← Chapters

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ နောက်တစ်ဖန်ဝင်ရောက်ခြင်း

Vol. 187 Ch. 2799

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ နောက်တစ်ဖန်ဝင်ရောက်ခြင်း

Vol. 187 Ch. 2799

“ပြန်ကြတာပေါ့”

ခဏကြာပြီးနောက် လုယွင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်၏။

“ကြွေကျသွားတဲ့ သစ်ရွက်တွေက သစ်ပင်ခြေရင်းကို ပြန်သွားရတယ်…. ဘာပဲဖြစ်ဖြစ် ငါတို့တွေက လင်းရွှင်ကျန်းကို ဓားကမ္ဘာဆီ ပြန်ခေါ်သွားရမယ်”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့လာရာ ဤခရီးစဉ်သည် ဓားကမ္ဘာအတွက် လုံးဝကို ရှုံးနိမ့်မှုတစ်ရပ်ဟု ဆိုနိုင်သည်။

မနေ့က ဝမ်တုန်နှင့် အခြားသူများ၏ တိုက်ပွဲရမှတ်များကို လင်းရွှင်ကျန်း၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားထဲသို့ လွှဲပြောင်းပေးထားခဲ့လေသည်။ အဲဒီမှာ တိုက်ပွဲရမှတ် တစ်ထောင်ရှိနေပြီဖြစ်သည်။

သို့သော်ယခု ထိုတိုက်ပွဲရမှတ်တစ်ထောင်ကို ရှန်းမုန်က လုယူသွားခဲ့ပြီဖြစ်သည်။ ပို၍အရေးကြီးသည်မှာ ဓားကမ္ဘာ၏ နံပါတ်တစ်ပကတိအင်မော်တယ် လင်းရွှင်ကျန်းက ဒဏ်ရာအပြင်းအထန်ရထားပြီး သေအံ့ဆဲဆဲဖြစ်နေလေပြီ။ ဤသည်က ဓားကမ္ဘာမှ လူတိုင်းအတွက် ကြီးမားသည့် ထိုးနှက်ချက်ဖြစ်သည်။

“လင်းရွှင်ကျန်းကို ကယ်လို့ရသေးတယ်”

ထိုစဉ်မှာပင် အသံတစ်သံထွက်ပေါ်လာသည်။

လူတိုင်းက ချက်ချင်းပင် လှည့်ကြည့်ပြီး သူတို့၏ အကြည့်များက ဆူဇီမိုပေါ်သို့ ဆင်းသက်သွားလေသည်။

ခြံဝင်းထဲမှာ ခုနစ်စင်ကြယ်ဓားကမ္ဘာမှ ဓားကျင့်ကြံသူထောင်ချီ ရှိနေ၏။ သူတို့သည် ဆူဇီမိုအကြောင်း များစွာမသိရှိထားပေ။ သူသည် နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင်ဖြစ်ပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်က မမြင့်မားသည်ကိုသာ သူတို့က သိရှိထားသည်။

လူတိုင်းက တစ်စုံတစ်ရာမပြောဆိုသော်လည်း သူတို့မှာ သံသယများရှိနေကြသည်။

အင်မော်တယ်ဘုရင်ပညာရှင်များပင် မတတ်နိုင်ဘူးဆိုပါက ပကတိအင်မော်တယ်တစ်ဦးက ဘာများလုပ်နိုင်မှာလဲ။

လုယွင်က ဆူဇီမိုကို ကြည့်ပြီး တစ်စုံတစ်ရာကို တစ်စုံတစ်ရာကို တွေးမိသွားပုံရ၏။ သူ၏ မျက်လုံးက ဝင်းလက်သွားပြီး အလောတကြီး မေးလိုက်၏။

"တကယ်ပြောတာလား"

“ရောင်းရင်းဆူ… ရှင်က ရွှင်ကျန်းကို တကယ်ပဲ ကယ်နိုင်လို့လား”

ယုလန်က ဆူဇီမိုကို တုန်ယင်နေသော အသံဖြင့်ပြောကာ ကြည့်လိုက်၏။

“ကျုပ်တာဝန်ထားလိုက်”

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေသည်။

“လင်းရွှင်ကျန်းကို သူ့ရဲ့အခန်းထဲမှာထားခဲ့… အားလုံးပဲ အပြင်ကနေစောင့်နေကြ… ကျုပ်တို့ကို မနှောင့်ယှက်နဲ့”

