← Chapters

ရဲဖန်တို့ မိသားစု၏ ရာထူးဌာနန္တရ

Vol. 9 Ch. 114

ရဲဖန်တို့ မိသားစု၏ ရာထူးဌာနန္တရ

Vol. 9 Ch. 114

တန်ဖိုး သန်းဆယ်ဂဏန်းရှိသည့် ပြိုင်ကားက ရပ်ကွက်အတွင်းရှိ လူအများ၏ အာရုံစိုက်မှုကို လျင်မြန်စွာပင် ဖမ်းစားလိုက်လေသည်။

ချန်မိသားစု၏ စီးပွားရေးမှာ မသေးလှသော်ငြားလည်း... ချန်ယင်းယင်း နေထိုင်ရာရပ်ကွက်မှာ အဆင့်မြင့်ရပ်ကွက်တစ်ခုတော့ မဟုတ်ခဲ့ချေ။

ချန်ယဲ့ သေဆုံးပြီးနောက်တွင် သူ၏ဇနီးဖြစ်သူ ရှဲ့ရှုဖန်က ချန်မိသားစု၏ အကြီးအကဲအသစ် ဖြစ်လာခဲ့သည်။ သူမသည် ချန်ယင်းယင်း ပိုင်ဆိုင်ထိုက်သော ပစ္စည်းဥစ္စာအားလုံးကို သူမအချစ်ဆုံးမြေးဖြစ်သူ ချန်ဇီမော့ထံသို့ လွှဲအပ်ခဲ့ပြီး.... ချန်ယင်းယင်းတို့မိသားစုမှာမူ ဤသို့သော အိမ်အိုလေးတစ်လုံးကိုသာ ရရှိခဲ့၏။

…….

ရဲရှင်းဟွေ့ သူ၏ပြိုင်ကားကို အဆောက်အအုံအောက်ထပ်ရှိ အများပြည်သူသုံး ကားရပ်နားရာနေရာတွင် ထိုးရပ်လိုက်စဉ်.... သူ့ဘေးရှိ ကားပါကင်မှ အနက်ရောင်ကားတစ်စီး၏ အရှေ့တံခါးမှ လှပသော အမျိုးသမီးတစ်ဦး ဆင်းသက်လာခဲ့လေသည်။

ထိုအမျိုးသမီးမှာ အသက်နှစ်ဆယ့်ငါးနှစ်.... နှစ်ဆယ့်ခြောက်နှစ်ခန့်အရွယ် ရှိလိမ့်မည်။ သူမသည် အနက်ရောင် ရုံးဝတ်စုံကို ဆင်မြန်းထားပြီး အနက်ရောင်ဘောင်ပါ မျက်မှန်တစ်လက်ကိုလည်း တပ်ဆင်ထား၏။ သူမ၏ ကိုယ်ဟန်အချိုးအစားမှာ ယောက်ျားသားများကို အလွန်အမင်း ဆွဲဆောင်နိုင်စွမ်းရှိပေသည်။ အထူးသဖြင့် အနက်ရောင်ခြေအိတ်ရှည်ကို ဝတ်ဆင်ထားသော ဖြောင့်စင်းသွယ်လျလှသည့် ခြေတံများပင်။ အနှီခြေတံများမှာ ယောက်ျားသားဟူသမျှကို စွဲလမ်းမိသွားစေနိုင်သည့် အဖိုးတန်အနုပညာပစ္စည်းတစ်ခုနှယ်ပင်။

"ကျစ်! ဦးလေးက ဘာလို့ သမက်ဝင်လုပ်ချင်နေလဲဆိုတာ မဆန်းတော့ပါဘူး… ငါဆိုရင်လဲ နဂါးဘုရင်တောင် ဖြစ်ချင်မှာမဟုတ်ဘူး….သမက်လုပ်ရတာက ပိုမကောင်းဘူးလား..”

