← Chapters

နတ်ဘုရား၏ ကျဆုံးခန်း

Vol. 77 Ch. 1148

နတ်ဘုရား၏ ကျဆုံးခန်း

Vol. 77 Ch. 1148

ထိုသို့သော အခြေအနေမျိုးသို့ တွန်းပို့ခံရခြင်းသည် နတ်ဘုရား၏ မကြုံစဖူးအခြေအနေဖြစ်သည်။ သမ္မတကြီးလျှင်ပင် သူ့ကို ဤသို့အရှက်တကွဲအကျိုးနည်းဖြစ်အောင် မပြုလုပ်နိုင်ပေ။ နတ်ဘုရားသည် ချူးယွင်ဖန်း၏ သာမန်ကာလျှံကာ ရိုက်နှက်ခြင်းကြောင့် လွင့်ထွက်သွားသောအခါ သူ၏မျက်လုံးများတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်ပေါက်လာသည်။

ထိုအချိန်တွင် ခွန်းလွန်မြို့၌ တိုက်ပွဲကို ကြည့်ရှုနေကြသော နတ်အဆင့်များ လုံးလုံးလျားလျား ထိတ်လန့်သွားကြသည်။ အခြေအနေသည် မြန်ဆန်လွန်းလှသည်။ ယခင်က နတ်ဘုရားသည် တန်ခိုးကြီးမားခဲ့သော်လည်း ယခုအခါ ချူးယွင်ဖန်းသည် အချိန်တိုလေးအတွင်းမှာပင် အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်သည်။ ချူးယွင်ဖန်းကို အယုံအကြည်အရှိဆုံးလူများလျှင်ပင် အဆင့်အသစ်တစ်ခုသို့ ဖြတ်ကျော်လိုက်ရုံဖြင့် ဤမျှကြီးမားသော ခြားနားမှုကို ဖြစ်စေနိုင်သည်ဟု မထင်မှတ်ခဲ့ပေ။ ချူးယွင်ဖန်းသည် နတ်ဘုရား၏ ကျင့်ကြံမှုအဆင့်ကို လုံးလုံးလျားလျား လျစ်လျူရှုနိုင်ခဲ့သည်။

"ကြီးမြတ်ခြင်းချူးက အရမ်းအစွမ်းထက်တယ်... သူက တကယ့်ကို ပြိုင်ဘက်ကင်းပဲ" တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။

ပြည်ထောင်စု၏ ကျွမ်းကျင်သူများအတွက်မူ ချူးယွင်ဖန်းက ပိုမိုအားကောင်းလေ၊ ၎င်းတို့အတွက် ပို၍ အကျိုးရှိလေဖြစ်သည်။ နတ်ကုန်းမြေမှ နတ်အဆင့် ကျွမ်းကျင်သူများ၏ မျက်နှာတွင် အနည်းငယ် ရှုပ်ထွေးသော အမူအရာများရှိနေသော်လည်း မကြာမီတွင် လက်ခံလိုက်ကြသည်။ နောက်ဆုံးတွင် ၎င်းတို့အားလုံးသည် ယခုအခါ ပြည်ထောင်စု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပေသည်။ ၎င်းတို့သည်လည်း ချူးယွင်ဖန်း၏ ခွန်အားကြောင့် အကျိုးကျေးဇူးများရရှိလာနိုင်သည်။ အနည်းဆုံးလျှင် ၎င်းတို့သည် အချိန်မရွေး ပျက်စီးသွားနိုင်သော နတ်ကုန်းမြေမှ လွတ်မြောက်နိုင်ခဲ့ရာ၊ ဤသည်မှာ အကောင်းဆုံးအခြေအနေဖြစ်သည်။

"ပြိုင်ဘက်ကင်း"

"ပြိုင်ဘက်ကင်း"

"ပြိုင်ဘက်ကင်း"

