အာကာသသားရဲ
Vol. 45 Ch. 671
တာအိုဘုံအဆင့်....
ကျိုးဟောင်သည် ထိုအဆင့်အကြောင်းကို တစ်ခါမျှ မကြားဖူးခဲ့သော်လည်းသူတော်စင်ဘုံအဆင့်ထက်ပင် ပိုမိုမြင့်မားသော အဆင့်ဖြစ်ကြောင်း အလွယ်တကူ နားလည်ခဲ့သည်။
မဟုတ်လျှင် ထိုမျှ အစွမ်းထက်မည် မဟုတ်ပေ။
“စီနီယာ သူ့ကို ရပ်တန့်ဖို့ ဘာမှ မလုပ်နိုင်တော့ဘူးလား”
ကျိုးဟောင်က စိုးရိမ်တကြီး မေးလိုက်သည်။
“ဒီကိစ္စက… တကယ်ကို တော်တော်ခက်ခဲတယ် သူ့ရဲ့ အစွမ်းက ကမ္ဘာဂြိုဟ်က နှိုင်းယှဉ်နိုင်တဲ့အရာလုံးဝမဟုတ်ဘူး ပြီးတော့သူကအရွယ်မရောက်သေးပေမယ့် တော်တော်လေးကြီးလာပြီ သူ့ရဲ့ ဘိုးဘွားသွေးမျိုးဆက် ကို ဆက်ခံထားတာကြောင့် အဆုံးမဲ့မှတ်ဉာဏ်တွေရှိပြီး သူ့ရဲ့ ကြီးထွားမှုကလည်း သဘာဝအတိုင်း အရမ်းမြန်တယ်”
“ဒီယဇ်ပလ္လင်က ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ထားပြီး ပြင်ပစွမ်းအင်ကို တိုက်ရိုက်စုပ်ယူလို့မရအောင်လုပ်ထားပေမယ့် သူ့မှာကျင့်ကြံဖို့ စွမ်းအင်အနှစ်သာရတွေထုတ်လုပ်ပေးနိုင်တဲ့ အထူးကျင့်ကြံရေးသိုင်းတစ်ခု ရှိတယ်”
အဘိုးကြီးရဲ့စကားများမှာ ကျိုးဟောင်ကို အံ့အားသင့်စေခဲ့သည်။
“ဒါတင်မကသေးဘူး ဒီ အာကာသသားရဲရဲ့ အစွမ်းအထက်ဆုံးစွမ်းရည်က တခြားသန္ဓေပြောင်းသားရဲတွေကို ထိန်းချုပ်နိုင်စွမ်းရှိတာပဲ အာကာသသားရဲတွေမှာ ထူးဆန်းတဲ့ သံလိုက်စက်ကွင်းတစ်ခုကို ထုတ်လွှတ်နိုင်တဲ့ ပါရမီတစ်ခုရှိတယ် ဒီသံလိုက်စက်ကွင်းက သန္ဓေပြောင်းသားရဲတွေရဲ့စိတ်ကိုသက်ရောက်နိုင်ပြီး သူတို့ရဲ့မျိုးရိုးဗီဇကို လှုံ့ဆော်ပေးပြီးတော့ အဆင့်တက်လာဖို့ ကူညီပေးနိုင်တယ် အရွယ်ရောက်ပြီးသားအာကာသသားရဲတစ်ကောင်က တခြားသန္ဓေပြောင်းသားရဲတွေကို အပြည့်အဝ ထိန်းချုပ်နိုင်ပေမယ့် ငယ်ရွယ်တဲ့ အာကာသသားရဲတွေကတော့ ဒါမျိုးမလုပ်နိုင်ဘူး သူတို့က တခြားသန္ဓေပြောင်းသားရဲတွေရဲ့ စွမ်းအားကိုပဲ တိုးမြှင့်ပေးနိုင်တယ် ဒါပေမဲ့အဲဒါကရှုပ်ထွေးမှုတွေကို ဖြစ်စေနိုင်တယ် အရင်က ဒီ အာကာသသားရဲကိုချိပ်ပိတ်ဖို့ ကျောက်စာတိုင်သုံးခုကို အသုံးပြုခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အဲဒီကျောက်စာတိုင်တွေကအသုံးမဝင်တော့ဘူး”
