← Chapters

ကြင်ဖက်

Vol. 77 Ch. 1154

ကြင်ဖက်

Vol. 77 Ch. 1154

ချူးယွင်ဖန်း၏ မူလရည်ရွယ်ချက်သည် ဝိညာဉ်နယ်မြေတွင် အခြေချနေထိုင်ရန်အတွက် ဤကိုယ်ရေးရာဇဝင်ကို အသုံးပြုရုံသာဖြစ်သော်လည်း မြို့ဝန်ကျုံးရှင်၏မိခင်ဖြစ်သူ သခင်မကြီးနှင့် တွေ့ဆုံပြီးနောက် ထိုသခင်မကြီးသည် မထင်မှတ်ထားလောက်အောင် သူ့အပေါ် ကြင်နာနေလိမ့်မည်ဟု မည်သူသိမည်နည်း။

နောက်ပိုင်းတွင် သူ၏ရုပ်ရည်သွင်ပြင်နှင့် ပတ်သတ်နေခြင်းဖြစ်နိုင်သည်ဟု ချူးယွင်ဖန်းသတိထားမိလိုက်သည်။ သခင်မကြီးတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာတွင် သူမကို ကယ်တင်ခြင်းဖြင့် ကွယ်လွန်သွားခဲ့သည့် သားငယ်တစ်ဦးရှိခဲ့ဖူးသည်။ သူမသည် အမြဲတစေ အပြစ်ရှိသည်ဟု ခံစားခဲ့ရသည့်အတွက် သူ့ကိုမြင်တွေ့သောအခါ သူမ သားငယ်၏ ပြန်လည်ဝင်စားမှုဟု ထင်မှတ်ခဲ့ပုံပေါ်သည်။

တစ်ဖက်တွင် မြို့ဝန်ကျုံးရှင်၏အိမ်တော်သည် ဆက်ခံသူကို ရွေးချယ်ချင်ခဲ့သည်။ အခြားသော ကိုယ်စားလှယ်လောင်း အများအပြားသည် မြို့ဝန်၏အိမ်တော်တွင် နေထိုင်နေကြသော်လည်း ၎င်းတို့ကို ယခုအချိန်ထိ မဆုံးဖြတ်ရသေးပေ။ ချူးယွင်ဖန်းသည် ထိုလူများထဲတွင် အထူးခြားဆုံးဖြစ်သည်။ တခြားလူများသည် မြို့ဝန်ကျုံးရှင်အရှေ့တွင် ဝိုင်းဖွဲ့ပြုမူရန် မစောင့်ဆိုင်းနိုင်ကြသော်လည်း ချူးယွင်ဖန်းက ကွဲပြားခြားနားသည်။ သူသည် သခင်မကြီးကို ရံဖန်ရံခါ ဂါရဝပြုခြင်းမှလွဲလျှင် မြို့ဝန်ကျုံးရှင်ကို နှစ်သစ်တွင်သာ အခြားလူများနှင့်အတူ တွေ့ဆုံခဲ့သည်။

ချူးယွင်ဖန်းသည် သိုသိပ်စွာ နေထိုင်နေသော်လည်း သခင်မကြီး၏ မျက်နှာသာပေးမှုကြောင့် မြို့ဝန်အိမ်တော်တွင် အတော်လေး ကျော်ကြားခဲ့သည်။ ချူးယွင်ဖန်းတွင် ယှဉ်ပြိုင်ရန် ရည်ရွယ်ချက် အနည်းငယ်မျှသာ မရှိခြင်းကြောင့် မဟုတ်ပါက၊ သူ့ဘေးနားရှိ လူတစ်စုကို အလွယ်တကူ သိမ်းသွင်းနိုင်မည့်အပြင် ဤသို့လူသူတိတ်ဆိတ်သော ခြံဝင်းထဲတွင် နေထိုင်နေမည် မဟုတ်ပေ။

သို့သော်လည်း သခင်မကြီးသည် သူမ၏ မွေးရပ်မြေသို့ ပြန်သွားစဉ်က သူ့အတွက် ကြင်ဖက်တွေရန် စီစဉ်ပေးခဲ့ရာ၊ ၎င်းဖြစ်စဉ်ကြောင့် ယခင်က သူ၏မိခင်သည် သူ့ကို လက်ထပ်ထိမ်းမြားရန် တိုက်တွန်းနေသည့် အခြေအနေသကဲ့သို့ ခံစားလိုက်ရသည်။ သခင်မကြီးက သူ့အပေါ် မည်သို့ကြောင့် ဤမျှကြင်နာနေပါစေ၊ ချူးယွင်ဖန်းသည်လည်း ခံစားချက်ရှိသူဖြစ်သောကြောင့် သဘာဝအတိုင်း ထိရှခံစားနေမိသည်။ သို့သော် သူသည် ရယ်ရမဲ့မဲ့ ငိုရမဲ့မဲ့ဖြစ်နေသည်။