မကြာမီမှာပင် ခွန်းလွန်မြို့ရှိ အသံများအားလုံး တစ်သားတည်းဖြစ်သွားကြသည်။ ချူးယွင်ဖန်းသည် ကောင်းကင်တွင် မြင့်မားစွာ ရပ်တည်နေ၏။ သူသည် ထိုနေရာတွင် တစ်ယောက်တည်း ရပ်တည်နေသော်လည်း ကမ္ဘာကို ချိုးနှိမ်နိုင်သည့် အမြင့်မားဆုံးသော တန်ခိုးများရှိပုံပေါ်သည်။ မရေတွက်နိုင်သော မွန်းစတားများသည် သူ၏ အရောင်အဝါကြောင့် ထိတ်လန့်သွားကြသည်။ ၎င်းတို့သည် မလှုပ်ရှားဝံ့ဘဲ တုန်လှုပ်ချောက်ချားစွာဖြင့် ဘေးတွင် ဒူးထောက်လိုက်ကြသည်။

"မင်းက ကျုပ်ကို သတ်ချင်တယ်ပေါ့လေ" နတ်ဘုရားက အော်ဟစ်လိုက်သည်။

"ကျုပ်ကမှ ပြိုင်ဘက်ကင်းသူကွ"

နတ်ဘုရား၏ အသံကျရောက်သွားသည်နှင့် သူသည် ဂါထာတစ်ခုခုကို ရွတ်ဆိုလိုက်လေ၏။ သူ၏ခန္ဓာကိုယ်ရှိ နတ်တန်ခိုးများ လောင်ကျွမ်းသွား၍ တစ်ဖန်တိုးမြင့်လာသည်။ သို့သော် ချူးယွင်ဖန်းက ၎င်းကို ဂရုမစိုက်ပေ။ သူ၏မျက်လုံးထဲတွင် နတ်ဘုရားသည် အမြင့်မားဆုံး တိုက်ခိုက်ရေးစွမ်းအင်များရရှိရန်အတွက် ကိုယ့်ကိုယ်ကို ပြင်းထန်စွာ လောင်မြိုက်နေသော နေတစ်စင်းနှင့်ဆင်တူသည်။ ဤနည်းလမ်းသည် အရေးကြီးသော အခိုက်အတန့်တွင် အလွန်အသုံးဝင်သော်လည်း ပေးဆပ်ရမည့် အဖိုးအခသည်လည်း အလွန်မြင့်မားလှသည်။

သူသည် ကောင်းကင်အစောင့်အရှောက်ချိပ်ပိတ်ခြင်းဖွဲ့စည်းပုံကို နောက်တစ်ကြိမ် ပစ်လွှတ်ခြင်းဖြင့် နတ်ဘုရားကို ချုပ်နှောင်ထားလိုက်သည်။ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်လေးပါးတို့ ချက်ချင်း ပေါ်ပေါက်လာသည်။ အပြာရောင်နဂါးက ခေါင်းဆောင်အဖြစ် ဦးဆောင်ကာ ၎င်းတို့သည် ကောင်းကင်နှင့်မြေကြီး၏ လေးဘက်လေးလံနေရာများကို ပိတ်ဆို့ထားလိုက်သည်။

သို့သော် နတ်ဘုရားသည် ချက်ခြင်းဆိုသလိုပင် ပျောက်ကွယ်သွားကြောင်း ချူးယွင်ဖန်း တွေ့ရှိလိုက်ရသည်။ ချူးယွင်ဖန်းသည် သူ့ကို ချိပ်ပိတ်ရန် ကောင်းကင်အစောင့်အရှောက်ချိပ်ပိတ်ခြင်းဖွဲ့စည်းပုံကို အသုံးပြုသည်နှင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ နောက်အခိုက်အတန့်တွင် နတ်ဘုရားသည် ချူးယွင်ဖန်း၏ အနောက်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် လက်သီးဖြင့် ဝှေ့ယမ်းလိုက်သည်နှင့် မရေတွက်နိုင်သော ကြယ်များသည် ချူးယွင်ဖန်းဆီ ကျဆင်းသွားသော ကြယ်မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားလေသည်။ ဤကြယ်အစုအဝေးသည် အလွန်တရာ မှိန်ဖျော့သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကမ္ဘာကြီးကို ထက်ပိုင်းခွဲထုတ်နိုင်ဟန်ရှိသည်။

