ကပ်ဘေး၏လက္ခဏာ
Vol. 45 Ch. 665
ကျိယောင်ယွဲ့မှာကျိုးဟောင်အားအစွမ်းကုန်ပျိုးထောင်ပေးခဲ့ပြီး သူမ အယုံကြည်ရဆုံးသောပညာရှင်တဦးဖြစ်လေသည်။ တကယ်လို့ကျိုးဟောင်သာတခုခုဖြစ်သွားပါက သူမရင်နင့်အောင်ခံစားရမည်ဖြစ်လေသည်။
"သန္ဓေပြောင်းသားရဲမဟာမိတ်အဖွဲ့ကတဖြေးဖြေးလှုပ်ရှားလာနေပြီး မကြာခင်စစ်ပွဲတခုပေါ်ပေါက်လာနိုင်တယ်။ တိုက်ပွဲကြီးကြီးမားမားမဖြစ်တာ နှစ်တွေအတော်ကြာနေခဲ့ပြီ။ ဒီကြားထဲတိုက်ခိုက်ခဲ့တွေကလည်း အကဲစမ်းတဲ့သဘောမျိုးပဲ။ ဒါပေမဲ့ သူတို့စစ်ပွဲတစ်ခုအစပြုဖို့ပြင်ဆင်နေတယ်လို့ခံစားရတယ်"
ကျိယောင်ယွဲ့၏အသံဖိုင်က လူတိုင်းဆီတွင်ပျံ့နှံ့သွားလေသည်။ သာမန်လူတချို့က သန္ဓေပြောင်းသားရဲများနှင့်အဆက်မပြတ်တိုက်ခိုက်နေရသည်လို့ထင်ကြသော်လည်း ရာထူးအကြီးပိုင်းရှိလူများကသာ ဒီတိုက်ပွဲအသေးလေးများနောက်တွင် တိုက်ပွဲအကြီးကြီးတခုရှိနေသည်သိကြလေသည်။
ထိုအချိန်တွင်ကျိုးဟောင်မှာစိုးရိမ်စိတ်အပြည့်ဖြင့် လေ့ကျင့်ရေးခန်းထဲတွင်ဆက်တိုက်လေ့ကျင့်နေလေသည်။ သူ့အနေဖြင့်အင်အားထုတ်လွှတ်ခြင်းနည်းစနစ်ကိုသေချာလေ့ကျင့်နေလေသည်။
ကံကောင်းစွာဖြင့် ကျိုးဟောင်၏နားလည်နိုင်စွမ်းမှာမြင့်မားသောကြောင့် တနေ့ထက်တနေ့ပိုပိုတိုးတက်လာလေသည်။
မကြာမီပင် နောက်ထပ်၄လမှာထပ်မံကုန်ဆုံးသွားခဲ့လေသည်။
ကျိယောင်ယွဲ့မှာယာဉ်ပျံပေါ်တွင်ထိုင်နေရင်း စကော်လာတို့၏သတင်းပေးပို့ချက်များကို စိုးရိမ်တကြီးကြည့်နေလေသည်။
စကော်လာ ၊ ဗက်ထရန်နှင့်ရွှယ်စန်းတို့၏အမူအရာများမှာအလွန်စိုးရိမ်နေကြလေသည်။
"စီနီယာကျိ....ကပ္ပတိန်ကျိုးအခုထိထွက်မလာသေးဘူး ဘယ်လိုလုပ်ကြမလဲ"
အထူးသဖြင့်ဗက်ထရန်မှာအလွန်အမင်းစိတ်ပူနေလေသည်။ သူသည်ကျိုးဟောင်နှင့်အလွန်ရင်းနှီးပြီး ကျိုးဟောင်မှာလေ့ကျင့်ရေးခန်းထဲတွင်ပိတ်မိနေသည်မှာ၇လကျော်အထိရှိနေလေသည်။
ကျိယောင်ယွဲ့မှာသူမ၏နှုတ်ခမ်းလေးကိုကိုက်ရင်းသက်ပြင်းချလိုက်လေသည်။