ယုလန်က တွေဝေတုံ့ဆိုင်းနေဆဲဖြစ်သော်လည်း လုယွင်က သူမကို ညင်သာစွာ တွန်းထိုးပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“နင်က စိုးရိမ်စိတ်လွန်ကဲနေတာဖြစ်ရမယ်… ဆူကျူးရဲ့ မျိုးဆက်သွေးကို မမေ့လိုက်နဲ့”

ယုလန်က လုယွင်၏ စကားကိုကြားသောအခါ ကျေနပ်သဘောကျသွားလေသည်။

အရင်တုန်းက ပေမင်ရွှယ်သည် ကပ်ဘေးဖြတ်ကျော်စဉ်အတွင်း သူမ ရရှိခဲ့သည့် ဒဏ်ရာများက လင်းရွှင်ကျန်းထက်ပင် ပိုမိုပြင်းထန်လေသည်။ ဆူကျူးက သူမကိုပင် ကယ်တင်နိုင်သည်ဆိုလျှင် ရွှင်ကျန်းကိုလည်း သေချာပေါက်ကယ်တင်နိုင်ပေလိမ့်မည်။

ထို့သို့အတွေးဖြင့် ယုလန်က လင်းရွှင်ကျန်းကို ဘေးတစ်ဖက်မှာရှိသော အခန်းထဲသို့ အလောတကြီးခေါ်သွားလေသည်။ ဆူဇီမိုက နောက်ကနေ လိုက်ပါသွားပြီး ယုလန်ထွက်သွားပြီးနောက် တံခါးကိုပိတ်လိုက်သည်။

ဆူဇီမိုအတွက်တော့ လင်းရွှင်ကျန်းကို ကယ်တင်ဖို့က အခက်အခဲမရှိပေ။

သူ၏ သိုလှောင်အိတ်ထဲမှာ အသောကသစ်သီးလည်း ရှိနေသည်။

လင်းရွှင်ကျန်း၏ အမြုတေစိတ်ဝိညာဉ်ဒဏ်ရာများကို အားဖြည့်ကုသရန် အာသောကသစ်သီးကိုသုံးပြီး အသက်ဓာတ်ကြာလက်ချောင်းနှင့်အတူ သူသည် လင်းရွှင်ကျန်း၏ ခန္ဓာကိုယ်ထဲသို့ အသက်ဓာတ်အားကို အဆက်မပြတ်ထိုးသွင်းပေးနေ၏။ အဆက်မပြတ်နှိုးဆွမှုအောက်မှာ လင်းရွှင်ကျန်းက တဖြည်းဖြည်း သက်သာလာပေလိမ့်မည်။

ဓားကမ္ဘာမှ လူတိုင်းသည် ခြံဝင်းထဲမှာ စောင့်ဆိုင်းနေပြီး တိတ်တဆိတ် ဆုတောင်းနေကြ၏။ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ သူတို့ရောက်ရှိလာခဲ့သည်မှာ ရှစ်ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤနေရာမှာနေရဖို့ နှစ်ရက်သာ ကျန်တော့လေသည်။

လုယွင်နှင့် အခြားသူများက ဆူဇီမို၏ နည်းလမ်းများကို ယုံကြည်သော်လည်း နှစ်ရက်က လုံလောက်ပါ့မလား သူတို့မသိရပေ။

ထိုစောင့်ဆိုင်းမှုက အလွန်တရာရှည်ကြာပြီး ညှဉ်းပန်းနှိပ်စက်နေသည်ဟု ထင်ရလေသည်။

နောက်ဆုံး တစ်ရက်နှင့် နေ့တစ်ပိုင်းအကြာမှာ အခန်းတံခါးက နောက်ဆုံးပွင့်သွားလေသည်။ ဆူဇီမိုက တံခါးဝမှာ မတ်တတ်ရပ်နေပြီး သူ၏ မျက်နှာက အနည်းငယ်ဖြူဖျော့နေသည်။

တစ်ရက်နှင့် နေ့တစ်ဝက်လုံး အဆက်မပြတ်ကုသခြင်းသည် သူ၏ အားအင်များစွာကို ကုန်ဆုံးစေလေသည်။

“အခြေအနေဘယ်လိုရှိလဲ”

