ထူးခြားသော မသေမျိုးဧကရာဇ်၊ မသေမျိုးဧကရာဇ်အား တက္ကသိုလ်တက်စေခြင်း
Vol. 8 Ch. 110
ရုပ်ရှင်သည် မကြာမီပင် ပြီးဆုံးသွားခဲ့ပြီးနောက် ရဲရှင်းဟွေ့သည် Iron Man 2 ဇာတ်ကား၏ ဇာတ်လိုက်ဖြစ်သူ တိုနီစတာ့ခ်၏ စွမ်းရည်များကို အောင်မြင်စွာ ရရှိလိုက်လေသည်။
တိုနီစတာ့ခ်၌ ထူးခြားသော စွမ်းအင်များမရှိချေ။ သူ၏ အစွမ်းထက်ဆုံး အရည်အချင်းမှာ သူ၏ ဉာဏ်ပညာပင်။
ပုံမှန်အတိုင်းပင် စွမ်းရည်များကို ရယူသည့်အခါ ရဲရှင်းဟွေ့သည်လည်း နာကျင်မှုကို အတော်အတန် ခံစားခဲ့ရသည်။
အထူးသဖြင့် အသိပညာ ဗဟုသုတပေါင်းများစွာကို သူ၏ဦးနှောက်ထဲသို့ အတင်းအကျပ် ထိုးသွင်းခြင်းခံရသည့် နာကျင်မှုကြောင့် ရဲရှင်းဟွေ့သည် နောက်တစ်ကြိမ် ထပ်မလိုချင်တော့ကြောင်း ပြောဆိုပစ်လိုက်ချင်သော်လည်း ဤသည်မှာ စွမ်းအားရရှိရန်အတွက် ပေးဆပ်ရမည့် တန်ရာတန်ကြေးဖြစ်ကြောင်း သူသိရှိနေခဲ့၏။
ဦးလေးကိုး၏ တာအိုကျင့်စဉ်များကို ရရှိခဲ့စဉ်ကနှင့်မတူဘဲ တိုနီစတာ့ခ်၏ စွမ်းရည်များ ရရှိပြီးနောက်တွင် ရဲရှင်းဟွေ့၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုသည် တိုးတက်လာခြင်းမရှိခဲ့ပေ။ ထိုအစား အသိပညာအမြောက်အမြားကို အတင်းအကျပ် ထည့်သွင်းခံရပြီး အသားမကျသေးသောကြောင့် သူ၏ဦးခေါင်းမှာ ယခုအခါ အနည်းငယ် မူးနောက်နေကာ ရောက်တတ်ရာရာစကားများကို ရေရွတ်မိနေတတ်သည်။
ဤအခြေအနေသည် တစ်နာရီကျော်ခန့် ကြာမြင့်ပြီးမှသာ ပုံမှန်ပြန်ဖြစ်သွားခဲ့၏။
ဤတစ်နာရီအတွင်း နည်းပြ လျိုကောလျန်ကလည်း ရဲရှင်းဟွေ့၏ အခြေအနေကို သိရှိနိုင်ရန် ဖုန်းဆက်၍ မေးမြန်းခဲ့သေးသည်။
ရဲရှင်းဟွေ့သည် နာကျင်မှုကို အောင့်အီးကာ ဖုန်းချလိုက်ပြီးနောက် သူနှင့် ဇီးကွက်တို့ နိုင်ငံသို့ ဘေးမသီရန်မခဘဲ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း စာတိုတစ်စောင်ဖြင့် ပြန်လည်ပေးပို့လိုက်၏။
