← Chapters

စွန့်စားမှုတဲ့လား

Vol. 187 Ch. 2804

စွန့်စားမှုတဲ့လား

Vol. 187 Ch. 2804

ဓားကမ္ဘာမှ လူတိုင်းသည် ဘုရင်အေးစက်မျက်လုံး၏ စကားလုံးများမှာ လှောင်ပြောင်သရော်လိုမှုကို ကြားရလေသည်။ ပေမင်ရွှယ်ကသာ ခေါင်းညိတ်ပြီး တည်တံ့စွာပြောလိုက်၏။

“ရှင်ပြောတာ မှန်တယ်… ဆရာက တကယ့်ကို ထူးခြားဆန်းပြားတဲ့သူပဲ”

ထိုစကားလုံးများသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ လှောင်ရယ်မှုများကို ပို၍ပင် ရရှိသွားလေသည်။

ဘေးပတ်ဝန်းကျင်လူအုပ်ကြားထဲမှာလည်း ရယ်မောသံများ ဆက်တိုက်ထွက်ပေါ်လာ၏။

“နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်က အာကာသသက်ရှိနယ်ပယ် ပကတိအင်မော်တယ်တစ်ဦးပဲ ဖြစ်တယ်လို့ ငါကြားတယ်”

“အာကာသသက်ရှိ ပကတိအင်မော်တယ်တစ်ဦးက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို တစ်ယောက်တည်း ဝင်ရောက်သွားရဲတာလား”

“သူက တကယ်ပဲ သူ့အကန့်အသတ်ကိုသူ မသိဘူးပဲ”

လုယွင်နှင့် အခြားသူများ၏ အမူအရာများက ပို၍ပင် ပျက်ယွင်းလာကြ၏။

ဆူဇီမို၏ သရုပ်သကန်က ထူးခြားလေသည်။ ဓားကမ္ဘာအတွက်တော့ သူသည် ပကတိအင်မော်တယ်တစ်ဦးသာ မဟုတ်ပေ။

နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင်ဟူသော သူ၏ ဘွဲ့ပင်လျှင် အများသူငါ သိရှိထားသည့် သရုပ်သကန်မျှသာ ဖြစ်လေသည်။

ဓားကမ္ဘာသည် ဆူဇီမိုကို လင်းရွှင်ကျန်းထက်ပင် များစွာပိုမိုတန်ဖိုးထားလေသည်။

ဓားကမ္ဘာမှ ရောင်းရင်းအိုကြီးများက ဆူဇီမို တစ်ခုခုဖြစ်သွားမည်ကို သိရမည်ဆိုလျှင် လုယွင်နှင့် အခြားသူများက သေချာပေါက် ပြစ်တင်ကြိမ်းမောင်းခံရပေလိမ့်မည်။

လုယွင်က ရင်ထဲမှာ နောင်တဖြင့် ပြည့်နှက်နေ၏။ သူက ပေမင်ရွှယ်ကို တစ်ချက်ကြည့်ပြီး သက်ပြင်းချလိုက်၏။

“ငါသာ စောစော ကြိုသိခဲ့မယ်ဆိုရင် နင်နဲ့ ညီကိုဆူကို ဒီကိုခေါ်မလာခဲ့ပါဘူး”

ပီထျန်ရှင်းက မကျေမနပ်ဖြင့် ပြောလိုက်၏။

“ညီကိုဆူက အာကာသသက်ရှိနယ်ပယ်မှာပဲ ရှိတယ်… သူက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို တစ်ယောက်တည်း ဘာလို့သွားရတာလဲ”

ပေမင်ရွှယ်က ပြောလိုက်၏။

“သူက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က အဲဒီလူတွေကို လက်စားချေမလို့ပဲ နေမှာပေါ့”

“ညီကိုဆူက တော်တော်မဆင်မခြင်လုပ်တာပဲ”

ပီထျန်ရှင်းက အနည်းငယ် မချင့်မရဲဖြစ်နေ၏။

ပေမင်ရွှယ်က လုယွင်၊ ပီထျန်ရှင်းနှင့် အခြားသူများကို ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်၏။

“အခု ဆရာက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်သွားပြီ… တကယ်စိုးရိမ်ရမယ့်သူတွေက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ပဲ… ရှင်တို့တွေက ဘာလို့ ပျာပျာသလဲဖြစ်နေတာလဲ”

လုယွင်၊ ယုလန်နှင့် အခြားသူများသည် ဒေါသထွက်လွန်းပြီး ရယ်ချင်မိလာလေသည်။

“သူ့ရဲ့ဒီတပည့်က တကယ့်ကို နုံအတာပဲ”