ပြီးခဲ့သည့်နှစ်တွင် သူ၏ဒဏ်ရာများကြောင့် တိတ်တဆိတ် နေထိုင်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ယခုအခါ အရာအားလုံး ခြားနားသွားပြီဖြစ်သည်။ သူသည် အထွတ်အထိပ် အခြေအနေသို့ မရောက်ရှိသေးသော်လည်း ဤကမ္ဘာတွင် သူ၏ ပြိုင်ဘက်ဖြစ်နိုင်သူသည် အနည်းငယ်သာရှိသည်။

"ကောင်းပြီ၊ ကျုပ် သိပြီ" ချူးယွင်ဖန်းက ပြောလိုက်သည်။

သူသည် အခန်းထဲဝင်ကာ အဝတ်အစားလဲလှယ်ပြီးနောက် ထွက်သွားလေသည်။ ချောမောလှပသော ဇနီးငယ်များနှင့် မောင်းမမိဿံများရှိသော အခြားကိုယ်စားလှယ်လောင်းများနှင့် နှိုင်းယှဉ်ပါက၊ ချူးယွင်ဖန်းသည် လူအများ၏အမြင်တွင် အလွန်နှိမ့်ချစွာ နေထိုင်သူဖြစ်သည်။

ချူးယွင်ဖန်း ထွက်ခွာသွားကြောင်း မြင်သောအခါ အစေခံက သက်ပြင်းတစ်ချက်ချလိုက်သည်။ ဤသခင်လေးဖန်းတွင် မည်သည့် ကျင့်ကြံမှုအဆင့်မျှ မရှိကြောင်း အိမ်တော်အတွင်းရှိ လူတိုင်း သိထားသော်လည်း သူမသည် သူနှင့် ရင်ဆိုင်ရသောအခါ မည်သို့ကြောင့် ကြောက်ရွံ့ထိတ်လန့်နေရသည်ကို သူမ မသိပေ။ သူမသည် သခင်မကြီး၏ အစေခံတစ်ဦးဖြစ်သည့်အပြင် မြို့ဝန်ကျုံးရှင်နှင့် တွေ့ဆုံသောအခါတွင် ဤမျှစိတ်မလှုပ်ရှားခဲ့ပေ။

သူမသည် သက်ပြင်းတစ်ချက်ချလိုက်သည်၊ သို့သော် ချူးယွင်ဖန်း ထွက်သွားချိန်တွင် သူ၏ခြေသံသည် အသံပင် မကြားရဘဲ အလွန်ပေါ့ပါးနေသည်ကို သူမ သတိမထားမိခဲ့ပေ။ ခုန်းလုံမြို့မြောက်ဘက်တွင် အနီရောင်နံရံများ အစိမ်းရောင်ကြွေပြားများဖြင့် တည်ဆောက်ထားသည့် ကြီးမားသောအိမ်တော်တစ်ခု တာ်ရှိသည်။ ၎င်းသည် ရွှေနှင့် ကျောက်စိမ်းတို့ဖြင့် တောက်ပလျက်ရှိသည်။ ရိပ်မြုံများနှင့် အိမ်ချင်းဆက်ထားသော တိုက်တန်းများသည် တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်နိုင်ဖွယ်ရှိသည်။

ရိပ်မြုံတစ်ခုတွင် အမျိုးသမီးနှစ်ဦး ဘေးချင်းကပ်လျက်ထိုင်နေသည်။ အမျိုးသမီးတစ်ဦးသည် အနီရောင် တောက်ပနေသော ၀တ်ရုံတိုကို ၀တ်ဆင်ထားသည်။ သူမသည် သပ်ရပ်သန့်ရှင်း၍ တင့်တယ်လှပသော မျက်နှာနှင့် ထင်ရှားသော အသွင်အပြင်မျိုး ပိုင်ဆိုင်ထားသောကြောင့် သူမကို ရဲရင့်၍ သူရဲကောင်းဆန်စေသည်။

