ငါမင်းကို သတ်ဖို့ရောက်လာတာ
Vol. 187 Ch. 2800
ဆူဇီမို၏ ပျောက်ကွယ်သွားသောပုံရိပ်ကိုကြည့်ရင်း မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှ သက်ရှိများက ကြောင်အ,မှင်တက်ကာ ခဏကြာသည်အထိ မတုံ့ပြန်နိုင်ကြပေ။
“နဝမမြောက်တောင်ထွတ်သခင်က အရူးလား”
“သူက တကယ်ကြီး ဝင်ရောက်သွားတာလား”
လူတိုင်းက ဆူဇီမိုက စောစောကသွေးထိုးလှုံ့ဆော်နေခဲ့ကြသော်လည်း ဆူဇီမိုသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ တကယ်ပဲဝင်ရောက်ရဲလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ကြပေ။
နဂါးတစ်ကောင်က ခဏမျှစဥ်းစားတွေးတောပြီးနောက် ဝေဖန်ဆန်းစစ်ပြလိုက်၏။
“သူ့ကိုပေးထားတဲ့ တောင်ထွတ်သခင်ဆိုတဲ့ဘွဲ့က သူ့ကိုတကယ်ပဲ ပြိုင်ဘက်ကင်းစေပြီး အန္တိမပကတိစိတ်ဝိညာဥ်တစ်ဦးကိုတောင် အနိုင်ယူနိုင်စေနိုင်မယ်လို့ သူ့ကို ထင်ယောင်ထင်မှား မြင်မိစေတာလား”
“ကြည့်စမ်း သူက ဧရိယာ-၄ ကို ရောက်သွားပြီ”
“သူသွားနေတဲ့လမ်းကြောင်းအရဆိုရင် သူက ရှန်းမုန်တို့ရှိတဲ့ဘက်ကို တကယ်ဦးတည်နေတာပဲ”
“သူက အရူးပဲ... ငါက ဒီနုံအတဲ့ကျင့်ကြံသူတစ်ယောက်ကို မတွေ့မြင်ရတော့တာ ဘယ်လောက်တောင်ကြာသွားခဲ့ပြီလဲ ဟားဟား”
“သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ်အရဆို သူက ရှန်းမုန်ကို လက်စားချေဖို့မပြောနဲ့ ဧရိယာ-၃ ကို အသက်ရှင်လျက်ဝင်ရောက်နိုင်မယ်ဆိုရင်တောင် မဆိုးဘူးခေါ်ရမယ်”
“အမှန်ပဲ... ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဥ်တွေက သူ့ရဲ့လမ်းကြောင်းကို ရှာဖွေတွေ့ရှိသွားတာနဲ့ သူတို့က သူ့ကို အလွတ်ပေးမှာမဟုတ်ဘူး”
ထိုသို့ဆွေးနွေးပြောဆိုပြီးနောက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှ ကျင့်ကြံသူများနှင့် သက်ရှိထက်ဝက်ကျော်က ဆူဇီမိုကို အာရုံစိုက်၍ ကြည့်နေကြ၏။
ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ပို့ဆောင်ရေးဝင်္ကပါကနေတစ်ဆင့် ဝင်ရောက်လာပြီးနောက် သူတို့သည် ကြုံရာကျပန်းနေရာတစ်ခုသို့ ဆင်းသက်ရောက်ရှိသွားပေလိမ့်မည်။
တကယ်တော့ သူသည် ရှန်းမုန်ကို တွေ့မြင်ထားခဲ့ပြီဆိုမှတော့ သူသည် ကြန့်ကြာနေစရာမလိုဘဲ ထိုနေရာကို တန်းသွားရုံသာဖြစ်လေသည်။
ရှန်းမုန်နှင့် အခြားသူများ၏ တည်နေရာက ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်သော်လည်း သူက ထိုနေရာသို့ ရောက်ရှိသွားသည်နှင့် သူတို့ကို ရှာဖွေဖို့က လွယ်ကူသွားပေလိမ့်မည်။