"ဘာတွေဖြစ်သွားတာလဲ ၁၃ခုမြောက်ရှေးဟောင်းအပျက်အစီးထဲမှာဘယ်လိုလုပ်ဒုက္ခတွေ့ရတာလဲ။ ဒါကဒီအတိုင်းလေ့ကျင့်ရေးစခန်းတခုမဟုတ်ပေဘူးလား"
ကျိယောင်ယွဲ့မှာ နောင်တများဖြင့်ရေရွတ်နေလေသည်။
"ကပ္ပတိန်ကျိုးက အထဲမှာ အခွင့်အရေးကောင်းတခုခုတွေ့နေတာမျိုးကောမဖြစ်နိုင်ဘူးလား"
ရွှယ်စန်းကပြောလေသည်။ သူသည်ကျိုးဟောင်အားအလွန်လေးစားပြီး ကျိုးဟောင်မှာအလွယ်တကူသေမည့်လူစားမဟုတ်ကြောင်းသိလေသည်။
"အဲ့လိုလည်းဖြစ်နိုင်တယ် ကပ္ပတိန်ကျိုးကလွယ်လွယ်နဲ့သေမယ့်သူမျိုးမဟုတ်ဘူး"
ဗက်ထရန်နှင့်စကော်လာကလည်းချက်ချင်းပြောလာလေသည်။
"မင်းတို့ဘာကိုဆိုလိုချင်မှန်းငါနားလည်ပါတယ်။ ကဲဒါဆိုလည်းနောက်ထပ်၃လထပ်စောင့်ကြတာပေါ့ အဲ့အချိန်ထိထွက်မလာတော့မှ ငါတို့ကြေငြာချက်ထုတ်ကြတာပေါ့"
ကျိယောင်ယွဲ့ကပြန်ပြောလိုက်သည်။
သူမစကော်လာတို့၏ဆက်သွယ်ရေးကိုပိတ်လိုက်ပြီးမကြာမီကျူးဇောင်ဆီကခေါ်ဆိုမှု၀င်လာခဲ့လေသည်။
"စီနီယာကျိကို နှုတ်ဆက်ပါတယ်"
ကျူးဇောင်ကတလေးတစားပြောလာလေသည်။
"ကောင်းကင်ဘုရင်ကျူး ဘာဖြစ်လို့လဲ ၁၃ခုမြောက်အက်ကွဲကြောင်းမှာမူမမှန်တာတခုခုဖြစ်လို့လား"
ကျိယောင်ယွဲ့ကစိတ်လှုပ်တရှားမေးလိုက်လေသည်။
"ဟုတ်ပါတယ် ၁၃ခုမြောက်အက်ကွဲကြောင်းရဲ့သံလိုက်စက်ကွင်းကရုတ်တရက်ပြောင်းလဲသွားပြီး ဘေးပတ်၀န်းကျင်မှာလည်းထူးဆန်းတဲ့ဒြပ်စင်တွေပေါ်ပေါက်လာပါတယ်။ အဲ့အရာတွေကဘာတွေလဲဆိုတာကိုတော့ ဓာတ်ခွဲကြည့်ခဲ့ပေမဲ့အဖြေထွက်မလာပါဘူး။ ကျုပ်အဲ့ကိစ္စကိုစိုးရိမ်မိလို့စီနီယာကျိဆီအကြောင်းကြားတာပါ"
ကျူးဇောင်မှာ၁၃ခုမြောက်အက်ကွဲကြောင်း၏ လေ့ကျင့်ရေးစခန်းတွင်ရှိနေလေသည်။ ထိုနေရာကိုသေချာစုံစမ်းနေပြီး အစောင့်များလည်းတင်းကြပ်စွာချထားလေသည်။
"အဲ့မှာပေါ်လာတဲ့ ဒြပ်စင်ကဘယ်လိုမျိုးထူးဆန်းတာလဲ"
ကျိယောင်ယွဲ့ကမေးလိုက်သည်။
