ထွက်ခွာခြင်း
Vol. 77 Ch. 1151
"ပြောရရင်၊ ဝိညာဉ်နယ်မြေမှာရှိနေတုန်းက ကျုပ်လည်း သိပ်ပြီး ရေရေရာရာ မသိခဲ့ပါဘူး၊ အဲဒီအချိန်မှာ ကျုပ်က မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူတစ်ယောက်ပဲရှိသေးတာ၊ အဲဒီတုန်းက သိခဲ့ရတာက ပြည်ထောင်စုမှာထက်စာရင် ဝိညာဉ်နယ်မြေမှာက နတ်အဆင့်တွေ အများကြီးရှိတယ်တဲ့။ တကယ်တော့ ထင်ထားတာထက်တောင် များရင်များလောက်ရှိတယ်" သမ္မတကြီးက ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။
"ဝိညာဉ်နယ်မြေမှာ ရွှေအမတေအဆင့်တွေက အဆင့်မြင့်ပြီး အားကောင်းသန်မာကြတယ်။ သူတို့တွေက တွေ့ရခဲတဲ့ ဖြစ်တည်မှုတွေပဲ။ ပြည်ထောင်စုမှာဆိုရင် နတ်အဆင့်တွေနဲ့ ခပ်ဆင်ဆင် ဖြစ်တည်မှုမျိုးပေါ့" သမ္မတကြီးက ဆက်ပြောလိုက်သည်။
"ဝိညာဉ်နယ်မြေကအခြေအနေတွေက ခွန်းလွန်နယ်မြေမှာထက် ပိုပြီးရှုပ်ထွေးတယ်။ ခွန်းလွန်နယ်မြေမှာ အဓိက အင်အားစုသုံးခုဖြစ်တဲ့ ပြည်ထောင်စု၊ အနန္တနတ်ဆိုးတောင်တန်းနဲ့ အဏ္ဏဝါမျိုးနွယ်ပဲရှိတာ၊ ဒါပေမယ့် ဝိညာဉ်နယ်မြေမှာက ဒီ့ထက်ပိုများတယ်"
"ဒါပေမယ့် သိပ်လည်း စိတ်မပူပါနဲ့။ မင်းရဲ့ခွန်အားအရဆိုရင် မင်းလည်း ဝိညာဉ်နယ်မြေမှာ မြင့်မြတ်ပြီး အင်အားကြီးမားတဲ့ လူတစ်စုထဲက တစ်ယောက်ပါပဲ" သမ္မတကြီးက ခေတ္တတွေးတောပြီးနောက် ဆက်ပြောလိုက်သည်။
"အခြားအရာတွေကတော့ မင်းယူသွားလို့ရအောင် အချက်အလက်တွေ စုစည်းလိုက်မယ်။ ကျုပ်လည်း သိပ်မသိပေမယ့် မင်း ဘာမှမသိထားတာထက်စာရင် ပိုကောင်းပါတယ်"
"ကျေးဇူးတင်ပါတယ်၊ သမ္မတကြီး" ချူးယွင်ဖန်းက ပြောသည်။
"ဒါဆိုရင် နတ်ဘုရားချန်ထားခဲ့တဲ့ တယ်လီပို့ဖွဲ့စည်းပုံကို တွေ့ပြီပေါ့ ဟုတ်လား" သမ္မတကြီးက ပြောလိုက်သည်။
ချူးယွင်ဖန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။
"ပြီးခဲ့တဲ့တစ်နှစ်တုန်းက ခွန်းလွန်နယ်မြေကို ကျွန်တော် ခရီးထွက်နေခဲ့တာ။ သမ္မကြီးအတွက် ဆေးဖော်စပ်တာအပြင် အဲဒီတယ်လီပို့ဖွဲ့စည်းပုံကိုလည်း ရှာနေခဲ့တာ၊ အခု နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ"
"ကောင်းပြီလေ၊ ဒါပေမယ့် မင်းတို့တွေ အတူတူသွားဖို့ စဉ်းစားထားတာလား" သမ္မတကြီးသည် ချူးယွင်ဖန်းနှင့် တန်စီယုကို ကြည့်လိုက်သည်။
