← Chapters

အခန်း (၄၆၀-၄၆၂)

Vol. 31 Ch. 460-462

အခန်း (၄၆၀-၄၆၂)

Vol. 31 Ch. 460-462

အခန်း (၄၆၀) သခင်အဆင့်အဌမအဆင့်

လော့ချန်းရွှယ်က ရုတ်တရက်ပေါ်လာပြီး အားလုံးမှတ်မိပြီဖြစ်ကြောင်း ပြောကာ မိမိသည် ပိုင်ရွှယ်ဖြစ်ကြောင်း ပြောလာသဖြင့် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့နှစ်ဦးလုံး သတိလွတ်သွားကြသည်။ အခြေအနေက ရုတ်တရက်ဆန်လွန်းသောကြောင့် နှစ်ယောက်လုံး အံ့ဩနေကြသည်။

"အဲ့လိုဆို...အကုန်လုံး မှတ်မိသွားပြီပေါ့။"

အသိပြန်ဝင်လာသော ရှန်ချင်းဟန်က လော့ချန်းရွှယ်ကို မေးလိုက်သည်။

လော့ချန်းရွှယ်က အေးစက်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။

"အင်း။"

ထို့နောက်တွင် အခြေအနေက အတန်ငယ်ထူးဆန်းသည်။ သုံးဦးသား တံခါးဝတွင် ရပ်နေကြပြီး ဘာပြောရမှန်းမသိပေ။ မူလတန်းကျောင်း ဒုတိယတန်းသည် လွန်ခဲ့သော (၁၂) နှစ်က ဖြစ်သည်။ အချိန်များစွာ ကုန်လွန်သွားပြီးဖြစ်သဖြင့် သူငယ်ချင်းဆက်ဆံ‌ရေးလည်း မှေးမှိန်ပျောက်ကွယ်သွားပြီဖြစ်သည်။ ကလေးဘဝသူငယ်ချင်းဆက်ဆံရေးမျှသာဖြစ်ကာ ပြောနေစရာပင် မလိုပေ။ ကလေးဘဝသူငယ်ချင်းဆက်ဆံရေးသည် မရှည်ကြာသည့်အရာတစ်ခု သက်သက်သာဖြစ်ပြီး ရက်ပိုင်းအတွင်းပင် မေ့သွားနိုင်ပြီးပြောင်းလဲလွယ်သည်။

"မင်း ငါတို့နဲ့ လာထိုင်မလား။"

ရှန်ချင်းဟန်က ဖိတ်ကြားလိုက်သည်။

"ငါလည်း ဒုတိယတန်းတုန်းက နေ့တွေကို သတိရပါတယ်။ ဘာလို့ ထိုင်ပြီးလက်ဖက်ရည်သောက်ရင်း အဲ့တုန်းက ပျော်စရာအချိန်‌တွေကို မပြောရတာလဲ။"

ရှန်ချင်းဟန်၏ဖိတ်ကြားချက်နှင့် တွေ့ပြီးနောက်တွင် လော့ချန်းရွှယ်က နှစ်ခါမစဉ်းစားဘဲ ငြင်းလိုက်သည်။

"မထိုင်တော့ဘူး။ ငါအကုန်လုံးကို မှတ်မိပြီဆိုတဲ့အကြောင်း နင်တို့ကို လာပြောတာ။ ဒီလောက်ပဲ။"

ပြောပြီးနောက်တွင် လော့ချန်းရွှယ်က လှည့်ထွက်သွားကာ စိတ်ဝင်စားဟန်မပြတော့ပေ။ သူမ၏အပြုအမူသည် လွန်စွာအေးစက်လွန်းလှသည်။

သူမသည် ထိုသို့ထွက်သွားလိမ့်မည်ဟု မထင်သောကြောင့် ခေတ္တမျှကြောင်သွားသည်။ ခေတ္တမျှကြာပြီးသောအခါမှ အသိပြန်ဝင်လာပြီး ‌လော့ချန်းရွှယ်ကို လှမ်းခေါ်ရန် ပြင်လိုက်သည်။ သို့သော်လည်း လှမ်းမခေါ်ခင်တွင် လင်းဇီချန်က ပြောလိုက်၏။

"မခေါ်နဲ့တော့။ သွားပါစေ။ ဒါက ငါတို့ နှစ်တန်းတုန်းက ကိစ္စအသေးအမွှားလေးပါပဲ။ ပြန်ပြီးပြောနေဖို့မတန်ပါဘူး။"

ရှန်ချင်းဟန်ကမူ ဘာမှမပြောတော့ပေ။ တိတ်တဆိတ်ဖြင့်သာ လော့ချန်းရွှယ်ထွက်ခွာသွားသောပုံရိပ်ကိုကြည့်ကြီး အနည်းငယ်မျှခါးသီးနေမိသည်။ သူမသည် သဘောပေါက်သွားရလေသည်။ ဒုတိယတန်းမှအချိန်ကို သူမတစ်ဦးတည်းကသာ ဂရုစိုက်သည်။ လင်းဇီချန်ရော လော့ချန်းရွှယ်ကပါ အရေးမလုပ်ပေ။ ထိုသို့ဖြင့် အစမှအဆုံးထိ သူမသည်သာ ကလေးဘဝသူငယ်ချင်းဆက်ဆံရေးကို အလေးအနက်ထားသောသူတစ်ဦးသာ ဖြစ်သည်။

ထို့နောက်တွင် နှစ်ဦးသား အခန်းထဲသို့ပြန်ဝင်ပြီး တံခါးကို ပိတ်လိုက်သည်။ ရှန်ချင်းဟန်သည် အိပ်ရာထက်တွင် တင်ပျဉ်ခွေထိုင်ပြီး မေးလိုက်သည်။

"ဇီချန် ဒုတိယတန်းတုန်းက ငါတို့နဲ့ ပိုင်ရွှယ်ရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးလို့ ထင်လဲ။"

လင်းဇီချန်က ရိုးသားစွာ ပြောလိုက်သည်။

"ကလေးဘဝတုန်းက အခန်းလေးသက်သက်ပါပဲ။ ဘာမှထူးခြားမနေဘူး။"

"အဲ့လိုကိုး...."