ဤစကားအားကြားလိုက်ရချိန်တွင် ကျိုးဟောင်မှာတုန်လှုပ်သွားခဲ့သည်။
“စီနီယာ အဲဒီကျောက်စာတိုင်တွေက တကယ်တော့ သူ့ကို ဖိနှိပ်ဖို့ အသုံးပြုခဲ့တာလို့ ပြောတာလား အဲဒီကျောက်စာတိုင်ပေါ်က ဝိဉာဥ်ထိန်းချုပ်ကျောက်တုံးက သူ့ကို ထိန်းချုပ်ဖို့ အသုံးပြုခဲ့တာလား”
ကျိုးဟောင် မယုံနိုင်အောင် ဖြစ်နေသည်။
“ဟုတ်တယ် ဒါပေမယ့် ဝိဉာဥ်ထိန်းချုပ်ကျောက်တုံးကလည်း သူ့ရဲ့ သံလိုက်စက်ကွင်းကြောင့် ဖြည်းဖြည်းချင်း ပြောင်းလဲသွားပြီး အသွင်ပြောင်းသွားတာ ကြာပြီ”
အဘိုးအိုက ကူကယ်ရာမဲ့စွာ ပြောလာခဲ့သည်။
ဒီလိုမျိုးအရာတွေ လောကမှာ တကယ်ရှိနေတာကို ကျိုးဟောင် မယုံနိုင်ဖြစ်နေသည်။ သူသည်တုန်လှုပ်နေသလို တစ်စိတ်တစ်ပိုင်း ကြောက်လန့်နေပြီး စိုးလည်းစိုးရိမ်နေပေသည်။
ယခုလိုဆိုပါက ဤသန္ဓေပြောင်းသားရဲအား သူတို့ဘယ်လိုလုပ်ရမည်နည်း။
ဒီအတိုင်းပဲ ထွက်သွားခွင့်ပေးလိုက်ရမည်လော။
“စီနီယာ သူ့ကို သတ်နိုင်တဲ့ နည်းလမ်း မရှိတော့ဘူးလား”
ကျိုးဟောင်၏စကားအားကြားပြီးနောက် လူအိုကြီးက သက်ပြင်းချလိုက်သည်။
“ငါလည်း နည်းလမ်းရှာနေတာ ပြီးတော့ လျှို့ဝှက်ပြီး လုပ်နေတာ လူသားသိုင်းပညာရှင်တွေအတွက် သူ့ကို သတ်ဖို့ အရမ်းခက်ခဲမှာကိုငါစိုးရိမ်တယ် ဒါကြောင့် သူ့ကို ဖျက်ဆီးဖို့အတွက် ငါက ဗီဇနည်းပညာကို အသုံးပြုပြီး ပါရမီရှင်စစ်သည်နှစ်ယောက်ကို ဖန်တီးခဲ့တယ် တစ်ယောက်က ကျိယောင်ယွဲ့လို့ ခေါ်ပြီး နောက်တစ်ယောက်က လင်းထျန်လို့ ခေါ်တယ် သူတို့ကို ငါ့ကပဲ ပြုစုပျိုးထောင်ခဲ့ပြီး အခုဆိုရင် စစ်နတ်ဘုရားတပ်ရင်းရဲ့ တရားဝင်ဥက္ကဌတွေ ဖြစ်နေကြပြီ”
ဤအဘိုးကြီး၏စကားများက တကယ်ကို အံ့အားသင့်စရာကောင်းပေသည်။
ဒီစကားတွေကြောင့် ကျိုးဟောင်ရဲ့ ခေါင်းထဲတွင် တဝီဝီမြည်သွားခဲ့သည်။
“စီနီယာကျိနဲ့စီနီယာလင်းထျန်က တကယ်တော့… တကယ်တော့ ဗီဇပြောင်းလဲထားတဲ့သူတွေလား”
ကျိုးဟောင်မှာမယုံနိုင်အောင် ဖြစ်နေသည်။