"သေလိုက်" နတ်ဘုရားက ဟိန်းဟောက်လိုက်၏။ နတ်ဘုရားသည် ဤအဆင့်မြှင့်တင်ထားသော တိုက်ခိုက်မှုတွင် အရာအားလုံးကို ရင်းနှီးထားခဲ့သည်။

"မဖြစ်စလောက် လှည့်ကွက်တွေ" ချူးယွင်ဖန်းက အေးစက်စွာ ပြောပြီးနောက် လက်ဖဝါးဖြင့် ရိုက်နှက်လိုက်ပြန်သည်။ ကြယ်အစုအဝေးကြီးသည် ချူးယွင်ဖန်း၏လက်ဖဝါးကြောင့် တစ်ဖန်ကွဲအက်သွားကာ ချူးယွင်ဖန်းနှင့် မနီးစပ်မီတွင် ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲ၍ အရပ်ရပ်သို့ ပြန့်ကျဲသွားလေသည်။

ကောင်းကင်ကြီး တုန်လှုပ်သွားခဲ့သည်။ ဤလက်ဖဝါးချက်သည် ကောင်းကင်ကြီးနှင့် ဆင်တူ၍ နတ်ဘုရားကို ရိုက်နှက်ကာ တစ်ဖန် ဖိနှိပ်ထားလိုက်သည်။ သို့သော် ယခုတစ်ကြိမ်တွင်၊ နတ်ဘုရားသည် ယခင်ကကဲ့သို့ ချူးယွင်ဖန်း၏ ပေါ့ပါးသော ရိုက်နှက်ချက်ဖြင့် လွင့်မသွားခဲ့ပေ။ ယင်းအစား သူသည် ချူးယွင်ဖန်း၏ ရိုက်နှက်မှုကို ထိပ်တိုက်ရင်ဆိုင်လိုက်ရာ၊ သူသည် ကမ္ဘာကြီး ပေါက်ကွဲတော့မည်ဟု ခံစားလိုက်ရသည်။

"ချူးယွင်ဖန်း၊ မင်း ကျုပ်ကို အခုသတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးကွ" နတ်ဘုရားက အော်ဟစ်လိုက်ရာ၊ သူ၏ခန္ဓာကိုယ်အတွင်းရှိ အရောင်အဝါများ ပို၍ပင် ပြင်းထန်စွာ လောင်ကျွမ်းလာခဲ့သည်။ ထိုအချိန်တွင် သူသည် ကြီးမား၍ တောက်ပသော ခန္ဓာကိုယ်ကြီးကဲ့သို့ ကန့်သတ်ချက်အထိ တိုက်ပွဲဝင်နေခဲ့သည်။

မည်သည့်အချိန်ကစခဲ့မှန်း မသိသော်လည်း ချူးယွင်ဖန်းကို သတ်ဖြတ်ရန် စိတ်ကူးများကို သူ၏စိတ်ထဲမှ လုံးလုံးလျားလျား ဖယ်ထုတ်လိုက်သည်။ ယင်းအစား၊ ၎င်းစိတ်ကူးများသည် မိမိကိုယ်ကို ကာကွယ်ခြင်းများဖြစ်လာသည်။ နတ်ဘုရားသည် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သရွေ့ အလွယ်တကူ ရှုံးနိမ့်မည် မဟုတ်ပေ။

နတ်ဘုရားကို ရိုက်ချက်တစ်ချက်တည်းဖြင့် မရိုက်ထုတ်နိုင်ခဲ့သည့်အတွက် ချူးယွင်ဖန်းက အနည်းငယ် အံ့အားသင့်သွားသော်လည်း သူသည် စိတ်မပူခဲ့ပေ။ နတ်ဘုရားသည် ၎င်း၏ပျံသန်းမှုအဆုံးတွင် ရောက်ရှိနေသည့် မြှားတစ်စင်းမျှသာဖြစ်သည်။ ချူးယွင်ဖန်း၏ အစောပိုင်း အခြေအနေကဲ့သို့ပင် သူသည် သူ၏နောက်ဆုံးထွက်သက်ကို ဆုပ်ကိုင်ထားခြင်းဖြစ်သည်။ သို့သော် သူနှင့်မတူသည်မှာ ချူးယွင်ဖန်းသည် အချိန်တိုင်း အားကောင်းသန်မာလာခဲ့သည်။

