အကုန်ရှင်းလင်းပစ်ခြင်း
Vol. 187 Ch. 2802
ကျန်ရှိနေသော ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဥ်ရှစ်ဦးက တုန်လှုပ်စွာဖြင့် သူတို့၏ ပါးစပ်များကို ဖွင့်ဟလိုက်ကြ၏။
ရှန်းမုန်သည် အရမ်းကို လျင်မြန်စွာ သေဆုံးသွားပြီး ရုတ်တရက်ဆန်လွန်းလေသည်။
သူတို့က အဲဒါကို လက်မခံနိုင်ဘဲ ခဏကြာသည်အထိ မယုံကြည်နိုင်ကြပေ။
အဲဒါက ဘယ်လိုဖြစ်ရတာလဲ။
ရှန်းမုန်က အန္တိမပကတိစိတ်ဝိညာဥ်တစ်ဦးဖြစ်သည်။
ကမ္ဘာတစ်ထောင်သုံးဆင့်လောကတစ်ခုလုံးမှာ ထိပ်ဆုံးတစ်ရာထဲ ဝင်ရောက်နိုင်သောပကတိစိတ်ဝိညာဥ်ပညာရှင်တစ်ဦးက ဓားချက်တစ်ချက်ဖြင့် နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရတာလား။
သူတို့၏ မျက်လုံးထဲမှာ ရှန်းမုန်သည် ဆူဇီမိုတိုက်ခိုက်ပြီးနောက် အရမ်းကို လွယ်ကူစွာသေဆုံးသွားခဲ့လေသည်။
သို့သော်လည်း တကယ်တမ်းမှာတော့ ဆူဇီမိုသည် ဓားချက်တစ်ချက်နှင့် ရှန်းမုန်ကို သတ်ဖြတ်ရန်အတွက် သူသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုကို ထုတ်ဖော်ခဲ့ရပြီး ထိုနှစ်ခုကို ချင်းဖျင်ဓားနှင့် ပေါင်းစပ်ခဲ့ရလေသည်။
အဲဒါသည် တိုတောင်းသော တိုက်ခိုက်ဖလှယ်မှုတစ်ခုဖြစ်ခဲ့ပုံပေါ်သော်လည်း သေဆုံးသွားသောရှန်းမုန်ကသာ အဲဒါက ဘယ်လောက်ကြောက်စရာကောင်းသလဲ သိခဲ့လေသည်။
ကျန်ရှိနေသော ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဥ်ရှစ်ဦးက ငေးမောမှင်တက်နေသော်လည်း ဆူဇီမိုက ရပ်တန့်မသွားခဲ့ပေ။
ချင်းဖျင်ဓားသည် ရှန်းမုန်၏ ခန္ဓာကိုယ်ကို ထိုးခွဲထုတ်လိုက်သည်။ ဆူဇီမိုက ဓားနှင့်အတူ လိုက်ပါလာပြီး သွေးမြူခိုးများကို ဖြတ်ကျော်လာခဲ့လေသည်။
သူ့လက်ထဲရှိ ချင်းဖျင်ဓားနှင့်အတူ သူက အခြားသော ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဥ်နှစ်ဦးရှေ့မှာ ချက်ချင်းပင်ပေါ်ထွက်လာ၏။
ဇီ....