ရှန်ချင်းဟန်က ပို၍စိတ်ပျက်သွားမိသည်။ သူမစိတ်အခြေအနေကျဆင်းသွားသည်ကို ကြည့်ကာ လင်းဇီချန်က သူမ၏ခြေထောက်လေးကို စနှိပ်ပေးပြီး ပြောလိုက်လေသည်။

"ဒါက ပင်ကိုယ်ဗီဇပဲလေ။ မင်းက စိတ်ခံစားချက်တိုင်းကို တန်ဖိုးထားပြီးဆတ်ဆတ်ထိမခံဘူး။ ငါနဲ့ လော့ချန်းရွှယ်လိုလူမျိုးတွေကျတော့ စိတ်ခံစာချက်ပိုင်းဆိုင်ရာက အေးစက်ပြီး အဲ့လိုမျိုးကို ထူးခြားနေတယ်လို့ မထင်ဘူး။"

"ဒါပေမဲ့လို့ နင်က စိတ်ခံစားချက်အေးစက်တယ်လို့ မထင်ပါဘူး။ အမြဲတမ်းပဲ ငါ့အပေါ်ဆိုကောင်းတယ်။ ကလေးဘဝတည်းက ငါ့ကို ချစ်ခဲ့တယ်။"

ရှန်ချင်းဟန်က နှုတ်ခမ်းလေးထော်၍ ပြောလိုက်သည်။

လင်းဇီချန်က ပြန်ဖြေလိုက်သည်။

"မတူဘူးလေ။ ငါတို့က တူတူကြီးလားကြတာ။ နေ့တိုင်းကို အမှတ်ရ‌နေနိုင်အောင်ထိ တူတူရှိနေကြတာ။ နှစ်ပေါင်းများစွာတည်ဆောက်လာတဲ့ ချစ်ခြင်းမေတ္တာက မူလတန်းကျောင်းက သူငယ်ချင်းဆက်ဆံရေးနဲ့ မနှိုင်းယှဉ်နိုင်ဘူးလေ။"

"အဲ့အဓိပ္ပာယ်ရှိသားပဲ။"

ရှန်ချင်းဟန်က ပြုံးမိသော်လည်း အားတင်း၍ ပြုံးခြင်းမျိုးဖြစ်ပြီး စိတ်ထဲတွင်မူ ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေသည်။ ထိုပုံစံကို မြင်သောအခါတွင် လင်းဇီချန်လည်း ဆက်၍ မနှစ်သိမ့်ပေးတော့ပေ။ စိတ်သဘောထားကိစ္စပင်ဖြစ်ကာ မိမိနှစ်သိမ့်ပေး၍ အကူအညီမဖြစ်နိုင်ပေ။

....

အချိန်က မျက်စိတစ်မှိတ်အတွင်းပင် ကုန်ဆုံးသွားသည်။ ရက်ပိုင်းခန့်ကြာပြီးနောက်တွင် မြို့ပြင်မှတိုက်ပွဲမြေပြင်သည် လုံးဝရှင်းလင်းသွားပြီး မြို့ထဲမှဘဝများသည်လည်း ပုံမှန်ပြန်လည်ပတ်လာသည်။ မြို့ထဲရှိ လဲလှယ်ခြင်းခန်းမတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် တိုက်ပွဲစုမိလာသော အရင်းအမြစ်သလင်းကျောက်များကို ယူလာပြီး လူတန်းစီကာ ထောက်ပံ့ရေးအမှတ်များဖြင့် လဲလှယ်ရန်ဖြစ်သည်။ ထို့နောက်တွင် ထောက်ပံ့ရေးအမှတ်များသုံး၍ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များကို ပြန်လည်လဲလှယ်ယူမည်ဖြစ်၏။

(၁၅) မိနစ်ခန့် ကုန်လွန်သွားပြီးနောက်တွင် လင်းဇီချန်သည် ယူလာသော အရင်းအမြစ်သလင်းကျောက်များအားလုံးကို ထောက်ပံ့ရေးအမှတ်ဖြင့်လဲလိုက်ပြီး စုစုပေါင်း အမှတ်ပေါင်းနှစ်‌သောင်းကျော်ဖြစ်သည်။ သူ၏အလဲအလှယ်ကြောင့် အားလုံး အံ့ဩသွားကြသည်။ လူများ၏မျက်လုံးထဲတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် လူသစ်အတွဲသာဖြစ်ပြီး မူလမြေသို့ ရောက်လာသည်မှာ မကြာသေးပေ။ သို့သော်လည်း လူသစ်အတွဲသည် ပထမဆုံးတိုက်ပွဲတွင်ပင် ထိုမျှများပြားသောပမာဏကို လဲလှယ်နိုင်ခဲ့ပြီး အတန်ငယ်ပင် ပမာမခန့်ပင် ဖြစ်နေသည်။

အားလုံး၏အံ့ဩနေသောအကြည့်နှင့် အဆက်မပြတ်တီးတိုးပြောသံများဖြင့်ရင်ဆိုင်ရသော်လည်း လင်းဇီချန်သည် စိတ်ထဲတွင် ဘာမှမဖြစ်ဘဲ အခြားတစ်ဖက်သို့သွား၍ ထောက်ပံ့ရေးအမှတ်များဖြင့် ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များကို သွားလဲသည်။ ထောက်ပံ့ရေးအမှတ်နှစ်သောင်းကျော်က များသည်ဟုထင်ရသော်လည်း အမှန်တွင် အမှတ်တစ်သောင်းမှစသည့် ဈေးအချိုဆုံး မြင့်မြတ်သူအဆင့်ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်လောက်သာ လဲလှယ်နိုင်သည်။ ဆင့်ကဲပြောင်းလဲခြင်းသည် နောက်ပိုင်းအဆင့်များကို ရောက်လေလေ အရင်းအမြစ်များက ပို၍မြင့်လာလေလေပင် ဖြစ်ပေသည်။

ခက်ခဲလိုက်တာ...