လုယွင်က ကြိတ်၍ သက်ပြင်းချပြီး ခေါင်းခါလိုက်၏။

သူသည် ပေမင်ရွှယ်ကို ဆက်လက်၍ အပြစ်တင်လိုစိတ်မရှိတော့ပေ။

ယုလန်က ပြောလိုက်၏။

“ဒီကိစ္စမှာ ရောင်းရင်းဆူကို တကယ်ပဲ အပြစ်တင်လို့မရဘူး… အဲဒါ ရွှင်ကျန်းနဲ့ အခြားသူတွေက ထိခိုက်ဒဏ်ရာရထားပြီး သေလုမတတ်ဖြစ်နေလို့ ရောင်းရင်းဆူက တစ်ယောက်တည်းတိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာပဲ”

ထိုစကားကို ကြားချိန်မှာ ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများက ရှက်ရွံ့မိလာကြသည်။

လင်းရွှင်ကျန်းကလည်း စိုးရိမ်ပူပန်သော အမူအရာဖြင့် သူမ၏ ခေါင်းကို တိတ်တဆိတ်ငုံ့ထား၏။

“သူက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို သွားချင်တယ်ဆိုရင်တောင် ငါတို့နဲ့ အရင်တိုင်ပင်သင့်တာပေါ့”

လုယွင်က ပြောလိုက်၏။

“နောက်ပြီး သူက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို မဝင်ရောက်ခင် ရွှင်ကျန်းကို ကုသပေးပြီး စွမ်းအင်အမြောက်အများ သုံးစွဲခဲ့ရတယ်… သူက အနားတောင် မယူရသေးဘူး… သူက မဆင်မခြင်လုပ်ရာ ကျလွန်းနေဘူးလား”

ယုလန်က ပြောလိုက်၏။

“ရောင်းရင်းဆူမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြား ပါသွားတာပဲ… သူက သတိကောင်းကောင်းထားမယ်ဆိုရင် အခြေအနေမကောင်းတော့ဘူးဆိုတာနဲ့ သူက မထိမခိုက် လွတ်မြောက်လာနိုင်မှာပါ”

ထိုသို့ဆိုသော်လည်း သူသည် မည်သို့ပင်ဆိုစေ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ဒါ့အပြင် ထိုသူသည် ကြယ်တာရာအကျဉ်းထောင်ကို နားလည်ဆင်ခြင်ထားလေသည်။

လင်းရွှင်ကျန်းပင်လျှင် သေလုမတတ်ဖြစ်ခဲ့ရသည်။

ရှန်းမုန်က ဆူဇီမိုကို တားဆီးထားချင်သည်ဆိုလျှင် သူသည် မထိမခိုက်လွတ်မြောက်ဖို့နေနေသာသာ အသက်ရှင်လျက် ထွက်ပြေးလာနိုင်ဖို့ကိုပင် စိတ်ကူးယဉ်မှသာရပေလိမ့်မည်။

ထိုစဥ်မှာပင် ဝမ်တုန်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ သူက တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။

“တောင်ထွတ်သခင်ဆူရဲ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားထဲမှာ တိုက်ပွဲရမှတ်တစ်မှတ်မှ မရှိလောက်ဘူး”

“ဘာဖြစ်တယ်”

လုယွင်၊ ယုလန်နှင့် အခြားသူများက ထိုစကားကို ကြားသောအခါ ရင်ထဲမှာ ဆို့နင့်သွားလေသည်။

ဆူဇီမို၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားပေါ်မှာ အစက တိုက်ပွဲရမှတ် ၂၀ ရှိခဲ့လေသည်။ သူ မထွက်ခွာခင် သူက တိုက်ပွဲရမှတ်ဆယ်မှတ်ကို လင်းရွှင်ကျန်းထံ လွှဲပြောင်းပေးခဲ့၏။

ထို့နောက် သူသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ထွက်ခွာပြီး တိုက်ပွဲရမှတ်ဆယ်မှတ်ကို သုံးစွဲခဲ့ရလေသည်။

တစ်နည်းအားဖြင့်ဆိုသော် ဆူဇီမို၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားမှာ တိုက်ပွဲရမှတ် လုံးဝမရှိတော့ပေ။

သူသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ထွက်ခွာရန် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို အသုံးပြုလိုသည်ဆိုလျှင် တိုက်ပွဲရမှတ်ဆယ်မှတ်ကို ရရှိထားရပေမည်။

