အခန်း (၄၅၁-၄၅၃)
Vol. 31 Ch. 451-453
အခန်း (၄၅၁) ရှန်ချင်းဟန်၏အထောက်အထားရေနတ်ဘုရား၏နန်းတော်(၂)
ရိုက်ခတ်သည့်အသံ ပဲ့တင်သံထပ်သွားသည်နှင့် အဆင့်မြင့်နဝမပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ပြီးဖြစ်သော ရှားလျို့သည် အပိုင်းအပိုင်း ပေါက်ကွဲထွက်သွားပြီး မြေကြီးပေါ်သို့ သွေးမိုးများ ရွာကျလာကာ ချက်ချင်းဆိုသလိုပင် လောကကြီးမှ ပျောက်ကွယ်သွားလေသည်။
ရှားလျို့ကို သတ်ပြီးနောက်တွင် နွယ်ပင်များသည် မြေကြီးပေါ်တွင်လဲနေသာ ရှန်ချင်းဟန်ဆီသို့ ကူးပြောင်းသွားသည်။ နွယ်ပင်များက အားနည်းကာဖျော့တော့သည့်ခန္ဓာကိုယ်ပိုင်ရှင် ရှန်ချင်းဟန်ကို ထိုးတော့မည်ဆဲဆဲတွင်-
"ဘုန်း..."
ရှန်ချင်းဟန်အောက်မှမြေကြီးသည် ရုတ်တရက်ဆိုသလိုပင် ဘောလုံးတစ်လုံးပေါက်ကွဲထွက်သကဲ့သို့ အားပြင်းပြင်းဖြင့် ပေါက်ကွဲသွားသည်။ ထို့နောက်တွင် များပြားလှသောမြေအောက်ရေပမာဏသည် ရှန်ချင်းဟန်၏ပတ်ချာလည်တွင် ရေအမြှေးပါးတစ်ခုပေါ်လာပြီး သူမကို ဝိုင်းထားလိုက်သည်။
"ဘုန်း။"
တောင်တစ်တောင်ကိုဖိနှိပ်နိုင်သည့်နွယ်ပင်များ၏အင်အားသည် ရေအမြှေးပါးကို ပြင်းထန်စွာတိုက်ခိုက်လေသည်။ သို့သော်လည်း ရေအမြှေးပါးသည် ကြေမွသွားရမည့်အစား နွယ်ပင်များသည်သာ သစ်ပင်အပိုင်းအစအဖြစ် အပိုင်းပိုင်းပြတ်ထွက်သွားလေသည်။
ထိုမြင်ကွင်းကို နွယ်ပန်းမိန်းကလေးက ကိုယ်တိုင်မြင်လိုက်ရသဖြင့် မျက်လုံးပြူးကျယ်သွားရကာ မယုံကြည်နိုင်ဖြစ်နေမိသည်။
'ငါ့နွယ်ပင်တွေက သခင်အဆင့်လောက်အားရှိတာကိုး။ ဘယ်လိုလုပ် ရေအမြှေးပါးကို မထိုးဖောက်နိုင်ရတာလဲ'
ဘာဖြစ်နေတာလဲ
နွယ်ပန်းမိန်းကလေးသည် ပွစိပွစိပြောရင်းဖြင့် ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ခံစားမိသည်။ သူမသည် စိတ်ခံစားချက်များကို ဖြည်းဖြည်းချင်းပြန်မှန်အောင် လုပ်လိုက်ရသည်။
နွယ်ပန်းမိန်းကလေးသည် နွယ်ပင်တစ်ချောင်းကို ထပ်မံထိန်းချုပ်လိုက်ပြီး ရှန်ချင်းဟန်ကိုထွေးပွေ့ထားသော ရေအမြှေးပါးဆီသို့ ပစ်လွှတ်လိုက်သည်။
"ဘုန်း...."
ရင်းနှီးသောအသံကို ထပ်ကြားရပြန်ပြီ။
နွယ်ပင်သည် ရေအမြှေးပါးကို ပြင်းထန်စွာတိုက်ခိုက်သည်နှင့် ချက်ချင်းပင် အပိုင်းအပိုင်းပြတ်ထွက်သွားသည်။ ယခုတစ်ခေါက်တွင် နွယ်ပန်းနတ်သမီးသည် မိမိရှေ့မှ အမှန်တရားကို လက်ခံလိုက်ပေသည်။ ရှန်ချင်းဟန်ကို ဝန်းရံထားသော ရေအမြှေးပါးသည် မြင့်မြတ်သူအဆင့်တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသည်။
ဒီရေအမြှေးပါးက ဘာပါလိမ့်
ဒီလူသားမိန်းကလေးကရော ဘာပါလိမ့်။
လုံးဝပင် မယုံကြည်နိုင်အောင် ဖြစ်နေလေသည်။
နွယ်ပန်းမိန်းကလေးသည်သည် ရေအမြှေးပါးနှင့် ရှန်ချင်းဟန်ကို စပ်စုကြည့်ကာ မိမိနားလည်နိုင်သည်ထက် ကျော်လွန်နေသည်ကို သဘောပေါက်သွားသည်။ သူမသည် တွန့်ဆုတ်သွားမိသည်။ လင်းဇီချန်ကို ခေါ်သွားရမည်လား မဟုတ်လျှင် ရေအမြှေးပါးထဲမှမိန်းကလေးကို ခေါ်ရမည်လားကို တွေဝေနေမိသည်။
လင်းဇီချန်သည် ထူးခြားသည်မှာ ရှင်းလင်းနေသည်။ သို့သော် ယခုတွင် ရှန်ချင်းဟန်က လင်းဇီချန်ထက်ပင် ပို၍ထူးခြားနေပြီး သူမကိုပင် ခက်ခဲစေကာ မည်သို့ဆုံးဖြတ်ရမည်ကို မသေချာဖြစ်စေသည်။
ဆုံးဖြတ်ချက်ချရန် ရုန်းကန်နေရစဉ်တွင် လှောင်ချိုင့်ထဲတွင် ရေများက မြင်နိုင်သောအမြန်နှုန်းဖြင့် စိမ့်ထွက်လာပြီး ခြောက်သွေ့နေသောမြေကြီးသည်ပင် ရေဖြင့် စိုစွတ်သွားသည်။
ကို့ရို့ကားယားနိုင်သည့်မြင်ကွင်းကို မြင်ရသည့်အခါတွင်နွယ်ပန်းမိန်းကလေးက ချက်ချင်းပင် သတိကပ်သွားသည်။ လင်းဇီချန်နှင့်ရှန်ချင်းဟန်ကြားတွင် တွန့်ဆုတ်မနေတော့ဘဲ ပန်းဖူးနားသို့ကပ်ပြီး လင်းဇီချန်ကိုသာ ရွေးချယ်ပြီး ပန်းနတ်ဘုရားဆီသို့ ယဇ်ပူဇော်ရန် ခေါ်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း ပန်းဖူးက ပိတ်လိုက်သည်နှင့် နွယ်ပန်းမိန်းကလေး၏အမူအရာက သိသိသာသာပြောင်းသွားကာ သူမ၏ပန်းအဖူးသည် အထွတ်အမြတ်နယ်မြေဖြင့် ဆက်သွယ်ရန် မြေကြီးအောက်တွင် မြုပ်၍မရနိုင်တော့ပေ။
