အခန်း (၄၅၄-၄၅၆)
Vol. 31 Ch. 454-456
အခန်း (၄၅၄) ရှေးဘိုးဘေးအဆင့် လက်တစ်ဖက်တည်းနဲ့သတ်ပစ်မယ်
နန်းတော်ထက်တွင် ရှန်ချင်းဟန်သည် ညင်သာစွာ စီးမျောနေသောရေထဲတွင် တိတ်တဆိတ်မျောနေပြီး သူမသည် နှစ်သောင်းချီအိပ်စက်ရာမှ ကျောက်တလားထဲမှ နိုးထလှသည့် အလှလေးနှင့်တူသည်။ သူမ၏မိုးပြာရောင်ဆံနွယ်ရှည်သည် ရေစီးဖြင့်အတူ လွှင့်မျောနေပြီး လွန်စွာလှပလွန်းပေသည်။
လင်းဇီချန်မှာမ ထိုအလှတရားကို ခံစားနေရန် အချိန်မရှိပေ။ အမြန်ပင် ရှန်ချင်းဟန်ဘေးသို့ ကူးခတ်လာပြီး သူမ၏အခြေအနေကို စစ်ဆေးကြည့်သည်။ နန်းတော်အထက်တွင် လင်းဇီချန် ပေါ်လာသည်နှင့် နန်းတော်အတွင်းမှ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေသောအသံများသည် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားသည်။
ထိုထဲမှ ကြောက်လန့်တကြားအော်ဟစ်နေသောအော်သံများက ဆက်လက်ထွက်ပေါ်လာသည်။
"ငါ့ကို ယဇ်မပူဇော်ပါနဲ့။"
"ငါမသေချင်ဘူး။ ငါမသေချင်ဘူး။"
"နတ်ဘုရား ကယ်ပါဦး။"
ကြောက်စရာကောင်းသောအော်သံများက အဆက်မပြတ်ထွက်ပေါ်လာသည်။ ထိုအော်သံများကို ကြားသောအခါတွင် လင်းဇီချန်သည် ထခုန်လိုက်မိပြီး မျက်နှာသည် အနည်းငယ်မျှ ပြောင်းလဲသွားကာ အမြန်ပင် အောက်မှ နန်းတော်ကို ငုံ့ကြည့်လိုက်သည်။
ငုံ့ကြည့်လိုက်သည်နှင့် မယုံကြည်နိုင်စရာကောင်းသောမြင်ကွင်းကို မြင်လိုက်ရသည်။ အောက်မှ နန်းတော်တစ်ခုလုံးသည် မျက်စိဖြင့် မြင်နိုင်သောအတိုင်းအတာဖြင့် ပြိုလဲသွားသည်။ လဲပြိုသွားသောအပျက်အစီးများက ချက်ချင်းပင် မိုးပြာရောင်အလင်းတန်းအဖြစ် ပြောင်းသွားပြီး ကောင်းကင်ပေါ်သို့တက်လာကာ အားလုံးသည် ရှန်ချင်းဟန်၏ကောင်းကင်တံခါးဆီသို့ တိုးဝင်လာတော့သည်။ အလင်းတန်းသည် လွန်စွာမြန်သောအရှိန်ဖြင့် ရောက်လာပြီး ကပ်ဘေးမှထွက်ပြေးလာသည့် သက်ရှိများဖြင့် တူလှကာ ရှန်ချင်းဟန်၏ကောင်းကင်ဘုံတံခါးဆီသို့ ပြေးဝင်လာကြခြင်းဖြစ်သည်။
မိမိရှေ့မှ မြင်ကွင်းကို မြင်သောအခါတွင် လင်းဇီချန်သည် အတန်ငယ်စိတ်ရှုပ်သွားလေသည်။ ဖြစ်နေသည်များကို ရပ်တန့်ချင်သော်လည်း မည်သို့လုပ်ရမည်မသိဖြစ်နေသည်။ ထိုအလင်းတန်းများက ရှန်ချင်းဟန်အတွက် ကောင်းမကောင်းကို မသေချာပေ။ သူမ၏ခန္ဓာကိုယ်ကို မည်သို့ဆိုးကျိုးမျိုူးရှိမည်ကိုလည်း မသိပေ။ထို့ကြောင့် ရှန်ချင်းဟန်၏မျက်နှာလေးကို ငေး၍သာ နာကျင်မှုမပြရန် မျှော်လင့်နေရသည်။ သို့သော်လည်း ခဏချင်းအတွင်းပင် နန်းတော်တစ်ခုလုံး ပြိုသွားတော့သည်။
ဖြစ်စဉ်တစ်ခုလုံးကို မြင်လိုက်ရသည့်အခါတွင် လင်းဇီချန်၏မျက်နှာသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပြီး စိတ်ထဲတွင် လွန်စွာတုန်လှုပ်နေမိသည်။ ထိုရေပမာဏသည် ပင်လယ်တစ်ခုစာရေပမာဏဖြစ်ပြီး ရှန်ချင်းဟန်က ခဏလေးအတွင်းတွင်ပင် စုပ်ယူသွားသည်။
မည်သို့ဖြစ်နိုင်မည်နည်း
ရှန်ချင်းဟန်၏ခန္ဓာကိုယ်သည် အခြားကမ္ဘာတစ်ခုဖြင့် ဆက်သွယ်ထားသည်လား မဟုတ်လျှင် သူမကိုယ်ပိုင်ကမ္ဘာတစ်ခု ပိုင်ဆိုင်ထားသည်လား
လင်းဇီချန်က ၎င်းဘာသာ ညီးတွားနေမိသည်။ စိတ်ရှုပ်ထွေးသွားသော်လည်း ယခုချိန်တွင် စဉ်းစားချိန်မရပေ။ ထို့အစား အမြန်ပင် စိတ်ခံစားချက်များကို တည်ငြိမ်အောင်လုပ်ပြီး လေပေါ်တွင် ဝဲနေသောရှန်ချင်းဟန်ကိုခေါ်ကာ ရင်ခွင်ထဲသို့ထည့်၍ သူမအခြေအနေကို စစ်ဆေးရန် အနီးအနားမှ သစ်ပင်ကြီးပေါ်တွင် သက်ဆင်းလိုက်သည်။
....