တစ်နာရီကျော်ကြာပြီးနောက်တွင် ရဲရှင်းဟွေ့သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ပြန်လည်ကောင်းမွန်လာသောအခါ ရဲရှင်းဟွေ့သည် တစ်ခဏမျှ စိတ်ကိုစုစည်းလိုက်ပြီးနောက် Iron Man ဝတ်စုံကို ပြုလုပ်ခြင်းမှာ သူစိတ်ကူးထားသကဲ့သို့ မလွယ်ကူကြောင်း သဘောပေါက်သွားသည်။
နည်းပညာများ ရှိနေလျှင်ပင် အရင်းအမြစ်များနှင့် ကုန်ကြမ်းပစ္စည်းများ လိုအပ်နေဆဲပင်။
Iron Man သံချပ်ကာဝတ်စုံအတွက် ကုန်ကြမ်းပစ္စည်းအများစုမှာ စစ်ဘက်သုံးအဆင့်များဖြစ်ကြသည်။ ရဲရှင်းဟွေ့သာ ပြုလုပ်လိုလျှင် ယခုချက်ချင်း ပြုလုပ်နိုင်သော်လည်း ကုန်ကျစရိတ်မှာမူ သူ၏အဖို့ စိတ်ကူးပင်မယဉ်နိုင်စရာ အခြေအနေပင်။
တိုနီစတာ့ခ် Iron Man ဖြစ်လာနိုင်ခဲ့သည့် အကြောင်းရင်းမှာ သူ၏ မိစ္ဆာတစ်ပိုင်းနီးပါး ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေးကြောင့်သာမက သူသည် စတာ့ခ် စက်မှုလုပ်ငန်း၏ ပိုင်ရှင်ဖြစ်နေသောကြောင့်လည်း ပါဝင်သည်။
သူ၏စိတ်ထဲတွင် အားမလိုအားမရဖြင့် ရေရွတ်လိုက်မိ၏။
"ငါသာ Iron Man သံချပ်ကာဝတ်စုံကို ဆောက်ချင်ရင်... အရင်ဆုံး ပိုက်ဆံရှာဖို့ လိုပုံပဲ။"
သို့သော် သံချပ်ကာဝတ်စုံ မတည်ဆောက်နိုင်လျှင်ပင် သာမန်လက်နက်များ၊ အီလက်ထရောနစ်ပစ္စည်းများနှင့် ဂိမ်းဆော့ဖ်ဝဲများ ပြုလုပ်ခြင်းသည် ယခုအခါ ရဲရှင်းဟွေ့အတွက် အလွန်ပင် လွယ်ကူသော ကိစ္စရပ်များဖြစ်နေပေပြီ။
ရဲရှင်းဟွေ့၏စိတ်ထဲတွင် ယခုဆိုလျှင် အဆင့်မြင့်နည်းပညာများစွာရှိနေပြီး ကမ္ဘာပေါ်တွင်မူ ရဲလန်ယွဲ့တစ်ဦးတည်းသာ သူ့ကို ကျော်လွန်နိုင်ဖွယ်ရှိသည်။
ရဲရှင်းဟွေ့တစ်ယောက် ငွေရှာရန် အစီအစဉ်ကို စဉ်းစားနေစဉ်မှာပင် တံခါးသည် အပြင်ဘက်မှ တွန်းဖွင့်ခြင်းခံလိုက်ရပြီး ပေါင်ပေါင်း ဝင်လာလေသည်။
"ထမင်းစားချိန်ရောက်ပြီ။"
ထိုစကားသုံးခွန်းကို ပြောပြီးနောက် ပေါင်ပေါင်းသည် လှည့်ထွက်သွား၏။
ရဲရှင်းဟွေ့: .....
"နောက်တစ်ခါဆို တံခါးခေါက်ဖို့ သတိရဦး။"
ရဲရှင်းဟွေ့သည် ပေါင်ပေါင်း၏ ကျောပြင်ကိုကြည့်ကာ အော်ပြောလိုက်သည်။
"အိုး။ သိပြီ။"
ပေါင်ပေါင်းက ပြန်လည်ဖြေကြားပြီး တံခါးကို ပြန်ပိတ်သွားခဲ့၏။
.......