"ဟုတ်ပါတယ်" ချူးယွင်ဖန်းက ပြောသည်။
သူသည် ဝိညာဉ်နယ်မြေကို တန်စီယုနှင့်အတူ သွားမည်ဖြစ်သည်။ သူမသည် ရွှေအမတေခြေတစ်လှမ်းတစ်ဝက်အဆင့်သို့ ဝင်ရောက်နေပြီဖြစ်၍ ချူးယွင်ဖန်းက ရွှေအမတေအဆင့်၏ လျှို့ဝှက်ချက်များစွာနှင့် ကျင့်ကြံနည်းများစွာကို ခွဲခြမ်းစိပ်ဖြာပေးခဲ့ခြင်းကြောင့် သူမသည် ရွှေအမတေအဆင့်သို့ ဝင်ရောက်ရန် အချိန်အနည်းငယ်သာ လိုအပ်တော့သည်။ အံ့ဖွယ်ကောင်းကင်ဝိညာဉ်ခန္ဓာကိုယ်၏စွမ်းအင်သည် ရှေးဟောင်းလူသားများကာလတွင်လည်း အကောင်းဆုံးစွမ်းအင်ဖြစ်သည်။ ၎င်း၏ကျင့်ကြံမှုအရှိန်အဟုန်သည် ချူးယွင်ဖန်းအောက် မနှေးကွေးလှပေ။
သူမသည် ဝိညာဉ်နယ်မြေတွင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပေသည်။ သို့သော် သူသည် သူ၏မိသားစုအတွက် စိတ်ပူနေမိသည်။ တန်စီယုတွင် မည်သို့သော စိုးရိမ်ပူပန်စရာမျှ မရှိပေ။ သူမ၏ မိခင်သည် ယခင်ကတည်းက ဆုံးပါးသွားခဲ့သည့်အပြင် သူမ၏ ဖခင်အပေါ်၌ မည်သည့်ခံစားချက်မှ မရှိခဲ့ပေ။ တန်မိသားစုသည် မကြာသေးမီကမှ မိသားစုခေါင်းဆောင်အသစ်ကို ရွေးချယ်ခဲ့ကြသည်။ သို့သော် ချူးယွင်ဖန်းက မတူညီပေ။ သူသည် သူ့မိဘများကို စိတ်ပူမိသည့်အပြင် ချူးဝမ်ချန်းနှင့် ယန်ယာ့ယွင်တို့သည် သူ့ကို ထွက်မသွားစေချင်သော်လည်း ပို၍ကျယ်ပြန့်သော ကမ္ဘာကြီးကို ရှာဖွေလေ့လာချင်သည့်စိတ်ကို ပံ့ပိုးခဲ့ကြသည်။
ကံကောင်းထောက်မစွာဖြင့် ချူးယွင်ဖန်းသည် ကျင့်ကြံနည်း၏ လျှို့ဝှက်ချက်များစွာကို ၎င်းတို့အတွက် ချန်ရစ်ထားခဲ့မည်ဖြစ်သည်။ နတ်စွမ်းအင်ဖြည့်တင်းဆေးများလည်း ချန်ထားခဲ့သောကြောင့် ၎င်းတို့သည် နတ်အဆင့်သို့ မဝင်မီ အချိန်တစ်ခုသာ လိုအပ်ပေလိမ့်မည်။ ချူးယွင်ဖန်းသည် ယခုနှစ်အတွင်း သက်ရှည်ဆေးအများအပြားကိုလည်း ဖော်စပ်ခဲ့သည်။ သူ့မိဘများ၏ သက်တမ်းသည် အနာဂတ်တွင် အလွန်ရှည်လျားလာမည်ကို တွေးကြည့်ရန်ပင် လွယ်ကူသည်။ သူ၏ညီမငယ်သည်လည်း အရွယ်ရောက်လာတော့မည်ဖြစ်သည်။ ဤအစီအစဥ်အားလုံးကို ပြုလုပ်ပြီးနောက် ချူးယွင်ဖန်းသည် မကြာမီ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည်။