လုယွင်၊ ယုလန်နှင့် အခြားသူများက စိုးရိမ်ကြောင့်ကြကာ မအီမသာဖြစ်သည့်ပုံပေါ်နေ၏။

ဆူဇီမိုက တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ခေါင်းကိုသာညိတ်ပြလိုက်၏။

လုယွင်၊ ယုလန်နှင့် အခြားသူများက ဝမ်းသာအားရဖြစ်သွားလေသည်။

ဝမ်တုန်၊ ကုန်းစွန်းယွီနဲ့ အခြားသူများကလည်း အော်ဟစ်မိလိုက်ကြသည်။ လင်းရွှင်ကျန်း အမှန်တကယ်အသက်ရှင်နိုင်မည်ဆိုလျှင် သူတို့သည် သူတို့ရင်ထဲရှိ မလုံမလဲခံစားချက်များကို လျှော့ချနိုင်ပေလိမ့်မည်။ သူတို့သည် ဤခရီးစဉ်မှာ တိုက်ပွဲရမှတ် တစ်မှတ်ကိုမှ မရရှိဘူးဆိုလျှင်တောင် သူတို့သည် များစွာဆုံးရှုံးရလိမ့်မည် မဟုတ်ပေ။

တောင်ထွတ်သခင်လေးဦး၊ ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများသည် လင်းရွှင်ကျန်းကို စိုးရိမ်ပူပန်နေပြီး အခန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် တိုးဝင်သွားကြသည်။

“သူ လောလောဆယ်မှာ အိပ်ပျော်နေလိမ့်မယ်”

ဆူဇီမိုက ပြောလိုက်သည်။

“အချိန်က နည်းနည်းအပူတပြင်းနိုင်နေတယ်… သူ့ရဲ့ဒဏ်ရာတွေက အကုန်မပျောက်ကင်းသေးဘူး… သူက အနားယူဖို့ အချိန်တစ်ခုလိုအပ်နေဦးမယ်”

လူတိုင်းက အဲဒါကို ရှင်းရှင်းလင်းလင်းတွေ့မြင်နေရသည်။

လင်းရွှင်ကျန်းသည် ကုတင်ပေါ်မှာ လှဲလျောင်းနေသည်။ သူမက သတိလစ်နေဆဲဖြစ်သော်လည်း သူမ၏ အသားအရေက အတော်လေးကောင်းမွန်နေပြီဖြစ်ပြီး သူမ၏ အသက်ရှူသံက တည်ငြိမ်နေသည်။ သူမ အမြုတေစိတ်ဝိညာဉ်ပေါ်ရှိ အက်ကွဲကြောင်းများက ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး သူမခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားကလည်း တဖြည်းဖြည်း ပြန်လည်စုစည်းလာနေ၏။

“သူအသက်ရှင်ပြီ… သူအသက်ရှင်သွားပြီ”

ယုလန်က စိတ်လှုပ်ရှားနေသည်။

လုယွင်နှင့် အခြားသူများကလည်း ပြုံးရွှင်နေကြသည်။

ကျန်ရှိနေသော ဓားကျင့်ကြံသူများက တံခါးဝမှာ စုဝေးကာ ကြည့်နေကြလေသည်။

လူတိုင်း၏ စိတ်အာရုံက လင်းရွှင်ကျန်းအပေါ်ရောက်ရှိနေပြီး လူတစ်ယောက်က ဂေဟာထဲကနေ တိတ်တဆိတ်ထွက်ခွာသွားသည်ကို သတိထားမိသည့်သူ မရှိသလောက်နီးပါးပင်။

ပေမင်ရွှယ်ကသာ လူအုပ်ကြားထဲမှ သူ၏ နောက်ကျောကို ကြည့်နေလေသည်။

သို့သော်လည်း သူမက တစ်စုံတစ်ရာပြောဆိုခြင်း သို့မဟုတ် သူ့ကို တားဆီးခြင်း မရှိပေ။

သူ့ဆရာ သွားမည့်နေရာနှင့် သူဘာလုပ်တော့မည်ကို သူမက သိရှိထားသောကြောင့်ဖြစ်သည်။

ဆူဇီမိုသည် တည်တံ့သောအမူအရာဖြင့် ဂေဟာထဲကနေ ထွက်ခွာပြီး မွန်မြတ်စံအိမ်ဘက်သို့ တန်းသွားလေသည်။