ထမင်းစားပွဲ၌။
ရဲချန်က ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်ကို ပြောလိုက်သည်။
"ဪ ဒါနဲ့ မင်းတို့အမေနဲ့ငါ ဒီနှစ်ရက်အတွင်း ခရီးတစ်ခုထွက်မလို့။ မင်းတို့နှစ်ယောက် အားတဲ့အချိန်ရှာပြီး ဒီတစ်ခေါက် အကူအညီအတွက် မင်းတို့ရဲ့ဦးလေးကို ကျေးဇူးတင်စကား သွားပြောလိုက်ကြဦး။"
ရဲချန်၏စကားကို ကြားသောအခါ ရဲရှင်းဟွေ့သည် အနည်းငယ် နားမလည်နိုင်ဖြစ်သွား၏။
"ဦးလေးလား။ သူက ကျွန်တော်တို့ကို ဘာကူညီပေးခဲ့လို့လဲ။”
"နဂါးနတ်ဘုရားခန်းမက လူနှစ်ယောက်ကို မင်းဦးလေးက ရှာပေးခဲ့တာဖြစ်လိမ့်မယ်။"
'နဂါးနတ်ဘုရားခန်းမ' ဟူသော စကားကို ကြားသောအခါ ရဲရှင်းဟွေ့သည် တစ်ခဏမျှ ကြောင်ငေးသွားပြီးနောက် သူ၏ဖခင်ကို ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။
"ဖေဖေ... ဦးလေးက ယောက္ခမအိမ်မှာ မှီခိုနေရတဲ့ သမက်တော့ မဟုတ်ဘူးမလား။"
"ဟင်"
ရဲချန်က ရဲရှင်းဟွေ့ကို နားမလည်သလို ကြည့်ကာ မေးလိုက်၏။
"မင်းက ဘယ်လိုလုပ်သိတာလဲ"
ရဲရှင်းဟွေ့: .....
သူ၏စိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်သွားမိသည်။ နဂါးနတ်ဘုရားခန်းမ၏ နဂါးဘုရင်မှာ သူ၏ ဦးလေးအရင်းဖြစ်နေသည်ဆိုခြင်းမှာ အမှန်ပင်လားဟု မယုံကြည်နိုင်ဖြစ်နေမိ၏။
ရဲဖန်ဟူသော အမည်နှင့် အမှန်ပင် ထိုက်တန်လှပေသည်။ ရဲဖန်ဟုခေါ်သော လူတိုင်းသည် သာမန်လူများမဟုတ်ကြသည်မှာ အမှန်ပင်။
သို့သော်... သူ၏ဖခင်သည် ဦးလေးက ဘယ်သူဘယ်ဝါဆိုတာကို မသိရှိသေးသည့်ပုံပင်။
"ကောင်းပြီလေ၊ ကျွန်တော် အားတဲ့အခါ သူ့ကို သွားတွေ့လိုက်မယ်။"
သူ၏ဦးလေးမှာ ဒဏ္ဍာရီလာ နဂါးဘုရင်ဖြစ်မှန်း သိနေမှတော့ သွားတွေ့ရမည်မှာ သေချာပါသည်။
သူ၏ဦးလေးက မဲ့ပြုံးပြုံးတတ်ခြင်း ရှိ၊မရှိ သိချင်၍ သွားတွေ့ခြင်းတစ်ခုတည်းကြောင့်မဟုတ်ဘဲ နဂါးဘုရင်ဖြစ်နေမှတော့ သူသည် နောက်ထပ် ဇာတ်လိုက်ပုံစံတစ်ဦး ဖြစ်ရပေမည်။ သို့ဆိုလျှင်... သူ၏ တီဗီလေးအတွက် အကျိုးအမြတ်ထုတ်ရန် ပစ်မှတ်အသစ်တစ်ခု တိုးလာပြီ မဟုတ်ပါလား။
ရဲရှင်းဟွေ့ ယခုမှ သဘောပေါက်လာသည်မှာ အခြားသူများ၏ စိတ်ခံစားချက်များသည် အရေးမကြီးဘဲ သူ၏မိသားစုဝင်များထဲမှ ဇာတ်လိုက်ပုံစံရှိသူများ ဖန်တီးပေးသော စိတ်ခံစားချက်များကသာ တီဗီလေးကို အချက်ပြနိုင်ခြင်းပင်။
ရယ်မောစကားပြောဆိုရင်းဖြင့်ပင် ထမင်းစားပွဲသည် ပြီးဆုံးသွားခဲ့လေသည်။
…..