ချင်းဖျင်ဓားက သူတို့နှစ်ဦးကို ဖြတ်သွားပြီး တဖျတ်ဖျတ်တလက်လက်အစိမ်းရောင်အလင်းတစ်ခုကို ဖြာထုတ်ပေးနေ၏။
ကောင်းကင်ဘုံမျက်လုံး ပကတိစိတ်ဝိညာဥ်နှစ်ဦး၏ ဦးခေါင်းများက သေသပ်စွာ လှီးဖြတ်ခံလိုက်ရပြီး လေထဲသို့ မြောက်တက်သွားလေသည်။ ထက်ရှသောဓားချီက သူတို့၏ အသိစိတ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဥ်နှစ်ဦး၏ အမြုတေစိတ်ဝိညာဥ်များမှာ ကပ်ငြိနေ၏။
ကျန်ရှိနေသော ကောင်းကင်ဘုံမျက်လုံး ပကတိစိတ်ဝိညာဥ်ခြောက်ဦးက နောက်ဆုံးမှာ တုံ့ပြန်လာကြသည်။
သူတို့ထဲမှ နှစ်ယောက်က သူတို့၏ ကောင်းကင်ဘုံမျက်လုံးများကို ဒေါသတကြီးဖွင့်ပြီး ဆန့်ကျင်တိုက်ခိုက်လိုလေသည်။
“ကျောက်ဖြစ်မျက်လုံး”
“မုန်တိုင်းမျက်လုံး”
ထူးဆန်းသောစွမ်းအားတစ်ခုက ဆူဇီမိုပေါ်ဆင်းသက်လာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။
တကယ်တော့ ထိုကျောက်ဖြစ်မျက်လုံးက ဆက်လက်၍ ဆင့်ကဲပြောင်းလဲလာမည်ဆိုလျှင် အဲဒါကို အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ကြယ်တာရာအကျဥ်းထောင်အဖြစ် နားလည်ဆင်ခြင်နိုင်ဖို့ အခွင့်အရေးရှိလေသည်။
သို့သော်လည်း ကျောက်ဖြစ်စွမ်းအားသက်သက်က ဆူဇီမိုကို လုံးဝမထိခိုက်စေနိုင်ပေ။
ဆူဇီမိုမှာ အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာခန္ဓာရှိပြီး ကျောက်ဖြစ်စွမ်းအားက သူ့အပေါ်မှာ လုံးဝမသက်ရောက်ပေ။
သူက ရပ်တန့်ခြင်း မရှိပေ။ ချင်းဖျင်ဓားကို ကိုင်ဆွဲရင်း သူ့ရှေ့မှာ ယခုတင်စုဖွဲ့လာသည့် မုန်တိုင်းကို ခုတ်ပိုင်းချကာ ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဥ်နှစ်ဦး၏ ရှေ့သို့ ရောက်ရှိလာပြီး သူတို့ထဲမှ တစ်ဦး၏ နှာရောင်ကို ထိုးဖောက်လိုက်၏။
ကျန်ရှိနေသော အလျင်အဟုန်ကို အသုံးချကာ သူက လက်ပြန်ခုတ်ပိုင်းပြီး အခြားတစ်ယောက်ကို နှစ်ပိုင်းလှီးဖြတ်ချလိုက်၏။
ကျန်ရှိနေသော ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဥ်လေးဦးက ထိုသည်ကို တွေ့မြင်သောအခါ သူတို့က ခုခံဆန့်ကျင်ရဲခြင်း မရှိတော့ဘဲ သူတို့၏ ခါးများရှိ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများဆီ လက်လှမ်းကာ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ထွက်ခွာဖို့ပြင်လိုက်ကြသည်။
ဆူဇီမိုက သူ၏ လက်ထဲရှိ ချင်းဖျင်ဓားကိုလှည့်ပြီး သူတို့လေးယောက်ရှိရာဘက်သို့ ခုတ်ပိုင်းချလိုက်၏။