ဘာဖြစ်နေတာလဲ
ငါဘာလို့ သွားလို့မရတာလဲ
ထိုသို့တွေဝေနေပြီး နွယ်ပန်းမိန်းကလေးသည် မျက်မှောင်ကြုတ်ကာ ပန်းအဖူးကိုဖွင့်ပြီး မိမိ၏ပန်းဖူး ကူးပြောင်းပို့ဆောင်မည်ကို အပြင်မှမည်သည့်အရာက ဟန်တားနေသည်ကိုသိရန် ကြည့်ကြည့်သည်။ မကြာခင်တွင်ပင် ပန်းဖူးက ပွင့်လာသည်။ ပန်းဖူးပွင့်လာသည်နှင့် အပြင်မှ အေးစက်သောရေများက သွန်ကျလာကာ ချက်ချင်းဆိုသလိုပင် မြင့်မြတ်သူအဆင့်ရှိသည့်ပန်းဖူးသည် ပန်းပွင့်ဖတ်များအဖြစ် အပိုင်းပိုင်းပြတ်သွားသည်။
သူမ၏ပန်းဖူးသည် ရေကြောင့် ပေါက်ကွဲထွက်သွားသည်ကို မြင်ရသောအခါတွင် ပန်းနွယ်မိန်းကလေးသည် လုံးဝအံ့အားသင့်သွားကာ သူမသည် ပုံရိပ်ယောင်ကျင့်စဉ်ဖြင့် လှည့်စားခံရသည်ဟု ထင်နေမိသည်။ သူမ၏ပန်းဖူးသည် မြင့်မြတ်သူဒုတိယအဆင့်ထိအင်အားရှိသည်။ သာမန်ရေကြောင့် မည်သို့ပေါက်ကွဲထွက်သွားနိုင်မည်နည်း
နွယ်ပန်းမိန်းကလေးသည် စိတ်ခံစားချက်များကို တည်ငြိမ်အောင်လုပ်ပြီး ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို လေ့လာကြည့်သည်။ အာရုံခံနေရင်းမှ ကြောင်သွားလေသည်။ နွယ်ပန်းမိန်းကလေးသည် သူမသည် ရင်းနှီးနေသောလှောင်ချိုင့်ထဲတွင်မဟုတ်ဘဲ အခြားမသိသောရေအောက်ကမ္ဘာတစ်ခုတွင် ရောက်နေသည်ကို အထိတ်တလန့်ဖြင့် တွေ့သွားလေသည်။
ငါဘယ်ကို အပို့ခံလိုက်ရတာလဲ
ဘယ်တုန်းကလဲ
ဘယ်တုန်းက ဒီနေရာကို ရောက်လာတာလဲ
ဘာလို့ ဘာမှမခံစားမိတာလဲ
နွယ်ပန်းမိန်းကလေး၏ကြောက်လန့်မှုက ကြီးထွားလာပြီး ပို၍တွေးလေလေ ပို၍ကြောက်လာလေလေ ဖြစ်သည်။ သူမသည် မြင့်မြတ်သူအဆင့်သက်ရှိဖြစ်ကာ ပျာယာခတ်သည်က ရှားပါးသည်။ သူမသည် တစ်ဖက်သူကိုသာ ပျာယာခတ်အောင်လုပ်နိုင်သူ ဖြစ်သည်။ ယခုတွင်မူ မရင်းနှီးသောနေရာတစ်ခုသို့ ပို့ဆောင်ခံလိုက်ရသည်။ ပျာယာခတ်ခြင်းကို မခံစားမိသည်မှာ ကြာပြီဖြစ်သဖြင့် မည်သို့လုပ်ရမည်မသိ ဖြစ်နေမိသည်။
ဟမ်
ရှေ့က နန်းတော်လား
သူမ၏ဝိညာဉ်အာရုံထဲတွင် နွယ်ပန်းမိန်းကလေးသည် အရှေ့မိုင်အနည်းငယ်တွင် ထူးဆန်းသောနန်းတော်တစ်ခုရှိသည်ကို အာရုံခံမိသည်။ နန်းတော်သည် ကြီးမားလှသောကြောင့် နွယ်ပန်းမိန်းကလေးပင် မယုံကြည်နိုင်ဖြစ်နေသည်။ အဘယ့်ကြောင့် ရေအောက်ကမ္ဘာတွင် နန်းတော်တစ်ခုရှိနေသည်ကို နားမလည်နိုင်ပေ။ ရုတ်တရက်ပင် သူမသည် ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိသွားသည်။ ထို့နောက်တွင် သူမ၏စိတ်ထဲမှ စိုးရိမ်ပူပန်စိတ်သည် စိတ်လှုပ်ရှားမှုအဖြစ် ပြောင်းလဲသွားတော့သည်။ သူမသည် တိုက်ပွဲသို့လာကာ တစ်ယောက်ယောက်ကိုဖမ်းပြီး ပြန်ပို့မည်ဟုသောအတွေးဖြင့် ရောက်လာခဲ့သည်။ မျှော်လင့်မထားစွာဖြင့် ဝမ်းသာစရာကောင်းစွာပင် ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုကို ရောက်လာခြင်းဖြစ်သည်။ မူလမြေတွင် ရှေးဟောင်းအမွေအနှစ်နယ်မြေတစ်ခုထဲသို့ ဝင်ခြင်းသည် များပြားလှစွာသောဆင့်ကဲပြောင်းလဲခြင်းပမာဏကို ရနိုင်သည်ဟု ဆိုလိုပေသည်။
များပြားလှသောဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်ဖြင့်ဆိုလျှင် သွေးမျိုးဆက်စွမ်းအားအဆင့်က ပို၍တိုးတက်နိုင်သည်။ စိတ်ထဲတွင် သူမသည် တစ်စက္ကန့်လေးပင် တွန့်ဆုတ်မနေတော့ဘဲ ချက်ချင်းပင် အမြန်ဆုံးနှုန်းဖြင့် ထိုနန်းတော်ရှိရာသို့ ပြေးထွက်သွားသည်။ အမြန်နှုန်းက မြန်ဆန်လွန်းသောကြောင့် ရေအောက်တွင်ပင် လှိုင်းလေးများ ထသွားသည်။
စက္ကန့်ဝက်အတွင်းတွင်ပင် သူမသည် နန်းတော်ရှေ့သို့ ရောက်သွား၏။ သူမနောက်တွင် နွယ်ပင်များဖြင့် ဆက်ထားသောအခွံမာပိုးအိမ်တစ်ခုပါလာသည်။ ထိုအခွံမာပိုးအိမ်ထဲတွင် လင်းဇီချန်ကို ပတ်ထားပြီး သူမက ထိန်းချုပ်ထားလေသည်။
"ကျွီ..."