ဆူဇီမိုသည် ဘေထဲသို့ခုန်တက်ပြီး သူ၏ လမ်းကြောင်းကို ဖုံးကွယ်မထားပေ။ သူက လေထဲမှာပျံသန်းပြီး အန္တိမနတ်ဘုရားစွမ်းအား ကန့်သတ်မဲ့ရွှေအလင်းကို ထုတ်ဖော်ကာ တစ်ခဏချင်းမှာပင် မိုင်တစ်ထောင်အကွာအဝေးကို ဖြတ်ကျော်လာခဲ့လေသည်။
“သူက တကယ့်ကို သေချင်နေတာပဲ”
ထိုသည်ကို တွေ့မြင်သောအခါ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှ ပကတိစိတ်ဝိညာဥ်များစွာက လှောင်ပြောင်သရော်လိုသောအမူအရာများနှင့်အတူ သူတို့၏ ခေါင်းများက်ု ခါယမ်းလိုက်ကြ၏။
“ငါစောစောက ပြောခဲ့တဲ့စကားကို ပြန်ရုပ်သိမ်းရလိမ့်မယ်”
နတ်ဘုရားမျိုးနွယ်သက်ရှိက လှောင်ရယ်လိုက်၏။
“သူသွားနေတဲ့ပုံစံက ဧရိယာသုံးကိုဝင်ရောက်ဖို့မပြောနဲ့ နောက်ထပ်တစ်နာရီထက် ပိုအောင်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး”
တခြားသော ပကတိစိတ်ဝိညာဥ်များက သဘောတူထောက်ခံလိုက်ကြ၏။
ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဥ်များ၏ ပစ်မှတ်ထားခြင်းကို ရှောင်လွှဲဖို့ စိတ်အချရဆုံးနည်းလမ်းမှာ မြေပြင်ကနေ ဂရုတစိုက်သွားလာခြင်းဖြစ်သည်ကို လူတိုင်းသိရှိထားကြသည်။
ဆူဇီမို၏ ပျံသန်းပုံက အလွန်တရာထင်သာမြင်သာရှိပြီး ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဥ်များ၏ မြင်ကွင်းမှာ အလွယ်တကူ ထွက်ပေါ်လာပေလိမ့်မည်။
အန္တိမပကတိစိတ်ဝိညာဥ်တစ်ဦးမဟုတ်သရွေ့ မည်သူကမှ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဤကဲ့သို့သောပုံစံဖြင့် မသွားလာရဲပေ။
တကယ်ပင် ...။
လူတိုင်းက ဆွေးနွေးပြောဆိုလို့ မပြီးသေးခင်မှာ အပြစ်သားစိတ်ဝိညာဥ်တချို့က ဆူဇီမိုကို ပစ်မှတ်ထားလာကြပြီဖြစ်သည်။
ရှေ့မှာ ပေတစ်ထောင်ရှည်လျားသော သက်ရှိတစ်ဦးရှိပြီး နက်မှောင်နေသော မိစ္ဆာချီဖြင့် လွှမ်းခြုံထားလေသည်။ သူ၏ ဧရာမခန္ဓာကိုယ်က မိစ္ဆာနတ်ဆိုးတစ်ကောင်ကဲ့သို့ တုတ်ခိုင်ကြီးမားပြီး လူသားများနှင့် ပုံသဏ္ဌာန်တူလေသည်။
သို့သော်လည်း သူ၏ ဦးခေါင်းထက်မှာ လျှို့ဝှက်ဆန်းကြယ်သော နွယ်လိမ်အင်းကွက်များနှင့် ပြည့်နှက်နေသည့် ထက်ရှသောဦးချိုများ ရှိလေသည်။
အဆူရာမျိုးနွယ်...။
အဆူရာပကတိစိတ်ဝိညာဥ်မှာ လက်လေးဖက်နှင့် ဦးခေါင်းနှစ်လုံးရှိပြီး ဆူဇီမိုရှိရာဘက်သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် အဆူရာက သူ၏ လက်လေးဖက်ကို ဝေ့ယမ်းပြီး ကောင်းကင်တစ်ခွင်အုပ်မိုးနေသော သူ၏ ကြီးများသောလက်များကို ဖြန့်ထုတ်ကာ ဆူဇီမိုကို လွှမ်းခြုံစေလိုက်လေသည်။
ဆူဇီမိုက အဲဒါကို လုံးဝလျစ်လျူရှုပြီး သူ၏ နောက်ဘက်မှာ ထွင်းဖောက်မတတ်ကြည်လင်နေသော တောင်ပံတစ်စုံ ရုတ်တရက်ပေါ်ထွက်လာ၏။