လင်းဇီချန်တစ်ယောက် စိတ်ထဲတွင် သက်ပြင်းချနေမိသည်။ ထို့နောက်တွင် သူသည် သခင်အဆင့်ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်အတွက် အမှတ်နှစ်‌သောင်းလုံးကို လဲလိုက်ပြီး အထူးသဖြင့် ချီသွေးနှင့် ဝိညာဉ်စွမ်းအားကို အားကောင်းစေသည့် ဆန်းကြယ်အသီးများအတွက်ပင် ဖြစ်သည်။

အဆောင်သို့ ပြန်ရောက်သည့်အခါတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် သခင်အဆင့် ဆန်းကြယ်အသီးများကို တစ်ဝက်စီခွဲယူပြီး တစ်လုံးချင်းစီ စားကြသည်။ သခင်အဆင့်ဆန်းကြယ်အသီးများကို စားသုံးပြီးနောက်တွင် လေထဲ၌ သတိပေးစာသားများ ပေါ်လာသည်။

(သင်၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် သခင်အဆင့်တတိယအဆင့်မှ သခင်အဆင့်ဆဌမအဆင့်သို့ ဆင့်ကဲပြောင်းလဲသွားပါပြီ။)

နောက်ထပ်အဆင့်သုံးဆင့် တက်သွားတာပဲ

အံ့ဩဖို့ကောင်းသားပဲ...

ထိုစာသားကိုကြည့်ကာ လင်းဇီချန်သည် အနည်းငယ်မျှ စိတ်လှုပ်ရှားသွားသည်။ သူနှင့်ယှဉ်လျှင် ရှန်ချင်းဟန်သည် စိတ်လှုပ်ရှားရုံတင်မက ရင်ဖိုသွားရသည်။

"ဇီချန် ငါက သခင်အဆင့်ပဥ္ဇမအဆင့်‌ရောက်သွားပြီ။ နင်ရော"

လင်းဇီချန်က ဖြေလိုက်သည်။

"သခင်အဆင့်ဆဌမအဆင့်။"

ရှန်ချင်းဟန်တစ်ယောက် ဝမ်းသာသွားသည်။

"ဆဌမအဆင့်ဆိုတာ သိသားပဲ။ ငါလည်းသုံးဆင့် နင်လည်းသုံးဆင့်ပဲ။"

အတိတ်ကအတွေ့အကြုံများအရ အချင်းချင်း၏ဆင့်ကဲပြောင်းလဲခြင်းပုံစံကို သဘောပေါက်လာပြီဖြစ်သည်။ တူညီသောဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်နှင့်အတူ တိုးတက်မှုနှုန်းသည်လည်း ထပ်တူကျပေသည်။

အခန်း (၄၆၁) သခင်အဆင့်အဌမအဆင့် (၂)

"ဇီချန် ကလေးဘဝကတည်းက ငါတို့ရဲ့ဆင့်ကဲပြောင်းလဲမှုပါရမီက ကွာခြားတာကို ဘာလို့ အခုကျ နင့်ကို အမှီလိုက်နိုင်လာရတာလဲဆိုတာကို နားမလည်တော့ဘူး။"

တောက်ပသောအပြုံးလေးကို ပြုံးသော ရှန်ချင်းဟန်သည် လင်းဇီချန်ကို ကြည့်ပြီး ထိုမေးခွန်းကို မေးလိုက်သည်။

လင်းဇီချန်က တွန့်ဆုတ်ခြင်းမရှိ ပြန်ဖြေလိုက်သည်။

"မင်းက အသက်ကြီးလာတော့ မင်းရဲ့ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကလည်း တိုးတက်လာလို့ဖြစ်မှာပေါ့။"

ရှန်ချင်းဟန်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ထပ်ပြောလိုက်သည်။

"အဲ့လိုဆို နင်ကရော ဇီချန် ဘာလို့ ဆင့်ကဲပြောင်းလဲခြင်းပါရမီက ထူးကဲနေရတာလဲ။ ငါမသိတော့ဘူး။"

"မျိုးရိုးဗီဇသန္ဓေပြောင်းတာမျိုး ဖြစ်မှာပေါ့။"

မိမိသည် စနစ်ဖြင့် ကူးပြောင်းလာသူဖြစ်သည်ကို ရှန်ချင်းဟန်ကို မည်သို့ရှင်းပြရမည် မသိသောကြောင့် စကားလွှဲပြောလိုက်ရသည်။ ရှန်ချင်းဟန်ကမူ လင်းဇီချန်၏စကားများကို သံသယမဝင်ပေ။ လင်းဇီချန်ကို ငယ်စဉ်ကတည်းက စိတ်ရင်းဖြင့် ယုံကြည်လာသူဖြစ်၍ လင်းဇီချန်က မိမိကို လိမ်မည်မဟုတ်ဟုသာ ယုံထားသည်။ လင်းဇီချန်ကသာ လှည့်စားမိပါလျှင် တစ်သက်တာလုံး ထိုသို့သာဖြစ်မည်ဟု ယုံသွားပေမည်။

"ဇီချန် နင့်မှာလည်း ငါ့လိုမျိုူး ထူးခြားတဲ့ အမွေဆက်ခံတာမျိုးရှိပြီး နင်မသိတာမျိုးများဖြစ်နေမလား။"

ရှန်ချင်းဟန်ကို ထိုခန့်မှန်းချက်ကို ပြောလိုက်သည်။ လင်းဇီချန်သည် ချက်ချင်းမဖြေသေးဘဲ အတွေးထဲတွင် နစ်မျောနေမိသည်။

ထူးခြားတဲ့အမွေဆက်ခံတာမျိုးလား

စနစ်က အမွေဆက်ခံတာလား

ဟုတ်မဲ့ပုံတော့မပေါ်ဘူး။

မိမိနှင့် ဟန်ဟန်၏ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်က လွန်စွာကြီးမားသည်။ သခင်အဆင့်အသီးအနည်းငယ် စားသုံးလောက်ရုံဖြင့် သွေးမျိုးဆက်စွမ်းအားအဆင့်က သုံးဆင့်တက်သွားသည်။ အခြားသူများကမူ တစ်ဆင့်တက်ရန်ပင် ခဲယဉ်းလှသည်။

ဟန်ဟန်၏ထူးခြားသော ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်က သူမ၏ ရေနတ်ဘုရားအမွေအနှစ်ကို ဆက်ခံထားသောကြောင့် ဖြစ်သည်။

အဲ့လိုဆို မိမိကရော

အဘယ့်ကြောင့် ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်က ကြီးမားနေရသနည်း

စနစ်က ပေးသော သွေးမျိုးဆက်စွမ်းအားများတွင် ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်ကို တိုးတက်စေသည့်အစွမ်းမျိုး မပါပေ။

ဖြစ်နိုင်သည်မှာ.... ဟန်ဟန်ခန့်မှန်းသကဲ့သို့ မသိသေးသောတစ်ခုခုကိုများ အမွေဆက်ခံရထားတာလား

ခန္ဓာကိုယ်သိန္ဓိအောင်တာမျိုးလား

လင်းဇီချန်တစ်ယောက် အတွေးနယ်ချဲ့နေမိလေသည်။

....