"မင်းတို့လူငယ်တွေက အရမ်းစွန့်စားနိုင်ကြတော့ ကောင်းပါတယ်" သမ္မတကြီးက ၎င်းတို့နှစ်ယောက်ကို အားကျစွာ ကြည့်လိုက်သည်။
"စိတ်မပူနဲ့။ ကျုပ် ဒီမှာရှိနေသရွေ့ချူးမိသားစုနဲ့ တန်မိသားစုကို ဂရုစိုက်လိုက်ပါ့မယ်။ သူတို့တွေ ဘာမှမဖြစ်စေရဘူး"
ချူးယွင်ဖန်းနှင့် တန်စီယုနှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြသည်။ ဤနေရာသို့ ရောက်လာရအကြောင်းအရင်းများအနက် တစ်ခုသည် ၎င်းတို့၏မိသားစုများ၏ လုံခြုံရေးကို သမ္မတကြီးထံ အပ်နှံရန်ဖြစ်သည်။ ချူးယွင်ဖန်းသည် သူ့မိဘများအတွက် အာမခံချက်အလွှာ အနည်းငယ်ကို ပို၍ ပြင်ဆင်ရပေမည်။ မည်သို့ပင်ဆိုစေကာမူ၊ သူနှင့်တန်စီယုတို့သည် မည်သည့်အချိန်မျှ ပြန်လာနိုင်မည်ကို သူ မသိပေ။
သို့သော် ချူးယွင်ဖန်းက ခရီးအတွက် သိပ်စိတ်မပူပေ။ ချူးယွင်ဖန်းကဲ့သို့ တယ်လီပို့စနစ်ဖွဲ့စည်းပုံကို အသုံးပြုခြင်းမဆိုနှင့် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များအရ၊ အမှန်တကယ် အင်အားကြီးမားသော ဖြစ်တည်မှုများသည် ကမ္ဘာနှစ်ခုကြား ကူးသန်းသွားလာခြင်းကို အစားအစာ စားသောက်ခြင်းကဲ့သို့ အလွယ်တကူ ပြုလုပ်နိုင်ကြောင်း သူ သိထားသည်။
တစ်နှစ်ကျော်လာသောအခါ ခွန်းလွန်မြို့၏တိုက်ပွဲကြီးသည် ရံဖန်ရံခါမှသာ လူပြောများလေ့ရှိသည့် ရှေးဟောင်းပုံပြင်တစ်ခုဖြစ်လာခဲ့သည်။ လွန်ခဲ့သည့်နှစ်တွင် ပြည်ထောင်စုသည် မြောက်ပိုင်းနှင့် တောင်ပိုင်းကို သိမ်းပိုက်နိုင်ခဲ့သည်။ အနန္တနတ်ဆိုးတောင်တန်းနှင့် အဏ္ဏဝါမျိုးနွယ်စုတို့၏ ခြိမ်းခြောက်မှုမရှိဘဲ၊ ပြည်ထောင်စုသည် အရှိန်အဟုန် ပြင်းထန်စွာ ကျယ်ပြန့်လာသည်။ တစ်နှစ်အတွင်းမှာပင် ပင်လယ်ပြင်တွင် ၎င်း၏အခြေစိုက်မြို့ကို သမိုင်းတစ်လျှောက် ပထမဦးဆုံး တည်ထောင်နိုင်ခဲ့သည်။
နိုင်ငံရပ်ခြားတွင် ပြန့်ကျဲစွာ အခြေချနေထိုင်သော ဂိုဏ်းများနှင့် အထက်တန်းလွှာမိသားစုအချို့ရှိနေသော်လည်း ၎င်းတို့အားလုံးသည် ခွန်းလွန်နယ်မြေနှင့် ပို၍ နီးစပ်ကြသည်။ ဤသည်မှာ ရေနက်ပိုင်း၌ အခြေစိုက်မြို့ကို ပထမဆုံးအကြိမ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ထိုဆောက်လုပ်ရေး