သူ၏ တောင်ပံများကိုခတ်ရင်း ဆူဇီမို၏ အလျင်အဟုန်က နောက်တစ်ဖန်ဆပွားတိုးလာခဲ့သည်။ ကောင်းကင်ဘုံခြေလှမ်း၊ ကန့်သတ်မဲ့ရွှေအလင်းနှင့် အခြားသောစွမ်းအားကြီးမားသည့် ထွက်ပြေးခြင်းနည်းစနစ်များနှင့်အတူ သူသည် အဆူရာ၏ လက်ချောင်းများကြားကနေ ဖြတ်ကျော်လာခဲ့သည်။
တစ်ခဏချင်းမှာပင် ဆူဇီမိုက အဆူရာကို နောက်မှာချန်ထားရစ်ခဲ့လေသည်။
အစက ဆူဇီမိုကို သတ်ဖြတ်ဖို့ပြင်ဆင်နေသော အပြစ်သားစိတ်ဝိညာဥ်တစ်အုပ်စုပင်လျှင် လွဲချော်သွားလေသည်။
ဆူဇီမို၏ လှုပ်ရှားမှုနည်းစနစ်က ဤမျှအထိ မြန်ဆန်နေလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ပေ။
အပြစ်သားစိတ်ဝိညာဥ်များသည် ခဏကြာဆက်လိုက်လာခဲ့ကြသည်။ သူတို့သည် လိုက်မမီရုံသာမက သူတို့သည် ဆူဇီမိုကိုပင် မျက်ခြည်ပြတ်သွားလေသည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ။
နတ်ဘုရားမျိုးနွယ်သက်ရှိက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
“အဲဒီလူရဲ့ လှုပ်ရှားမှုနည်းစနစ်က မဆိုးပါဘူး... ဒါပေမဲ့ အဲဒါက သုံးစားမရဘူး... သူက ဘယ်လောက်ပဲမြန်မြန် အထဲမှာရှိတဲ့ ကောင်းကင်ယက္ခတွေကို ယှဥ်နိုင်မှာလား”
“အမှန်ပဲ... သူက လေထဲမှာ ထင်သာမြင်သာရှိနေပုံနဲ့ဆိုရင် သူက ကောင်းကင်ယက္ခတွေရဲ့ ပစ်မှတ်ထားခံရဖို့ သိပ်ကြာလိုက်မှာ မဟုတ်ဘူး”
လူတိုင်းဆွေးနွေးပြောဆိုနေစဥ်မှာပင် ကောင်းကင်ယက္ခတစ်အုပ်စုက လေထဲကနေဆင်းသက်လာပြီး ကြမ်းကြုတ်ခက်ထန်သော အမူအရာများနှင့်အတူ စူးရှသောအော်သံများကို ထုတ်ဖော်ကာ ဆူဇီမိုထံသို့ ပစ်ဝင်လာကြသည်။
ဆူဇီမိုက သူ၏ လမ်းမှာ ကြန့်ကြာမနေလိုဘဲ ဤယက္ခအုပ်စုကို အရေးမလုပ်နိုင်ပေ။ ဆန်းကြယ်တောင်ပံများ၏ အောက်ဘက်မှာ နောက်ထပ်တောင်ပံတစ်စုံပေါ်ထွက်လာ၏။
ထိုတောင်ပံတစ်စုံကို မိုးကြိုးလျှပ်စီးများဖြင့် လွှမ်းခြုံထားပြီး လေကဲ့သို့ လျင်မြန်လေသည်။
မိုးကြိုးလေပြည်တောင်ပံများ။
ဆန်းကြယ်တောင်ပံများနှင့် မိုးကြိုးလေပြည်တောင်ပံများကို တစ်ချိန်တည်းမှာ ခတ်လိုက်၏။ ဆူဇီမို၏ ခန္ဓာကိုယ်က မိုးကြိုးလျှပ်စီးဖြင့် တောက်ပလာပြီး သူ၏ အလျင်အဟုန်က နောက်တစ်ဖန်တိုးမြင့်လာ၏။
ချက်ချင်းပင် သူက ကောင်းကင်ယက္ခများ၏ ဝိုင်းပတ်ပိတ်ဆို့မှုကနေ ဖောက်ထွက်ကာ နေရာကနေ ပျောက်ကွယ်သွားလေသည်။
ကောင်းကင်ယက္ခများစွာက မှင်တင်သွားလေသည်။
သူတို့တုံ့ပြန်လာသည့်အချိန်မှာ ဆူဇီမိုက အဝေးသို့ ပြေးထွက်သွားခဲ့ပြီဖြစ်သည်။
သူတို့၏ လှုပ်ရှားမှုနည်းစနစ်နှင့် အလျင်အဟုန်အရ သူတို့က လိုက်မီနိုင်စရာအကြောင်း မရှိတော့ပေ။
“ဒါက...”