မျက်စိတစ်မှိတ်အတွင်းပင် လဝက်ကုန်ဆုံးသွားသည်။ လဝက်အတွင်းတွင် အလုပ်အရ စူးစမ်းရှာဖွေရန် လိုအပ်သည့်သူများကလွဲ၍ မည်သူမှ မြို့ပြင်သို့ မသွားကြပေ။ အားလုံးသည် မြို့ထဲတွင်သာနေပြီး အားမွေးနေကြသည်။ ယခင်တိုက်ပွဲသည် အမြန်အဆုံးသတ်သွားသော်လည်း အားကြီးသောသူတော်တော်များများလည်း ဒဏ်ရာရသွားကာ ပြန်ကောင်းရန်အတွက် အချိန်လိုအပ်သည်။

ထိုကာလအတွင်းတွင် ချင်ချွမ်းသည် လင်းဇီချန်နှင့် ရှန်ချင်းဟန်ထံသို့ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များ ယူလာပေးသည်။ ရှန်ချင်းဟန်အတွက် မြေအောက်လောက်ကပင့်ကူနီလီလီပန်း၊ အရုဏ်တက်ရေနတ်သမီးဆေးပင်များ၊ ရေခဲသလင်းကျောက်လိပ်ပြာပိုးအိမ်များ စသဖြင့်ပင် ဖြစ်သည်။ လင်းဇီချန်အတွက်မူ ခန္ဓာကိုယ်ကို အားကောင်းစေသောဆန်းကြယ်သားရဲများဖြစ်သည့် ချီလင်သွေးနှလုံးသား၊ သွေးမီးတောက်ဖီးနစ်ငှက်မွှေး၊ ကိုးမျိုးလှည့်သွေးဂါနိုဒါဒါမာ၊ ချောက်ကမ်းပါးသွေးဂျင်ဆင်းနှင့် အစုံအလင်ပင် ဖြစ်သည်။ ထိုသည်မှာ ပါရမီရှင်များကို မျက်နှာသာပေးခြင်းပင် ဖြစ်လေသည်။

မပြန်ခင်တွင် ချင်ချွမ်းသည် သူ၏ဝိညာဉ်စွမ်းအားကိုသုံး၍ ရှန်ချင်းဟန်၏အသိစိတ်ပင်လယ်ထဲသို့ ဝင်ကြည့်ရန် ကြိုးစားသော်လည်း ယခင်တစ်ခေါက်ကကဲ့သို့ပင် ချက်ချင်းပင် ဝိညာဉ်စွမ်းအား တိုက်ခိုက်ခြင်းခံရပြီး အပေါက်များမှ သွေးထွက်ကာ ဝိညာဉ်က ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားရသည်။

နှစ်ကြိမ်ဆက်တိုက်ကျရှုံးပြီးနောက်တွင် သူသည် ရှန်ချင်းဟန်၏အသိစိတ်ပင်လယ်ထဲသို့ မကျူးကျော်ရဲတော့ပေ။ ရေနတ်ဘုရားနန်းတော်မှ ဝိညာဉ်စွမ်းအားတိုက်ခိုက်မှုသည် လွန်စွာကြောက်စရာကောင်းလှသည်။ အဆင့်မြင့်ဒဏ္ဍာရီအဆင့်ရှိသောမိမိသည်ပင် ခံနိုင်ရည်မရှိပေ။

ချင်ချွမ်းထွက်ခွာသွားပြီးနောက်တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ချက်ချင်းပင် ယူလာပေးသေဆင့်ကဲပြောင်းလဲခြင်း အရင်းအမြစ်များကို သုံးဆောင်ကြသည်။ ထိုအရင်းအမြစ်များကို သုံးဆောင်ပြီးနောက်တွင် လင်းဇီချန်နှင့် ဟန်ဟန်တို့သည် သွေးမျိုးဆက်စွမ်းအားများ အဆင့်တက်သွားသည်။ လင်းဇီချန်က သခင်အဆင့်အဌမအဆင့်သို့ တက်သွားသည်။ ရှန်ချင်းဟန်က သခင်အဆင့်ဆဌမအဆင့်သို့ တက်သွားသည်။ ရှန်ချင်းဟန်၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် တစ်ဆင့်ချင်းစီတက်နေသော်လည်း ဝိညာဉ်စွမ်းအားကမူ တစ်ဆင့်မက တိုးတက်လာသည်။ သူမ၏အသိစိတ်ပင်လယ်သည်လည်း ပို၍ကျယ်ပြန့်လာသည်။

"အဲ့လိုဆို ဒါက သခင်အဆင့်အဌမအဆင့်ပေါ့...."

လင်းဇီချန်က မိမိ၏သွေးမျိုးဆက်စွမ်းအားအဆင့်ကို ကြည့်၍ မယုံကြည်နိုင်သောအမူအရာမျိုးဖြင့်ပင် ဖြစ်သည်။ မူလမြေသို့ လာစဉ်ကတည်းက ဆင့်ကဲပြောင်းလဲခြင်းသည် ရေသောက်သကဲ့သို့ ရိုးရှင်းလှသည်။ လက်နှစ်ဖက်ပါသကဲ့သို့ပင် လွယ်ကူသည်ဟု ဆိုနိုင်သည်။ ကမ္ဘာပေါ်တွင်မူ အခြေခံနဝမအဆင့်ထိရောက်ရန် အတန်ငယ်ရုန်းကန်ရသည်။ သို့သော် မူလမြေတွင်မူ တစ်နှစ်ပင်မပြည့်သေးဘဲ သွေးမျိုးဆက်စွမ်းအားအဆင့်က သခင်အဆင့်အဌမအဆင့်သို့ ပြောင်းသွားပြီး မြင့်မြတ်သူအဆင့်ရောက်ရန် နှစ်ဆင့်သာ လိုတော့သည်။ ယခင်နှင့်နှိုင်းစာလျှင် နေ့နှင့်ညကဲ့သို့ပင် ကွာခြားလှသည်။

....