အခြားသော အမျိုးသမီးတစ်ဦးသည် အဝါရောင်ဖျော့ဖျော့ ဂါဝန်ရှည်ကို ၀တ်ဆင်ထားသည်။ သူမသည် သွယ်လျ၍ ချောမောလှပသော မျက်နှာအသွင်အပြင်ရှိပေသည်။ သူမ၏ အသားအရေသည် နှင်းများကဲ့သို့ ဖြူဖွေးနေသည်။ သို့သော် သူမ၏ ချယ်သထားသော မျက်ခုံးများသည် ဤအခိုက်အတန့်တွင် အနည်းငယ် တွန့်ခေါက်နေ၍ သူမ၏ နှုတ်ခမ်းကို ဖွင့်ဟကာ ပြောလိုက်သည်။

"ရှို့ရှို့၊ ငါအရမ်း စိတ်ညစ်တာပဲ။ ငါ့ အဖေက ဘာမှအသုံးမကျတဲ့ သခင်လေးတစ်ယောက်နဲ့ ကြင်ဖက်တွေ့စေချင်နေတယ်။ သူက မြို့ဝန်ကျုံးရှင်ရဲ့ သားအရင်းဆိုရင် ကိစ္စမရှိပေမယ့် အခုက အကိုင်းအခက်မိသားစုဝင်တစ်ယောက်တဲ့။ ပြီးတော့ ကျင့်ကြံမှုအဆင့်လည်း မရှိဘူးလို့ ငါကြားတယ်၊ အဲ့ဒါဆို သူက ဘာမှအသုံးမကျတဲ့ လူတစ်ယောက်ပဲ မဟုတ်လား"

ဤသည်မှာ ချူးယွင်ဖန်းနှင့် ကြင်ဖက်တွေ့ရမည့် စီတုမိသားစု၏ သခင်မလေး စီတုမြောင်ယီဖြစ်သည်။

"ငါတို့ မိန်းကလေးတွေ ကြီးပြင်းလာပြီဆိုမှတော့ ဒီလိုကိစ္စမျိုးနဲ့ ကြုံရမှာပဲလေ" အနီရောင် ဝတ်ဆင်ထားသည့် အန်းရှို့ရှို့ဟူသော အမျိုးသမီးက ပြောလိုက်သည်။

"အဲ့ဒါအပြင် သူက လက်ထပ်ခိုင်းတာ မဟုတ်ဘဲ ကြင်ဖက်ပဲ တွေ့ခိုင်းတာလေ ဘာဖြစ်တာမို့လို့လဲ။ နင့်ရဲ့ ကျော်ကြားနေတဲ့ နာမည်ဂုဏ်သတင်းကိုပဲ အပြစ်တင်ရလိမ့်မယ်။ မြို့ဝန်ကျုံးရှင်ရဲ့သခင်မကြီးတောင် နင့် ဂုဏ်သတင်းကို ကြားသွားပြီ။ သူက အခုအချိန်မှာ ဂုဏ်သရေရှိအမျိုးသမီးတစ်ယောက်နော်၊ ခုန်းလုံမြိုမှာ သူ့ကို စော်ကားရဲတဲ့သူ ဘယ်နှစ်ယောက်များရှိလို့လဲ"

"အရမ်းစိတ်ညစ်ဖို့ကောင်းတာပဲ။ ငါတို့မိန်းကလေးတွေက ကိုယ့်အိမ်ထောင်ရေးကို ဘာလို့ကိုယ့်ဘာသာ မရွေးချယ်နိုင်ရတာလဲ" စီတုမြောင်ယီက စိတ်ဓာတ်ကျနေသော အမူအရာဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။

"ငါ ရွေးချယ်နိုင်တယ်လေ" အန်းရှို့ရှို့က နှုတ်ခမ်းစူ၍ ပြောလိုက်သည်။

"အဲ့တာနင်က အရမ်းအားနည်းနေလို့။ နင်သာ နတ်အဆင့်မှာရှိနေရင် နင့်အနာဂတ်က အကန့်အသတ်မဲ့သွားလိမ့်မယ်။ နင့်ကို ဘယ်သူမှ တွန်းအားပေးနိုင်မှာ မဟုတ်ဘူး။ ဒီကမ္ဘာကြီးမှာ သန်မာတဲ့သူတွေက လေးစားခံရတယ်။ မွေးဖွားခြင်းနယ်မြေအဆင့်ဆိုတာ ပုရွက်ဆိတ်သာသာပဲလေ။ နတ်အဆင့်မှာရှိတဲ့လူတွေကသာ ကိုယ့်ကံကြမ္မာကို ချုပ်ကိုင်နိုင်တယ်။ နင်သာ တကယ် သာလွန်ချင်တယ်ဆိုရင် ရွှေအမတေအဆင့်မှာ ရှိနေမှဖြစ်မယ်"