ချက်ချင်းပင် ချင်းဖျင်ဓားသည် မရေမတွက်နိုင်သော ဓားရိပ်များအဖြစ် ပြောင်းလဲသွားပုံရပြီး ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။ ကောင်းကင်ဘုံမျက်လုံး ပကတိစိတ်ဝိညာဥ်လေးဦး၏ ဘေးပတ်လည်မှာရှိသောလေဟာနယ်က တွန့်လိမ်၍ ပြိုကျပြီး ဧရာမဂူသင်္ချိုင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။
မရေမတွက်နိုင်သော အစိမ်းရောင်ဓားအရိပ်များက ရောထွေးယှက်ဖြာပြီး ဂူသင်္ချိုင်းထဲသို့ဆင်းသက်ကာ အသက်ဓာတ်ကိုဖြတ်တောက်ထားသည့် အသက်မဲ့ဓားဂူသင်္ချိုင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဥ်လေးဦးက ဤနေရာကနေထွက်မပြေးနိုင်ခင် သူတို့သည် ဓားဂူသင်္ချိုင်းထဲသို့ ကျဆင်းသွားပြီး မရေမတွက်နိုင်သော အစိမ်းရောင်ဓားအရိပ်များဖြင့် အချက်ပေါင်းများစွာ ထိုးဖောက်ခံလိုက်ရ၏။ သူတို့၏ ခန္ဓာကိုယ်များက ဓားပေါက်များဖြင့် ပြည့်နှက်နေပြီး သွေးများက တသွင်သွင်စီးကျကာ သူတို့က သေဆုံးသွားလေသည်။
ဓားသင်္ချိုင်းတာအိုသည် ပထမဆုံးအကြိမ်အဖြစ် အများသူငှာရှေ့မှာ ထွက်ပေါ်လာပြီး ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဥ်လေးဦးကို ချက်ချင်းပင် မြှုပ်နှံပစ်လိုက်လေသည်။
တိုက်ပွဲသည် ရုတ်တရက်ဆန်စွာ စတင်ခဲ့ပြီး ယတိပြတ်ရပ်တန့်သွားခဲ့သည်။
တစ်ခဏချင်းမှာပင် ရှန်းမုန်နှင့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ အခြားသူများသည် ရှင်သန်သူတစ်ယောက်မကျန် အကုန်ရှင်းလင်းသုတ်သင်ပစ်ခံလိုက်ရလေသည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်က ရုတ်တရက်တိတ်ဆိတ်ငြိမ်သက်သွားပြီး အပ်ကျသံကိုပင် ကြားရလောက်သည်။
အမျိုးမျိုးသောကမ္ဘာများမှ မျိုးနွယ်စုတစ်သောင်းသက်ရှိများသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲတွင် ဖြစ်ပျက်နေသည့်မြင်ကွင်းကို သူတို့မျက်လုံးဖြင့် ကိုယ်တိုင်တွေ့မြင်နေရပြီး တုန်လှုပ်နေကြ၏။
စောစောက မြင်ကွင်းသည် လူတိုင်း၏ စိတ်ကူးစိတ်သန်းထက် ကျော်လွန်သွားခဲ့လေသည်။
ရှန်းမုန်သည် နဝမမြောက်ဓားတောင်ထွတ်သခင်ထံမှ ဓားချက်တစ်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရပြီး အခြားသော ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဥ်များက ဟင်းရွက်ကန်စွန်းများ လှီးဖြတ်ခံရသည့်အလား သူ၏ ခုတ်ပိုင်းသတ်ဖြတ်ခြင်း ခံလိုက်ရသည်။