ရုတ်တရက်ပင် သစ်သားတံခါးဖွင့်သံကို ကြားလိုက်ရသည်။ နန်းတော်၏တံခါးက ပွင့်လာခြင်းပင် ဖြစ်သည်။ နွယ်ပန်းမိန်းကလေးသည်ချက်ချင်းသတိကပ်ကာ နောက်သို့ အမြန်ပြန်ဆုတ်မိသည်။ သူမသည် နန်းတော်၏ဖွင့်ထားသောတံခါးဆီသို့ အလျင်စလိုမချဉ်းကပ်ရဲပေ။
မြင့်မြတ်သူအဆင့်အနေဖြင့် သူမသည် ယခင်ကလည်း အမွေအနှစ်များကို ရှာဖွေဖူးသောကြောင့် အခွင့်အရေးမဟုတ်လျှင် ထိုအရာများသည် အန္တရာယ်များသောနေရာများဖြစ်သည်။ မဆင်မခြင်ဝင်သွားခြင်းသည် မိနစ်ပိုင်းအတွင်း သေသွားစေနိုင်ကာ အမွေအနှစ်၏ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ် ဖြစ်သွားနိုင်သည်။
"နောက်ဆုံးတော့ မင်းရောက်လာပြီ။"
နွယ်ပန်းမိန်းကလေးက နန်းတော်ထဲဝင်ရမည်လားကို စဉ်းစားနေစဉ်တွင်ပင် အထဲမှ အမျိုးသမီးသံခပ်ရေးရေးထွက်ပေါ်လာပြီး နန်းတော်အပြင်ဘက်ထိ ပဲ့တင်သံထပ်သွားသည်။
ထိုစကားကြောင့် နွယ်ပန်းမိန်းကလေး တွေဝေသွားရသည်။
ဘာကိုဆိုလိုတာလဲ
နောက်ဆုံးတော့ရောက်လာပြီဆိုတာ ဘာကိုဆိုလိုတာလဲ
နွယ်ပန်းမိန်းကလေးသည် လွန်စွာသတိရှိပြီး ထိုအသံဖြင့် ဆွဲဆောင်မခံပေ။
"နတ်ဘုရား..."
"မြင့်မြတ်တဲ့နတ်ဘုရား..."
"ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို ခွန်အားပေးသနားပါ။"
နန်းတော်ထဲမှ ကြောက်ရွံ့ရိုသေသောအော်သံများ ထွက်ပေါ်လာသည်။ ထိုအော်သံများကို နားထောင်ရင်းဖြင့် နွယ်ပန်းမိန်းကလေးသည် တွေဝေသွားကာ စပ်စုလိုစိတ်နှင့်သတိရှိမှုက ပို၍ကြီးထွားလာ၏။ သူမသည် ယခင်က အမွေအနှစ်အပျက်အစီးနေရာများထဲသို့ ဝင်ဖူးသော်လည်း အထဲမှအသံများအဆက်မပြတ်ထွက်လာသည်ကို မကြုံခဲ့ဖူးပေ။
"နတ်ဘုရား...."
"နတ်ဘုရား နောက်ဆုံးတော့ ငါတို့ကို ပြန်တုံ့ပြန်ခဲ့ပြီ..."
"နတ်ဘုရား နောက်ဆုံးတော့ ရောက်လာပြီ..."
ရုတ်တရက်ပင် အထဲမှအသံများက စိတ်လှုပ်ရှားနေဟန်ပေါ်သည်။ နွယ်ပန်းမိန်းကလေး ပို၍ပဟေဠိဖြစ်သွားမိသည်။ ထို့နောက်တွင် သူမသည် သူမနောက်တွင် အားအင်နည်းကာနုနယ်သောပုံရိပ်တစ်ခု သက်ဆင်းလာသည်ကို ရုတ်တရက် မြင်လိုက်ရလေသည်။
အခန်း (၄၅၂) ရေနတ်ဘုရားလား ညစ်ညမ်းသောနတ်ဘုရား အပျက်အစီးထဲမှချီချင်းမော့
မြို့၏မိုင်တစ်ထောင်အကွာ မြင့်မားသောအရပ်တွင် ဖြစ်သည်။
ဒဏ္ဍာရီအဆင့်သက်ရှိများသည် ပြင်းထန်သောတိုက်ပွဲတွင် ပိတ်မိနေကြပြီး တစ်ယောက်ချင်းစီသည် မှော်အစွမ်းများကို ထုတ်ပြနေပြီး ကောင်းကင်နှင့်မြေကြီး၏အရောင်သည်ပင် ပြောင်းလဲသွားသည်။ ရုတ်တရက်ပင် မျက်စိကန်းသွားစေနိုင်သည့်နေအလင်းရောင်က တိုးထွက်လာပြီး မီတာတစ်ရာအတွင်းမှ မြေကြီးကို ပြာအဖြစ်ပြောင်းသွားစေသည် ခြစ်ခြစ်တောက်ပူလောင်စေသည်။ ထိုပြာများထဲတွင် အနက်ရောင်ချီစွမ်းအားများဖြင့် ထွေးပွေ့ထားသော လောကသစ်ပင်သည် မယိမ်းမယိုင်ဖြင့်တည်ရှိနေပြီး နေအလင်းရောင်ကြောင့်လည်း သက်ရောက်မှုမရှိပေ။ လောကသစ်ပင်ကို ကာကွယ်ထားသည်မှာ အနက်ရောင်ချီစွမ်းအားပင် ဖြစ်သည်။ အနက်ရောင်ချီစွမ်းအားက နေရောင်ခြည်ကို စုပ်ယူပြီး လောကသစ်ပင်ကို ပြာချသွားခြင်းမှ ကာကွယ်ပေးထားသည်။
ဘုန်း...