"ကျုပ်တို့ခုထိဓာတ်ခွဲစမ်းသပ်ထားတဲ့ရလဒ်တော့မရသေးပါဘူး။ အဲ့နေရာမှာထူးဆန်းတဲ့ကိစ္စမျိုးတွေမရှိသေးပေမဲ့ တခုခုတော့မူမမှန်ဘူးလို့ခံစားမိလို့ပါ။ စီနီယာကျိ အခုသန္ဓေပြောင်းသားရဲတွေက ကမ္ဘာ့အဆင့်အဓိကမြို့ကြီးတွေကိုတိုက်ခိုက်လိမ့်မယ်ဆိုပြီး လူအတော်များများကတွေးကာသွေးပျက်နေကြပါတယ်။ ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ"
ကျူးဇောင်ကပြောပြလေသည်။ ကျိယောင်ယွဲ့လည်းခေါင်းညိတ်ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက်ပြောလာလေသည်။
"ဒီကိစ္စကိုလျော့တွက်ထားလို့တော့မရဘူး။ ဒီသန္ဓေပြောင်းသားရဲတွေကအမြဲတခုခုကြံစည်နေတာ ကောင်းကင်ဘုရင်ကျူး ရှင်သေချာဂရုစိုက်ဖို့လိုမယ်။ ကျွန်မလက်ရွေးစင်တပ်ဖွဲ့နဲ့ ကောင်းကင်ဘုံအဆင့်ပညာရှင်၃ယောက်ကိုလွှတ်လိုက်မယ်"
ထိုစကားကိုကြားတော့မှကျူးဇောင်သက်ပြင်းချလိုက်မိသည်။ အက်ကွဲကြောင်းတခုတွင်ကောင်းကင်ဘုံအဆင့်ပညာရှင်တယောက်သာရှိလေသည်။ ယခုကျိယောင်ယွဲ့က ၃ယောက်ထပ်လွှတ်ပေးမည်ပြောသောကြောင့်သူ့အနေဖြင့်ယုံကြည်မှုပိုရှိလာလေသည်။
"ကောင်းပါပြီစီနီယာကျိ ကျုပ်နားလည်ပါပြီ။ တကယ်လို့တခုခုထူးခြားတာနဲ့ချက်ချင်းသတင်းပို့ပါ့မယ်"
ထိုသို့ပြောပြီးနောက်ကျူးဇောင်ကဖုန်းချသွားလေသည်။
ကျိယောင်ယွဲ့မှာသူမ၏မျက်လုံးလေးများကိုပွတ်ရင်းပင်ပန်းနေပုံပေါ်လေသည်။
"ဘာလို့သန္ဓေပြောင်းသားရဲမဟာမိတ်အဖွဲ့ကအခုမှလှုပ်ရှားလာတာလဲ"
ထိုသို့တွေးနေစဉ်မှာပင် စစ်နတ်ဘုရားလင်းထျန်ဆီမှာဖုန်း၀င်လာခဲ့လေသည်။
"ယောင်ယွဲ့ ကောင်းကင်မြို့တော်နဲ့ ရေအောက်လောကမှာ ပြဿနာတခုခုတော့ဖြစ်နေပြီ။ ကြည့်ရတာသန္ဓေပြောင်းသားရဲတွေတခုခုကြီးကြီးမားမားလှုပ်ရှားကြတော့မယ်ထင်တယ်"
စစ်နတ်ဘုရားလင်းထျန်ကပြောလာလေသည်။
ထိုစကားကိုကြားသောအခါ ကျိယောင်ယွဲ့ကသက်ပြင်းချရင်းမေးလိုက်လေသည်။
"ဘယ်လိုလဲ ဘာပြဿာနာကြီးကြီးလဲ"
"ဘာလဲတော့သေချာမသိရသေးပေမဲ့ ငါတော့အရမ်းစိတ်ပူနေမိတယ် ငါတို့ဘယ်လိုဆက်လုပ်ကြမလဲ"
လင်းထျန်ကစိုးရိမ်တကြီးပြောလာလေသည်။