မူလမြေ ရှေးဟောင်းအမွေအနှစ်ထဲတွင် ချီချင်းမော့သည် ညာဘက်လက်လေးကို မြှောက်ပြီး ခပ်လှမ်းလှမ်းမှ ရှေးဘိုးဘေးအဆင့်ယောက်ျားတစ်ယောက်ကို ဆွဲခေါ်ကာ လက်ချောင်းလေးက ထိုသူ၏လည်ပင်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်သည်။ ထိုသူ၏ခြေထောက်အောက်တွင် အလောင်းသုံးလောင်းရှိနေပြီး အရိုးနှင့်အသားများကလွဲ၍ အခြားမရှိတော့ပေ။ ထိုအလောင်းသုံးလောင်းသည် အသက်ရှိစဉ်က မြင့်မြတ်သူပြီးပြည့်စုံခြင်းနဝမအဆင့်ရှိသူများဖြစ်ကြသော်လည်း ယခုတွင်မူ ခန္ဓာကိုယ်ထဲမှ ချီသွေးစွမ်းအားကုန်ကာ တန်ဖိုးမရှိသော အခွံသာသာ သာကျန်တော့သည်။
"မိစ္ဆာဒိဌိတွေ... မင်းတို့....မင်းတို့...မိစ္ဆာဒိဌိတွေ...."
ချီချင်းမော့ထံတွင် လည်ပင်းညှစ်ခံထားရသူသည် ခပ်လှမ်းလှမ်းမှ နာကျင်စွာဖြင့် အော်လိုက်မိသည်။ နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာပြီးနောက်တွင် ထိုသို့ လူမဆန်သည့် အရိုးနှင့်အသားများကျန်သည်အထိ စုပ်ယူခံရသောမြင်ကွင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ထို့နောက်တွင် ထိတ်လန့်ကြောက်ရွှံ့မှုဖြင့် ပြည့်နှက်သွားသည်။
ချီချင်းမော့က ထိုသူ၏စကားကို အာရုံမထားတော့ပေ။ အတွေးတစ်ခုဖြင့် အမြန်ပင် ချီသွေးအားလုံးကို စုပ်ယူလိုက်ပြီး သူမသုံးရန်အတွက်ပင် ဖြစ်သည်။ ချီသွေးများက အဆက်မပြတ်ကျဆင်းသွားကာ ဗလာတောင့်တောင့်လူကြီးသည် မြင်နိုင်သောနှုန်းဖြင့် မျက်စိဖြင့်မြင်နိုင်သောနှုန်းဖြင့် ပိန်းချုံးကျသွားသည်။
စက္ကန့်ပိုင်းအတွင်းတွင်ပင် သုံးမီတာရှည်သည့်လူကြီးသည် တစ်မီတာခန့်သာရှိတော့သည့် ခါးကုန်းအဘိုးကြီးအဖြစ် ပြောင်းလဲသွားတော့သည်။ ထို့နောက်တွင် နောက်ဆုံးထွက်သက်ထွက်သွားလေသည်။
"မင်း...မိစ္ဆာဒိဌိ.... မင်းက အခြားရှေးဘိုးဘေးအဆင့်သက်ရှိတွေအတွက် ခြိမ်းခြောက်မှုအကြီးကြီးပဲ။ မင်းအတွက် မူလမြေမှာ နေရာမရှိဘူး..."
မသေခင်အခိုက်အတန်တွင် ထိုသူသည် ချီချင်းမော့ကို ငေးကြည့်ရင်းဖြင့် သူမကို ခြိမ်းခြောက်သွားသေးသည်။
ချီချင်းမော့ကမူ ထိုစကားကို ကြားသော်လည်း မည်သည့်စိတ်ခံစားချက်မှ မဖြစ်ပေ။ စုပ်ယူခြင်းလုပ်ငန်းစဉ်ကိုသာ အရှိန်မြှင့်လိုက်သည်။ အသက်နည်းနည်းမျှရှုပြီးနောက်တွင် ရှေးဘိုးဘေးအဆင့်လူသားကို အရိုးပေါ်အရေတင်ခမ်းခြောက်သွားသည်အထိ စုပ်ယူလိုက်ပြီး လုံးဝပင် ဆွေးမြေ့သွားတော့သည်။
"ဝှစ်..."
ချီချင်းမော့သည် ညစ်ညမ်းသောလေထုကို မှုတ်ထုတ်လိုက်ပြီး တည်ငြိမ်စွာဖြင့် ခန္ဓာကိုယ်တွင်းမှ ချီသွေးစွမ်းအားကို အာရုံခံကြည့်သည်။ ချီသွေးစွမ်းအားက ပို၍အဆင့်မြင့်သွားသည်ကို မြင်သောအခါတွင် မျက်နှာထက်၌ အပြုံးခပ်ရေးရေးလေး ထွက်ပေါ်လာသည်။
"သွေးသန့်လူသာလးမ်းစဉ်ကို ကျွမ်းကျင်သွားပြီ။ အခြားသူရဲ့ဝိညာဉ်စွမ်းအားပေါ်မှာ မှီခိုနေစရာမလိုတော့ဘူး။ မူလအားတွေရှာရင်းလည်း အချိန်ဖြုန်းစရာမလိုတော့ဘူး။"
....
မူလမြေ၏တောင်ပိုင်းပိုင်နက်ရှိ နက်နဲသောဂူထဲတွင် ကောက်ကျစ်သောအကြည့်ရှိသည့်လူတစ်ယောက်သည် အနက်ရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ဂူမျက်နှာကျက်တွင် တွဲလောင်းခိုနေကာ မျက်လုံးမှိတ်၍ တရားကျင့်နေသည်။ (လင်းနို့လူသားပေါ့)
"ဖက်..."