အချိန်သည် နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိလာခဲ့သည်။
ရဲရှင်းဟွေ့သည် ယနေ့တွင် သူ၏ပုံမှန် မနက်ခင်းလေ့ကျင့်ခန်းကို မလုပ်ဖြစ်ခဲ့ပေ။ သူနိုးထလာချိန်တွင် ခုနစ်နာရီပင် ကျော်လွန်နေပြီဖြစ်သည်။
နံနက်စာစားပြီးနောက် ရဲရှင်းဟွေ့သည် ပေါင်ပေါင်းကို ကျောင်းသို့ လိုက်ပို့ခဲ့၏။
ဝက်ဝံကန်းမှာမူ လှုပ်ရှားသွားလာနိုင်ပြီဖြစ်သော်လည်း နောက်ထပ် ရက်အနည်းငယ်ခန့် အနားယူရန် လိုအပ်နေသေးသည်။
ရဲရှင်းချန်မှာမူ ကျောင်းတက်ရန် စိတ်ဝင်စားမှုမရှိတော့ဘဲ နံနက်စောစောကတည်းက မည်သည့်အရပ်သို့ ထွက်သွားသည်မသိ၊ တစ်နေရာရာသို့ လည်လည်သွားနေပေလိမ့်မည်။
......
လမ်းခရီးတွင် ရဲရှင်းဟွေ့သည် သူ၏ဘေး၌ အဝတ်အစားအသစ်များ ဝတ်ဆင်ထားသော ပေါင်ပေါင်းကို တစ်ချက်ကြည့်လိုက်ပြီး မနေ့ညက သူ၏မိခင်ပြောကြားခဲ့သော မယုံနိုင်လောက်အောင် ခမ်းနားသည့် စကားများကို ချက်ချင်း ပြန်လည်ကြားယောင်မိသည်။
"မေမေ။ အခုက စာသင်နှစ်ကုန်တော့မှာလေ။ ကျောင်းက ပြောင်းခွင့်ပေးပါ့မလား"
"ရပါတယ်။ ရပါတယ်။ အချိန်ကျရင် မင်းကျောင်းအုပ်ကိုပြောလိုက်၊ သူ့ကျောင်းအတွက် စာသင်ဆောင်အသစ်တစ်လုံးနဲ့ သင်ကြားရေးပစ္စည်းအသစ်တွေ လှူမယ်လို့။ တစ်လုံးနဲ့မရရင် နှစ်လုံး၊ နှစ်လုံးနဲ့မရရင် သုံးလုံးပေါ့။ သူသာ လက်မခံသေးရင် မေမေ့ကိုပြော၊ မေမေ အဲ့ကျောင်းကို တစ်ခါတည်း ဝယ်ပစ်လိုက်မယ်။"
သူ့စိတ်ထဲတွင် တွေးလိုက်မိသည်။
"ဒါက ချမ်းသာတဲ့သူတွေရဲ့ ပျော်ရွှင်မှု အစစ်အမှန်လား"
အတွေးများထဲတွင် နစ်မြောနေရင်းဖြင့်ပင် သူတို့နှစ်ဦးသည် နောက်ဆုံးတွင် ကျောင်းဂိတ်ဝသို့ ရောက်ရှိလာခဲ့ကြသည်။
သို့သော် ကျောင်းဂိတ်ဝသို့ ရောက်သောအခါ ရဲရှင်းဟွေ့သည် အနည်းငယ် တွေဝေသွားခဲ့၏။ အကြောင်းမှာ ဂိတ်ဝတွင် ကျောင်းသားတစ်ဦးတစ်ယောက်မျှမရှိဘဲ ကျောင်း၏ ပင်မဂိတ်မကြီးမှာလည်း ပိတ်ထားသောကြောင့်ဖြစ်ပင်။
လုံခြုံရေးဂိတ်တဲထဲတွင်မူ လုံခြုံရေးဝန်ထမ်းနှစ်ဦးမှာ ဖုန်းသုံးရင်း အချိန်ဖြုန်းနေကြသည်။
ရဲရှင်းဟွေ့သည် သူ၏ဖုန်းကိုထုတ်ကာ ရက်စွဲကို စစ်ဆေးကြည့်လိုက်ရာ အားလပ်ရက် မရောက်သေးကြောင်း တွေ့ရှိရသည်။
ထို့အပြင် စာမေးပွဲပင် မဖြေဆိုရသေးဘဲ အဘယ်သို့လျှင် အားလပ်ရက်ဖြစ်နိုင်မည်နည်း။
သို့သော် ရဲရှင်းဟွေ့ တရုတ်နိုင်ငံမှ ဂျပန်သို့ မထွက်ခွာမီက စာမေးပွဲဖြေဆိုရန် နှစ်ပတ်ခန့် လိုသေးသည်မှာ မှန်သော်လည်း.ထိုအရာမှာ နောက်ထပ် နှစ်ပတ်ကြာမြင့်ဦးမည် မဟုတ်ပါလား။