ရုတ်တရက်ဆိုသလိုပင် မြေကြီးသည် ပြင်းထန်စွာ တုန်ခါသွားသည်။ မြေကြီးသည် ပက်ကြားအက်များစွာဖြင့် ပွင့်ဟသွားကာ ထိုထဲမှ အေးစက်သောချီများ စိမ့်ထွက်လာသည်။
နောက်တွင်မူ ထိုအက်ကွဲကြောင်းများထဲမှ အူကြောင်ကြောင်နိုင်လှသောအရိပ်များ တွားသွားထွက်လာကာ ချင်ချွမ်းနှင့်အခြားခုခံသူများဆီသို့ ပြေးသွားကြသည်။
ဒုမြို့အရှင်ဖြစ်သောရှန်ကွမ်းယွဲ့ဟွာသည် ထိုအရာကို မြင်သည်နှင့် ချက်ချင်းပင် မြေကြီးကိုဆွဲဆန့်ကာ အပ်ကွဲကြောင်းများကို ပြန်ပိတ်ရန် ပြင်လိုက်သည်။
အက်ကွဲကြောင်းများပိတ်သွားပြီးနောက်တွင် မရေမတွက်နိုင်သည့် တုတ်ခိုင်သည့်ဆူးများက မြေကြီးမှ ထိုးထွက်လာပြီး ကောင်းကင်တိုင် တက်သွားကြကာ မြေကြီးသည် အပေါက်များဖြစ်သွားပြီး အနက်ရောင်ချီများ စိမ့်ထွက်လာပြန်သည်။
"ဟမ်း အဆင့်နိမ့်တဲ့မသေမျိုးတွေ..."
ချင်ချွမ်းက အေးစက်စွာလှောင်လိုက်ပြီးနောက်တွင် သူ၏မျက်လုံးသည် ရွှေရောင်အလင်းတန်းဖြာထွက်လာပြီး မိမိ၏ခေါင်းပေါ်မှနေကို ပို၍အပူများထုတ်လွှတ်စေသည်။ ချက်ချင်းဆိုသလိုပင် ရွှေရောင်အလင်းက မြေကြီးကိုပင် တောက်ပသွားစေကာ အနက်ရောင်ချီငွေ့အားလုံး ပျောက်ကွယ်သွားပြီး အက်ကွဲကြောင်းထဲမှထွက်လာသော အရိပ်စစ်သည်တို့သည်လည်း ချက်ချင်းပင် လုံးဝပျောက်ကွယ်သွားလေသည်။
အနက်ရောင်ချီဖြင့် လွှမ်းခြုံနေသည့် လောကသစ်ပင်သည် အမြန်ပင် ကြောက်စရာကောင်းလှသောရွှေရောင်အလင်းတန်းအောက်တွင် မီးသွေးအဖြစ် ပြောင်းသွားကာ အသက်ဓာတ်သည်လည်း မှေးမှိန်ပျောက်ကွယ်သွားလေသည်။
"မြို့အရှင်က တကယ်အားကြီးတာပဲ။"
လောကသစ်ပင်၏အထက်တွင် ညှို့ဓာတ်ပြင်းသောမျက်ဝန်းဖြင့် ဆူးနတ်သမီးက ဆွဲဆောင်မှုရှိသောလေသံဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့လို့ မြို့အရှင်ချင်းက ဘယ်လောက်ပဲအားကောင်းကောင်း ရှေးဘိုးဘေးအဆင့် ကိုယ်စားပြုထက်တော့ ကောင်းပါ့မလား။"
ပြောပြီးပြီးချင်းတွင်ပင် လုံးဝပြာကျသွားသောလောကသစ်ပင်သည် ရုတ်တရက်ပင် မရေမတွက်နိုင်သော ညှိးခြောက်နေသည့် သွေးကြောများက ချက်ချင်း ဖောင်းကားလာသည်။ မူလက ညှိုးနွမ်းခြောက်သွေ့နေသည့် လောကသစ်ပင် ချက်ချင်းဆိုသလိုပင် အသက်ဝင်လာသည်။ ချင်ချွမ်းနှင့် အခြားသူများ၏အကြည့်အောက်တွင် လောကသစ်ပင်သည် အနီရောင်ဆူးများ ထွက်လာပြီး မြေကြီးကိုဖောက်၍ အာဟာရကို စုပ်ယူကာ ပင်စည်သည် မျက်စိရှေ့တွင် လျင်မြန်စွာ ပြန်လည်အားကောင်းလာပြီး ပုံမှန်အဖြစ် ပြန်ပြောင်းသွားသည်။
"ရွှက်...ရွှက်...ရွှက်..."