ရုတ်တရက်ပင် အရည်များပက်ဖြန်းသည့်အသံကို ကြားလိုက်ရသည်။ ထိုသူသည် သွေးများအန်ထွက်လာခြင်းပင်ဖြစ်သည်။ မျက်နှာကလည်း ဖျော့တော့သွားသည်။ ဝိညာဉ်သည် ပြင်းထန်သောဝေဒနာကို ခံစားလိုက်ရပြီး အခြေခံအုတ်မြစ်ထိပင် ဝေဒနာက ရောက်သွားကာ စွမ်းအားအနည်းငယ်ကျဆင်းသွားစေသည်။
"တာအိုဝတ်ရုံဝတ်ထားတဲ့မိန်းမက ပိုပြီးအားကောင်းလာပြီ..."
ထိုသူသည် သက်သာရန် အချိန်ယူလိုက်ရပြီး လေးနက်သောမျက်နှာထားဖြင့် ဆိုလိုက်သည်။ သူသည် ချီချင်းမော့စတင်ပေါ်လာစဉ်က ဒဏ္ဍာရီအလယ်အလတ်အဆင့်သာရှိသေးသည်ကို မှတ်မိကာ ထူးခြားမှုမရှိခဲ့ပေ။ သို့တိုင် လအနည်းငယ်အတွင်းတွင်ပင် ချီချင်းမော့သည် ရှေးဘိုးဘေးအဆင့်တစ်ဦးကို အလွယ်လေးသတ်နိုင်သည်အထိ အားကောင်းလာကာ မိမိကို ခြိမ်းခြောက်နေသည်ဟု စတင်ခံစားလာရပေသည်။
အခန်း (၄၅၅) ရှေးဘိုးဘေးအဆင့် လက်တစ်ဖက်တည်းနဲ့သတ်ပစ်မယ် (၂)
"ကြည့်ရတာ လှုပ်ရှားဖို့ မိတ်ဆွေဟောင်းကြီးတွေနဲ့ ပူးပေါင်းပြီး အဲ့တာအိုဝတ်ရုံမိန်းမကို ရင်ဆိုင်ရတော့မဲ့ပုံပဲ။ မဟုတ်ရင် ပြဿနာက ဆုံးမှာမဟုတ်တော့ဘူး။"
ထိုသူက တိတ်တဆိတ်ညည်းတွားလိုက်သည်။
ပြောပြီးနောက်တွင် ခရမ်းရောင်ဆေးလုံးကို ထုတ်ယူကာ မျိုချလိုက်၏။ ဆေးလုံးကို မျိုချလိုက်သည့်အခိုက်အတန့်တွင် ဖျော့တော့နေသောအသားအရေက အနီရောင်သမ်းသွားပြီး စောနကကဲ့သို့ ဝိညာဉ်ထိခိုက်သည့်လက္ခဏာမျိုး မပြသတော့ပေ။ ထိုအချိန်တွင် ချောမောသောလူငယ်လေးတစ်ဦးက အပြင်မှ အထဲသို့ ပျံသန်းဝင်လာပြီး ထိုသူ၏ဘေးတွင် အထက်အောက်ပြောင်းပြန်တွဲလောင်းခိုကာ အလျင်စလိုဖြင့် ပြောလိုက်သည်။
"အဖေ ရှေးဟောင်းစိမ်းလန်းတောင်တန်းက စုကျိုကျဲက ကျွန်တော်တို့နဲ့ မဟာမိတ်ဖွဲ့ဖို့ လက်ထပ်ဖို့ ဆန္ဒမရှိသေးဘူးတဲ့လား။ ကျွန်တော့်ကိုယ်စား မဟာမိတ်ဖွဲ့ဖို့တောင်းဆိုပြီးပြီမဟုတ်လား။"
ညဘုရင်၏သားဖြစ်သော ထိုလူငယ်သည် ကျောက်တုံးတစ်ထောင်လိုဏ်ဂူအတွင်းတွင် အယောက်တစ်သောင်းအထက်တွင်ရှိသော တစ်ဦးတည်းသောသူ၏ ဒုတိယမြောက်လူဖြစ်သည်။ ကလေးဘဝကတည်းကပင် လိုချင်သည့်အရာမှန်သမျှကို ရခဲ့ပြီး မည်သူမှ ၎င်းကိုမကျော်ရဲကြပေ။
သို့သော်ငြားလည်း ယခုတွင်မူ ညဘုရင်၏သားဖြစ်သူသည် ရှေးဟောင်းစိမ်းလန်းတောင်တန်း၏ မြင့်မြတ်သောသခင်မဆီမှ အငြင်းခံလိုက်ရကာ အရှက်မှုနှင့်ဒေါသထွက်ရမှုကို ခံစားနေရသည်။
စောနကပင် ဝိညာဉ်ကြီးကြီးမားမားထိခိုက်ထားသော ညဘုရင်သည် ထိုလူငယ်ကို မထုံတတ်သေးဖြင့် ပြောလိုက်သည်။
"စိတ်မပူနဲ့။ ရက်ပိုင်းလောက်ဆိုရင် ရှေးဟောင်းစိမ်းလန်းတောင်တန်းကို လုံးဝသိမ်းပိုက်ပြီးသားဖြစ်မှာ။ အဲ့ကျမှ မင်းကြိုက်တဲ့ ဘယ်မြေခွေးမိစ္ဆာကိုမဆိုရနိုင်ပြီ။ မင်းစိတ်ပါရင် တောင်အရှင်နဲ့တောင် ကစားပြီး အတွေ့အကြုံယူလို့ရသေးတယ်။"
"အဖေ အဲ့ဒါ တကယ်ပဲလား။"
လူငယ်၏အသံက စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်နေသည်။
ရှေးဟောင်းစိမ်းလန်းတောင်တန်း၏မြေခွေးမိစ္ဆာများသည် လွန်စွာလှသော အလှပဂေးလေးများ ဖြစ်ကြသည်။ အထူးသဖြင့် တောင်အရှင်ပင် ဖြစ်ကာ လွန်စွာဖြူစင်ပုံပေါ်သော်လည်း ဆွဲဆောင်မှုရှိသည်။ တောင်အရှင်ကိုသာ အစေခံအဖြစ် ခစားခိုင်းနိုင်ပါလျှင် သူမ၏ချစ်စဖွယ်အမူအရာထဲတွင် မွေ့လျော်ကာ ယခုဘဝအတွက်သေရန်ပင် ထိုက်တန်လေပြီ။ ပျိုနီပန်းလေးအောက်တွင် သေရမည်ဆိုခြင်းက သရဲအဖြစ်ပင် ချစ်ကြည်နူးနေသည့်ဝိညာဉ်ဖြစ်နိုင်ပေလိမ့်မည်။
....