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေသည်။ အာရုံမစိုက်မိခင်တွင်ပင် ရက်ပေါင်းများစွာ ကုန်လွန်သွားသည်။ ထိုမနက်ခင်းတွင် ကောင်းကင်မှနေရောင်တောက်ပလာသည်နှင့် မြို့အရှင်ဖြစ်သော ချင်ချွမ်းသည် သူ၏ရုံးခန်းမှ အသံလွှင့်ခြင်းတစ်ခုကို လုပ်သည်။ မြို့၏ကမ္ဘာသို့ပြန်နိုင်သည့် သွေးမျိုးဆက်လမ်းကြောင်း ဖွင့်တော့မည်ဖြစ်သဖြင့် ပြန်လိုသူများအနေဖြင့် ကမ္ဘာပေါ်မှ မိသားစုဆီသို့ပြန်ရန် ရုံးခန်းဒါရိုက်တာထံလာလျှောက်နိုင်ကြောင်း ကြေညာပေးသည်။

စစ်ပွဲကြီးပြီးနောက်တွင် ချင်ချွမ်းသည် ကမ္ဘာပေါ်မှမိသားစုများထံပြန်ရန် အခွင့်အရေးကို စီမံပေးသည်။ ထိုမှသာ မြို့သူမြို့သားများ၏စိတ်ခံစားချက်ကို သက်သာစေရန် ဖြစ်သည်။ မြို့မှသူအများစုသည် ကမ္ဘာမြေ‌ပေါ်၌ မိသားစုများရှိကာ ချစ်ရသူများကို လွမ်းဆွတ်နေကြပေမည်။ စစ်ပွဲကြီးပြီးနောက် အသက်ရှင်ကျန်ရစ်သူများကို စိတ်နှလုံးသက်သာအောင်လုပ်ပေးသည်က အကောင်းဆုံးနည်းလမ်းဖြစ်ပေမည်။

....

အဆောင်တွင်မူ ရှန်ချင်းဟန်သည် ချင်ချွမ်း၏ကြေညာမှုကို ကြားသည်နှင့် ချက်ချင်းပင် မျက်လုံးပွင့်လာပြီး မိမိအပေါ်မှ လင်းဇီချန်ကို ပြောလိုက်သည်။

"ငါတို့မိဘတွေကို တွေ့ရတာ တစ်လလောက်ရှိပြီ။ ကမ္ဘာကိုပြန်ဖို့လျှောက်သင့်ပြီ။"

မူလမြေမှာနေသည်မှာ တစ်လသာရှိသေးကာ လင်းဇီချန်ကမူ ပြန်သွားရန် မလိုဟု ထင်မိသည်။ သို့သော်လည်း ရှန်ချင်းဟန်က အိမ်ကိုလွမ်းနေသည်ကို မြင်သဖြင့် ခေတ္တမျှစဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။

"အဲ့လိုဆိုလည်းခရီးထွက်ဖို့ လျှောက်ကြတာပေါ့။ ကိုယ့်ညီမလေး ဘယ်လိုနေလဲ ကြည့်ချင်ပြီ။"

ညီမဖြစ်သူလင်းဇီယင်သည် မိမိငယ်စဉ်ကတည်းကပင် ကောင်းကင်အာခံနိုင်သည့်အစွမ်းမျိုးရှိသည်။ တစ်လကြာပြီးနောက်တွင် လင်းဇီယင်သည် မည်သို့ဖြစ်နေသည်ကို စပ်စုချင်မိသည်။

....

ပြေးပြီး ခုန်နိုင်နေပြီလား

စကားပြောပြီး သီချင်းဆိုနိုင်နေပြီလား

မဟုတ်ရင်လည်း အိုလံပစ်သင်္ချာပုစ္ဆာတွေပါ တွက်နိုင်နေပြီလား

ထိုသို့စဉ်းစားမိပြီး အနည်းငယ်မျှ ရူးရာကျသည်ဟု ခံစားမိသည်။ သေချာတွက်ကြည့်မည်ဆိုလျှင် ညီမဖြစ်သူသည် နှစ်လသားသာ ရှိသေးကာ အဘယ့်ကြောင့် ထိုမျှပါရမီထူးနေမည်နည်း

....

ညနေခင်းတွင် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့သည် တစ်ရေးတစ်မောအိပ်ပြီးမှ ရုံးခန်းသို့သွား၍ ကမ္ဘာသို့ပြန်ရန် လျှောက်ကြသည်။ လျှောက်နေစဉ်အတွင်းတွင် ရုံးခန်းဒါရိုက်တာသည် နှစ်ယောက်လုံး၏အချက်အလက်ကိုကြည့်ပြီး မျက်မှောင်အသာကြုတ်၍ ပြောလိုက်သည်။

"လင်းနဲ့ရှန် မင်းတို့နှစ်ယောက်ကမ္ဘာကနေ လွန်ခဲ့တဲ့တစ်လလောက်ကမှ ပြန်လာတာ။ အခု ထပ်ပြီးလျှောက်ချင်နေပြန်ပြီ။ ဒါက နည်းနည်းတော့ စည်းကမ်းနဲ့မညီဘူး။"

"...."