အက်ကွဲသံများနှင့်အတူ လောကသစ်ပင်၏ပင်စည်ပေါ်တွင် သွေးဆာနေသည့်မျက်လုံးများပေါ်လာပြီး အားလုံးကို အေးစက်သောအကြည့်များဖြင့် ကြည့်လိုက်သည်။ ချင်ချွမ်းနှင့်အခြားသူများကို မြင်သည့်အခါတွင် လောကသစ်ပင်က ရှေးဟောင်းလေသံမျိုးဖြင့် ပြောလိုက်သည်။
"မြို့ခံတပ်လေးတစ်ခုလောက်ကိုး။ နှစ်ရာချီသက်တမ်းရှိတဲ့ ဒဏ္ဍာရီအဆင့်ကိုထုတ်ပေးနိုင်တယ်။ မင်းတို့ကမ္ဘာသားတွေရဲ့ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်က တကယ် ရှိလောက်တယ်လို့ ပြောရမယ်။"
ရင်းနှီးနေသည့်အသံကို နားထောင်ကာ မြို့အရှင်ချင်ချွမ်းသည် မျက်မှောင်ကြုတ်လိုက်ကာ အမူအရာက လေးနက်သောအသွင်သို့ ပြောင်းသွားသည်။
သစ်ပင်အကြီးအကဲပင် ဖြစ်လေသည်။
နေလအထွတ်အမြတ်နယ်မြေ၏ရှေးဘိုးဘေးသက်ရှိ နှစ်ဦးထဲမှ တစ်ဦးပင် ဖြစ်သည်။ ထိုမျှအားကြီးသောသူက ရုပ်ပုံအသွင်ဖြင့် တိုက်ပွဲသို့ထွက်လာသည်။ နေလအထွတ်အမြတ်နယ်မြေက ရှိသမျှအားဖြင့် ကမ္ဘာကို ထိုးဖောက်ရန် ကြံရွယ်ထားပုံပေါ်သည်။
ချင်ချွမ်းတစ်ယောက် စိတ်ရှုပ်သွားရသည်။
ရှေးဘိုးဘေးအဆင့်သက်ရှိများသည် အမြဲတမ်းနောက်ကွယ်တွင်သာ ရှိတတ်ကြပြီး ၎င်းတို့ဘာသာ လှုပ်ရှားခြင်းမပြုတတ်ကြပေ။ ကမ္ဘာပေါ်မှ နျူးကလီးယားလက်နက်များကဲ့သို့ ဟန့်တားထားသောအရာများ ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ နေလအထွတ်အမြတ်နယ်မြေသည် ရှေးဘိုးဘေးအဆင့်တစ်ယောက်ထွက်လာပြီး မပြောရသောစည်းမျဉ်းများကို ချိုးဖျက်လိုက်လေသည်။ ထိုအချက်ကြောင့် ချင်ချွမ်းတစ်ယောက် မယုံကြည်နိုင်ဖြစ်နေပြီး စိတ်လေးနေမိသည်။ အမြဲတမ်းစည်းမျဉ်းများကို လိုက်နာခဲ့သောသူသည် တစ်နေ့တွင် စားပွဲကိုမှောက်၍ ထိုစည်းကမ်းများကို သဘောမတူတော့လျှင် ထိုသူသည်အရာအားလုံးချေမွပစ်ရန် အဆင်သင့်ဖြစ်နေသည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
စည်းမျဉ်းကို ချိုးဖျက်လိုက်သော နေလအထွတ်အမြတ်နယ်မြေသည် ယခုတွင် ချင်ချွမ်းကို အကြောက်တရားများဖြင့် ပြည့်နှက်သွားစေပြီး ကမ္ဘာမြေကြီး၏ငြိမ်းချမ်းရေးကို အစိတ်စိတ်အမွှာမွှာပြိုကွဲသွားစေမည့်စစ်ပွဲကြီးကို ဆောင်ယူလာသည်ဟု ခံစားမိပေသည်။ ကမ္ဘာမြေ၌လည်း ရှေးဘိုးဘေးအဆင့်များရှိသော်လည်း ထိုသူများသည် အရေအတွက်အားဖြင့် လွန်စွာနည်းပါးကာ အများစုက ကမ္ဘာပေါ်တွင် မရှိကြပေ။ တိုက်ပွဲတစ်ပွဲသာ ရုတ်တရက်ဖြစ်သွားပါလျှင် ကမ္ဘာမြေသည် အပြတ်အသတ်ရှုံးနိမ့်ခြင်းဖြင့် ရင်ဆိုင်ရပေလိမ့်မည်။
"ဝှစ်...ဝှစ်...ဝှစ်..."
လေကိုဖြိုခွင်းသောအသံက ရုတ်တရက် ထွက်ပေါ်လာသည်။ အဆိပ်ရည်ပါသည့် မရေမတွက်နိုင်သောဆူးများသည် မူလအားများစွာကို သယ်ဆောင်ကာ ချင်ချွမ်းနှင့်အခြားသူများဆီသို့ ရောက်လာသည်။ ထိုဆူးများအရှိန်က မြန်လွန်းသောကြောင့် ချင်ချွမ်းနှင့်အခြားသူများသည် ရှောင်ချိန်မရလိုက်ပေ။ ချက်ချင်းပင် ထိုဆူးများ မှန်သွားပြီး ကြောက်စရာကောင်းသောအပေါက်များ ကျန်ခဲ့သည်။
"မြို့အရှင်...ကယ်ပါဦး...ကယ်ပါဦး..."
သူ၏ကောင်းကင်တံခါးကို ဆူးဝင်သွားသည့် မြို့အရှင်ပိုင်ဝူပျန့်သည် မလှုပ်မရှားနိုင်ဖြင့် အသက်ဓာတ်က အမြန်ပင်ကျဆင်းလာကာ မလှမ်းမကမ်းမှ ချင်ချွမ်းကို အော်၍အကူအညီတောင်းနေရှာသည်။ သို့သော်လည်း ထိုအချိန်တွင် ချင်ချွမ်းသည်ပင် မိမိဘာသာ မကယ်နိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်၌ ဆူးခုနစ်ချောင်းစိုက်ဝင်နေပြီး ပိုင်ဝူပျန့်ကဲ့သို့ပင် မလှုပ်ရှားနိုင်ဖြစ်နေကာ အကူအညီမဲ့စွာဖြင့်သာ ဆူးများက အသက်ဓာတ်ကို ဝါးမျိုနေသည်ကို ကြည့်နေရသည်။
သွားပြီ....
ငါတို့တော့ သေရတော့မယ်...
ငါတို့အားလုံး သေရတော့မယ်...
ချင်ချွမ်း၏စိတ်ထဲ၌ အားငယ်မှုဖြင့် ပြည့်နှက်သွားသည်။ တိုက်ပွဲတွင် သေရလိမ့်မည်ဟု တစ်ခါမှ မျှော်လင့်မထားဖူးပေ။ ရှေးဘိုးဘေးအဆင့်သည် အားပြင်းလှကာ ရုပ်ပုံသည်ပင် ကြောက်စရာကောင်းလှပြီး ဒဏ္ဍာရီအဆင့်မိမိက မယှဉ်နိုင်ပေ။
"မင်းတို့ နေလအထွတ်အမြတ်နယ်မြေက စည်းကမ်းကို ချိုးဖောက်လိုက်တာပဲ။ ငါတို့ရှေးဘိုးဘေးအဆင့်တွေက မင်းတို့ကို ဆယ်ဆပြန်ပေးဆပ်ခိုင်းလိမ့်မယ်။ ငါတို့တွေ မျိုးသုဉ်းသွားတယ်ဆိုရင်တောင်မှ မင်းတို့နေလအထွတ်အမြတ်နယ်မြေကို ကမ္ဘာမြေရဲ့သေဆုံးခြင်းနဲ့အတူတူ ဆွဲချပစ်မယ်..."