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှ သက်ရှိများက ကြက်သေသေနေကြ၏။
တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်ရှိ အန္တိမပကတိစိတ်ဝိညာဥ်များပင်လျှင် ဤကဲ့သို့သောအလျင်အဟုန်နှင့် လှုပ်ရှားမှုနည်းစနစ်မျိုး ရှိချင်မှ ရှိပေလိမ့်မည်။
လူရိုင်းတစ်ဦးက ပြောလိုက်၏။
“ဒီလူက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို တစ်ယောက်တည်းဝင်ရောက်ရဲတာ အံ့ဩစရာမရှိတော့ဘူး... သူ့မှာ ယုံကြည်ရာရှိနေတာကိုး”
နတ်ဘုရားမျိုးနွယ်သက်ရှိက လင်မခံလိုသေးဘဲ အေးစက်စွာပြောလိုက်၏။
“သူက ကောင်းကင်ယက္ခတွေရဲ့ ဝိုင်းပတ်ပိတ်ဆို့မှုကနေ ဖောက်ထွက်နိုင်တယ်ဆိုတော့ရော ဘာဖြစ်လဲ... သူက အထဲမှာရှိတဲ့ ယက္ခိုသ်တစ္တေတွေနဲ့ မကြုံတွေ့ရဖို့ ဆုတောင်းနေတာပိုကောင်းလိမ့်မယ်”
ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ အလျင်မြန်ဆုံး လှုပ်ရှားမှုနည်းစနစ်ကို ပိုင်ဆိုင်ထားသည့်သူများက ကောင်းကင်ယက္ခများမဟုတ်ဘဲ ယက္ခိုသ်တစ္ဆေများဖြစ်လေသည်။
ဆူဇီမိုက အဆက်မပြတ်ပြေးလွှားပြီး လမ်းတစ်လျှောက်မှာ အဟန့်အတားပေါင်းများစွာနှင့် ကြုံတွေ့ခဲ့ရ၏။ သို့သော်လည်း သူက သူ့လှုပ်ရှားမှုနည်းစနစ်၏ ကြောက်စရာကောင်းသော အလျင်အဟုန်အပေါ်မှီခိုကာ အလွယ်တကူဖြတ်ကျော်လာခဲ့လေသည်။
ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဥ်များက သူ၏ အဝတ်စကိုပင် မထိနိုင်ကြပေ။ ဧရိယာသုံးသို့ ဝင်ရောက်လာသည့်ခဏမှာပင် သူက ယက္ခိုသ်တစ်အုပ်စုဖြင့် ပစ်မှတ်ထားခံရဆဲ ဖြစ်လေသည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှ သက်ရှိများစွာက အဲဒါကို သတိထားမိသွားပြီး စိတ်လှုပ်ရှားတက်ကြွလာ၏။ သူတို့က ကြီးမားသည့် အမဲလိုက်ပွဲတစ်ခုကို တွေ့မြင်ရဖို့ စောင့်မျှော်နေကြလေသည်။
သို့သော်လည်း ထူးဆန်းသည့်အရာမှာ ယက္ခိုသ်များက ရှေ့သို့ပြေးဝင်လာသည့်ခဏမှာပင် သူတို့က ဘာ့ကြောင့်ရယ်မသိ လူစုခွဲပြီး ဆူဇီမိုကို တားဆီးခြင်းမရှိဘဲ ထွက်ခွာခွင့်ပေးလိုက်၏။
“ဘာဖြစ်နေတာလဲ”
“ငါ့လခွမ်းတဲ့မှ...”
