တူဝရီးနှစ်ယောက်ကြားမှ ဉာဏ်ပညာနှင့် သတ္တိပြိုင်ပွဲ
Vol. 9 Ch. 116
ရှီသဖန်သည် ရဲရှင်းဟွေ့အား စုကျိုးမြို့၏ အကောင်းဆုံးဟိုတယ်ဖြစ်သော စုကျိုးဟော်တယ်သို့ ကားမောင်းပို့ဆောင်ပေးခဲ့၏။
“မစ္စတာ ရဲရှင်းဟွေ့.... ဒါက ခင်ဗျားအတွက် အခန်းသော့ကတ်ပါ....”
ရဲရှင်းဟွေ့ ကားပေါ်မှမဆင်းမီတွင် ရှီသဖန်က အခန်းသော့ကတ်တစ်ကတ်ကို ကမ်းပေးရင်း “တခြား ပြောစရာရှိရင်.... ကျွန်တော့်ကို ဖုန်းဆက်လိုက်ပါ....” ဟု ဆိုလိုက်သည်။
ရဲရှင်းဟွေ့က အခန်းသော့ကတ်ကို ယူလိုက်ပြီး “အင်း.... သိပြီ....” ဟုး ပြန်ဖြေလိုက်၏။
ရဲရှင်းဟွေ့ ကားပေါ်မှ ဆင်းသွားပြီးနောက်တွင် ရှီသဖန်သည်လည်း ကားမောင်းထွက်ခွာသွားလေသည်။
ရဲရှင်းဟွေ့က ယခင်စကားပြောဆိုမှုများမှတစ်ဆင့် ရှီသဖန်ကို နဂါးနန်းတော်မှဖြစ်ကြောင်းကို သိခဲ့ပြီးဖြစ်သည်။ သူသည်လည်း တရုတ်ပြည်ဖွားတစ်ဦးဖြစ်၍.... ရဲဖန်အတွက် လုပ်ဆောင်ပေးရန် မလွယ်ကူသော ကိစ္စအချို့ကို ကူညီပေးရန်အလို့ငှာ ရဲဖန်နောက်သို့လိုက်ပါရင်း တရုတ်ပြည်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
ရဲဖန်အတွက် လုပ်ဆောင်ပေးရန် မလွယ်ကူသောကိစ္စများဆိုသည်မှာ ဘယ်အရာများကို ဆိုလိုသနည်း....။
ဘာရှိရဦးမည်နည်း….. ချန်ယင်းယင်းအား တရားဝင်ရော တိတ်တဆိတ်ပါ ကူညီပေးရန်ပင်!
ရဲဖန်က ချန်ယင်းယင်းအတွက် မည်မျှများပြားသော ကိစ္စရပ်များကို လုပ်ဆောင်ပေးခဲ့သည်ကို သိရှိပြီးနောက် ရဲရှင်းဟွေ့သည် သူ၏ဦးလေးမှာ ချန်ယင်းယင်းအပေါ် အမှန်တကယ် ချစ်မြတ်နိုးနေပြီဖြစ်ကြောင်းကို သေချာသွားတော့သည်။
ရဲဖန်သည် အချစ်ကိုရှာဖွေတွေ့ရှိခဲ့ပြီဖြစ်၍ ရဲရှင်းဟွေ့က ဘာမှပြောလိုခြင်းမရှိသော်လည်း... သမက်ပါ ဝင်လုပ်သည်ကိုတော့ သူတကယ်ပင် နားမလည်နိုင်ဖြစ်နေမိသည်။
ထို့ကြောင့်... ရဲရှင်းဟွေ့က နောက်သုံးရက်အကြာတွင် ကျင်းပမည့် မွေးနေ့ပွဲသို့ သွားကိုသွားရပေမည်.... ထို့အပြင် သူသည် နဂါးဘုရင် ပြန်လာခြင်းဟူသော နာမည်ကျော်ဇာတ်ကွက်ကြီးကို ဒါရိုက်တာလုပ်မည် ဖြစ်လေ၏။
ကူယန်သို့ ကျောင်းသွားတက်ရန် ပြန်သွားရမည့်ကိစ္စအတွက်မူကား....။ သဘာဝကျစွာပင် ရဲရှင်းဟွေ့သည် ပြန်သွားမည့်ရက်ကို ရွှေ့ရန် ဆုံးဖြတ်လိုက်သည်။
ကျောင်းသို့သွားကာ ပြဿနာရှာလျှင်လည်း ပျော်စရာမရှိချေ။ သူသည် မူလက ကြာသပတေးနေ့တွင် ပြန်သွားရန် စီစဉ်ထားခဲ့သော်လည်း ယခုအခါတွင်တော့ တနင်္လာနေ့သို့ ပြောင်းလဲလိုက်ပြီပင်!။
ရဲရှင်းဟွေ့သည် သူ၏အတွေးများကို ရှီသဖန်အား မပြောပြခဲ့ပေ။ ရှီသဖန်က နဂါးနန်းတော်မှလူတိုင်းသည် နဂါးဘုရင် ပြန်လာစေလိုကြောင်း ပြောဆိုခဲ့သော်ငြား.... ရှီသဖန်က သူ၏အစီအစဉ်ကို သူ၏ဦးလေး ရဲဖန်ထံသို့ ပြောပြမပြ အာမခံချက်မရှိချေ။
…
တစ်ချိန်တည်းမှာပင်။
ရဲဖန်ရှိရာနေရာ၌။
ရဲဖန် ပန်းကန်များဆေးကြောပြီးနောက် အောက်ထပ်သို့ လမ်းလျှောက်ရန် ဆင်းသွားခဲ့သည်။
အောက်ထပ်သို့ရောက်သောအခါ သူသည် ပထမဆုံး ရှီသဖန်ထံသို့ ဖုန်းဆက်လိုက်ပြီး ရဲရှင်းဟွေ့သည် သူစီစဉ်ပေးထားသော ဟိုတယ်သို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရှိလိုက်ရ၏။
ရဲဖန်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
“ကောင်လေး.... ငါနဲ့ပြိုင်ဖို့ မင်းက ငယ်ပါသေးတယ်....”