နားမလည်နိုင်ဖြစ်နေသော ရဲရှင်းဟွေ့သည် လုံခြုံရေးဂိတ်တဲဆီသို့ သွားရောက်ကာ မှန်ကို ခေါက်လိုက်သည်။
လုံခြုံရေးဝန်ထမ်းတစ်ဦးက ဂိတ်တဲ၏ မှန်ပြတင်းပေါက်ကို ဖွင့်ပေးရင်း မေးလိုက်သည်။
"ဘာကိစ္စလဲ ကျောင်းထဲမှာ တစ်ခုခုများ မေ့ကျန်ခဲ့လို့လား"
"မဟုတ်ပါဘူး။"
ရဲရှင်းဟွေ့က ခေါင်းခါပြရင်း မေးလိုက်၏။
"ကျွန်တော် သိချင်တာက ဘာလို့ ကျောင်းပိတ်ထားတာလဲလို့ပါ။"
"မင်းမသိဘူးလား။ မနက်ဖြန်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲလေ၊ ဒါကြောင့် အားလုံး အားလပ်ရက်ပေးထားတာ။ သောကြာနေ့မှ စာသင်ဖို့ ပြန်လာခဲ့။"
ရဲရှင်းဟွေ့: .....
သူ၏စိတ်ထဲတွင် အတွေးတစ်ခု လျှပ်ပြက်သကဲ့သို့ ဝင်ရောက်လာသည်။
"ဘာတွေဖြစ်ကုန်တာလဲ။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ။ ဒါဆို ငါ့အစ်ကိုကြီးက မနက်ဖြန် စာမေးပွဲဖြေရမှာပေါ့။ သူက လျှောက်လည်ဖို့ ထွက်သွားတယ်"
"ခဏလေးနေပါဦး... မသေမျိုးဧကရာဇ်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဖို့လိုသေးလို့လား။ မလိုလောက်ဘူးထင်တာပဲ။"
ဤသို့တွေးမိသောအခါ ရဲရှင်းဟွေ့၏ ဦးခေါင်းထဲတွင် အကြံတစ်ခု ပေါ်ပေါက်လာခဲ့သည်။
မသေမျိုးဧကရာဇ် ဝတ္ထုများထဲမှ ဇာတ်လိုက် မသေမျိုးဧကရာဇ်ဟူသမျှသည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးကြသလို တက္ကသိုလ်ပင် တက်ရောက်ဖူးခြင်းမရှိကြပေ။ အကြောင်းမှာ သူတို့၌ တက္ကသိုလ်တက်ရန် အချိန်မရှိသောကြောင့်ဖြစ်ပြီး သူတို့၏ အချိန်အများစုကို ကြွားဝါခြင်းဖြင့်သာ ကုန်ဆုံးစေကြသည်။
သူ၏အစ်ကိုကြီးမှာလည်း မကြာသေးမီကမှ ထိုကြွားဝါခြင်းလမ်းစဉ်ပေါ်သို့ လျှောက်လှမ်းလိုသည့် သဘောထားမျိုး ပြသနေခဲ့၏။
"မဟုတ်ဘူး။ ငါ့အစ်ကိုကြီးကို ထူးခြားတဲ့ မသေမျိုးဧကရာဇ်လမ်းစဉ်ကို လျှောက်လှမ်းစေရမယ်။"
ထိုသို့ပြောဆိုရင်း သူသည် ဖုန်းကိုထုတ်ကာ ရဲချန်နှင့် စုချန်တို့ထံသို့ စာတိုတစ်စောင်စီ ပေးပို့လိုက်သည်။
စာတို၏ အကြောင်းအရာမှာ ရိုးရှင်းလှပါ၏။ သူ၏အစ်ကိုကြီး မနက်ဖြန် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည့် အချက်ပင်။
ရဲရှင်းဟွေ့သည် သူ၏မိဘများက သားသမီးများ၏ ပညာရေးအဆင့်အတန်းကို သိပ်ဂရုမစိုက်ကြောင်း သိထားသော်လည်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာမူ သူတို့ မဖြစ်မနေ ဝင်ရောက်ဖြေဆိုရမည့် အရာတစ်ခုဖြစ်ကြောင်းကိုတော့ အသေအချာ သိရှိနေ၏။