အသက်ရှင်နိုင်ရန် အခွင့်အရေးမရှိတော့သည်ကို သိသောကြောင့် ချင်ချွမ်းသည် နောက်ဆုံးအင်အားကိုသုံးကာ သစ်ပင်အကြီးအကဲ၏ရုပ်ပုံကို ကြည့်ပြီး ကြိမ်းဝါးလိုက်သည်။ ထိုကြိမ်းဝါးသံကို ကြားသောအခါတွင် သစ်ပင်အကြီးအကဲ၏ရုပ်ပုံပေါ်မှ ဆူးနတ်သမီးက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
အခန်း (၄၅၃) ရေနတ်ဘုရားလား ညစ်ညမ်းသောနတ်ဘုရား အပျက်အစီးထဲမှချီချင်းမော့(၂)
"မြို့အရှင် ကမ္ဘာပေါ်က ရှေးဘိုးဘေးအဆင့်သက်ရှိတွေလည်း အခုလောက်ဆို အပျက်အစီးထဲမှာ ပိတ်မိနေလောက်ပြီး သူတို့ဘာသာ ကယ်ဖို့ ရုန်းကန်နေရမှာ။ ဘယ်တော့မှ ပြန်ထွက်လာနိုင်မှာ မဟုတ်လောက်ဘူး။ တစ်ယောက်ယောက်ကသာ သူတို့နဲ့အတူ မြုပ်နှံမယ်ဆိုရင် ကမ္ဘာမြေပေါ်က ရှေးဘိုးဘေးအဆင့်တွေလည်း ကမ္ဘာသားတွေနဲ့အတူ အဖော်ပြုပြီး သေသွားလောက်ပြီ။"
ထိုစကားကို ကြားသည့်အခါတွင် ချင်ချွမ်းတစ်ယောက် မျက်လုံးပြူးကျယ်သွားကာ မျက်နှာကလည်း ပြာနှမ်းသွားသည်။ ဆူးနတ်သမီး၏စကားကို နားထောင်ပြီးနောက်တွင် တစ်ခုခုကို ချက်ချင်း သဘောပေါက်သွားသည်။ အမွေအနှစ်များပေါ်လာသည်ဟုသောသတင်းသည် နေလအထွတ်အမြတ်နယ်မြေက လွှင့်ထားသောသတင်းသာ ဖြစ်သည်။
ကမ္ဘာပေါ်မှ ရှေးဘိုးဘေးများကို ထောင်ချောက်ဆင်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်ပြီး တစ်ခါတည်းဖြင့် ဖမ်းလိုခြင်းပင် ဖြစ်သည်။ ထို့နောက်တွင် အမွေအနှစ်ထဲမှ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များရရန် ဝင်သွားကြမည်သာ ဖြစ်၏။ ယခုတွင် ရန်သူသည် ဆင့်ကဲပြောင်းလဲရန် စိတ်အားထက်သန်မှုကို အသုံးချလိုက်သည်။ ချင်ချွမ်းနှင့် အခြားသူများအားလုံး စိတ်ပျက်လက်ပျက်ရှိနေကြစဉ်တွင်ပင်-
"ဘုန်း..."
မြို့နံပါတ်တစ်၏အန္တရာယ်နယ်မြေမှ ပြင်းထန်သောပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရပြီး အသံက မိုင်ထောင်ချီအဝေးသို့ပင် ပျံ့နှံ့လာကာ တိုက်ပွဲမြေပြင်ဆီသို့ ရောက်လာပြီး အစက ရှေးဘိုးဘေးအဆင့်တစ်ဦးဟု ထင်ထားကြသည်။ ထိုအချိန်တွင် ထိုနေရာတွင်ရှိသောသက်ရှိအားလုံးသည် ပေါက်ကွဲသံကြောင့် ဆွဲဆောင်ခံလိုက်ရပြီး အသံလာရာသို့ ဝိညာဉ်စွမ်းအားဖြန့်ကျက်ကာ လေ့လာကြလေသည်။ ထို့နောက်တွင် မကြာခင်တွင်ပင် အသံလာရာအရပ်၌ လေထဲတွင် ပေါ်လာသည် နန်းတော်တစ်ခုကို အားလုံး မြင်လိုက်ကြရသည်။ နန်းတော်သည် ရေများဖြင့် ဝန်းရံထားပြီး တံခါးအပေါ်တွင် 'ရေနတ်ဘုရား၏နန်းတော်'ဟုသော ဆိုင်းဘုတ်ကို ရှင်းလင်းစွာမြင်နိုင်သည်။ နန်းတော်အပေါ်တွင် နူးညံ့သည့်မိန်းကလေးတစ်ဦးက လေပေါ်တွင် ပျံဝဲနေသည်။
နန်းတော်ထဲမှ စိတ်လှုပ်ရှားနေသည့် အော်သံများကို အဆက်မပြတ်ကြားနိုင်ပြီး နတ်ဘုရားပြန်အလာကို ကြိုဆိုနေကြလေသည်။
ရေနတ်ဘုရားရဲ့နန်းတော်
ဒါက ဘာလဲ
အရင်က ဘယ်လိုလုပ် တစ်ခါမှ မကြားဖူးရတာလဲ
မြို့ထဲမှ ချင်ချွမ်းနှင့်အခြားသူများသည် နန်းတော်ပတ်ဝန်းကျင်ကို လေ့လာကြည့်ပြီးနောက်တွင် သံသယဖြင့် ပြည့်နှက်သွားသည်။ သို့သော်လည်း သစ်ပင်အကြီးအကဲသည်မူ မျက်လုံးပြူးကျယ်နေကာ လွန်စွာတုန်လှုပ်နေဟန်ရှိသည်။
"ရေနတ်ဘုရားက တကယ်ပဲ ပြန်အသက်ဝင်လာတာလား"
သစ်ပင်အကြီးအကဲက ထိုစကားကို ညီးတွားနေစဉ်တွင်ပင် အနက်ရောင်မြေကြီးမှ မြေအောက်ရေများ စိမ့်ထွက်လာပြီး မီးကျွမ်းနေသောကမ္ဘာမြေသည် ချက်ချင်းဆိုသလိုပင် စိုစွတ်သောမြေကြီးအဖြစ် ပြောင်းလဲသွားသည်။ ထိုနေရာတွင်သာ မကပေ။ သစ်ပင်အကြီးအကဲက မိုင်ပေါင်းထောင်ချီအထိ ဝိညာဉ်စွမ်းအားဖြန့်ကျက်ကာ အာရုံခံကြည့်သောအခါတွင် မြေကြီးတွင် ရေများစိမ့်ထွက်နေပြီး စိုစွတ်သောမြေအဖြစ်ချက်ချင်းပြောင်းလဲနေကြသည်။ ထို့အပြင် ရေမျက်နှာပြင်မြင့်တက်လာသည်က မြန်သဖြင့် ချက်ချင်းပင် မြေကြီးမှ ပင်လယ်ကြီးအဖြစ် ပြောင်းသွားနိုင်သည်။ ထိုအကြောင်းကို သိလိုက်သည်နှင့် သစ်ပင်အကြီးအကဲ၏ ရုပ်ပုံက ချက်ချင်းပင် ခန္ဓာကိုယ်ပေါ်မှ ဆူးနတ်သမီးနှင့် မေ့ပျောက်ခြင်းနယ်မြေမှ ဂြိုလ်သားများကို အော်ပြောလိုက်သည်။
"သွားမယ်။ ဒီနေရာက မြန်မြန်ထွက်သွားကြ..."