သူသည် ဤကိစ္စအတွက် တရားမျှတမှုကို ရှာဖွေရပေမည်။

လင်းရွှင်ကျန်းအတွက်ဖြစ်စေ၊ ဓားကမ္ဘာအတွက်ဖြစ်စေ သို့မဟုတ် သူတစ်ချိန်က တွေ့ဆုံခဲ့ဖူးသည့် မျောက်ဝံအတွက်ဖြစ်စေ… သူသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ နောက်တစ်ဖန်ဝင်ရောက်ရပေမည်။

သူထင်တာ မမှားဘူးဆိုလျှင် ရှန်းမုန်နှင့် အခြားသူများသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ရှိနေပေဦးမည်။

နောက်ဆုံးဆယ်ရက်ကိုရောက်ဖို့ နေ့တစ်ဝက်ကျန်နေသေးလေသည်။

ဆူဇီမိုအတွက်တော့ အဲဒါက လုံလောက်သည်။

သိပ်မကြာခင် ဆူဇီမိုသည် မွန်မြတ်စံအိမ်သို့ ရောက်ရှိလာခဲ့သည်။

မွန်မြတ်စံအိမ်သို့ ရောက်ရှိလာပြီးနောက် သူက ညာဘက်သို့ ချိုးကွေ့ပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်ရှိရာသို့ တန်းသွားလေသည်။

ထိုအခိုက်အတန့်မှာ ကမ္ဘာအမျိုးမျိုးမှ သက်ရှိများစွာက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ စုဝေးရောက်ရှိနေကြဆဲဖြစ်သည်။

ဆူဇီမိုဝင်ရောက်လာသည်ကို တွေ့မြင်သောအခါ လူများစွာက စတင်၍ တိတ်တဆိတ်ဆွေးနွေးပြောဆိုလာကြသည်။

“ကြည့်စမ်း… အဲဒါက ဓားတောင်ထွတ်က နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်အသစ်မလား”

“ဓားကမ္ဘာက ရှစ်ယောက်က ရှုံးနိမ့်ပြီးတော့ ပြန်သွားရတယ်… ဓားကမ္ဘာရဲ့ နံပါတ်တစ်ပကတိအင်မော်တယ် လင်းရွှင်ကျန်းက အသက်တောင် မရှင်နိုင်လောက်တော့ဘူးလို့ ငါကြားတယ်… ဒီလူက ဒီကို ဘာလို့ နောက်တစ်ခါပြန်ရောက်လာတာလဲ”

“သူက ကောင်းကင်ဘုံမျက်လုံးကမ္ဘာက ရှန်းမုန်ကို လက်စားချေဖို့ ရောက်လာတာနေမှာပေါ့”

လူတစ်ယောက်က လှောင်ပြောင်သရော်နေသော လေသံဖြင့် ပြောလိုက်လေသည်။

“သူက ကိုယ့်ကိုယ်ကိုယ် သတ်သေမလို့လား”

“ဟားဟား”

ရယ်သံတချို့က လူအုပ်ကြားထဲကနေ ထွက်ပေါ်လာ၏။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ သတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်ခြင်းကို ခွင့်မပြုပေ။ လင်းရွှင်ကျန်းနှင့် ဓားကမ္ဘာမှ အခြားသူများက ဒဏ်ရာအပြင်းအထန်ရရှိသွားခြင်းနှင့်အတူ သူတို့သည် လှောင်ပြောင်ထေ့ငေါ့မှုများစွာကို ရရှိလာဖို့က မလွဲမသွေပင်။

နဂါးငယ်တစ်ဦးက ပြုံးစစဖြင့် ပြောလိုက်၏။

“အားလုံးပဲ သူက ဓားကမ္ဘာရဲ့ တောင်ထွတ်သခင်ဖြစ်တယ်ဆိုတာကို မမေ့လိုက်နဲ့… ဓားကမ္ဘာက တပည့်ဂိုဏ်းသားတွေက သေးထွက်ကျတဲ့အထိ ရိုက်နှက်ခံခဲ့ရတယ်… နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်က ဓားကမ္ဘာရဲ့ တပည့်ဂိုဏ်းသားတွေအတွက် တရားမျှတမှု ရှာဖို့နဲ့ သူတို့ရဲ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့ ရှေ့ကိုထွက်လာရမှာပဲလေ”

ထိုနဂါးက တည်တံ့စွာ ပြောဆိုနေသော်လည်း သူ၏ လေသံမှာ လှောင်ပြောင်သရော်မှုကို လူတိုင်းက ကြားရနိုင်သည်။