သူ၏မျက်စိရှေ့မှ ထိုအလွန်အမင်းလှပသော အမျိုးသမီးမှာ တခြားသူမဟုတ်…. ရဲဖန်၏ ဇနီး.... သူ၏အဒေါ်ဖြစ်သူ ချန်ယင်းယင်းပင်။

ချန်ယင်းယင်းက ရဲရှင်းဟွေ့ကို အမှန်ပင် သတိပြုမိသွားခဲ့သည်။ သို့သော် သူမက ရဲရှင်းဟွေ့အား တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး.... ‌အနောက်မှ အနီရောင်ပြိုင်ကားဆီကို အကြည့်ပင်ဝေ့မသွားဘဲ အပေါ်ထပ်သို့ တက်သွားလေတော့သည်။

…….

ချန်ယင်းယင်း အပေါ်ထပ်သို့ တက်သွားပြီး မကြာမီမှာပင် ရဲရှင်းဟွေ့လည်း နောက်မှလိုက်တက်သွားခဲ့သည်။

ထိုအချိန်တွင် ရဲဖန်က အစားအသောက်များကို ပြင်ဆင်ပြီးနေလေပြီဖြစ်ကာ ချန်ယင်းယင်း၏ မိဘများဖြစ်ကြသော ချန်ပေါင်ဟွာ့နှင့် လီလီတို့မှာလည်း စားပွဲတွင် နေရာယူထိုင်နှင့်နေကြပြီ ဖြစ်၏။

ချန်ယင်းယင်း အိမ်တံခါးကို ဖွင့်ကာဝင်လိုက်သည်။ သူမ တံခါးပြန်ပိတ်တော့မည်အပြုတွင် လက်တစ်ဖက်က သူမကို တားဆီးလိုက်လေသည်။

"ခဏလေး….ကျွန်တော် မဝင်ရသေးဘူးဗျ"

ထိုအသံကို ကြားလိုက်ရသဖြင့် ချန်ယင်းယင်းက တံခါးကိုပြန်ဖွင့်လိုက်လျှင် သူမအား ပြုံးပြုံးလေးကြည့်နေသော ရဲရှင်းဟွေ့ကို တွေ့လိုက်ရသည်။

"မင်းက ဘယ်သူလဲ…" ချန်ယင်းယင်းက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

သို့သော် ရဲရှင်းဟွေ့ ပြန်ဖြေနေချိန်မှာပင် ရဲဖန် ရောက်လာသည်။

"ရှင်းဟွေ့…..ဘာလို့အခုမှ ရောက်လာတာလဲ.."

ထိုသို့ပြောပြီးနောက် ရဲဖန်က ချန်ယင်းယင်းဘက်သို့ လှည့်ကာ ရှင်းပြလိုက်လေသည်။

"ဒါက ကိုယ့်ရဲ့တူလေး ရဲရှင်းဟွေ့လေ"

ရဲရှင်းဟွေ့က ချန်ယင်းယင်းအား ပြုံးပြလိုက်ပြီး "မင်္ဂလာပါ အန်တီ…. ကျွန်တော်က ရဲရှင်းဟွေ့ပါ.." ဟု ဆိုလိုက်သည်။

"အင်း….မင်္ဂလာပါ…" ရဲရှင်းဟွေ့မှာ ရဲဖန်၏တူဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ ချန်ယင်းယင်းကလည်း ပြန်ပြုံးပြလိုက်၏။

ထိုအခိုက်မှာပင် ဧည့်ခန်းထဲမှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာလေသည်။

"ယင်းယင်း…ထမင်းစားလို့ရပြီဝေ့!"

အဖေဖြစ်သူ၏ စကားကိုကြားသောအခါ ချန်ယင်းယင်းက ရဲရှင်းဟွေ့အား ပြုံးပြကာ "ရှင်းဟွေ့…လာလေ….အတူတူထမင်းစားကြတာပေါ့!" ဟုဆိုလိုက်သည်။

ထို့နောက် သူမက သူ့အား ဧည့်ခန်းသို့ ခေါ်ဆောင်သွားလေ၏။

လီလီက ရဲရှင်းဟွေ့ကိုမြင်လျှင် သူ့ကို ချန်ယင်းယင်း၏ သူငယ်ချင်းဟု ထင်သွားသည်။

အစပိုင်းတွင် သူမက ပြုံးနေခဲ့သော်လည်း ရဲရှင်းဟွေ့မှာ ရဲဖန်၏တူဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ သူမ၏အပြုံးမှာ ရုတ်ခြည်းပျောက်ကွယ်သွားတော့လေသည်။