ဖြစ်စဥ်တစ်ခုလုံးက အသက်ရှူချိန်အနည်းငယ်သာ ကြာမြင့်ခဲ့သော်လည်း ရှန်းမုန်တို့ တစ်အုပ်စုလုံးက သတ်ဖြတ်ခံလိုက်ရသည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများနှင့်ပင်လျှင် သူတို့သည် မလွတ်မြောက်နိုင်ခဲ့ကြပေ။
ဤသည်က ကြီးမားသောတိုက်ပွဲတစ်ခုမဟုတ်ဘဲ တစ်ဖက်သတ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းနှင့် တူလေသည်။
ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ တိုက်ပွဲမြေကိုရှင်းလင်းနေသည့် ကြော့ရှင်းရည်မွန်သောမျက်နှာနှင့် အစိမ်းရောင်ဝတ်အမျိုးသားကိုကြည့်ရင်း ပကတိစိတ်ဝိညာဥ်များစွာ၏ ရင်ထဲမှာ အေးစက်မှုတစ်ခုက ရုတ်တရက်ပေါ်ထွက်လာ၏။
ဓားကမ္ဘာမှာ ဤကဲ့သို့ ရက်စက်ကြမ်းတမ်းသော ပုဂ္ဂိုလ်တစ်ယောက် ဘယ်တုန်းက ပေါ်ထွက်လာခဲ့တာလဲ။
ဤလူက တောင်ထွတ်သခင်တစ်ဦးဖြစ်လာခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ။
ဓားကမ္ဘာမှလူများ စခန်းချရာ ဂေဟာထဲမှာ။
ဓားကျင့်ကြံသူများစွာ၏ မျှော်လင့်စောင့်စားမှုနှင့် စိုးရိမ်ပူပန်မှုများအောက်မှာ လင်းရွှင်ကျန်းသည် ဖြည်းဖြည်းချင်းနိုးထလာပြီး သူမ၏ အသိစိတ်ကို တဖြည်းဖြည်းပြန်လည်ရရှိလာ၏။
လင်းရွှင်ကျန်း၏ ပထမဆုံးတုံ့ပြန်မှုမှာ သူမခါးပေါ်ရှိ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို လှမ်းစမ်းလိုက်ခြင်းဖြစ်လေသည်။
မည်သည့်အရာကိုမှ မစမ်းမိသည့်အခါ သူမ၏ မျက်လုံးထဲတွင် စိတ်ပျက်လက်ပျက်အကြည့်တစ်ခုက ပေါ်ထွက်လာ၏။
ယုလန်သည် လင်းရွှင်ကျန်း၏ စိတ်ပျက်မှုကို တွေ့မြင်သွားပြီး သူမကို နှစ်သိမ့်ပေးလိုက်သည်။
“ရွှင်ကျန်း... ဘာမှမဖြစ်ဘူး... နင် အဆင်ပြေနေသရွေ့ နောက်ပိုင်း တိုက်ပွဲရမှတ်တွေကို အမြဲတမ်းပြန်ရယူနိုင်တယ်”
လင်းရွှင်ကျန်းသည် တစ်စုံတစ်ရာကိုတွေးမိသွားပုံရပြီး ရုတ်တရက်မေးလိုက်သည်။
“ဟိုမျောက်ဝံဘယ်မှာလဲ... သူဘယ်လိုနေလဲ “
“သူသေသွားပြီ”
ယုလန်က ညင်သာစွာသက်ပြင်းချပြီး ထိုအကြောင်းအရာကို ဖုံးကွယ်ထားခြင်းမရှိပေ။
လင်းရွှင်ကျန်းသည် သူမ၏ ခေါင်းကိုငုံ့လိုက်၏။ သူမသည် အမူအရာကင်းမဲ့စွာဖြင့်ရှိနေသော်လည်း သူမ၏ ရင်ထဲမှာ နာကျင်နေ၏။
အရင်တုန်းက လိုဏ်ဂူထဲမှာ ဆူဇီမိုကို သူမပြောခဲ့သည့်စကားကို ပြန်အမှတ်ရသောအခါ သူမသည် ပို၍ပင် မလုံမလဲခံစားလာရပြီး နောင်တရနေ၏။