“သူတို့ကို ပြောင်းလဲထားပေမယ့် သူတို့က သာမန်လူတွေနဲ့တူတူပဲ သူတို့ကိုလည်း ကိုယ်ဝန်ဆယ်လလွယ်ပြီး ပုံမှန်အတိုင်း မွေးဖွားခဲ့တာ ဒါပေမယ့် ငါက သူတို့အပေါ်တစ်ခုခု လုပ်ခဲ့တယ် ငါကမ္ဘာဂြိုဟ်အတွက် ဒီလိုပဲ လုပ်နိုင်ခဲ့တယ် တကယ်တော့ ငါသိုင်းပညာရှင်မိသားစုများစွာကိုတောင် ပြုပြင်ပြောင်းလဲခဲ့တာ ကမ္ဘာကြီးသန္ဓေပြောင်းပြီးတဲ့နောက် လူအများစုကကျင့်ကြံလာနိုင်ပေမယ့် အရေအတွက်က အရမ်းနည်းနေသေးတယ် လူသားတွေရဲ့ အလားအလာကို အမြင့်ဆုံးရောက်အောင် အထူးနည်းလမ်းတွေကိုပဲ အားကိုးမှပဲရတော့မယ်”
အဘိုးကြီးမှ တည်ကြည်စွာ ပြောလိုက်သည်။ မျိုးနွယ်ခြားတွေကို ခုခံဖို့အတွက် တခြား ဘာမှ မလုပ်နိုင်ခဲ့ပေ။ ထို့အပြင် မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားသူများမှာ လူတွေထင်ထားသလောက် အန္တရာယ်မရှိဘဲ လူအများစုအား ကမ္ဘာဂြိုဟ်အတွက် ပံ့ပိုးကူညီနိုင်တဲ့ စွမ်းရည်ကို ပေးခြင်းပင်ဖြစ်သည်။
“စီနီယာ အဲ့ဒီနှစ်ယောက်က အာကာသသားရဲကို ဘယ်လို ကိုင်တွယ်နိုင်မှာလဲ”
ကျိုးဟောင်မှမေးလိုက်သည်။
“သူတို့နှစ်ယောက်ကမူလကျောက်စာရဲ့ တိုက်စားမှုဒဏ်ကို မခံရဘူး ပြီးတော သူတို့ရဲ့ မူလပါရမီကလည်း သူတို့ကို မထိခိုက်နိုင်ဘူး တခြားသူတွေအတွက်တော့… ပြောဖို့ခက်တယ် သူတော်စင်ဘုံအဆင့် ပညာရှင်တွေတောင် အတူတူပဲ”
“ပြီးတော့ ငါကအာကာသသားရဲကို အခု ဖိနှိပ်ထားပေမယ့် သူက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက သူ့ရဲ့ ဝိညာဉ်ခန္ဓာတစ်ခုကို ခွဲထုတ်ထားပြီးသားဆိုတာ ငါသိတယ် သူက တစ်နေ့ပြီးတစ်နေ့ အပြင်ထွက်ဖို့ ကြိုးစားနေခဲ့တယ်… နောက်ဆုံးတော့ သူရဲ့ မရပ်မနားကြိုးစားမှုကြောင့် ယဇ်ပလ္လင်ရဲ့ အဖိနှိပ်ခံဘဝကနေ လွတ်မြောက်သွားခဲ့ပြီ”
“သူ ဘယ်သန္ဓေပြောင်းသားရဲရဲ့ကိုယ်ထဲ ဝင်သွားတာလဲ ဒါမှမဟုတ် ဘယ်သူ့ကို ထိန်းချုပ်ထားတာလဲဆိုတာ ငါမသိဘူး ဒါပေမယ့် ပြောရမယ်ဆိုရင် အဲ့ဒီအချိန်ကစပြီး စစ်ပွဲဧရိယာအသီးသီးက ဘယ်တုန်းကမှ ရပ်တန့်ခြင်းမရှိတော့ဘူး”
အဘိုးကြီးမှာ ထိုစကားအားပြောနေချိန်တွင် တော်တော်လေး ကူကယ်ရာမဲ့နေပြီး ဝမ်းနည်းမှုတွေနဲ့ ပြည့်နေသည်။ ဒီကိစ္စက ကျိုးဟောင်အတွက် အတော်လေးကို အံ့အားသင့်စရာဖြစ်ခဲ့သည်။
ကျိုးဟောင်က အသက်ပြင်းပြင်းရှူလိုက်သည်။ သူ ဒီလိုဖြစ်လိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးပေ။
“စီနီယာ အတည်လား”