အဲဒါက ပြီးသွားလေပြီ။

သူထွက်ပြေးလွတ်မြောက်နိုင်သည့် မျှော်လင့်ချက်ပါးပါးကလေးကပင် ယခုအခါမှာ မရှိတော့ပေ။

“သွားကြမယ်”

လုယွင်က ဆက်လက်၍ မနေနိုင်တော့ဘဲ အသံနှိမ့်ကာပြောလိုက်၏။

“မြန်မြန်လုပ်ကြ… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်ကို အတူသွားပြီး သူ့ကို ကယ်ထုတ်နိုင်မလား ကြည့်ရမယ်”

ဓားကမ္ဘာမှ လူတိုင်းက အလောတကြီးလှုပ်ရှားလိုက်ပြီး မွန်မြတ်စံအိမ်ရှိရာသို့ ဦးတည်လိုက်လေသည်။

ဘုရင်အေးစက်မျက်လုံးက ရယ်မော၍ အေးဆေးဆေးပြောလိုက်၏။

“ညီကိုလု… အရမ်းလည်း စိုးရိမ်မနေပါနဲ့… ငါ့ကိုစောင့်ပါဦး… ငါလည်း မင်းတို့နဲ့အတူ လိုက်ကြည့်ချင်တာပေါ့… ဘယ်ပြောရမလဲ… ငါတို့က ကြီးမားတဲ့တိုက်ပွဲတစ်ခုကို မြင်တွေ့ခွင့်ရချင်ရနေမှာ”

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ လူတိုင်းကလည်း သူ့နောက်ကနေ လိုက်ပါလာကြသည်။

အစက ဤနေရာမှာ စုရုံးနေသော မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကလည်း မွန်မြတ်စံအိမ်ဘက်ခြမ်းမှ ပွဲကြီးပွဲကောင်းကို လက်လွတ်မခံလိုကြပေ။ ထိုသို့ဖြင့် သူတို့ကလည်း နောက်ကနေ ခပ်မြန်မြန်လိုက်ပါလာကြ၏။

သိပ်မကြာခင် ဓားကမ္ဘာမှ လူတိုင်းသည် မွန်မြတ်စံအိမ်၏ ဝင်ပေါက်ဝသို့ ရောက်ရှိလာကြသည်။

လုယွင်သည် အဆိုးဆုံးရလဒ်အတွက် သူ့စိတ်ကိုသူ ပြင်ဆင်ထားခဲ့ပြီဖြစ်သည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး မွန်မြတ်စံအိမ်ထဲသို့ အရင်ဆုံးဝင်ရောက်ကာ ညာဘက်သို့ ချိုးကွေ့ပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်ရှိရာသို့ တန်းသွားလိုက်လေသည်။

သိပ်မကြာခင် ဓားကမ္ဘာနှင့် ကောင်းကင်ဘုံကမ္ဘာမှ လူတိုင်းက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။

ထိုအခိုက်အတန့်မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်က အနည်းငယ်တိတ်ဆိတ်ငြိမ်သက်နေပြီး ပတ်ဝန်းကျင်က ထူးဆန်းနေလေသည်။

သို့သော်လည်း ဓားကမ္ဘာမှ လူတိုင်းက စိုးရိမ်ပူပန်နေပြီး ထူးခြားမှုတစ်စုံတစ်ရာကို သတိမထားမိပေ။

ရင်ပြင်ထဲမှ ပကတိစိတ်ဝိညာဉ်များသည် ဓားကမ္ဘာနှင့် ကောင်းကင်ဘုံကမ္ဘာမှလူများ ဝင်ရောက်လာသည်ကို တွေ့မြင်သောအခါ သူတို့မှာ ထူးဆန်းသောအမူအရာများ ထွက်ပေါ်လာကြသည်။

သူတို့ထဲမှာ တချို့က စိုးရိမ်ပူပန်နေပြီး တချို့က တုန်လှုပ်နေကာ တချို့က စာနာသနားနေကြ၏။

“ကြည့်စမ်း… ဓားကမ္ဘာကလူတွေ ဒီကိုရောက်လာပြီ”

“ကောင်းကင်ဘုံကမ္ဘာက လူတွေလည်း ပါလာတယ်”

“စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ”