ကိုယ့်ဘာသာ တီးတိုးရေရွတ်ပြီးနောက်တွင် ရဲဖန်က နောက်ထပ်ဖုန်းတစ်ကြိမ်ခေါ်ဆိုလိုက်သည်။
“ပြီးခဲ့တဲ့ နှစ်ရက်လုံး ငါ့တူကို စောင့်ကြည့်ထား.... သူသာ နောက်ထပ် မဟုတ်တာတစ်ခုခု ထပ်လုပ်ရင်.... မင်းတို့ငါနဲ့တွေ့မယ်....”
……..
ရဲရှင်းဟွေ့သည် သူ၏လုပ်ရပ်အားလုံးမှာ ရဲဖန်၏ လူများ စောင့်ကြည့်မှုအောက်တွင် ရှိနေသည်ကို မသိရှိခဲ့ပေ။
ဟိုတယ်အခန်းထဲတွင် ရဲရှင်းဟွေ့သည် အနားမယူဘဲ ဟိုတယ်၏ ကွန်ပျူတာကို ဖွင့်လိုက်လေသည်။
ရဲရှင်းဟွေ့ သူ ညတွင်းချင်း ဂိမ်းတစ်ခုဖန်တီးရန် စီစဉ်လိုက်၏။ နောက်ဆုံးတွင်တော့... ယခုတွင် သူလည်း ဂိမ်းကုမ္ပဏီတစ်ခု၏ သူဌေးတစ်ဦးလည်း ဖြစ်နေပြီပင်။ ပိုက်ဆံရှာရန်မှာ ပရောဂျက်များ လိုအပ်ပြီး.... ဂိမ်းများဖန်တီးခြင်းမှာ အလွန်ကောင်းမွန်သော ပရောဂျက်သစ်တစ်ခု ဖြစ်၏။
ဤအပြိုင်ကမ္ဘာရှိ ဂိမ်းလုပ်ငန်းများမှာ အတော်လေးဖွံ့ဖြိုးတိုးတက်နေသော်လည်း... အဖွဲ့လိုက် တိုက်ခိုက်ကစားရသည့် ဂိမ်းများမှာမူ ရဲရှင်းဟွေ့ သူ၏ယခင်ဘဝက ကစားခဲ့သောဂိမ်းများလောက် မကောင်းမွန်ပေ.... ထို့ကြောင့် သူသည် သူ၏ယခင်ဘဝက ကစားခဲ့သော အဖွဲ့လိုက် ဂိမ်းများကို ဤကမ္ဘာသို့ ယူဆောင်လာရန် စီစဉ်လိုက်လေတော့သည်။
ဥပမာအားဖြင့် League of Legends, Overwatch, StarCraft, Rainbow Six, CSGO...