မြို့နံပါတ်တစ်အပြင်ဘက် လီလေးဆယ်အကွာ ပိုင်နက်ရှိ အန္တရာယ်နယ်မြေတွင်ဖြစ်သည်။ ကြီးမားလှသည့် မိုးထိထောင်နေသည့်သစ်ပင်ကြီးပေါ်တွင် လင်းဇီချန်သည် ရှန်ချင်းဟန်ကို ရင်ခွင်ထဲတွင် ထည့်ပြီး ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်၍ သူမ၏ခန္ဓာကိုယ်ကို စစ်ဆေးပေးသည်။ အစိတ်အပိုင်းတစ်ခုခုက ပြဿနာဖြစ်နေမည်လားဟု ဂရုတစိုက်စစ်ဆေးနေရှာသည်။
လင်းဇီချန်သည် သူ၏ခန္ဓာကိုယ်တွင် ရေပမာဏများလွန်းသောကြောင့် ရုတ်တရက်ပင် ရှန်ချင်းဟန်၏ကောင်းကင်တံခါးပေါက်ထွက်သွားမည်ကို စိုးရိမ်နေမိသည်။ လွန်စွာလေးနက်သောစစ်ဆေးမှုပြီးနောက်တွင် ရှန်ချင်းဟန်၏ခန္ဓာကိုယ်သည် ပြင်းထန်သောပြဿနာမျိုးမရှိဘဲ အကုန်သာမန်ပင်ဖြစ်သည်ကို သိလိုက်ရသည်။
အတွင်းပိုင်းသည်လည်း သာမန်ဖြစ်သော်လည်း ခန္ဓာကိုယ်အပြင်ပိုင်း၌ သိသာသောပြောင်းလဲမှုမျိုး ရှိသည်။ ဥပမာအားဖြင့် ဆံပင်၏အရောင်က ပို၍ပြာလာပြီး အထိအတွေ့ကလည်း ပို၍နူးညံ့လာသည်။ ထိကြည့်လိုက်လျှင် ရေကိုထိသကဲ့သို့ပင်ဖြစ်ပြီး ရပ်၍မရနိုင်လောက်အောင် နူးညံ့လွန်းလှသည်။ ထို့အပြင် အသားအရေကလည်း သိသာစွာပြောင်းလဲလာသည်။ ပို၍နူးညံ့လာသောကြောင့် အနည်းငယ်ဆိတ်ကြည့်လျှင် ရေထွက်လာမည်ဟုထင်ရကာ လွန်စွာမှော်ဆန်လှပေသည်။
"မိန်းမတစ်ယောက်က ရေနဲ့ဖွဲ့စည်းထားတယ်လို့ ပြောကြတယ်။ ဒီစကားက အခြားမိန်းမတွေအတွက် စောဒကတက်စရာဆိုပေမဲ့လို့ ချင်းဟန်အတွက်တော့ တကယ်ဖြစ်နေတာပဲ။"
လင်းဇီချန်သည် ရင်ခွင်ထဲမှ ရှန်ချင်းဟန်ကို ကြည့်ကာ တိတ်တဆိတ်ဖြင့် ညည်းတွားလာသည်။ ထိုသို့ပြောပြီးနောက်တွင် နန်းတော်မပျောက်ခင်တွင် မြင်ခဲ့သမျှကို ပြန်မှတ်မိလာသည်။
ထိုနန်းတော်၏ဆိုင်းဘုတ်တွင် ရေနတ်ဘုရားနန်းတော်ဟု ရေးထားသည်။ နန်းတော်ထဲမှလည်း နတ်ဘုရားဟုသောခေါ်သံများ ပြည့်နှက်နေသည်။ ရှန်ချင်းဟန်က နန်းတော်ပေါ်တွင် လွင့်မျောနေသည်။ ထိုမြင်ကွင်းများအားလုံးကို ဆက်စပ်ကြည့်လျှင် လင်းဇီချန်သည် သုံးသပ်ချက်တစ်ခုကို စဉ်းစားလိုက်မိသည်။ ထိုသုံးသပ်ချက်သည် ရှန်ချင်းဟန်မည်သူဖြစ်သည်ဆိုသော သုံးသပ်ချက်ပင် ဖြစ်လေသည်။
ရှန်ချင်းဟန်သည် ရေနတ်ဘုရားပင်ဖြစ်မည်ဟု ခန့်မှန်းမိသည်။ သို့မဟုတ် တိကျစွာဆိုရလျှင် ရှန်ချင်းဟန်ကိုယ်တွင်း၌ ရေနတ်ဘုရား၏အမွေအနှစ်ရှိမည်ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ရှန်ချင်းဟန်၏ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံက ထူးခြားနေခြင်းဖြစ်နိုင်သည်။
"ဇီချန်"
လင်းဇီချန်တစ်ယောက် အတွေးထဲတွင် နစ်မျောနေစဉ်တွင် ရင်ခွင်ထဲ၌ရှိသော ရှန်ချင်းဟန်သည် အားအင်ဖျော့တော့စွာဖြင့် မျက်လုံးဖွင့်လာပြီး ခေါ်လိုက်သည်။ သူမသတိရလာသည်ကို မြင်သောကြောင့် လင်းဇီချန်က သိမ်မွေ့စွာဖြင့် မေးလိုက်သည်။
"တစ်နေရာရာက မသက်မသာဖြစ်တာမျိုး ခံစားရလား။"
"နှလုံးက နည်းနည်းလေးနာနေတယ်။ ခန္ဓာကိုယ်ကလည်း အားမရှိတော့သလိုပဲ။"
ရှန်ချင်းဟန်သည် အားအင်ဖျော့တော့စွာ ပြန်ဖြေလိုက်ပြီး သူမ၏ခေါင်းလေးကို အသာပွတ်နေသည်။
လင်းဇီချန်က ဆက်၍ မေးလိုက်သည်။
"မခံနိုင်တာမျိုးဖြစ်လား။"