လူတိုင်းက တီးတိုးတီးတိုးပြောဆိုလိုက်ကြသည်။

လုယွင်မှာ မျှော်လင့်ချက်ပါးပါးလေးရှိနေဆဲဖြစ်ပြီး သူက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ ရင်ပြင်ပတ်လည်ကို လိုက်လံရှာဖွေနေ၏။ သူသည် ဆူဇီမို၏ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့ရမှသာ အသံကိုမြှင့်ပြီး မေးလိုက်၏။

“တာအိုရောင်းရင်းတို့… ဓားကမ္ဘာက နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေရဲ့ ဘယ်ဧရိယာမှာလဲ ကျုပ်သိပါရစေ”

“ကျုပ် ဒီမှာ”

ထိုစဥ်မှာပင် တတိယမြောက် ဧရာမပိတ်ကားက ပွင့်ထွက်သွားပြီး လူတစ်ယောက်က လျှောက်လှမ်းထွက်လာ၏။ သူ့မှာ အနက်ရောင်ဆံပင်၊ အစိမ်းရောင်ဝတ်ရုံနှင့် ကြော့ရှင်းသော သွင်ပြင်များရှိလေသည်။ ထိုသူက ဆူဇီမိုဖြစ်သည်။

ဓားကမ္ဘာမှ လူတိုင်းသည် ဆူဇီမိုအဆင်ပြေသည်ကို တွေ့ရသောအခါ ဝမ်းသာအားရဖြစ်သွားကြသည်။ သူတို့၏ ရင်ထဲရှိ ကြီးမားသော ဝန်ထုပ်ဝန်ပိုးက နောက်ဆုံးမှာ ပြုတ်ကျသွားလေသည်။

ဆူဇီမိုက ဆင်းသက်လာသည့် ခဏမှာပင် ဓားကမ္ဘာမှ လူတိုင်းက ရှေ့သို့ ပြေးတက်လာကြသည်။

“ညီကိုဆူ… မင်းတော်တော်မဆင်မခြင်လုပ်တာပဲ… မင်းက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်သွားတာ ဘာလို့ ငါတို့ကို မပြောခဲ့တာလဲ”

“ဟုတ်တယ်… ငါတို့က အခုပဲ အကြောက်လွန်ပြီး သေတော့မလို့”

“မင်းသာ တစ်ခုခုဖြစ်သွားရင် ငါတို့တွေ ဓားကမ္ဘာကို ပြန်ရောက်တဲ့အခါ ဘယ်လိုရှင်းပြရမှာလဲ”

“မင်းက ရွှင်ကျန်းနဲ့ တခြားသူတွေအတွက် လက်စားချေပေးပြီး ဓားကမ္ဘာရဲ့ ဂုဏ်သိက္ခာကို အဖတ်ပြန်ဆယ်ချင်တယ်ဆိုတာ ငါတို့နားလည်ပါတယ်… ဒါပေမဲ့ မင်းကိုယ်တိုင် ဒီလိုအန္တရာယ်ကို စွန့်စားပြီး ကောင်းကင်ဘုံမျက်လုံးကမ္ဘာကို တစ်ယောက်တည်း ရင်ဆိုင်စရာမလိုပါဘူး”

“အမှန်ပဲ… ငါတို့ဓားကမ္ဘာက ဒီတစ်ခေါက် နည်းနည်းထိခိုက်နစ်နာခဲ့ရတယ်ဆိုပေမဲ့ ဘာမှမဖြစ်ဘူး… မင်းတို့တွေ အဆင်ပြေနေသရွေ့ ငါတို့မှာ တစ်ကျော့ပြန်လာခွင့်ရှိသေးတယ်”

တောင်ထွတ်သခင်လေးဦးက သူတို့ရောက်ရှိလာသည့်ခဏမှာပင် အပြစ်တင်လိုသော လေသံဖြင့် စောဒကတက် ပြောဆိုလိုက်ကြ၏။

ဆူဇီမိုက အဆင်ပြေနေသော်လည်း သူတို့က အကြောက်မပြေသေးပေ။

ဓားကမ္ဘာမှ တောင်ထွတ်သခင်များ၏ စကားလုံးများကို ကြားရသောအခါ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှ သက်ရှိများက ကြက်သေသေ၍ တွေဝေရှုပ်ထွေးနေကြ၏။