လင်းထျန်မှာအလွန်စိတ်ပူနေသော်လည်း သန္ဓေပြောင်းသားရဲတို့၏ပိုင်နက်မှာအလွန်အန္တရာယ်များပြီး ၀င်ရောက်စုံစမ်းဖို့ခက်ခဲလှပေသည်။
"ငါတို့ဘာတတ်နိုင်မှာလဲ ခံစစ်ကိုကောင်းကောင်းပြင်ဆင်ထားရုံပေါ့ ။ တကယ်လို့ဆရာသခင်ကြီးတွေသာရောက်လာလို့ရှိရင်ငါတို့ဒီပြဿနာတွေကိုစိတ်ပူနေဖို့မလိုတော့ပါဘူး"
ကျိယောင်ယွဲ့ကပြန်ပြောလိုက်လေသည်။ လူသားတို့အနာဂတ်မှာ ထိုသူတော်စင်ဘုံအဆင့်ဆရာသခင်ကြီးများ၏လက်ထဲတွင်မူတည်နေလေသည်။
"ကောင်းပြီ ဆရာသခင်ကြီးတွေဆီမှာ ဖြေရှင်းဖို့နည်းလမ်းကောင်းတွေရှိမယ်လို့ထင်တယ်"
လင်းထျန်မှာလည်းသက်ပြင်းချရင်းပြောလာလေသည်။
ထိုအခိုက်အတန့်တွင်ကျိုးဟောင်ကတော့လေ့ကျင့်ရေးအခန်းထဲတွင်အပြင်းအထန်လေ့ကျင့်နေပြီး နံရံကြီးတခုကိုဖြိုခွဲလိုက်လေသည်။ သူ့အနေဖြင့်နောက်ထပ်ဖြိုခွဲရန် ၂ခုသာကျန်ရစ်တော့လေသည်။
ကျိုးဟောင်မှာဒီအင်အားထုတ်လွှတ်ရေးနည်းစနစ်ကိုလေ့ကျင့်ပြီးနောက်အံ့အားသင့်နေလေသည်။ သူ့ခွန်အားကိုထိန်းချုပ်ပုံတိုးတက်လာရုံသာမက သူ့ခန္ဓာကိုယ်ထဲရှိစွမ်းအင်အနှစ်သာရထိန်းချုပ်မှုမှာလည်းသိသိသာသာပြောင်းလဲသွားလေသည်။
"စွမ်းအင်အနှစ်သာရဖြစ်ဖြစ် ခွန်အားဖြစ်ဖြစ် အားလုံးကတကယ့်ကိုထိန်းချုပ်စေခိုင်းလို့ရတာပဲ။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ခွန်အားရဲ့မော်လီကျူးတခုချင်းစီကိုထိန်းချုပ်နိုင်ရင် ခွန်အားကိုစိတ်ကြိုက်ထိန်းချုပ်သွားနိုင်တာပဲ"
ကျိုးဟောင်မှာတဖြေးဖြေးနားလည်လာလေသည်။
"ဒီရှေးဟောင်းမျိုးနွယ်တွေရဲ့ ကျင့်ကြံရေးတွေကလက်ရှိခေတ်ထက်ပိုပြီးအစွမ်းထက်တာပဲ"
ကျိုးဟောင်ကတွေးနေလေသည်။ သို့သော်ဒီရှေးဟောင်းမျိုးနွယ်တွေကကမ္ဘာမြေသားတွေလား ဒါမှမဟုတ် အာကာသထဲကလာတဲ့ မျိုးနွယ်တွေလားဆိုသည်ကိုသူသိချင်နေမိသည်။
....................................................................................
အခန်း (၆၆၅) ပြီးပါပြီ။