ရှန်ချင်းဟန်သည် အားနည်းနေဆဲဖြစ်သည်။
"အဆင်ပြေပါတယ်။ အရမ်းအားနည်းနေတာမျိုးတော့မဟုတ်ဘူး။ နည်နည်းလှုပ်ရှားမကောင်းဖြစ်ရုံတင်ပါ။"
ထိုစကားကို ကြားသည်နှင့် လင်းဇီချန်က သက်ပြင်းချလိုက်မိသည်။
"ဘာမှပြင်းပြင်းထန်ထန်မဖြစ်ဘူးပဲ။"
ရှန်ချင်းဟန်သည် လင်းဇီချန်၏ရင်ခွင်မှထွက်၍ ထိုင်ကာ တွေဝေစွာဖြင့် မေးလိုက်သည်
"ဇီချန် ငါသတိလစ်နေတုန်းက ဘာဖြစ်သွားတာလဲ။ စောနက ငါတို့ပိတ်မိနေတဲ့ထောင်ချောက်ကရော။"
လင်းဇီချန်က စိတ်ရှည်စွာဖြင့် ရှင်းပြလိုက်သည်။
"ဖြစ်သွားတာက ဒီလို..."
အမွှေးရနံ့ရုတ်တရက်ပေါ်လာမှု၊ လော့ချန်းရွှယ်၏သစ္စာဖောက်မှု၊ အားလုံး၏သစ္စာဖောက်မှု၊ နွယ်ပန်းမိန်းကလေးပေါ်လာခြင်း၊ ရေနတ်ဘုရားနန်းတော် ရုတ်တရက်ပေါ်လာခြင်း၊ရေနတ်ဘုရားနန်းတော် ပြိုလဲသွားခြင်း၊ ရေများအားလုံးကို စုပ်ယူလိုက်ခြင်း....သဖြင့် လင်းဇီချန်သည် စိတ်ရှည်ရှည်ဖြင့် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ရှင်းပြသည်။
အားလုံးကို နားထောင်ပြီးနောက်တွင် ရှန်ချင်းဟန်တစ်ယောက် ယုံကြည်ရန် ခက်ခဲနေသည်။
"ရေနတ်ဘုရားနန်းတော်က အလင်းစီးကြောင်းအဖြစ် ပြိုသွားးပြီး ရေစီးကြောင်းနဲ့အတူ ငါ့ကောင်းကင်တံခါးပေါက်ထဲကိုဝင်လာတယ်။ အဲ့ရေတွေကလည်း သမုဒ္ဒရာတစ်ခုစာလောက်ရှိတယ်လား။"
"အင်း။"
လင်းဇီချန်က ခေါင်းညိတ်ပြလိုက်သည်။
လင်းဇီချန်ဆီမှ အတည်ပြုချက်ရပြီးသည်နှင့် ရှန်ချင်းဟန်၏မျက်နှာက မယုံကြည်နိုင်ဖွယ်ဖြစ်သွားသည်။ သူမသည် ပင်လယ်တစ်ခုစာရှိသည့်ရေများက မိမိ၏ကောင်းကင်တံခါးထဲသို့ဝင်သွားသည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲနေသည်။
ကောင်းကင်တံခါးက ဒီလောက်သေးတာ။ ဘယ်လိုလုပ ရေအများကြီးကို ထိန်းထားနိုင်ရတာလဲ
ရှန်ချင်းဟန်တစ်ယောက် ပို၍စဉ်းစားလေလေ ပို၍တွေဝေလာမိလေလေပင်ဖြစ်သည်။ ထိုအချိန်တွင် သူမ၏အသိစိတ်ပင်လယ်က သိသိသာသာ ကျယ်ပြန့်လာပြီး ကြီးမားသောနန်းတော်ကြီးတစ်ခုက ထိုထဲတွင် လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။ နန်းတော်၏ဆိုင်းဘုတ်တွင် ရေနတ်ဘုရားနန်းတော်ဟု ရှင်းလင်းစွာ ထွင်းထုထားသည်။
ဒီနန်းတော်က ဇီချန်ပြောတဲ့နန်းတော်များလား
ဒါတွေက တကယ်ရော ဟုတ်ရဲ့လား
အသိစိတ်ပင်လယ်က ဘာလို့ အဲ့လိုလုပ်နိုင်ရတာလဲ
ငါက တကယ်ပဲ ရေနတ်ဘုရားများ ဖြစ်နေမလား
ထိုအကြောင်းကို စဉ်းစားရင်းဖြင့် ရှန်ချင်းဟန်သည် စိတ်ထဲတွင် ခံစားချက်များ ရှုပ်ထွေးလာတော့သည်။ သူမသည် အားကောင်းသောနတ်တစ်ပါးဖြစ်နိုင်သည်ဟုသောဖြစ်နိုင်ချေကြောင့် စိတ်လှုပ်ရှားလာသည်။ သို့တိုင် ထို့ကြောင့်ပင် အတန်ငယ်မသက်မသာဖြစ်ကာ ရှန်ချင်းဟန်ဟုသောအမည်နာမအပြင် အခြားတစ်ခုကို လက်ခံရန် ခဲယဉ်းနေသည်။
သူမသည် ရှန်ချင်းဟန်သာ ဖြစ်ချင်သည်။ လင်းဇီချန်နှင့်အတူ ကလေးဘဝကတည်းက ကြီးပြင်းလာခဲ့ပြီး အသက်နှစ်ဆယ်သာရှိသေးသော လှပသည့်မိန်းကလေးသာဖြစ်ချင်ကာ ရှေးဟောင်းလူတစ်ဦး၏ပြန်လည်ဝင်စားသူမျိုး မဖြစ်လိုပေ။
"ရှေးလူသားဝင်စားတာမဟုတ်ဘဲ ရှေးလူသားတစ်ယောက်ရဲ့အမွေအနှစ်ကို လက်ခံရတဲ့ကံကောင်းတဲ့သူဖြစ်ဖို့ပဲ မျှော်လင့်မိတယ်..."