ထိုစကားကို ကြားသောအခါတွင် ရှန်ချင်းဟန်သည် အနည်းငယ်မျှ စိတ်မသက်မသာဖြစ်ရသည်။ မူလမြေတွင်နေသည်မှာ သုံးလကြာမှ ကမ္ဘာသို့ပြန်ရန် လျှောက်နိုင်သည်ကို မေ့နေမိသည်။

"အဲ့လိုဆို နောက်နှစ်လနေမှ ပြန်လာခဲ့ပါမယ်။"

လင်းဇီချန်သည် ထိုသို့ပြောပြီး ရှန်ချင်းဟန်နှင့်အတူလှည့်ထွက်သွားရန် ပြင်လိုက်သည်။ မိမိသည် ကမ္ဘာသို့ ချက်ချင်းမပြန်လိုပေ။ နောက်ထပ်နှစ်လလောက်စောင့်လိုက်သည်ကလည်း ပြဿနာမဟုတ်ပေ။

"ခဏ"

ဒါရိုက်တာက ထိုနှစ်ဦး ပြန်ထွက်သွားသည်ကို မြင်သောအခါတွင် ပြန်ခေါ်လိုက်သည်။ လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့ရပ်သွားပြီး တွေဝေစွာဖြင့် လှည့်ကြည့်လိုက်ကြကာ ဘာကိစ္စဆိုသည်ကို မသိပေ။ ထိုသူက ခုံမှထ၍ ပြုံးကာ ပြောလိုက်သည်။

"စည်းကမ်းအရတော့ သုံးလပြည့်မှာ ကမ္ဘာကို ပြန်ဖို့ လျှောက်လို့ရတယ်ဆိုပေမဲ့ ဒါပေမဲ့ မင်းတို့သိပါတယ်။ စည်းကမ်းဆိုတာ အသေလေ။ ဒါပေမဲ့လူတွေကတော့ အသက်ရှင်နေကြတာ။"

"မင်းတို့နှစ်ယောက် တကယ်ပြန်ချင်တယ်ဆိုရင် မင်းတို့အတွက် စည်းကမ်းကို နည်းနည်းလေးပြောင်းပေးမယ်။ ဒါပေမဲ့ ကိုယ့်ဘာသာပဲသိထားကြပြီး အခြားသူတွေကို ထုတ်ပြောလို့တော့မဖြစ်ဘူး။"

ထိုသူသည် လင်းဇီချန်တို့နှစ်ဦးကို ဖြတ်လမ်းနည်းဖြင့်ကမ်းလှမ်းကာ ကမ္ဘာသို့ပြန်ရန်ကို လက်ခံလိုက်ပေသည်။

ရှန်ချင်းဟန်က ထိုစကားကို ကြားသည်နှင့် လှပသောမျက်နှာလေးက အံ့အားသင့်သွားရသည်။ လင်းဇီချန်ကမူ မအံ့ဩပေ။ ထိပ်တန်းပါရမီရှင်တစ်ယောက်အနေဖြင့် ကလေးဘဝကတည်းကပင် ဘေးနားမှသူများ၏ အလိုလိုက်ခြင်းကိုခံခဲ့ရသဖြင့် ယခုတွင် ရုံးခန်းဒါရိုက်တာထံမှ မျက်နှာသာပေးခံရခြင်းကလည်း အဆန်းမဟုတ်ပေ။ ယခုတစ်ခေါက်တွင် ပြခဲ့သောဆင့်ကဲပြောင်းလဲခြင်းပါရမီသည် မြို့ထဲမှသူများ နားလည်နိုင်သည်ထက် ပိုသည်။ ထိပ်တန်းပါရမီရှင်တစ်ယောက်သည် တစ်နေ့တွင် ဒဏ္ဍာရီအဆင့်ဖြစ်နိုင်ကာ ကမ္ဘာမြေ၏ထောက်တိုင်တစ်ချောင်းပင် ဖြစ်လာနိုင်သည်။

သို့တိုင် ရှေးဘိုးဘေးအဆင့်ထိ ဆင့်ကဲပြောင်းလဲနိုင်သည့်ဖြစ်နိုင်ချေရှိကာ မူလမြေတွင်ပင် ပြိုင်ဘက်ကင်းလှုပ်ရှားနိုင်ပေသည်။ သိတတ်သောသူမျိုးက ထိုသို့ပါရမီရှင်မျိုးကျေနပ်အောင် အကောင်းဆုံးလုပ်ဆောင်မည်ဖြစ်သည်။ မိနစ်ပိုင်းမျှ ကြာပြီးနောက်တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ကမ္ဘာမြေသို့ ပြန်ရန် လျှောက်လွှာတင်ခြင်းပြီးမြောက်သွားသည်။ လျှောက်လွှာတင်ပြီးနောက်တွင် နှစ်ဦးသား ရုံးခန်းထဲမှ အမြန်ထွက်လာကြပြီး ကမ္ဘာပေါ်မှဆွေမျိုးများဆီသို့ပြန်ရန် အလျင်လိုနေကြသည်။ လင်းဇီချန်ကမူ နှစ်လသားညီမလေးသည် မည်သို့ဖြစ်နေသည်ကို စပ်စုချင်နေမိ၏။

အခန်း (၄၆၂) ညီမလေးကလမ်းလျှောက်တတ်ပြီ

မူလမြေ ရှေးဟောင်းစိမ်းလန်းတောင်တန်း....

ယခင်က တိတ်ဆိတ်အေးချမ်းနေခဲ့သောတောအုပ်သည် ယခုတွင် ဖရိုဖရဲဖြင့် ဆူညံနေသည်။ ကြည့်လိုက်သည့်နေရာတိုင်းတွင် အနက်ရောင်မြူများပျံ့နှံ့နေပြီး ဆူးနွယ်များကလည်း မြေကြီးကို ဖုံးအုပ်နေသည်။

"သစ်ပင်အကြီးအကဲ တိတ်ဆိတ်ခြင်းအရှင် ကျွန်မရဲ့စိမ်းလန်းတောင်တန်းကို လာလည်လို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့လို့ ဒီလောက် ဆူးနွယ်တွေ အများကြီး ဆင့်ခေါ်ပြီး တောင်ကို အနက်ရောင်မြူတွေနဲ့ပြည့်သွားစေတာက ဘာကို ဆိုလိုတာပါလဲ။"

ကျက်သရေရှိလှသော အမြီးကိုးချောင်း မြေခွေးမိန်းကလေးသည် မကြိုဆိုဘဲ ရောက်လာသည့် ဧည့်သည်နှစ်ဦး၏အမြင့်၌ ပျံဝဲကာ ရေကဲ့သို့ တည်ငြိမ်အေးချမ်းသောအသံဖြင့် မေးခွန်းထုတ်လိုက်သည်။ သူမသည် မေးခွန်းထုတ်နေခြင်းဖြစ်သော်လည်း အသံတွင် ဒေါသအရိပ်အယောင်မတွေ့ရဘဲ နားထောင်သူများကို စိတ်နှလုံးအေးချမ်းသွားစေသည်။