ဤစကားကိုကြားပြီးနောက် ကျိုးဟောင်က အလျင်အမြန် ပြောလိုက်သည်။
အသံက ပေါ့ပေါ့ပါးပါး ပျံ့လွင့်လာခဲ့သည်။
“ဟုတ်တယ် ဒါက အမှန်တရားပဲ ငါ သူ့ကို အကြာကြီး ဖိနှိပ်ထားလို့ မရတော့ဘူး အဲဒီအချိန်ကျရင် လူသားမျိုးနွယ်ရဲ့ အနာဂတ်က မင်းအပေါ်ပဲ မူတည်နေပြီ”
ထိုအချိန်တွင် အသံက ပျံ့လွင့်လာပြီးနောက် အလွန်နက်နဲသောကျောက်စာတစ်ခုအား ထုတ်လွှတ်လိုက်သည်။
“ဒါတွေက ရှေးဟောင်းကျောက်စာတွေ ရှေးအကျဆုံး မူလကျောက်စာတွေပဲ အားလုံးကိုချိပ်ပိတ်နိုင်တဲ့ စွမ်းအားတွေ ရှိတယ် တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် မင်း… အာကာသသားရဲကို ချိပ်ပိတ်နိုင်မယ်လို့ ငါမျှော်လင့်တယ်။”
“မင်းက လူသားစစ်သည်တစ်ယောက်ဖြစ်သလို မူလကျောက်စာဆရာတစ်ယောက်လည်း ဖြစ်တယ် ဒီမျှော်လင့်ချက်ကို မင်း ထမ်းပိုးရလိမ့်မယ်”
ဤစကားကို ပြောပြီးနောက် အလွန်တောက်ပသောအလင်းတစ်ခုက ကျိုးဟောင်ရဲ့ မျက်ခုံးနှစ်ခုကြားအနက်ပိုင်းနေရာထဲသို့ ကျရောက်သွားသည်။ ထို့နောက် ကျိုးဟောင်ရဲ့ ဦးနှောက်မှာ ပြင်းထန်စွာ နာကျင်လာသည်။ အချိန်အတော်ကြာပြီးနောက် သူ၏ဝိညာဉ်ကျောက်တုံးပေါ်သို့ ချိပ်ပိတ်စွမ်းအင်တစ်ခုကျရောက်လာသည်ကို ခံစားလိုက်ရသည်။
“သွားပါ မင်းစွမ်းအင်အပြည့်နဲ့ ပြင်ဆင်ထားတော့”
ထိုသို့ပြောပြီး အဘိုးကြီးမှာလက်အားဝှေ့ယမ်းလိုက်ရာ ကျိုးဟောင်မှာထိုနေရာမှထွက်ခွာသွားခဲ့သည်။
၁၃ခုမြောက် ရှေးဟောင်းအပျက်အစီးတည်ရှိသော ပင်လယ်ရေပြင်အထက်တွင် ကျိုးဟောင်ပေါ်လာချိန်မှာပဲ သူ၏ အဆက်အသွယ်စာရင်းမှာ မက်ဆေ့ခ်ျများစွာ ပေါ်လာခဲ့သည်။
ကျိုးဟောင်က အလျင်အမြန် ဖွင့်ကြည့်လိုက်သည်။ ရှုလင်၊ စကော်လာ၊ ဗက်ထရန်၊ ရွှယ်စန်းနှင့် ကျိယောင်ယွဲ့တို့မှာ သူ့အားမက်ဆေ့ခ်ျ အများကြီး ပို့ထားကြပေသည်။
တစ်ချိန်တည်းမှာပင်ငှက်မွေးတစ်ထောင်ချပ်ဝတ်၏အသံက ကျိုးဟောင်ရဲ့ စိတ်ထဲမှာ ထွက်ပေါ်လာခဲ့သည်။
“သခင် နောက်ဆုံးတော့ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့နေရာကနေ ထွက်လာခဲ့ပြီ အခု ဆိုးဆိုးရွားရွား ဖြစ်နေပြီ ကမ္ဘာဂြိုဟ်တစ်ခုလုံး ရှုပ်ထွေးနေပြီ”
ဤစကားကို ပြောပြီးနောက်လုံနတ်ဘုရားစစ်သင်္ဘောမှာ ကျိုးဟောင်ရဲ့ အပေါ်ကို ရောက်လာခဲ့သည်။