"ရဲဖန်ရဲ့တူဆိုရင်လည်း လာထိုင်ပြီး အတူစားလေ…" လီလီက အေးစက်စွာပြောလိုက်ပြီးနောက် ပန်းကန်များနှင့် တူများကိုကောက်ကိုင်ကာ စတင်စားသောက်လိုက်၏။

စားနေစဉ်တစ်လျှောက်လုံး သူမက ဒီဟင်းက ငန်လိုက်တာ….ဟိုဟင်းက ပေါ့လိုက်တာဟု တတွတ်တွတ်ပြောဆိုနေတော့သည်။

ရဲရှင်းဟွေ့မှာလည်း သူ၏ဦးလေးဖြစ်သူ ရဲဖန်သည် ဤမိသားစုထဲတွင် မျက်နှာလုံးဝမရကြောင်းကို မြင်တွေ့ခဲ့ရ၏။ မျက်နှာမရရုံသာမက အခြေခံကျသော လေးစားသမှုပင်မရှိကြချေ။

ချန်ယင်းယင်းမှာလည်း သူမ၏အမေက ရဲဖန်၏တူရှေ့တွင် ထိုသို့ပုတ်ခတ်ပြောဆိုနေသည်ကို ကြားသောအခါ သူမက တားမြစ်ရှာသည်။

မည်သို့ပင် ရဲဖန်မှာ နာမည်ခံမျှသာဖြစ်စေ သူမ၏ခင်ပွန်းဖြစ်‌နေသေးရာ သူ၏တူရှေ့တွင် ထိုသို့အရှက်ရစေမည်မျိုး သူမ ခွင့်ပြုနိုင်မည်မဟုတ်။

ရဲရှင်းဟွေ့အတွက်မူကား ချန်ယင်းယင်းအပေါ် သူ၏အမြင်မှာ အတော်လေးကောင်းမွန်သော်လည်း... ချန်ယင်းယင်း၏ မိဘများအတွက်တော့လား…. သူ ရယ်ရုံသာတတ်နိုင်တော့သည်။

ချန်ယင်းယင်း၏ အဖေမှာ သတ္တိမရှိသူဖြစ်ပြီး သူ၏အမေက သုံးစားမရတဲ့‌လူဟုခေါ်လျှင်ပင် ပြန်မပြောဘဲ ငြိမ်ခံနေတတ်သူဖြစ်သည်။ သူမ၏အမေ လီလီအတွက်မူကား….သူမအား ကြွက်စုတ်ဟုခေါ်လျှင်ပင် ထိုကြွက်စုတ်ဟူသော စကားလုံးကို စော်ကားရာရောက်ပေဦးမည်။

ရဲရှင်းဟွေ့ မှတ်မိပါသေးသည်.... ဟိုတုန်းက သူ သမက်ဖြစ်သူတစ်ယောက်၏ ဘဝဇာတ်လမ်းကို‌ေရးသားထားသည့် ဝတ္ထုကို ဖတ်ခဲ့စဉ်က.... သူ့မှာ စိတ်သဘောထားကြီးသူဖြစ်သောကြောင့် ဘာကိုမှထူးထူးခြားခြားမခံစားခဲ့ရပေ။

သို့သော်... အမှန်တကယ်တွင်မူ ထိုသို့သောဇာတ်လမ်းမျိုးကိုဖတ်ဖူးသူအများစုမှာ သူတို့၏စိတ်ထဲတွင် ဒေါသကိုမြိုသိပ်ထားကြရပြီး သူတို့ကိုယ်တိုင် ဇာတ်လိုက်ဖြစ်လာကာ ဤသို့သောဇာတ်ပို့နေရာမှ လူပေါများအားလုံးကို သတ်ပစ်လိုက်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာတတ်ကြသည်။

ဝတ္ထုဖတ်နေစဉ်ကတော့ ရဲရှင်းဟွေ့မှာ ရယ်ရုံသာရယ်ပစ်ခဲ့သော်လည်း... ယခု သူ၏မျက်စိရှေ့တွင် တကယ်ဖြစ်ပျက်လာသောအခါတွင်တော့ အနည်းငယ် သည်းမခံနိုင်ဖြစ်လာတော့၏။