"ဘာကိုမှ အထူးတလည်ဆိုလိုတာ မဟုတ်ပါဘူး။ မေ့ပျောက်ခြင်းနယ်မြေကသက်ရှိတွေကို အထောက်အကူဖြစ်ပြီး စွမ်းအားတိုးတက်စေဖို့ နှစ်ထပ်ကွမ်းကျင့်စဉ်ကို ကျင့်ဖို့အတွက် ရှေးဟောင်းစိမ်းလန်းတောင်တန်းက မြေ‌ခွေးမိန်းကလေးတွေကို ငှားချင်လို့ပါ။"

တိတ်ဆိတ်ခြင်းအရှင်ဆိုသောသူက အက်ကွဲပြီး အသက်မပါသောအသံဖြင့် ပြောလိုက်သည်။ ထိုစကားကို ကြားသည့်အခါတွင် နူးညံ့သိမ်မွေ့သောတောင်အရှင်သည် ချက်ချင်းပင် မျက်နှာတည်သွားသည်။ နူးညံ့ညင်သာမှုမျိုး မရှိတော့ဘဲ အကြည့်တို့က အေးစက်နေကာ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေဟန်ပေါ်သည်။

"တောင်အရှင် ကျုပ်တို့ကို ဒီလောက်ဧည့်ဝတ်ပျူငှာဖို့ မလိုပါဘူး။ ကျုပ်တို့က မြေခွေးမိန်းကလေးတွေကို အလကားမငှားပါဘူး။ တူညီတဲ့ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်နဲ့ လဲလှယ်မှာပါ။"

အစိမ်းရောင်ဝတ်ထားသောသူသည် တောင်အရှင်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြောလိုက်သည်။ ထိုသူသည် နေလအထွတ်အမြတ်နယ်မြေ၏ သစ်ပင်အကြီးအကဲဖြစ်ပြီး မရေမတွက်နိုင်သောခေတ်အဆက်ဆက်နေထိုင်လာသူဖြစ်ပြီး အင်အားသည်လည်း မူလမြေကို လွှမ်းမိုးနိုင်သည်အထိပင် အားကောင်းလှသည်။

"ကျွန်မတို့ ရှေးဟောင်းစိမ်းလန်းတောင်တန်းက ကိုယ့်ဘာသာ လုံလောက်ပါတယ်။ နေလအထွတ်အမြတ်နယ်မြေဆီကနေ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်တွေ မလိုအပ်ပါဘူး။"

တောင်အရှင်က တွန့်ဆုတ်ခြင်းမရှိ ငြင်းဆန်လိုက်သည်။

သစ်ပင်အကြီးအကဲပြုံးလိုက်ပြီး

"ပြန်မစဉ်းစားတော့ဘူလား။"

"မလိုတော့ပါဘူး။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။"

ရှေးဟောင်းစိမ်းလန်းတောင်တန်း၏တောင်အရှင်ဖြစ်သော စုမေရှောင်သည် ခိုင်မာသောဆုံးဖြတ်ချက်ဖြင့် ပြန်ဖြေလိုက်သည်။ ထိုတုံ့ပြန်ချက်ကို ကြားသည့်အခါတွင် သစ်ပင်အကြီးအကဲ၏အပြုံးက ကွယ်ပျောက်သွားပြီး အမူအရာက အေးစက်သွားသည်။

နောက်တွင်မူ-

"ဟမ်..."

"ဟမ်..."

"ဟမ်...."

ဝှစ်ခနဲအသံနှင့်အတူ မရေမတွက်နိုင်သောအဆိပ်ဆူးများသည် နတ်အာရုံဖြင့်ပင် မခန့်မှန်းနိုင်သောအရှိန်ဖြင့် ကောင်းကင်ထက်မှ ကျလာပြီး ကောင်းကင်မှ စုမေရှောင်ကို မှန်သွားသည်။ ဆူးများလာရာလမ်းကြောင်းတွင် ပက်ကြားအက်များကျန်ခဲ့ပြီး မည်းမှောင်သွားသည်။ ဆူးများဝင်သွားသည်နှင့် ပတ်ဝန်းကျင်မှ အနက်ရောင်မြူများက ရုတ်တရက် သိပ်သည်းလာပြီး မင်ကဲ့သို့ မည်းနက်လာကာ အမြန်ပင် မိုးမည်းများကဲ့သို့ ရွာချတော့သည်။

သစ်ပင်အကြီးအကဲနှင့် တိတ်ဆိတ်ခြင်းအရှင်တို့က စကားတစ်ခွန်းမှမပြောဘဲ လှုပ်ရှားလိုက်သဖြင့် စုမေရှောင်သည် ယနေ့အတွက် ကပ်ဘေးကို ရှောင်ရှား၍ မရတော့သည်ကို သိလိုက်သည်။ ထို့ကြောင့် ခိုင်မာသောစိတ်ဖြင့် သူမ၏ နတ်အာရုံပါသည့် မူလအားကို စွန့်လွှတ်ကာ ချက်ချင်းပင် တောင်အကာအကွယ်အစီအရင်ကို အသက်သွင်းလိုက်ပြီး ထိုတိုက်ခိုက်မှုကို ခုခံရန် ဖြစ်၏။

တောင်အကာအကွယ် အစီအရင်ကို အသက်သွင်းပြီးသည်နှင့် များပြားလှသာခရမ်းရောင်အလင်းတန်းများသည် မြေကြီးမှ ထကြွလာကာ ချက်ချင်းပင် ခရမ်းရောင်ဖျော့အလွှာတစ်လွှာဖြစ်ပေါ်လာပြီး တောင်ပြင်မှ ရောက်လာသော ဆူးများနှင့် အနက်ရောင်မိုးကို တားဆီးလိုက်သည်။

ထိုသည်ကို မြင်သောအခါတွင် သစ်ပင်အကြီးအကဲနှင့် တိတ်ဆိတ်ခြင်းအရှင်တို့သည် ချက်ချင်းပင် တိုက်ခိုက်မှုစွမ်းအားကို မြှင့်တင်လိုက်သည်။