ကျိုးဟောင်က မဆိုင်းမတွနှင့် လုံနတ်ဘုရားစစ်သင်္ဘောထဲသို့ ချက်ချင်းဝင်လိုက်သည်။ ထို့နောက်ကြီးမားသောမျက်နှာပြင်အား မြင်လိုက်ချိန်တွင် သူ၏မျက်နှာအမူအရမှာ ပြောင်းလဲသွားသည်။
“၁၃ခုမြောက်အက်ကွဲကြောင်းက ကျဆုံးသွားပြီး ကျန်းနန်အခြေစိုက်စခန်းကငရဲခန်းဖြစ်နေပြီလား”
သူ့စိတ်ထဲမှာ ဗလာဖြစ်သွားခဲ့သည်။ အကြောင်းမှာ ချူမြို့သည်ကျန်းနန်အခြေစိုက်စခန်းတွင်ရှိပြီး သူ့မိဘတွေကထိုနေရာမှာ ရှိနေပေသည်။
“ချူမြို့ကို ချက်ချင်းသွားမယ်”
မြို့တစ်ခုလုံး ရှုပ်ထွေးမှုထဲကို ကျရောက်နေသည်။ လူတိုင်းမှာ မကြုံသောစိတ်ပျက်အားငယ်မှုကို ခံစားနေကြရသည်။
တစ်ခဏအတွင်း ငိုသံများအော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး မြို့တစ်ခုလုံးကို တိတ်ဆိတ်သွားစေကာ သေဆုံးခြင်းရဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်သွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျူးဇောင်၏ မျက်နှာအမူအရာကလည်း အလွန်အမင်းပျက်ယွင်းနေသည်။
သူသည်လက်ထဲက ဓားကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ့လက်ဖဝါးထဲမှာလည်း ချွေးတွေ အများကြီးထွက်နေခဲ့သည်။ တစ်ခဏအတွင်းမှာပင် သူ့လက်ထဲမှဓားလက်ကိုင်နေရာ တစ်ခုလုံးမှာ ချွေးများဖြင့် စိုရွှဲသွားသည်။
ချွေးများမှာသူ့လက်ဖဝါးကနေ တစ်စက်ပြီးတစ်စက်ကျလာပြီး မြေပြင်ပေါ်ကို ကျရောက်နေသည်မှာ သူ့စိတ်ထဲမှ စိုးရိမ်ပူပန်မှုများနှင့် မလုံခြုံမှုများအားဖော်ပြနေပေသည်။
“မကောင်းဆိုးဝါး သေလိုက်တော့”
ကျူးဇောင်မှာအံကြိတ်ပြီး မျက်နှာအမူအရာက မှောင်မိုက်သွားခဲ့သည်။ သူက စကားလုံးတစ်လုံးချင်းစီကို အေးစက်စက် ပြောလိုက်သည်
“တိုက်ခိုက်၊ ဒီဝက်ဝံသားရဲကို ဖျက်ဆီးပစ်ရမယ်”
ကျူးဇောင်က အမိန့်ပေးလိုက်ပြီးနောက် ဘေးရှိလူများမှာ သူတို့လက်ထဲမှလက်နက်များအားကိုင်ဆောင်ကာ ဝက်ဝံသားရဲကြီးအား ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။
....................................................................................
အခန်း (၆၇၁) ပြီးပါပြီ။