လုပ်ငန်းစဉ်အတွင်း အဏ္ဏဝါမျိုးနွယ်စုများက အရူးအမူး လက်တုံ့ပြန်ခဲ့ကြသည်။ သို့သော်လည်း ပြည်ထောင်စု၏ အရင်းအမြစ်များကြောင့် အဏ္ဏဝါမျိုးနွယ်စုများ ရှုံးနိမ့်သွားခဲ့သည်။ အဆုံးမဲ့ ပင်လယ်တွင် လူသားတို့၏ပထမဆုံး ပင်လယ်အခြေစိုက်မြို့ကို တည်ဆောက်နိုင်ခဲ့သည်။ ၎င်းကိုတည်ဆောက်ရာတွင် အဆုံးမဲ့ပင်လယ်ပြင်တွင် မူလက တည်ရှိနေသော ကျွန်းများကို အမှီပြုခြင်းပင် မပြုလုပ်ခဲ့ဘဲ ၎င်းတို့သည် ဗလာနတ္ထိမှ သံမဏိမြို့တော်ကို တည်ဆောက်ခဲ့ကြသည်။
ကြီးမားသော သုံးဆွဲမှုအတိုင်းအတာသည် သာမာန်ခေတ်ရှိ နိုင်ငံများအတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်သွားပေလိမ့်မည်။ ၎င်းတို့သည် ပြည်ထောင်စု၏ စွမ်းအင်များကို စုစည်းနိုင်မှသာ ထိုကဲ့သို့စွမ်းဆောင်နိုင်မည်ဖြစ်သည်။ ပြည်ထောင်စုသည် ပင်းဟိုင်မြို့အပါအဝင် အခြေစိုက်မြို့သုံးမြို့ကိုလည်း စနစ်တကျ ပြန်လည်ထူထောင်နိုင်ခဲ့သည်။ အရာရာတိုင်းသည် လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်ရှိနေ၍ နေ့စဉ်ထွက်ပေါ်လာသော သတင်းသစ်များ သတင်းကောင်းများဖြစ်ကြသည်။
ပြည်ထောင်စုကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်နေလေသည်။ ချူးယွင်ဖန်းနှင့် တန်စီယုတို့သည် ထိုနေ့တွင် မနက်စောစောထလာကြသည်။ ချူးယွင်ဖန်း၏ မိသားစုသည် ခြံဝင်းထဲတွင် ၎င်းတို့ကို စောင့်နေကြသည်။ ချူးမိသားစုဘိုးဘေးကြီးနှင့် လက်ရှိ ချူးမိသားစု၏ခေါင်းဆောင် ချူးဟောက်ယွဲ့လျှင်ပင် ထိုအကြောင်းကို သိရှိပြီးနောက် ရောက်လာကြသည်။ ချူးယွင်ဖန်း ထွက်ခွာတော့မည့်သတင်းကို လူများစွာထံ မပြောကြားခဲ့သော်လည်း ဘိုးဘေးကြီးနှင့် ချူးဟောက်ယွဲ့သည် ချူးယွင်ဖန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့်အတွက် ၎င်းတို့ကိုလည်း အသိပေးခဲ့ကြသည်။
အထူးသဖြင့်၊ သူ၏မိဘများသည် အနာဂတ်တွင် ၎င်းတို့ကို မှီခိုအားထားနေရလိမ့်မည်ဖြစ်သောကြောင့် ဤသည်မှာ သဘာဝအားဖြင့် လိုအပ်သော အပြုအမူဖြစ်သည်။ ချူးဝမ်ချန်းနှင့် ယန်ယာ့ယွင်နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် တုံ့ဆိုင်းနေသော အမူအရာများရှိနေကြသည်။ ယခုတစ်ကြိမ်သည် ယခင်ကနှင့် မတူပေ။ ဤအချိန် ထွက်သွားပြီးလျှင် တစ်ယောက်ကို တစ်ယောက် မည်သည့်အချိန်မှ ပြန်တွေ့နိုင်မည်ကို မသိနိုင်ပေ။