နောက်ဆုံး၌ စားသောက်နေစဉ်မှာပင် ရဲရှင်းဟွေ့ ပြိုင်ကားသော့များကို ထုတ်ယူလိုက်တော့လေသည်။

“အန်တီ.... ဒါက ကျွန်တော်တို့ ပထမဆုံးတွေ့တာဆိုတော့ ပေးစရာဘာမှမရှိဘူး.... ဒီပြိုင်ကားလေးပဲ ပေးနိုင်ပါတယ်....”

ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့က သော့ကို ချန်ယင်းယင်း၏ ရှေ့တွင် တင်ထားလိုက်သည်။

ရဲရှင်းဟွေ့ပြောလိုက်သောစကားကိုကြားပြီးနောက် ရဲဖန်က ပထမဆုံး ပြိုင်ကားသော့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ပြိုင်ကားသော့၏ ပုံသဏ္ဌာန်ကို မြင်လိုက်ရသည့်အခါ သူ ထိုပြိုင်ကား၏ တန်ဖိုးကို စိတ်ထဲ၌ ခိုင်ခိုင်မာမာ အဖြေထုတ်လိုက်နိုင်လေသည်။

ရဲဖန်က ရဲရှင်းဟွေ့အား တစ်ချက်လှမ်းကြည့်လိုက်ပြီး တွေးလိုက်သည်။

'ဒီကောင်လေး.... တကယ်ပဲ ပြဿနာရှာဖို့ ကြံစည်လာတာပဲ!'

သော့ကိုကမ်းပေးပြီးနောက် ရဲရှင်းဟွေ့က ရဲဖန်၏ တုံ့ပြန်မှုကို သိချင်သဖြင့် ရဲဖန်အား ကြည့်လိုက်သည်။

သို့သော် ရဲရှင်းဟွေ့ကို စိတ်ပျက်သွားစေသည်မှာ ရဲဖန်ထံမှ ဘာတုံ့ပြန်မှုမှ ထွက်ပေါ်မလာခြင်းပင်။

သူက သူ့အား တစ်ချက်သာလှမ်းကြည့်လိုက်ပြီး ခေါင်းငုံ့ကာ ထမင်းဆက်စားနေလေသည်။

ရဲဖန်က တုံ့ပြန်ခြင်းမရှိသော်လည်း ချန်ယင်းယင်းမှာမူ ကားသော့ကိုမြင်လိုက်ရသည့်အခါ အနည်းငယ် တုန်လှုပ်သွားလေသည်။

“ရှင်းဟွေ့.... ဒီသော့က.... မင်းအခုလေးတင်မောင်းလာတဲ့ ပြိုင်ကားရဲ့ သော့မဟုတ်လား....။”

ချန်ယင်းယင်းက စောစောက ရဲရှင်းဟွေ့ အနီရောင်ပြိုင်ကားပေါ်မှ ဆင်းလာသည်ကို မြင်တွေ့ခဲ့သည်။

သူမက သူမ၏အချစ်ဆုံးသူငယ်ချင်း ရှောင်ယင်းနှင့်ပင် ဤပြိုင်ကားက ဘယ်လောက်တန်ဖိုးရှိမည်ကို ဆွေးနွေးခဲ့သေးသည်။

ချန်ယင်းယင်းက ပြိုင်ကားများအကြောင်း နားမလည်သော်လည်း ရှောင်ယင်းကတော့ နားလည်သည်။ သူမသိသည်မှာ ဤပြိုင်ကားသည် အနည်းဆုံး တန်ဖိုး သန်း ၁၀ ကျော်ရှိမည်ဖြစ်ကြောင်းပင်။

“ဟားဟား.... ဒါက ကျွန်တော် အန်တီ့အတွက် သီးသန့်ဝယ်လာခဲ့တာလေ.... အနီရောင်က အန်တီနဲ့ အရမ်းလိုက်ဖက်မှာ....”