ဓားကမ္ဘာ၏ တောင်ထွတ်သခင်များက ဘယ်လိုပေါက်ကရစကားကို ပြောနေကြတာလဲ။

သူက အန္တရာယ်ကို စွန့်စားခဲ့တာလား။

သူ့ရဲ့ဘယ်အပိုင်းက အန္တရာယ်ကို စွန့်စားခဲ့တာလဲ။

ထိုလူသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ဝင်ရောက်ပြီး လေထဲမှာ အကြောက်အလန့်ကင်းမဲ့စွာ ပျံသန်း၍ ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကို သူ၏ နောက်ဘက်မှာ ချန်ထားရစ်ခဲ့လေသည်။ အသက်ရှုချိန်အနည်းငယ်မျှမှာ သူသည် ရှန်းမုန်နှင့် အခြားသူများကို သတ်ဖြတ်ခဲ့သည်။ သူက အန္တရာယ်ကို စွန့်စားခဲ့ပုံနဲ့ ဘယ်လိုလုပ်ပြီး တူနေရမှာလဲ။

ဒါ့အပြင် ဓားကမ္ဘာက ဘယ်လိုထိခိုက်နစ်နာခဲ့ရတာလဲ။

သူတို့က ပကတိအင်မော်တယ်တစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရုံပဲမလား။

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ကသာ အမှန်တကယ်ကြီးမားစွာ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရလေသည်။ သူတို့၏ အန္တိမပကတိစိတ်ဝိညာဉ်က သေဆုံးသွားရုံသာမက သူတို့အားလုံးက အကုန်ရှင်းလင်းသုတ်သင်ခံခဲ့ရလေသည်။

တောင်ထွတ်သခင်လေးဦးက တစ်ယောက်တစ်ပေါက်ပြောဆိုနေပြီး ဆူဇီမိုက ရှင်းပြဖို့ အခွင့်ရေးပင်မရပေ။

သို့သော်လည်း ကောင်းကင်ဘုံမျက်လုံးကမ္ဘာမှ လူတိုင်း၏ အမူအရာများက တဖြည်းဖြည်းသုန်မှုန်လာပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားလေသည်။

သူတို့ရှေ့မှ မြင်ကွင်းသည် သူတို့တွေးထင်ထားသည်နှင့် တက်တက်စင်အောင်လွဲနေ၏။

ဘုရင်အေးစက်မျက်လုံးက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်က တကယ့်ကို အထင်ကြီးစရာကောင်းတဲ့ လူတစ်ယောက်ဖြစ်မယ်လို့ ငါထင်ထားတာ… လက်စသတ်တော့ သူက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ခဏတစ်ဖြုတ်လှည့်သွားပြီး ပြန်ထွက်လာခဲ့တာပဲ”

ဘုရင်အေးစက်မျက်လုံးပြောသည်မှာ မမှားပေ။ ဆူဇီမိုသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ တကယ်ပင် သိပ်ကြာကြာမနေခဲ့ပေ။ သူက ရှန်းမုန်နဲ့ အခြားသူများကို သတ်ဖြတ်ပြီးနောက် တိုက်ပွဲမြေကို ရှင်းလင်းကာ ယခင် သူတို့ရောက်ရှိခဲ့ဖူးသော လိုဏ်ဂူသို့ တစ်ချက်သွားရောက်ကြည့်ရှုပြီးနောက် ပြန်ထွက်လာခဲ့လေသည်။

ဘုရင်အေးစက်မျက်လုံးက ဆူဇီမိုကို စိုက်ကြည့်ပြီး သူ့ကို နောက်တစ်ဖန်ရန်စလိုလေသည်။ သူက လှောင်ရယ်ကာပြောလိုက်၏။

“မင်းမှာသတ္တိရှိတယ်ဆိုရင် ကြီးမားတဲ့တိုက်ပွဲတစ်ခု ဆင်နွှဲရအောင် ငါတို့ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က ကလန်သားတွေနဲ့ ဘာလို့ သွားမတွေ့ရဲတာလဲ… ဟဲဟဲ… ဓားကမ္ဘာရဲ့ တောင်ထွတ်သခင်တစ်ဦးဆိုတာ ဒါပဲလား”

ဘုရင်အေးစက်မျက်လုံးနှင့် အခြားသူများ၏ ထင်မြင်ချက်အရ ဆူဇီမိုအနေဖြင့် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေတွင် အသက်ရှင်နိုင်ခဲ့သည်မှာ ဖြစ်နိုင်ခြေတစ်ခုသာ ရှိလေသည်။

သူသည် ရှန်းမုန်နှင့် လုံးဝမကြုံတွေ့ခဲ့ပေ။

မဟုတ်ပါက ရှန်းမုန်သည် သူ့ကို အသက်ရှင်လျက် ပြန်ထွက်ခွင့်ပေးခဲ့လိမ့်မည် မဟုတ်ပေ။

All Chapters