ထိုအော်သံကို ကြားသည်နှင့် ဆူးနတ်သမီးနှင့် မေ့ပျောက်ခြင်းနယ်မြေမှဂြိုလ်သားများက တွေဝေသွားပေသည်။ သို့သော်လည်း သစ်ပင်အကြီးအကဲက ရှင်းပြမနေတော့ဘဲ မကြာခင်တွင်ပင် ဝိညာဉ်သည် အမြန်ဆုံးနှုန်းဖြင့် ထိုနေရာမှ ထွက်ပြေးလွတ်မြောက်သွားတော့သည်။
နှစ်ထောင်ချီတိုင် အသက်ရှင်နေထိုင်ခဲ့သောကြောင့် ရေနတ်ဘုရားက ဘာဆိုသည်ကို ရှင်းလင်းစွာသိထားသည်။ သူမသည် ဒြပ်စင်ငါးပါးနတ်ဘုရားများထဲမှ တစ်ပါးပင် ဖြစ်သည်။ သူမ၏ရေဖြင့် ထိလိုက်လျှင် ဝိညာဉ်သည် ကြောက်စရာကောင်းလှသည့် မသန့်ရှင်းခြင်းကို ခံစားရမည်ဖြစ်ပြီး သူမသည် အတန်ငယ်ပြဿနာရှာတတ်သည့်နတ်တစ်ပါးပင် ဖြစ်လေသည်။ လွန်ခဲ့သောရှေးကာလတွင်ပင် ကြောက်စရာကောင်းသောရေနတ်ဘုရားသည် လူသားအားလုံးကို ဖိန့်ဖိန့်တုန်အောင် ကြောက်စေသည့် ညစ်ညမ်းနတ်ဘုရားဟုသောဘွဲ့ကို ခံယူထားသည်။
သစ်ပင်အကြီးအကဲ၏ဝိညာဉ်ထွက်ပြေးသွားသ်ညကို တွေ့သည့်အခါ၌ ဆူးနတ်သမီးနှင့် မေ့ပျောက်ခြင်းနယ်မြေမှဂြိုလ်သားများသည်လည်း တွေဝေစွာဖြင့် နောက်မှလိုက်သွားကာ တွန့်ဆုတ်ခြင်းမရှိ ထွက်ပြေးသွားကြပြီး ဆက်၍မနေရဲကြတော့ပေ။
အားကောင်းသောသူများထွက်သွားသည်နှင့် ချင်ချွမ်းနှင့်အခြားသူများက ပြန်အသိဝင်လာကြသည်။
"မြို့အရှင် ဘာဖြစ်နေတာလဲ။"
ရင်ဘတ်ပေါ်မှ သွေးထွက်နေသည့်အပေါက်ကို လက်ဖြင့်ဖိထားသည့် ရှန်ကွမ်းယွဲ့ဟွာသည် ချင်ချွမ်းကိုမေးလိုက်သည်။ အားလုံးထဲတွင် ချင်ချွမ်းသည် အသက်အရှည်ဆုံးနှင့် အများစုကို အတွေ့ဖူးဆုံးသူဖြစ်ပြီး ဗဟုသုတအရှိဆုံးဖြစ်ပေမည်။ လက်ရှိအခြေအနေကို နားလည်နိုင်သူဆိုလျှင် ချင်ချွမ်းသာ ဖြစ်ပေမည်။
ရှန်ကွမ်းယွဲ့ဟွာက တွေဝေစွာဖြင့် မေးလိုက်သောကြောင့် အခြားသူများကလည်း ချင်ချွမ်းကိုလှည့်ကြည့်မိကြသည်။ သို့သော်လည်း ချင်ချွမ်းက ၎င်းတို့ကို စိတ်ပျက်စေမိသည်။ အားလုံး၏အကြည့်အောက်တွင် ချင်ချွမ်းက ခေါင်းခါပြလိုက်ပြီး ပြောလိုက်သည်။
"ဘာဖြစ်နေလဲဆိုတာ ငါလဲသေချာမသိဘူး။"
သူသည် နေလအထွတ်အမြတ်နယ်မြေမှ ရှေးဘိုးဘေးအဆင့်ဖြစ်သည့် သစ်ပင်အကြီးအကဲနှင့် ပန်းနတ်ဘုရားကိုသာ သိသည်။ မေ့ပျောက်ခြင်းနယ်မြေကဆိုလျှင် တိတ်ဆိတ်ခြင်းအရှင်ကိုသာ သိသည်။ မြောက်ပိုင်းနယ်မြေနှင့်အရှေ့ပိုင်းနယ်မြေမှ ရှေးဘိုးဘေးအဆင့်သက်ရှိများအကြောင်းကိုလည်း သိထားသည်။ သို့သော်လည်း ရေနတ်ဘုရားဟုသောစကားကိုမူတစ်ခါမှ မကြားဖူးပေ။
ရေနတ်ဘုရားဆိုတာက ရှေးဘိုးဘေးအဆင့်သက်ရှိလား
ဘာလို့ သစ်ပင်အကြီးအကဲက သူ့ကို ကြောက်ရတာလဲ
ဖြစ်နိုင်သည်မှာ သူသည် ပြည်နယ်အရှင်သိလောက်သည့်အဆင့်မျိုးတွင်သာ ဖြစ်မည်။ ချင်ချွမ်းဘာသာ တွေးနေမိလေသည်။
....