“မဟုတ်တာ.... မဟုတ်တာ.... ဒါက အရမ်းဈေးကြီးလွန်းတယ်.... ငါ လက်မခံနိုင်ဘူး....” ချန်ယင်းယင်းက သော့ကို ပြတ်ပြတ်သားသား ပြန်တွန်းပို့လိုက်သည်။

၁၀သန်း ကျော်တဲ့.... သူမ ဆယ်နှစ်ရှာရင်တောင် ဆယ်သန်းပြည့်မှာမဟုတ်။

သို့သော် သူမ အနည်းငယ်လည်း သိချင်သွားသည်။ ရဲဖန်၏တူက အဘယ့်ကြောင့် ဤမျှချမ်းသာပြီး သန်းဆယ်ဂဏန်းတန် ဇိမ်ခံကားများကို ဤသို့ပေါပေါပဲပဲ ပေးနိုင်ရသနည်းဟု သူမ တွေးတောမိနေ၏။

ရဲဖန်တို့ မိသားစုက အတော်လေးဆင်းရဲသည် မဟုတ်လား....။

ထိုအခိုက်မှာပင် ချန်ယင်းယင်းဘေးတွင်ထိုင်နေသော လီလီက သော့ကို လှမ်းယူလိုက်သည်။

“ယင်းယင်းအတွက် ပေးမှတော့လဲ.... အမေတစ်ယောက်အနေနဲ့ သိမ်းထားပေးရမှာပေါ့လေ....”

စကားပြောနေရင်း လီလီက ကားသော့များကို နှစ်ခါမျှ လှည့်ပတ်ကစားလိုက်ပြီးနောက် “ဒီကားက ဘယ်လောက်တန်လဲ...”

“မေမေ.... ဒီကားက သန်း ၁၀ ကျော်တန်တယ်.... ကျွန်မတို့ ယူလို့မဖြစ်ဘူး....”

ထိုသို့ပြောပြီးနောက် ချန်ယင်းယင်းက ကားသော့ကိုပြန်တောင်းရန် လက်လှမ်းလိုက်သည်။

ကားက သန်း ၁၀ ကျော်တန်ဖိုးရှိကြောင်းကြားပြီးနောက်တွင်တော့ လီလီက ပြန်မပေးချင်တော့ချေ။

“အလို.... ဒါက ရှင်းဟွေ့က နင့်ကိုပေးတဲ့ကားလေ.... သူက ရဲဖန်ရဲ့တူဆိုတော့ နင့်တူပဲပေါ့.... နင့်တူရဲ့ သိတတ်မှုကို အသိအမှတ်မပြုဘဲ နေလို့ ဘယ်ဖြစ်ပါ့မလဲ....”

သန်း ၁၀ တန်ပြိုင်ကားရောက်လာသည်နှင့် လီလီ၏ ရဲရှင်းဟွေ့အပေါ်ထားသော သဘောထားမှာ ချက်ချင်းပင် ၁၈၀ ဒီဂရီ ပြောင်းလဲသွားတော့သည်။

ချန်ယင်းယင်းက ကားသော့များကို ဆက်လက်ပြန်တောင်းတော့မည်အပြုတွင် ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာလေသည်။

တံခါးခေါက်သံကိုကြားသောအခါ ရဲဖန်က အလိုက်တသိ တံခါးသွားဖွင့်ပေးလိုက်သည်။ တံခါးပွင့်သွားသောအခါ ဝတ်စုံပြည့်နှင့် သားရေဖိနပ်စီးထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဝင်ရောက်လာသည်။

“တဆိတ်လောက်.... မစ္စတာ ရဲရှင်းဟွေ့ ရှိပါသလား...”

တစ်စုံတစ်ယောက်က သူ့အားခေါ်သည်ကို ကြားလိုက်ရသောအခါ ရဲရှင်းဟွေ့ အလိုအလျောက်ပင် နောက်သို့လှည့်ကြည့်လိုက်၏။

'ဟမ်.... ဘယ်သူပါလိမ့်....' ရဲရှင်းဟွေ့ စိတ်ထဲ၌ တွေးလိုက်သည်။ သူ ထိုသူ့ကို မသိဘူးလေ။