ဗလတောင့်တောင့်လူရိုင်းက သွားဖြဲကာ ပြောလိုက်၏။

“သူက ရှန်းမုန်ကို ပြဿနာရှာဖို့အတွက် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို တကယ်ပဲ ဝင်ရောက်ရဲမယ်ဆိုရင် ငါက သူ့ကို ယောက်ျားတစ်ယောက်အဖြစ် လေးစားရလိမ့်မယ်”

“ဓားကမ္ဘာက အာကာသသက်ရှိနယ်ပယ်ကျင့်ကြံမှုနဲ့ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို တစ်ယောက်တည်းဝင်ရောက်ရဲဖို့ဆိုတာ တော်တော်ကို မိုက်မဲနေမှရမယ်”

နတ်ဘုရားမျိုးနွယ်သက်ရှိတစ်ဦးက လှောင်ရယ်လိုက်သည်။

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး သူ၏ ဘေးပတ်လည်မှ ဆွေးနွေးပြောဆိုသံများကို လျစ်လျူရှုထားသည်။ သူက လေထဲမှာရှိသော ဧရာမ ပိတ်ကားဆယ်ချပ်ကိုသာ ငေးကြည့်နေပြီး ရှန်းမုန်နှင့် အခြားသူများ၏ တည်နေရာကို ရှာဖွေနေသည်။

ဆူဇီမိုက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ မလှုပ်မယှက် မတ်တတ်ရပ်နေသည်ကို လူတိုင်းတွေ့ရသောအခါ သူက စိုးရိမ်နေသည်ဟု သူတို့က တွေးလိုက်ကြသည်။

အားအားယားယားလူတချို့က စိတ်ဝင်စားစရာကောင်းသော ပြပွဲတစ်ခု စောင့်မကြည့်ရမှာကို စိုးရိမ်နေကြသည်။

“ဟေး… တောင်ထွတ်သခင်… ခင်ဗျားကြောက်နေတာလား”

“ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က ရှန်းမုန်က ခင်ဗျားတို့ရဲ့ ဓားကမ္ဘာကို အနိုင်ကျင့်ခဲ့ပြီးပြီ…. တောင်ထွတ်သခင်တစ်ဦးအနေနဲ့ ဘာမှကြောက်မနေနဲ့… ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ကို သွားပြီး လက်စားချေပစ်လိုက်”

“အဲဒါအမှန်ပဲ… ရှန်းမုန်ကိုသတ်… ရှန်းမုန်ကိုသတ်… ဟားဟား”

“ဓားကမ္ဘာက အာကာသသက်ရှိ ပကတိအင်မော်တယ်တစ်ဦးက ကောင်းကင်ဘုံမျက်လုံးကမ္ဘာက အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးနဲ့ တိုက်ခိုက်ဖို့ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို တစ်ယောက်တည်း ဝင်ရောက်တော့မယ်… အဲဒါက ဘယ်လောက်အထင်ကြီးလေးစားဖို့ကောင်းလဲ စဉ်းစားကြည့်စမ်း…. ခင်ဗျားက သေသွားမယ်ဆိုရင်တောင် ခင်ဗျားရဲ့နာမည်က ထာဝရတည်တံ့နေလိမ့်မယ်”

“ရှန်းမုန်နဲ့ တခြားသူတွေကို သွားရှာမလို့လား… သူတို့က ဧရိယာ(၃)မှာပဲ”

ဆူဇီမိုသည် လူအုပ်ကြားထဲမှ နောက်ဆုံး အသုံးဝင်သော သတင်းအချက်အလက်တစ်ခုကို ကြားလိုက်ရလေသည်။ တတိယမြောက် ဧရာမကြေးမုံကနေတစ်ဆင့် သူသည် ရှန်းမုန်၏ တည်နေရာကို ဧရိယာ(၃)မှာ အလျင်အမြန်ရှာဖွေတွေ့ရှိသွားလေသည်။

ဆူဇီမိုက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ရုပ်သိမ်းပြီး တည်ငြိမ်သောအမူအရာဖြင့် ပို့ဆောင်ရေးဝင်္ကပါရှိရာသို့ လျှောက်လှမ်းသွားလေသည်။ အလင်းရောင်တစ်ချက် ဖျပ်ခနဲလက်ပြီး သူက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်ကနေ ပျောက်ကွယ်သွားလေသည်။

All Chapters