဖြစ်သည်။
တကယ်ဆို ဆူဇီမိုအပေါ် သူတို့၏ အလိုမကျမှုနှင့် ခုခံငြင်းဆန်မှုကြောင့် မဟုတ်လျှင် သူတို့ရှေ့မှ မြင်ကွင်းက ဖြစ်လာချင်မှ ဖြစ်လာလိမ့်မည်ကို ဤလူများက သဘောမပေါက်ကြသေးပေ။
ဤသည်ကလည်း ကံမ္မ၏ နောက်ထပ်ရလဒ်ဖြစ်လေသည်။
အတန်ကြာ နှုတ်ဆိတ်နေပြီးနောက် ဆူဇီမိုက မေးလိုက်၏။
“အဲဒါပြီးတဲ့နောက် မျောက်ဝံမ ဘာဖြစ်သွားလဲ”
ဝမ်တုန်၊ ရှန်းယွဲ့နှင့် အခြားသူများက သူတို့ခေါင်းများကို ငုံ့လိုက်ကြ၏။
ခဏကြာပြီးနောက် ရှန်းယွဲ့က ညင်သာစွာ ပြောလိုက်၏။
“သူ သေသွားတယ်”
သူသည် ဆူဇီမို၏ မျက်လုံးများကို မော့မကြည့်ရဲပေ။
သူသည် ဧရာမပိတ်သားပြင်ကနေတစ်ဆင့် မြင်တွေ့ခဲ့ရသည့်မြင်ကွင်းကို ဘယ်တော့မှ မေ့ပျောက်လိမ့်မည် မဟုတ်ပေ။
မျောက်ဝံမသည် မရေမတွက်နိုင်သော တိုက်ခိုက်မှုများကို ချိုးဖျက်ကာ လင်းရွှင်ကျန်းကို ကယ်တင်ပြီး တစ်လမ်းလုံး ပြေးလွှားလာခဲ့သည်။
သူမသည် ရှန်းမင်နှင့် အခြားသူများ၏ လိုက်လံတိုက်ခိုက်ခြင်းခံရပြီး ဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း သူမက လင်းရွှင်ကျန်းကို သူမ၏ အစွမ်းကုန်ဖြင့် ကာကွယ်ပေးထားပြီး အာကာသဆုံမှတ်တစ်ခုရှိရာသို့ ထွက်ပြေးလာခဲ့သည်။ နောက်ဆုံး သူမ၏ လက်ကျန်ခွန်အားကို သုံးကာ လင်းရွှင်ကျန်းကို အာကာသဆုံမှတ်ထဲသို့ ပစ်ထည့်ခဲ့လေသည်။
အထဲမှာရှိသော ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များက အာကာသဆုံမှတ်ကနေတစ်ဆင့် မထွက်ခွာနိုင်ကြပေ။
မျောက်ဝံမသည် ဆက်လက်၍ မပြေးနိုင်တော့ဘဲ ရှန်းမင်နှင့် အခြားသူများ၏ ဖမ်းဆီးခြင်းခံလိုက်ရသည်။ သူမသည် ပုရွက်ဆိတ်တစ်ကောင် ဖိခြေခံလိုက်ရသလို သတ်ဖြတ်ခံခဲ့ရလေသည်။
အဲဒါက အပြစ်သားစိတ်ဝိညာဉ်တစ်ဦးသာ ဖြစ်လေသည်။ သူမ၏ သေဆုံးမှုက သူတို့အပေါ် သက်ရောက်မှု မရှိသင့်ပေ။
သို့သော်လည်း ဘာကြောင့်ရယ်မသိ ရှန်းယွဲ့သည် တစ်ချိန်လုံး မလုံမလဲ ခံစားနေရသည်။
အဲဒါသည် ဆူဇီမိုအပေါ် ဖြစ်ကောင်းဖြစ်ပေမည်။ သို့မဟုတ် မျောက်ဝံမအပေါ် ဖြစ်ကောင်းဖြစ်ပေမည်။
ဆူဇီမိုက အမူအရာကင်းမဲ့စွာဖြင့် သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်၏။
လူတိုင်းသည် ဝမ်းနည်းမှုမှာ နစ်မျောနေပြီး သူ့ကို မည်သူကမှ သတိမထားမိကြပေ။
ပေမင်ရွှယ်ကသာ သူမ ဆရာ အမှန်တကယ် ဒေါသထွက်နေပြီကို အာရုံခံမိလိုက်လေသည်။