"ရွှေအမတေအဆင့် ဟုတ်လား။ ငါ အဲ့လောက်ထိ မတွေးထားပါဘူး။ ဝေ့တိုင်းပြည်မှာလူတွေအများကြီးရှိပေမယ့် ရွှေအမတေအဆင့်ကို ဘယ်နှစ်ယောက်များ တကယ် တက်လှမ်းနိုင်လို့လဲ" စီတုမြောင်ယီက နှုတ်ခမ်းစူလျက် ပြောလိုက်သည်။

"နင်က အရည်အချင်းရှိပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်အဆင့်ကို ဝင်နိုင်ခဲ့တာ ငါ သိပါတယ်။ ဒီလောက်ထိ ကြွားနေစရာ မလိုပါဘူး"

"ငါလည်း အဲ့ဒီ့အဆင့်နဲ့ ဝေးနေပါသေးတယ်။ ငါက အခု နတ်အဆင့်ကို ရောက်နေပေမယ့် ဒီကျဉ်းမြောင်းတဲ့ လူမှုကွန်ရက်ထဲကို ဝင်နိုင်တဲ့ အရည်အချင်းပဲရှိတာပါ" အန်းရှို့ရှို့က ခေါင်းခါလိုက်သည်။

"ဟဲ့၊ မသိရင် ငါ့ထက် အများကြီး ပိုသန်မာတဲ့ပုံစံနဲ့ လာပြောမနေနဲ့။ ငါလည်း မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ကို ရောက်နေပါပြီ" စီတုမြောင်ယီက စိတ်မကျေနပ်စွာ ပြောလိုက်သည်။

"ငါက နတ်အဆင့်နဲ့ ခြေတစ်လှမ်းပဲ လိုတော့တာ"

"ဒါက မတူဘူးလေ။ ခြေတစ်လှမ်းဆိုတာက တိမ်တိုက်တွေနဲ့ ရွှံ့နွံကြားက ကွာခြားချက်လိုပဲ။ ခြေတစ်လှမ်း နောက်ကျတာက တစ်လှမ်းပြီးတစ်လှမ်း နောက်ကျသွားမယ်လို့ဆိုလိုတာ။ နင် နတ်အဆင့်ကို ဝင်နိုင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငါ သံသယဝင်နေတာ မဟုတ်ဘူး၊ ဒါပေမယ့် အဲဒီအချိန်မှာ နင်က လူတွေအများကြီးထဲက တစ်ယောက်ဖြစ်နေမှာ" အန်းရှို့ရှို့က ပြောလိုက်သည်။

"ငါ ဒီအကြောင်း ဆက်မပြောချင်တော့ဘူး၊ ဟိုလူက ငါ့ကို လိုက်တွယ်ကပ်နေရင် ဘယ်လိုလုပ်ရပါ့မလဲ" စီတုမြောင်ယီက ပြောလိုက်သည်။ သူမသည် ထိုကဲ့သို့သော လူများစွာကို မြင်တွေ့ဖူးသည်။ သူမသည် သူမ၏ ငယ်စဉ်ကတည်းက ထူးခြားလှပသော ရုပ်ရည်အသွင်အပြင်ကြောင့် ပိုးပန်းသူများစွာရှိခဲ့သည်။ ၎င်းတို့အနက် သူမကို မရပ်မနား နှောင့်ယှက်နေသူများလည်း ပါရှိသည်။

"မဖြစ်နိုင်ဘူးလို့ ထင်တာပဲ။ ငါ သူ့ကို စုံစမ်းပြီးပြီ။ သူက တကယ် တိတ်တဆိတ် နေထိုင်တတ်တဲ့လူ၊ သူ့မျက်နှာကို သိတဲ့လူတောင် အများကြီးမရှိဘူး။ ဒီလူက တကယ် သာမညောင်ညဆန်တဲ့လူ မဟုတ်ရင် သည်းခံစိတ်ကြီးတဲ့လူပဲဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် သူ နင့်ကို တွယ်ကပ်နိုင်တဲ့ ဖြစ်နိုင်ခြေက အရမ်းနည်းတယ်" အန်းရှို့ရှို့က ပွင့်လင်းစွာ ပြောလိုက်သည်။