သူ၏ ခွန်အားသည် အထွတ်အထိပ်သို့ မရောက်ရှိသေးပေ။ နတ်ဘုရား၏ ပေါက်ကွဲနိုင်သော စွမ်းအင်များသည် သူ့မျက်လုံးထဲတွင် ပိတ်မိနေသော သားရဲတစ်ကောင်နှင့် ဆင်တူသည်။ တစ်ချိန်က နတ်ဘုရားသည်လည်း သူ့ကို ဤသို့ ကြည့်ရှုခဲ့သည်။ သို့သော် ယခုအခါ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

"ခင်ဗျားကို သတ်တာလား၊ ကျုပ် အရင်က ပြောပြီးပြီပဲ၊ ခင်ဗျားကို သတ်ရတာက ကြက်တစ်ကောင်ကို သတ်သလိုပဲ လွယ်ကူတယ်လို့" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။ သူသည် လက်ငါးချောင်းကို ကျစ်ကျစ်ဆုပ်၍ ဝမ်းဗိုက်ဆီ ပြန်ဆုတ်ပြီးနောက် လက်သီးဖြင့် ထိုးနှက်လိုက်သည်။

လက်သီးစွမ်းအင်များသည် ကောင်းကင်ကို လွှမ်းခြုံထားသည့် လက်သီးအရိပ်များအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းများကဲ့သို့ နတ်ဘုရားထံ ချီတက်လိုက်ကြသည်။ နတ်ဘုရားသည် အားနည်းမှုကို ပြသရန် ဆန္ဒမရှိသဖြင့် အသက်ရှုနှုန်းကို ထိန်းချုပ်ကာ ချူးယွင်ဖန်းကို စတင်တိုက်ခိုက်လိုက်သည်။

ဘုံး

ဘုံး

ဘုံး

နတ်ဘုရား၏ တိုက်ခိုက်မှုများသည် ချူးယွင်ဖန်း၏ လက်သီးချက်နှင့် တိုက်မိသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဘက်စလုံးက ထောင်ပေါင်းများစွာသော ထိုးနှက်ချက်များကို ဖလှယ်လိုက်ကြရာ၊ ၎င်းစွမ်းအင်များသည် ကြယ်တံခွန်များကဲ့သို့ တောက်ပနေသည်။

လူများစွာက မှင်သပ်သွားကြသည်။ ၎င်းတို့သည် အရာအားလုံးကို အာရုံမစိုက်နိုင်မီပင် နတ်ဘုရားက ဗလုံးဗထွေး ညည်းညူလာ၍ ကြိုးပြတ်သွားသော စွန်တစ်စင်းကဲ့သို့ လွင့်ထွက်သွားလေသည်။ သူသည် တောင်တစ်စင်းပေါ်သို့ ဖြောင့်တန်းစွာ လွင့်ပျံသွားသည်။

နတ်ဘုရားသည် သွေးများဖြင့် ဖုံးလွှမ်းနေကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။ နတ်ဘုရားသည် ချူးယွင်ဖန်းကို တိုက်ခိုက်ရန်အတွက် သူ၏ အတွင်းစွမ်းအင်များကို အတင်းအကြပ် စုစည်းထားသော်လည်း ပျံသန်းမှုအဆုံးသတ်တွင်ရောက်ရှိနေသည့် မြှားတစ်စင်းသာဖြစ်သည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် သူ၏ခန္ဓာကိုယ်သည် မခုခံနိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများ ယိုစီးနေ၍ ချူးယွင်ဖန်းထက် ပိုဆိုးရွားသော အခြေအနေတွင် ရောက်ရှိနေသည်။

သူ၏ရင်ဘတ်တွင် လက်သီးချက်ဖြင့် ထိုးနှက်ခံရသော ဒဏ်ရာတစ်ခု သိသာစွာ ပေါ်ပေါက်လာသည်။ ဤသည်မှာ နတ်ဘုရားကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သော လက်သီးချက်ဖြစ်သည်။ သူစုဆောင်းထားသော ချီစွမ်းအင်များသည် ဤလက်သီးချက်ဖြင့် ထိုးနှက်ခံရသောကြောင့် ပြိုလဲသွားသည့်အပြင် သူ၏လျှို့ဝှက်သိုင်းပညာသက်ရောက်မှုသည်လည်း ဆုံးရှုံးသွားလေသည်။