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှ သက်ရှိများစွာက ကြက်သေသေနေကြ၏။
ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာရှိသော ဆူဇီမိုကသာ အကြောင်းရင်းကို ခန့်မှန်းမိလေသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က သူသည် ယက္ခိုသ်မျိုးနွယ်မှ ခေါင်းဆောင်အမျိုသမီးတစ်ဦးနှင့် တိုက်ခိုက်ကာ ခြိမ်းခြောက်ခဲ့လေသည်။ သူမသည် သူ့ကို ရန်မစရန် အခြားသောယက္ခိုသ်များကို သတိပေးထားခြင်းဖြစ်ရပေမည်။
ယက္ခိုသ်များ၏ ဟန့်တားနှောက်ယှက်မှုမရှိဘဲ အခြားသော အပြစ်သားစိတ်ဝိညာဥ်များက သူ့အပေါ်မှာ သက်ရောက်မှု များစွာမရှိတော့ပေ။
ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆူဇီမို၏ ခရီးစဥ်က အတော်လေးချောမွေ့နေသည်ဟု ဆိုရသည်။ သူသည် ဧရိယာ-၃ သို့ အလျင်အမြန်ဝင်ရောက်လာပြီး ရှန်းမုန်နှင့် အခြားသူများရှိရာသို့ ပျံသန်းသွားလေသည်။
သိပ်မကြာခင် ဆူဇီမိုသည် နောက်ဆုံး သူလိုရာပန်းတိုင်ကို ရောက်ရှိလာခဲ့သည်။
သို့သော်လည်း ရှန်းမုန်နှင့် အခြားသူများက ဤနေရာမှာ မရှိတော့ပေ။
သူက ဘေးပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်ပြီးနောက် တိုက်ပွဲတစ်ခုမှ ကျန်ရှိခဲ့သော သွေးစတချို့ကို ရှာဖွေတွေ့ရှိသွားသည်။
ထိုသဲလွန်စများအတိုင်းက သူကအဆက်မပြတ် လိုက်လံရှာဖွေရင်း နောက်ဆုံးမှာ တောင်ခြေရင်းတွင် ရှန်းမုန်နှင့် အခြားသူများကို လိုက်မီလာခဲ့လေသည်။
“ဟမ့်...”
ရှန်းမုန်က မည်သို့ပင်ဆိုစေ အန္တိမပကတိစိတ်ဝိညာဥ်တစ်ဦးဖြစ်ပြီး ချက်ချင်းပင် သတိဝင်လာခဲ့သည်။ သူက ချာခနဲလှည့်ပြီး သူ့နောက်ဘက် မလှမ်းမကမ်းမှာ ပျံသန်းလာနေသည့် စာပေသမားဆန်ဆန် အစိမ်းရောင်ဝတ်ကျင့်ကြံသူကို တွေ့မြင်လိုက်လေသည်။
“ဓားကမ္ဘာက ဓားကျင့်ကြံသူတစ်ယောက်က ဝင်ရောက်လာရဲတာလား”
ရှန်းမုန်သည် အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ ခါးပေါ်မှ တံဆိပ်ပြားကို တွေ့မြင်သောအခါ သူက ချက်ချင်းပင် မှတ်မိသိရှိသွားလေသည်။ သူ့နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးပေါ်မှာ အက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာပြီး တင်းမာခက်ထန်သော သတ်ဖြတ်လိုစိတ်က ထွက်ပေါ်လာ၏။
“ဟမ့်...”
ရှန်းမုန်က သူ၏ စိတ်ဝိညာဥ်အသိစိတ်နှင့်အတူ စစ်ဆေးကြည့်ပြီး တစ်ဘက်လူ၏ ကျင့်ကြံမှုနယ်ပယ်ကို ထောက်လှမ်းသိရှိသွားသည်။ သူက လှောင်ရယ်ကာ မျက်ခုံးပင့်ပြီး ပြောလိုက်၏။
“အာကာသသက်ရှိနယ်ပယ် ပကတိအင်မော်တယ်ပဲ... မင်း ဒီကိုဘာလာလုပ်တာလဲ”
“ငါမင်းကိုသတ်ဖို့လာတာ”
အစိမ်းရောင်ဝတ်ကျင့်ကြံသူက ပြန်ဖြေလိုက်လေသည်။