"ဒါပေမယ့် ငါ နင်နဲ့အတူလိုက်ပြီး စစ်ဆေးကြည့်ပေးမယ်လေ၊ ဘယ်လိုလဲ။ သူ ပေါက်ကရ ပြုမူလာရင် နင့်အစား သင်ခန်းစာ ပေးပေးမယ်"

"နင် အဲ့လိုပြောလာမှာကို ငါက စောင့်နေတာ" စီတုမြောင်ယီ၏ အပြုံးသည် ချိုမြိန်လွန်းလှသဖြင့် အခန်းထဲတွင် ပန်းများဖြင့် ပြည့်နှက်နေသကဲ့သို့ပင် ထင်မှတ်ရစေသည်။

ဖျင်ယိခန်းမသည် ခုန်းလုံမြို့ရှိ လက်ဖက်ရည်ဆိုင်အနည်းငယ်အနက် တစ်ခုဖြစ်သည်။ ၎င်းလက်ဖက်ရည်ဆိုင်၏ နောက်ကွယ်တွင် သန်မာသော အင်အားစုတစ်ခုရှိသည်ဟု ဆိုကြသည်။ ခုန်းလုံမြို့၏ လူချမ်းသာအားလုံးသည် ဤနေရာတွင် လက်ဖက်ရည်သောက်သုံးရခြင်းကို နှစ်သက်ကြသည်။ ချူးယွင်ဖန်းသည် သီးသန့်ခန်းတစ်ခုတွင် ထိုင်၍ လက်ဖက်ရည်ကို ရံဖန်ရံခါ သောက်သုံးနေသည်။ သူသည် တစ်နာရီကြာမျှ စောင့်ဆိုင်းခဲ့ရသော်လည်း အလျင်လိုခြင်း မရှိပေ။

သီးသန့်အခန်းတစ်ခုလုံးကို ဖုန်းရွှေပုံသဏ္ဌာန်အတိုင်း စီမံထားခဲ့သည်။ ပရိဘောဂများကို ဝိညာဉ်သစ်သားဖြင့် ပြုလုပ်ထားကာ ဝိညာဉ်စုစည်းမှုဖွဲ့စည်းပုံများဖြင့် ရေးထွင်းထားသောကြောင့် ဝိညာဉ်စွမ်းအင်များ အဆက်မပြတ် ထုတ်လွှတ်နေသည်။ လူများသာ ဤပတ်ဝန်းကျင်တွင် အချိန်အတော်ကြာ နေထိုင်ခဲ့မည်ဆိုပါက၊ ၎င်းတို့၏ ကျင့်ကြံမှုအတွက် အလွန်အကျိုးရှိပေလိမ့်မည်။ ပြည်ထောင်စုတွင်လည်း ထိုကဲ့သို့ အလားတူနေရာများရှိသော်လည်း ပြည်ထောင်စု၏ ဖွဲ့စည်းပုံဆိုင်ရာ သုတေသနပြုချက်များသည် အလွန်နောက်ကျသောကြောင့် အကျိုးသက်ရောက်မှုသည် အလွန် ကွဲပြားပေသည်။

ချူးယွင်ဖန်း သောက်သုံးနေသော လက်ဖက်ရည်တွင် အလွန်ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ပါဝင်သည်။ ဤသည်မှာ အရည်အသွေးမြင့် လက်ဖက်ခြောက်မျိုးဖြစ်သည်။ ချူးယွင်ဖန်းသည် လက်ဖက်ရည်သောက်နေစဉ်၊ သူ၏ဒဏ်ရာများကို ကုသနိုင်ရန်အတွက် ၎င်းအနက်ဝိညာဉ်စွမ်းအင်များကို သူ၏ ကျင့်စဉ်ကို အသုံးပြု၍ သန့်စင်လိုက်သည်။ ဤသည်မှာ သူ့အတွက်၊ ဒဏ်ရာများ ကုသခြင်းဖြစ်သည့်အပြင် ကျင့်ကြံမှုပုံစံလည်းဖြစ်သည်။ သူသည် တစ်နာရီကြာ စောင့်ဆိုင်းနေရသော်လည်း ထွက်ခွာရန် အလျင်လိုခြင်းမရှိပေ။

All Chapters