“ရွှင်ကျန်း.... ဘယ်လိုနေလဲ.. နင်သက်တောင့်သက်သာရှိရဲ့လား”
ယုလန်က လင်းရွှန်ကျန်း နှုတ်ဆိတ်နေသည်ကို တွေ့မြင်သောအခါ သူမက စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်၏။
လင်းရွှင်ကျန်းက အသိစိတ်ပြန်ကပ်လာပြီး သူမ၏ အခြေအနေကို စစ်ဆေးကြည့်လိုက်၏။
သူမ၏ ထိခိုက်ဒဏ်ရာများက လုံးလုံးလျားလျားမပျောက်ကင်းသေးသော်လည်း ဒဏ်ရာအများစုက အတော်လေးကောင်းမွန်နေလေပြီ။ ဒါ့အပြင် သူမလောင်ကျွမ်းစေခဲ့သော သူမ၏ အမြုတေစိတ်ဝိညာဥ်က ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့သည့်အလား ကောင်းမွန်နေလေသည်။
အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
လင်းရွှင်ကျန်းသည် သူမ၏ အမြုတေစိတ်ဝိညာဥ်ကို လောင်ကျွမ်းစေခြင်း၏ နောက်ဆက်တွဲရလဒ်ကို ကောင်းကောင်းသိလေသည်။ ဒါ့အပြင် ထိုစဉ်တုန်းက သူမသည် ရှန်းမုန်လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး ရှင်သန်နိုင်တော့မည် မဟုတ်ပေ။
“ဆရာ... ရှင်တို့တွေ ကျွန်မကို ကယ်တင်လိုက်တာလား”
လင်းရွှင်ကျန်းက မေးလိုက်၏။
“မင်းကိုကယ်လိုက်တာက တောင်ထွတ်သခင်ဆူကျူးပဲ”
ယုလန်က ပြောလိုက်၏။
“ရောင်းရင်းဆူက မင်းကို သေမင်းတံခါးဝကနေ ပြန်ဆွဲခေါ်ဖို့အတွက် တစ်ရက်နဲ့နေ့တစ်ဝက်လုံးလုံးကုသပေးခဲ့ရတယ်... သူတစ်ယောက်ကပဲ မင်းကိုကုသပေးနိုင်တယ်”
လင်းရွှင်ကျန်းသည် သူမ မိန်းမောနေခဲ့သည့် အခြေအနေကို ခပ်ရေးရေးပြန်လည်အမှတ်ရလိုက်၏။ တစ်ယောက်ယောက်က သူမထံ ဓမ္မပညာရပ်များကို ခင်းကျင်းပြီး သူမခန္ဓာကိုယ်ထဲသို့ အသက်ဓာတ်အားကို ထည့်သွင်းပေးနေခဲ့ပုံရလေသည်။ ထိုသူက ဆူကျူးဖြစ်နေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
“တောင်ထွတ်သခင်ဆူ ဘယ်မှာလဲ”
လင်းရွှင်ကျန်းက ကုတင်ပေါ်ကနေ ထထိုင်ပြီး ဆူဇီမိုကို ကိုယ်တိုင်ကျေးဇူးတင်ဖို့ပြင်လိုက်၏။
“ညီကိုဆူ...”
“သူစောစောက ဒီမှာရှိပါတယ်”
ယုလန်၊ လုယွင်နှင့် အခြားသူများက ဆူဇီမိုကို လိုက်လံရှာဖွေကြည့်လိုက်ကြ၏။
ပေမင်ရွှယ်က ပြောတော့မည့်ဆဲဆဲမှာပင် အပြင်ဘက်ကနေ မောက်မာခက်ထန်သောရယ်သံတစ်သံ ထွက်ပေါ်လာ၏။
“ဟားဟားဟားဟား... ညီကိုလု ငါတို့ဒီလောက်မြန်မြန်ဆန်ဆန် ပြန်ဆုံရလိမ့်မယ်လို့ ထင်မထားဘူးမလား... မင်းတို့ဓားကမ္ဘာက လင်းရွှင်ကျန်းရော အသက်ရှင်နေသေးလား”