သက်လတ်ပိုင်းအရွယ် အမျိုးသားကလည်း ရဲရှင်းဟွေ့က သူ့အားကြည့်နေသည်ကို မြင်တွေ့သွားပြီး လက်ဆွဲအိတ်တစ်လုံးဖြင့် ရဲရှင်းဟွေ့ထံသို့ ချက်ချင်းလျှောက်လှမ်းလာသည်။

“မစ္စတာ ရဲရှင်းဟွေ့.... နောက်ဆုံးတော့ တွေ့ရပြီခင်ဗျာ.... ဘီလီယံနှစ်ထောင်တန် စာချုပ်တစ်ခုက ခင်ဗျားလက်မှတ်ထိုးဖို့ စောင့်နေပါတယ်....”

ရဲရှင်းဟွေ့: ???

“ခဏ.... ဘာစာချုပ်လဲ....။ ပြီးတော့.... ဘီလီယံနှစ်ထောင်ဆိုတာရော သေချာလို့လား.... နှစ်ဆယ် ဒါမှမဟုတ် နှစ်ရာ မဟုတ်ဘူးလား....။”

ရဲရှင်းဟွေ့ သိသည်မှာ ပြိုင်ကားဝယ်ပြီးနောက် သူ့ဘဏ်ကတ်ထဲတွင် ပိုက်ဆံမကျန်တော့ကြောင်းပင်။

သက်လတ်ပိုင်းအရွယ် အမျိုးသားက ပြုံးလိုက်ပြီးနောက် “မစ္စတာ ရဲရှင်းဟွေ့.... နောက်မနေပါနဲ့ဗျာ.... ခင်ဗျားက ကျွန်တော်တို့ ရှင်းဟွေ့ဂိမ်းကုမ္ပဏီရဲ့ သူဌေးလေ.... ကျွန်တော်တို့ ရှင်းဟွေ့ဂိမ်းကုမ္ပဏီက ဈေးကွက်တန်ဖိုး ဘီလီယံဆယ်ဂဏန်းချီရှိတဲ့ ကုမ္ပဏီကြီးတစ်ခုပါ.... အခုလက်ရှိ စီးပွားရေးစာချုပ်ကလည်း ပြည်ပက နဂါးနန်းတော်နဲ့ ချုပ်ဆိုမှာ.... ငွေပေးငွေယူပမာဏက ဘီလီယံနှစ်ထောင်ဗျ.... ခင်ဗျားမပါဘဲ ကျွန်တော်တို့ အတည်မပြုရဲပါဘူး....”

သက်လတ်ပိုင်းအရွယ် အမျိုးသား၏ စကားကိုကြားသောအခါ ရဲရှင်းဟွေ့ တစ်ခဏမျှ မှင်တက်သွားပြီးနောက် သူ့ဘေးမှ ပြုံးနေသော ရဲဖန်အား လှမ်းကြည့်လိုက်သည်။

'သေစမ်း.... ဆရာကျချက်ပဲ.... ဦးလေးက ငါ့လမ်းအတိုင်းလိုက်ပြီး ငါ့ကိုချောင်ပိတ်မိသွားအောင် လုပ်ချလိုက်ပြီ....'

ရဲရှင်းဟွေ့ ဘာမှမပြောသည်ကို မြင်သောအခါ သက်လတ်ပိုင်းအရွယ် အမျိုးသားက စာချုပ်နှင့် ရှင်းဟွေ့ဂိမ်းကုမ္ပဏီ၏ အထောက်အထားလက်မှတ်တို့ကို တိုက်ရိုက်ထုတ်ပြလိုက်၏။

၎င်းကိုမြင်လျှင် ရဲရှင်းဟွေ့ ရဲဖန်အား တည့်တည့်စိုက်ကြည့်လိုက်လေသည်။

သူ ဤကဲ့သို့ အော်ဟစ်လိုက်ချင်ပါသည်။

“သေစမ်း! ဦးလေး.... ဒီလောက်ကြီးလဲ လုပ်ဖို့မလိုပါဘူးဗျာ… ကျွန်တော့်နာမည်အောက်မှာ တကယ်ကြီး ဘီလီယံဆယ်ဂဏန်းတန် ကုမ္ပဏီတစ်ခု ထောင်ပေးလိုက်တာလား....။”

All Chapters