ထူးဆန်းသောကျောက်စာများပါသည့် ဆူးများသည့် လေဟာနယ်ကို ဖောက်၍ ခရမ်းရောင်အရံအတားကို ပစ်ခတ်သည်။ မြူနက်များက ကောင်းကင်ထဲသို့ ထကြွလာပြီး ရှေးဟောင်းစိမ်းလန်းတောင်တန်းတစ်ခုလုံးကို ဖုံးလွှမ်းနိုင်သည့်ကပ်‌ဘေးမုန်တိုင်းကြီးတစ်ခု ဖြစ်လာသည်။ ထို့နောက်တွင် တောင်တစ်ခုလုံးကိုပင် လင်းထိန်သွားစေသည့် မိုးကြိုးအလင်းရောင်က ပြင်းထန်စွာ ပစ်ခတ်လာတော့သည်။

"ဘုန်း..."

မိုးခြိမ်းသံကဲ့သို့ အသံကြီးကို ကြားလိုက်ရသည်။

ဆူးနှင့်မိုးကြိုးသည် ရှေးဟောင်းစိမ်းလန်းတောင်တန်း၏ အကာအကွယ်အစီအရင်ကို ဆက်တိုက်တိုက်ခိုက်ကြသော်လည်း ကြောက်စရာကောင်းသည့်တန်ပြန်မှုကသသာ ပြန်လာပြီး တောင်ပိုင်းနယ်မြေကို တုန်လှုပ်သွားစေကာ နေရာတိုင်း၍ မီးခိုးများထလာသည်။ ခေတ္တမျှကြာပြီးနောက်တွင် ထိုမီးခိုးများ ရှင်းသွား၏။ ထိုခရမ်းရောင်အကာအကွယ်သည်မူ ဘာမှမဖြစ်ဘဲ အရောင်ကသာ အနည်းငယ်မျှဖျော့သွားသည်။ အရောင်ဖျော့ခြင်းက အနည်းငယ်သာဖြစ်ပြီး သေချာမကြည့်လျှင် မသိနိုင်ပေ။

"ငါတို့ တိုက်ခိုက်တာကို တားနိုင်တယ်ဆိုတော့ ရှေးဟောင်းစိမ်းလန်းတောင်တန်းရဲ့ ဒီအစီအရင်က တစ်ခုခုတော့ တစ်ခုခုပဲ။"

တိတ်ဆိတ်ခြင်းအရှင်က အကြည့်စူးစူးဖြင့်ကြည့်ကာ ပြောလိုက်သည်။

သစ်ပင်အကြီးအကဲ ဟက်ခနဲရယ်ပြီး

"ဒီအစီအရင်က အရှေ့ပိုင်းနယ်မြေက အဘိုးကြီး ချထားတဲ့အစီအရင်။ အင်အားကတော့ လက်ခံလို့ရပါတယ်။"

ထိုသို့ပြောပြီးနောက်တွင် ထပ်ပြောလိုက်လေသည်။

"ဒါပေမဲ့လို့ လက်ခံရရုံလောက်ပဲ။ ဆက်ပြီးသာ တိုက်ခိုက်မယ်ဆိုရင် ဒီအကာအကွယ်လည်း ကြာကြာခံမှာ မဟုတ်ဘူး။"

တိတ်ဆိတ်ခြင်းအရှင်ကလည်း သဘောတူလိုက်ပြီး အမြန်ပင် နောက်ထပ်တိုက်ခိုက်မှုကို လွှင့်ထုတ်တော့သည်။ ရှေးဟောင်းစိမ်းလန်း‌တောင်တန်းကို သိမ်းရန်အတွက် မမြင်နိုင်သောအ‌ပြောင်းအလဲများကို ရှောင်ရှားရမည်ဖြစ်သည်။

သစ်ပင်အကြီးအကဲကလည်း သတိထားမိသောကြောင့် ပူးပေါင်းတိုက်ခိုက်တော့သည်။

"ဘုန်း"

"ဘုန်း"

"ဘုန်း"

အစီအရင်ပေါ်၌ မူလအားပေါက်ကွဲသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ အစီအရင်၏အရောင်သည်လည်း မှိန်ဖျော့လာသည်။ အချိန်ကုန်သွားသည်နှင့်အမျှ အလင်းရောင်ကလည်းမှိန်လာပြီး အစီအရင်သည်လည်း ပြိုလဲတော့မည့်ပုံပေါ်သည်။ ထိုထဲတွင်ရှိသောစုမေရှောင်သည် အစီအရင်ကို ဆက်ထိန်းထားရန်အတွက် မူလအားများစွာကို သုံးနေရလေသည်။

သို့သော်လည်း ကြာကြာမထိန်းထားနိုင်တော့သည်ကို သူမ သိသည်။ ရှေးဟောင်းစိမ်းလန်းတောင်တန်းကို ကာကွယ်လိုလျှင် ထိုအစီအရင်မပျောက်သွားခင်တွင် အားကြီးသောမဟာမိတ်ကို ခေါ်ရမည်ဖြစ်သည်။

ထိုသို့စဉ်းစားမိပြီး ချက်ချင်းပင် အတွေးဖြင့် အယုံကြည်ရဆုံးသူဖြစ်သည့် မြင့်မြတ်မိန်းမပျိုဆီသို့ စာပို့လိုက်သည်။

"ကျိုကျို ငါ့အခန်းထဲက သယ်ယူပို့ဆောင်ရေးအစီအရင်ကို သုံးပြီး ဒီကနေထွက်ပြီး အရှေ့ပိုင်းနယ်မြေကိုသွားပါ။ ပြီးရင် ဟိုအဘိုးကြီးကို အကူအညီတောင်းပါ။ သူ့ကို နေလအထွတ်အမြတ်နယ်မြေနဲ့ မေ့ပျောက်ခြင်းနယ်မြေက ရှေးဟောင်းစိမ်းလန်းတောင်တန်းကို သိမ်းဖို့ လုပ်နေလို့ အမြန်လာခဲ့ဖို့ သူ့ကိုတောင်းဆိုပါ။"

All Chapters