မူလမြေ၏ရှေးဟောင်းအမွေအနှစ်တစ်ခုထဲတွင် တာအိုဝတ်စုံကိုဝတ်ထားသော ချီချင်းမော့သည် ထူးဆန်းသောအငွေ့အသက်များဖြင့်ပြည့်နေသည့်အုတ်ဂူတစ်ခုဆီသို့ ရောက်သွားကာ ရပ်လိုက်သည်။ အုတ်ဂူတ်ဟုခေါ်လျှင် မတိကျပေ။ သင်္ချိုင်းမြေပုံဟုခေါ်လျှင် ပို၍တိကျမည်။ မျက်လုံးဖြင့်မြင်နိုင်သလောက်ဆိုလျှင် နေရာတိုင်း၌ အုတ်ဂူများရှိနေသည်။ တစ်ခုချင်းစီသည် သန့်စင်မှုမြင့်မားလှသည့် အရင်းအမြစ်သလင်းကျောက်များဖြင့်လုပ်ထားပြီး အတန်ငယ်ထည်ဝါလွန်းပေသည်။ ချီချင်းမော့သည် ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ပြီး အုတ်ဂူတစ်ခုချင်းစီအောက်မှ အခြေအနေကို အာရုံခံကြည့်သည်။ ထို့နောက်တွင် အုတ်ဂူတစ်ခုချင်းစီအောက်၌ မပျက်စီးသေးသောအလောင်းတစ်ခုစီ မြုပ်နှံထားသည်ကို တွေ့လိုက်ရသည်။
သို့သော်လည်း မှားနေလေပြီ။ ထိုအရာများက အလောင်းများ မဟုတ်ပေ။ အလောင်းဟုမခေါ်ရန်မှာ ထိုအထဲတွင် အသက်ငွေ့ခပ်ရေးရေးရှိနေပြီး နတ်အာရုံလည်း မြင့်တက်နေကာ ထိုသူများက အမှန်တကယ်သေဆုံးသွားကြခြင်းမဟုတ်ပေ။ အလောင်းတိုင်းသည် ပြန်လည်အသက်ရှင်ရန် အခွင့်အရေးရှိသေးသည်။ ထိုနေရာသည် သင်္ချိုင်းမဖြစ်နိုင်တော့ပေ။ အားကြီးသောသူများကို ချိတ်ပိတ်ထားသည့် တားမြစ်နယ်မြေသာ ဖြစ်သည်။ ချီချင်းမော့သည် ချက်ချင်းပင် သတိကပ်သွား၏။
သူမသည် ထိုခန္ဓာကိုယ်များမှာ အသက်ရှိလျှင် လွန်စွာအားကြီးမည်ကို ခံစားမိသည်။ ခန္ဓာကိုယ်များအားလုံးကို တစ်ချိန်တည်းတွင် ပြန်လည်အသက်သွင်းရန် ယုံကြည်ချက်မရှိပေ။ ထိုသို့ကြောင့် သူမ သတိထားရပေမည်။
"ရေနတ်ဘုရားရဲ့အုတ်ဂူ"
ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ကြည့်သောအခါတွင် မကြာခင်တွင်ပင် ခပ်ဝေးဝေး၌ သင်္ချိုင်း၏အနက်ဆုံးနေရာတွင် ထူးခြားသောအုတ်ဂူတစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုအုတ်ဂူသည် မသိနိုင်သောသတ္တုတစ်မျိုးဖြင့် လုပ်ထားပြီး ရေနတ်ဘုရား၏အုတ်ဂူဟုသောစကားလုံးကို ထိုပေါ်တွင် ရေးထွင်းထားသည်။
ချီချင်းမော့က ရေနတ်ဘုရား၏တည်ရှိမှုကို စဉ်းစားနေစဉ်တွင်ပင် သူမနောက်၌ စိတ်တိုနေသောယောက်ျားအော်သံတစ်ခုကို ကြားလိုက်ရသည်။
"တာအိုဝတ်စုံနဲ့မိန်းမ အခု ဘယ်ကိုထွက်ပြေးနိုင်ဦးမလဲ ကြည့်ကြတာပေါ့။"
အသံလာရာသို့ ကြည့်လိုက်သည့်အခါတွင် ယောက်ျားသုံးယောက်နှင့် မိန်းမတစ်ယောက်က ချီချင်းမော့ရှိရာသို့ လျင်မြန်စွာချဉ်းကပ်လာသည်ကို တွေ့လိုက်ရပြီး လေးဦးလုံးဆီမှ လွန်စွာအားကောင်းသောသွေးမျိုးဆက်ဖိအားမျိုး ထုတ်လွှတ်နေပြီး အနည်းဆုံး ဒဏ္ဍာရီအဆင့်ပြီးပြည့်စုံခြင်းနဝမအဆင့်တွင် ရှိပေသည်။
"ပြေးတယ်"
ချီချင်းမော့က ထိုလေးယောက်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
"ငါဘယ်တုန်းကမှ ပြေးဖို့ မတွေးဖူးဘူး။"
....
မြို့နံပါတ်တစ်၏ လေးဆယ်လီအကွာတွင် ရေနတ်ဘုရား၏နန်းတော်သည် လေထဲတွင်သာရှိနေဆဲဖြစ်ပြီး အောက်မှ မြေကြီးပေါ်သို့ ရေများအဆက်မပြတ်သွန်းလောင်းနေဆဲပင် ဖြစ်သည်။ ထိုရေစက်များဖြင့် ထိလိုက်မိသည့်သက်ရှိတိုင်းသည် မူးဝေသွားကာ ရေထဲတွင်မျောသွားပြီး အချို့က သတိလစ်ကုန်ကြသည်။ မြင့်မြတ်သူအဆင့်ရှိသည့် နွယ်ပန်းမိန်းကလေးသည်ပင် ရေနတ်ဘုရားနန်းတော်၏ရေအမြှေးပါးထဲတွင် ရောက်နေသည်။ ထိုရေစက်များဖြင့် ထိတွေ့ထားသဖြင့် သူမ၏နတ်အာရုံသည် လုံးဝမရှိတော့ပေ။ နွယ်ပန်းမိန်းကလေးသည် ဝိညာဉ်စွမ်းအားထိန်းချုပ်မှုအောက်တွင် ညစ်ညမ်းသွားလေသည်။