ရှန်ချင်းဟန်သည် တိတ်တဆိတ်ပင် သူမဘာသာ ဆုတောင်းနေမိသည်။
တွေး၍ပြီးသည်နှင့် သူမသည် လင်းဇီချန်ကိုမော့ကြည့်ကာ ညင်သာစွာဖြင့် ပြောလိုက်သည်။
"ဇီချန် ငါ့ရဲ့အသိစိတ်ပင်လယ်က တော်တော်လေးကြီးလာတယ်။ နင်ပြောတဲ့နန်းတော်ကိုပါ အဲ့ထဲမှ တွေ့နေရတယ်။"
အဲ့နန်းတော်က ဒီမိန်းကလေးရဲ့အသိစိတ်ပင်လယ်ထဲ ရောက်သွားတာလား
လင်းဇီချန်က မျက်ခုံးတစ်ဖက်ပင့်ပြီး မေးလိုက်သည်။
"မင်းရဲ့ဝိညာဉ်စွမ်းအားက နန်းတော်ထဲ ဝင်ကြည့်လို့ရလား။"
ရှန်ချင်းဟန်က ပြန်ဖြေလိုက်သည်။
"မသိဘူး။ စမ်းကြည့်လိုက်မယ်။"
ပြောပြီးနောက်တွင် သူမသည် ဝိညာဉ်စွမ်းအားကို စုစည်းကာ ကျွမ်းကျင်စွာဖြင့်အသိစိတ်ပင်လယ်ထဲသို့ ကြည့်လိုက်ပြီး အတွင်းပိုင်းကို လေ့လာရန် ကြိုးစားကြည့်သည်။ သို့သော်လည်း သူမ၏ဝိညာဉ်စွမ်းအားက နန်းတော်နှင့် ထိမိသည်နှင့် ချက်ချင်းပြယ်သွားကာ ဝင်၍မရပေ။
....
သူမ သတိမမေ့ခင်တွင် လော့ချန်းရွှယ်လှုပ်ရှားလိုက်သည်ကို တွေ့လိုက်သည်။ အားလုံးသည် အဖွဲ့ထဲမှ တစ်ဦးတည်းသောဂြိုလ်သားဖြစ်သည့် လော့ချန်းရွှယ်သည် သစ္စာဖောက်ဖြစ်နေလိမ့်မည်ဟု သံသယရှိနေကြသည်။ အားလုံးက သူမကို နှုတ်ဖြင့်တိုက်ခိုက်ခဲ့ကြသည်။
အခန်း (၄၅၆) လော့ချန်းရွှယ်မှတ်ဉာဏ်ပြန်ရလာပြီ
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် သစ်ပင်ပေါ်တွင် ထိုင်ပြီး နာရီဝက်ခန့် ရှန်ချင်းဟန်၏အသိစိတ်ပင်လယ်ထဲ၌ရှိသည့် ရေနတ်ဘုရားနန်းတော်အကြောင်း ဆွေးနွေးနေကြသည်။ နန်းတော်ထဲသို့ အကြိမ်ပေါင်းများစွာဝင်ရန် ကြိုးစားကြည့်သော်လည်း အကြိမ်တိုင်းကျရှုံးသည်။ မကြာခင်တွင်ပင် ဖြစ်နေသည်များကို နားမလည်နိုင်တော့သောကြောင့် ရေနတ်ဘုရားနန်းတော်ကို အာရုံမစိုက်တော့ဘဲ အောက်သို့ဆင်း၍သာ တိုက်ပွဲရှေ့တန်းဆီသို့ တူတူပျံသွားကြသည်။
ယခုတွင် တိုက်ပွဲရှေ့တန်းသည် အပြီးသတ်ခါနီးပြီဖြစ်သည်။ မြို့မှလူများသည် အနိုင်ရသွားကြကာ အရေးသာသွားကြသည်။ နေလအထွတ်အမြတ်နယ်မြေမှ ဆန်းကြယ်အပင်များနှင့် မေ့ပျောက်ခြင်းနယ်မြေမှ ဂြိုလ်သားများသည်လည်း ပြန်ဆုတ်သွားကြသည်။
"ဇီချန် ငါတို့ နိုင်သွားပြီ။ လုံးဝကို နိုင်သွားတာ။ ယုံနိုင်ဖို့တောင် ခက်တယ်။"
ရှန်ချင်းဟန်သည် အောက်မှ တိုက်ပွဲမြေပြင်ကို ငုံ့ကြည့်ရင်းဖြင့် သူမ၏ရဲဘော်များသည် အောင်မြင်စွာဖြင့် နေလအထွတ်အမြတ်နယ်မြေနှင့် မေ့ပျောက်ခြင်းနယ်မြေမှရန်သူများနောက်သို့လိုက်သွားသည်ကိုကြည့်ကာ အံ့ဩနေမိသည်။
လင်းဇီချန်သည်လည်း အံ့အားသင့်နေကာ ပြောလိုက်လေသည်။
"ရလဒ်က တကယ်ကို မျှော်လင့်မထားဘူးပဲ။"
မြို့ထဲမှလူများက တိုက်ပွဲကိုနိုင်သွားသည်ကို မြင်သောအခါတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့နှစ်ဦးလုံးသည် အတန်ငယ်အံ့အားသင့်နေကြပြီး မိမိတို့ဘက်က နိုင်လိမ့်မည်ဟုလည်း မျှော်လင့်မထားမိပေ။