ယန်ယာ့ယွင်၏ မျက်လုံးများ နီရဲနေသည်။ သူမသည် တစ်ညလုံး ငိုယို၍ အိပ်မပျော်ခဲ့ပုံပေါ်သည်။ ယန်ယာ့ယွင်၏ အနားတွင် ချူးချင်ရွှမ်သည် မိခင်ဖြစ်သူ၏လက်ကို ဆုပ်ကိုင်ထားသည်။ သူမ၏ မျက်လုံးများသည်လည်း နီရဲနေသောကြောင့် ငိုထားခဲ့ဟန်ရှိသည်။
"ရွှမ်ရွှမ်၊ ကိုကို အခုအချိန်ကစပြီး အဖေနဲ့အမေကို စောင့်ရှောက်ရမယ့်တာဝန်ကို ညီမလေးဆီ အပ်ထားခဲ့မယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။
"ဒါ့အပြင် ကိုကို ကျန်ခဲ့တဲ့ အချက်အလက်တွေကို ကြည့်ထား၊ ညီမလေးရဲ့ ကျင့်ကြံမှုအတွက် အထောက်အကူဖြစ်လိမ့်မယ်"
ချူးယွင်ဖန်းသည် မထွက်ခွာမီတွင် ကိုယ်ခန္ဓာအဆင့်မှ ရွှေအမတေအဆင့်အထိ ကျင့်ကြံနည်းများစွာကို စာအုပ်တစ်အုပ်အဖြစ် စာတမ်းပြုစုကာ လိုအပ်သူများထံ ဖြန့်ဝေခဲ့သည်။ သို့သော် မိဘများနှင့် ညီမငယ်၏လက်ထဲတွင်ရှိသော စာအုပ်များကို အခြားစာအုပ်များထက် ပို၍အသေးစိတ်ရေးသားထားခဲ့သည်။
"အင်းပါ" ချူးချင်ရွှမ်သည် သူမ၏ ခေါင်းလေးကို ငုံ့လိုက်ရာ၊ မျက်ရည်များ တစ်ဖန်ပြန်စီးကျလုနီးပါးဖြစ်နေသည်။
"ကဲ သွားတော့။ ဘာမှ စိတ်မပူပါနဲ့ မင်းအမေနဲ့အဖေက အဲ့လောက်လည်း အသက်မကြီးသေးပါဘူး" ချူးဝမ်ချန်းက ဆိုသည်။
"နောက်ပိုင်းမိသားစုမှာ ကိစ္စတစ်ခုခုရှိလို့ ဂရုစိုက်ရမယ်ဆိုရင် ဘိုးဘေးကြီးနဲ့ အစ်ကိုဟောက်ယွဲ့ကိုပဲ ကျွန်တော် အကူအညီတောင်းရတော့မယ်" ချူးယွင်ဖန်းသည် ချူးမိသားစုဘိုးဘေးကြီးနှင့် ချူးဟောက်ယွဲ့ကို ကြည့်လိုက်သည်။
"စိတ်မပူပါနဲ့၊ ငါ့ တာဝန်ထား" ချူးဟောက်ယွဲ့က ပြောလိုက်သည်။
ချူးယွင်ဖန်းနှင့် တန်စီယုတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးနောက် နှစ်ယောက်စလုံး မြေပြင်မှ မြင့်တက်သွားကြသည်နှင့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံသန်းသွားကြသည်။ ခဏအကြာတွင် ၎င်းတို့အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားကြသည်။