"သိပ်ကောင်းတာပဲ။ နတ်ဘုရားတော့ ဒဏ်ရာအပြင်းအထန်ရသွားပြီ။ အခြေအနေကို အခွင့်ကောင်းယူပြီး အနိုင်ယူကြရအောင်" ကျွမ်းကျင်သူတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

မှန်ကန်စွာပြောရမည်ဆိုလျှင် ထိုကျွမ်းကျင်သူသည် မည်သည်ကိုမျှ ပြောရန်မလိုပေ။ မည်သို့ဆိုသော် ချူးယွင်ဖန်းသည် နတ်ဘုရားအနောက်သို့ လိုက်နေပြီဖြစ်သည်။

"ချူးယွင်ဖန်း" တုန်လှုပ်ချောက်ချားသော နတ်ဘုရားက အော်ဟစ်လ်ုက်သည်။

"မင်း အနိုင်ကျင့်တာ လွန်လွန်းအားကြီးမလာနဲ့"

"အနိုင်ကျင့်တာတဲ့လား။ ခင်ဗျားက ဒီစကားလုံးကို သိတယ်လား။ ဒီနေ့ ခင်ဗျားက ကျုပ်ကိုသတ်ဖို့လာတာလေ။ ကျုပ်က လက်နက်ချ အညံ့ခံပြီး ခင်ဗျားကို သတ်ခွင့်ပေးလိုက်ဖို့ တကယ်မျှော်လင့်နေတာလား" ချူးယွင်ဖန်းက အော်ဟစ်လိုက်သည်။

"ဒီနေ့ ကျုပ် ခင်ဗျားကို နိုင်သလောက် အနိုင်ကျင့်မယ်၊ ဒီတော့ ခင်ဗျား ဘာလုပ်နိုင်မှာလဲ"

ချူးယွင်ဖန်း၏ သတ်ဖြတ်ချင်စိတ်များသည် သာမန်လူများထက် ပိုမိုပြင်းထန်နေကြောင်း နတ်ဘုရားက ချက်ချင်း နားလည်သွားသည်။ သူသည် ချက်ချင်းပင် အဝေးသို့ ထွက်ပြေးသွားခဲ့ရာ၊ သွေးနီရောင်ပုံရိပ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။

နတ်ဘုရားက လွတ်မြောက်ခါနီးတွင်၊ ကောင်းကင်အစောင့်အရှောက်ချိပ်ပိတ်ခြင်းဖွဲ့စည်းပုံသည် သူ့အနားတစ်ဝိုက်တွင် ရုတ်တရက် ပေါ်ပေါက်လာသည်။ ချူးယွင်ဖန်းသည် နတ်ဘုရား ထွက်ပြေးသွားမည်ကို အထူးသတိထားနေခြင်းဖြစ်၍ သူ့ကို ချက်ချင်း ချုပ်နှောင်လိုက်သည်။

ထိုစဉ်ချူးယွင်ဖန်းသည် နတ်ဘုရားဆီ ပျံသန်းသွားပြီးနောက် တခဏချင်းပင် ထောင်ပေါင်းများစွာသော လက်သီးအရိပ်များကို ပစ်လွှတ်လိုက်ရာ၊ ၎င်းလက်သီးချက်များအားလုံး နတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။ နတ်ဘုရားသည် မရေတွက်နိုင်သော ဒုံးကျည်များဖြင့် ထိမှန်သွားသကဲ့သို့ ဝေဟင်၌ ပေါက်ကွဲသွားခဲ့သည်။

"ကျုပ် ဒါကို လက်မခံနိုင်ဘူး" နတ်ဘုရားသည် ထိုသို့အော်ဟစ်ပြီးနောက် သွေးမြူများအဖြစ် ပြောင်းလဲသွားခဲ့သည်။

All Chapters