သွေးကြောနီအမြစ်များဖြင့်လုပ်ထားသော လှောင်ချိုင့်ထဲတွင် ပိတ်မိနေသည့်အခိုက်အတန့်တွင် တိုက်ပွဲရှေ့တန်းသည် အတန်ငယ်အကျအရှုံးများနေပြီး ဂြိုလ်သားများ၏ဖိနှိပ်ခြင်း ခံထားရသည်။ လက်ရှိရလဒ်ဖြင့်နှိုင်းစာလျှင် လုံးဝပင် ဆန့်ကျင်ဘက် ဖြစ်နေသည်။
"ဇီချန် ငါတို့ကမ္ဘာဘက်က ဒီပွဲကို နိုင်သွားတာကို ဘယ်လိုထင်လဲ။"
ရှန်ချင်းဟန်သည် မျက်လုံးလေးများကွေးသွားသည်အထိပြုံးကာ လင်းဇီချန်ကို မေးလိုက်သည်။
လင်းဇီချန်က ခေါင်းခါ၍သာ ထိုမေးခွန်းကို ဖြေလိုက်မိသည်။
"ငါလည်းမသိဘူး။ မင်းသတိမေ့နေတုန်းက ငါလည်း အခြေအနေကောင်းတာမဟုတ်ဘူး။ နွယ်ပင်တွေကြားမှာ အသက်မရှုနိုင်လောက်အောင်ကို ပိတ်မိနေတာ။ အပြင်မှာဘာဖြစ်နေမှန်း မသိဘူး။"
"အဲ့လိုကိုး..."
လင်းဇီချန်သည် နွယ်ပန်းမိန်းကလေး၏ပိုးအိမ်ထဲတွင် ပိတ်မိနေသည်။ သူမမျက်လုံးထဲတွင် လင်းဇီချန်သည် အမြဲပင်ပြိုင်ဘက်ကင်းဖြစ်ကာ ရန်သူဖြင့် တိုက်ခိုက်ရာတွင် အရှုံးကြီးကြီးမားမားကို မခံစားဖူးပေ။ ယခုတွင်မူ လင်းဇီချန်ကိုယ်တိုင်သည်ပင် ပိုးအိမ်ထဲ၌ ပိတ်မိနေသည်ဟု ပြောသဖြင့် အံ့ဩသွားမိသည်။
မူလမြေသည် အမှန်ပင် အန္တရာယ်များလှပေသည်....
နောင်တွင် သူမသည် လင်းဇီချန်ကို မြို့ပြင်ကို ပေးလွှတ်မည်မဟုတ်တော့ပေ။
ဟုတ်တယ်...လုံခြုံမှုကသာ အရေးကြီးဆုံးပဲ...
ရှန်ချင်းဟန်ဘာသာ စဉ်းစားနေမိသည်။
သို့သော်လည်း များများမစဉ်းစားနေဘဲ နှစ်ဦးသား တိုက်ပွဲရှေ့တန်းသို့ ဆင်းသက်လာသည်။ ထိုအချိန်တွင် သက်ရှိများသည် ရှေ့တန်း၌ သဲကြီးမဲကြီး တိုက်ခိုက်နေကြဆဲဖြစ်သည်။ အလောင်းများလည်းရှိနေကာ နေရာတိုင်းတွင် ပျံ့ကြဲနေသည်။ ထိုမြင်ကွင်း၏အကြောင်းရင်းသည် တိုက်ပွဲဝင်သူများအားလုံး သေသွားသောကြောင့်မဟုတ်ပေ။ တိုက်ပွဲနှင့်ပက်သက်၍ ခိုင်မာစွာဆုံးဖြတ်လိုက်သောဆုံးဖြတ်ချက်ကြောင့်ပင် ဖြစ်၏။
နေလအထွတ်အမြတ်နယ်မြေမှ ဆန်းကြယ်အပင်များနှင့် မေ့ပျောက်ခြင်းနယ်မြေမှ ဂြိုလ်သားများသည် တစ်ချိန်တည်းတွင်ပင် နှစ်ဖက်လုံးရှုံးသွားကာ နောက်ဆုတ်ရန်ရွေးလိုက်ကြပြီး တိုက်ပွဲရှေ့တန်းမှ ပြန်ဆုတ်သွားကြသည်။ မြို့နံပါတ်တစ်၏စစ်သည်များသည် နိုင်နေသည်ကို အခွင့်ကောင်းယူကာ ဆုတ်သွားသောရန်သူများကို နှိမ်နင်းနေချင်နေပြီး နယ်မြေနှစ်ခုလုံးနောက်သို့ အဆက်မပြတ်လိုက်သွားတော့သည်။ ထိုသို့ဖြင့် တစ်ဖက်ကပြေးကာ တစ်ဖက်က လိုက်သည်။ တဖြည်းဖြည်းဖြင့် ရှေ့တန်းမှ ဝေးသွားပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသောအလောင်းများသာ ကျန်လေသည်။ လင်းဇီချန်လိုအပ်သည်မှာလည်း ထိုအခြေအနေသာ ဖြစ်သည်။