ထိုလူ၏ စကားလုံးများက လှောင်ပြောင်သရော်မှုနှင့် အူမြူးအားရမှုဖြင့် ပြည့်နှက်နေ၏။ ထိုသူသည် ကောင်းကင်ဘုံမျက်လုံးကမ္ဘာမှ ဘုရင်အေးစက်မျက်လုံးဖြစ်လေသည်။
လုယွင်၊ ယုလန်နှင့် အခြားသူများ၏ အမူအရာများက သုန်မှုန်သွားလေသည်။ သူတို့သည် အခန်းအပြင်ဘက်သို့ လျှောက်လှမ်းထွက်လာပြီး အခြားတစ်ဘက်မှာ မတ်တတ်ရပ်နေသော ဘုရင်အေးစက်မျက်လုံးနှင့် အခြားသူများကို ကြည့်လိုက်၏။
ဘုရင်အေးစက်မျက်လုံးက လုယွင်ပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ သူ၏ မျက်လုံးထဲရှိ လှောင်ပြောင်သရော်လိုရိပ်က ပိုမိုထင်ရှားလာပြီး သူကပြုံး၍ ဆက်ပြောလိုက်၏။
“လုယွင်... မင်းဘာလို့ငါ့ကို အဲလောက်ထိ ဒေါသတကြီး ကြည့်နေရတာလဲ”
“လင်းရွှင်ကျန်းကိုသတ်တဲ့သူက ငါမဟုတ်ဘူးလေ... သူ့ရဲ့ကျင့်ကြံမှုက အားနည်းနေတော့ ငါ့ရဲ့ကောင်းကင်ဘုံမျက်လုံးကမ္ဘာက ရှန်းမုန်နဲ့ ဘယ်လိုလုပ်တိုက်ခိုက်နိုင်ပါ့မလဲ... ကျင့်ကြံမှုနယ်ပယ်တူတွေကြားက တိုက်ပွဲတစ်ခုမှာ သူ့ရဲ့ကိုယ်စွမ်းကိုယ်စ ညံ့ဖျင်းမှုအတွက် သူ့ကိုယ်သူပဲ အပြစ်တင်ရလိမ့်မယ်”
လုယွင်က လှောင်ရယ်လိုက်၏။
“ဘုရင်အေးစက်မျက်လုံး... မပူပါနဲ့ ငါ့မှာ သူ့ရဲ့ကိုယ်စွမ်းကိုယ်စညံ့ဖျင်းမှုကြောင့် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ကောင်းကင်ဘုံမျက်လုံးကန်းသွားရအောင် ပျော့ညံ့တဲ့သားတစ်ယောက်မရှိတဲ့အတွက် ငါက အပြစ်မဲ့တဲ့သက်ရှိပေါင်းသန်းရာချီကို သတ်ဖြတ်ရလောက်အောင် အရှက်မမဲ့ပါဘူး”
“ဟမ့်”
ထိုစကားကိုကြားချိန်မှာ ဘုရင်အေးစက်မျက်လုံးက သူ၏ အပြုံးကိုရုပ်သိမ်းပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“လုယွင်... ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ရဲ့သွေးက အချည်းနှီးမဖြစ်ရဘူးလို့ မင်းကိုငါပြောခဲ့သားပဲ”
“လင်းရွှင်ကျန်းရဲ့သေဆုံးမှုက မင်းတို့ဓားကမ္ဘာအတွက် သင်ခန်းစာတစ်ခုပဲ... နောက်နောင် ငါတို့ကောင်းကင်ဘုံမျက်လုံးကမ္ဘာရဲ့ အရေးကိစ္စတွေမှာ လာမရှုပ်နဲ့”
ထိုစဥ်မှာပင် ဂေဟာထဲကနေ အနည်းငယ်အားနည်းနေသော အသံတစ်သံ ထွက်ပေါ်လာ၏။
“ဘုရင်အေးစက်မျက်လုံး... ရှင့်ကိုစိတ်ပျက်စေမိတာ စိတ်မကောင်းပါဘူး”
လင်းရွှင်ကျန်းက အခန်းထဲကနေ ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာပြီး မှင်သေသေဖြင့် ပြောလိုက်၏။
“ကျွန်မ ကံကောင်းတော့ အခုချိန်ထိတော့ သေမှာမဟုတ်သေးဘူး။”