ရှန်ချင်းဟန်နှင့်အတူ မြေကြီးပေါ်သို့ ဆင်းသက်လာပြီး တစ်ဦးသာ အသက်ဓာတ်ကိုစုပ်ယူကာ တစ်ဦးသာ စစ်ပွဲ၏အပျက်အစီးများကို ယူသည်။ ထိုဖြစ်စည်သည် ဆယ်မိနစ်ဖြင့်ပင် ပြီးမြောက်သွား၏။ လင်းဇီချန်သည် ဂြိုလ်သားမျိုးစိတ်များ၏အသက်ဓာတ်ကို စုပ်ယူပြီး ဂြိုလ်သားသုံးဆယ်ကျော်၏အစွမ်းကိုရကာ သက်ဆိုင်ရာသွေးမျိုးဆက်စွမ်းအားများလည်း ပွင့်သွားပြီး ပို၍အားကြီးလာသည်။ ရှန်ချင်းဟန်သည်မူ သိုလှောင်နိုင်သောပစ္စည်းတစ်ခု၊ လက်သီးဆုပ်စာအရင်းအမြစ်သလင်းကျောက်တစ်ဒါဇင်ကျော်နှင့် အခြေအနေကောင်းသောလက်နက်တော်တော်များများကို စုဆောင်းမိကာ ဆုအဖြစ်သုံး၍ရသည်။
"ဇီချန် ဆရာလန်နဲ့အခြားသူတွေက ဟိုမှာ။ သူတို့အားလုံး သတိမေ့နေကြတယ်။"
ရှန်ချင်းဟန်သည် လန်ထျန်ပိုင်နှင့် အခြားသူများကို အာရုံခံမိသဖြင့် ပြောလိုက်သည်။ ထိုစကားကို ကြားသည်နှင့် လင်းဇီချန်က ရှန်ချင်းဟန်ညွှန်ပြရာအရပ်သို့ ဝိညာဉ်စွမ်းအား ဖြန့်ကျက်၍ လန်ထျန်ပိုင်နှင့်အခြားသူများရှိသည့်နေရာကို ကြည့်လိုက်သည်။ လော့ချန်းရွှယ်၊ ကျောက်ချင်ရှန်းနှင့်ကျန်းထောင်၊ အခြားရင်းနှီးသောမျက်နှာများက ထိုနေရာတွင် ရှိနေသည်။ ၎င်းတို့နောက်တွင် နွယ်ပင်များဖြင့်လုပ်ထားသည့် လူသားပုံပိုးအိမ်များစွာရှိနေသည်။ ကျောက်ကျစ်ရွှမ်၊ ဝူရှီးယာ၊ ဖုကျုံးနှင့် အခြားသူများပင် ဖြစ်သည်။
လန်ထျန်ပိုင်နှင့် အခြားသူများသည် လင်းဇီချန်မှထွက်လာသောအဆိပ်ကြောင့် သတိလစ်နေကြသည်။ မဟုတ်လျှင် နွယ်ပင်များကြောင့် ပိုးအိမ်များအဖြစ်ပြောင်းသွားသောသူများကို ကယ်ပြီးဖြစ်နေလိမ့်မည်။
"ကြည့်ရတာ သေစေနိုင်တဲ့အဆိပ်က အတော်လေးအလားအလာရှိတာပဲ။ မြင့်မြတ်သူအဆင့်သက်ရှိတွေအပေါ်မှာတောင် သက်ရှိမှုရှိတယ်။"
လန်ထျန်ပိုင်နှင့်အခြားသူများ၏အခြေအနေကို စစ်ဆေးကြည့်ပြီးနောက်တွင် လင်းဇီချန်က မိမိဘာသာ တီးတိုဆိုလိုက်သည်။
ထို့နောက်တွင် ရှန်ချင်းဟန်နှင့်အတူ ရပ်ကာ လန်ထျန်ပိုင်နှင့်အခြားသူများကို အဆိပ်ဖြေပေးရန်ပြင်သည်။ အဆိပ်က မိမိဘာသာ လုပ်ထားခြင်းဖြစ်သည်။ အဆိပ်ဖြေရန် မိမိတွင်သာ တာဝန်ရှိသည်။ လန်ထျန်ပိုင်နှင့် အခြားသူများကို အဆိပ်ဖြေရန်သွားရာလမ်းတွင် လင်းဇီချန်သည် အန္တရာယ်ကြိုတင်သိမြင်နိုင်စွမ်းကို မိုင်ပေါင်းများစွာထိ ဖြန့်ကျက်ပြီး ကျန်သောအလောင်းများကိုပါ စစ်ဆေးကြည့်သည်။ အလောင်းများကိုတွေ့ရန် ခက်ခဲပေသည်။ လတ်တလောတိုက်ပွဲက ကပ်ဘေးအကြီးစားဖြစ်ခဲ့ပုံမပေါ်ပေ။
မြို့အရှင်နှင့်စွမ်းအားကြီးများက တိုက်ပွဲကို လက်စသတ်ရန်ဆုံးဖြတ်လိုက်ကြခြင်းကြောင့် ဖြစ်ပေမည်။
လင်းဇီချန်က စိတ်ထဲတွင် စစ်ဆေးနေသည်။
စက္ကန့်ပိုင်းမျှကြာပြီးနောက်တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် လန်ထျန်ပိုင်နှင့် အခြားသူများရှိသောနေရာသို့သွားသည်။ လန်ထျန်ပိုင်အပါအဝင် လူနှစ်ဆယ်သည် မြေကြီးပေါ်တွင် သတိလစ်နေကြသည်။ အခြေအနေကအဆိပ်ကြောင့်ဖြစ်ရကာ ထိုအဆိပ်သည် မြင့်မြတ်သူအဆင့်သက်ရှိများအပေါ်တွင်ပင် သက်ရောက်မှုရှိပြီး ခုခံမှုကင်းမဲ့သွားစေလေသည်။