ရဲရှင်းဟွေ့သည် လူများကို စိတ်လှုပ်ရှားစေနိုင်သော ဤဂိမ်းများကို ဤကမ္ဘာသို့ သယ်လာချင်ခဲ့၏။
အမှန်တကယ်တွင် ရဲရှင်းဟွေ့၏ လက်ရှိအဆင့်ဖြင့်ဆိုလျှင် သူသည် ပိုမိုကောင်းမွန်သော ဂိမ်းကိရိယာများအသုံးပြုသည့် ပိုမိုကောင်းမွန်သောဂိမ်းများကိုပင် ဖန်တီးနိုင်ပေ၏။
သို့သော်... ချက်ချင်းဝုန်းဒိုင်း ဖန်တီးရန် စီစဉ်မထားခဲ့ပါ။
အကြောင်းရင်းမှာ အလွန်ရိုးရှင်းပါ၏။ သူသည် အဖွဲ့လိုက်ဂိမ်းများမှ ပထမဆုံး ပိုက်ဆံတစ်သုတ်ရှာဖွေပြီး ထိုမှတစ်ဆင့် ဆက်လက်လုပ်ဆောင်သွားလိုခြင်း ဖြစ်လေသည်။
ရဲရှင်းဟွေ့ ယုံကြည်သည်မှာ သူ၏ယခင်ဘဝမှ အဖွဲ့လိုက်ဂိမ်းများသည် အလွန်လူကြိုက်များခဲ့သည်ဖြစ်ရာ.... ယဉ်ကျေးမှုနောက်ခံဆင်တူသော ကမ္ဘာတစ်ခုတွင်လည်း လူကြိုက်များလာနိုင်သင့်သည်ဟူ၍ပင်။
ဤအဖွဲ့လိုက်ဂိမ်းများ လူကြိုက်များသွားလျှင် ရဲရှင်းဟွေ့က အဖွဲ့လိုက်ဂိမ်းများကို အခြေခံသည့် စီးပွားရေးပုံစံသစ်တစ်ခုကိုပင် ဖန်တီးနိုင်ပေမည်။
'စဉ်းစားမိတာနဲ့ ချက်ချင်းလုပ်လိုက်ရုံပဲ!'
ရဲရှင်းဟွေ့သည် ပထမဆုံး ဟိုတယ်ကွန်ပျူတာ၏ ဖွဲ့စည်းပုံကို ကြည့်လိုက်ရာ အတော်လေးကောင်းမွန်သည်ကို တွေ့ရှိရပြီး ဂိမ်း Framework တစ်ခုပြုလုပ်ရန်အတွက် လုံလောက်သင့်သည်ဟု သူယူဆလိုက်၏။
ဤသို့ဖြင့် ရဲရှင်းဟွေ့သည် ညလုံးပေါက်မအိပ်ဘဲ ဂိမ်းဖွဲ့စည်းပုံကို စတင်ပြုလုပ်လိုက်ပြီး သူ၏ သမန်းဝံပုလွေရုပ်ခန္ဓာ၏ ကြံ့ခိုင်မှုနှင့် ခံနိုင်ရည်အားကိုရော Iron Man ဉာဏ်ရည်၏ ထူးချွန်မှုကိုပါ ယုံကြည်အားကိုးလိုက်လေတော့သည်။
…….
အချိန်မှာ နောက်တစ်နေ့နံနက်စောစောသို့ ရောက်ရှိလာခဲ့ပြီ။
ရဲရှင်းဟွေ့သည် စားပွဲပေါ်တွင်တင်ထားသော USB လေးချောင်းကိုကြည့်ကာ ပြုံးလိုက်ပြီး "လောလောဆယ်တော့ ဂိမ်းလေးမျိုးဆို လုံလောက်သင့်ပြီ....” ဟု ဆိုလိုက်၏။
ရဲရှင်းဟွေ့သည် တစ်ညတာအချိန်အတွင်း League of Legends, Rainbow Six, Overwatch နှင့် StarCraft တို့၏ ဂိမ်း Framework များကို ဖန်တီးခဲ့သည်။
ဂိမ်း Framework တွင် ဂိမ်း၏အဓိကအကြောင်းအရာ.... ဂိမ်း၏ကမ္ဘာ့အမြင်... စသည်တို့သာ ပါဝင်သေးသည်။
ဂိမ်းဇာတ်ကောင်ပုံစံဖော်ခြင်း.... ဂိမ်းဟန်ချက်ညီမှု စသည်တို့ကို ရဲရှင်းဟွေ့က ကိုင်တွယ်နိုင်သော်လည်း.... အရာအားလုံးကို ရဲရှင်းဟွေ့တစ်ဦးတည်းအပေါ်တွင်သာ မှီခိုနေပါက သူ၏ကုမ္ပဏီမှာ လုံးဝအသုံးမဝင်ဖြစ်သွားပေမည်။.... ထို့ကြောင့် ရဲရှင်းဟွေ့သည် ကျန်ရှိသော အကြောင်းအရာဖန်တီးမှုအများစုကို ကုမ္ပဏီသို့ လွှဲအပ်ရန် စီစဉ်လိုက်၏။
သူ၏ကုမ္ပဏီတွင် သူတစ်ဦးတည်းသာရှိနေသည့် ပြဿနာအတွက်မူကား... ဤကိစ္စကို အလွယ်တကူ ဖြေရှင်းနိုင်ပေသည်။
ရှီသဖန်ကို လူအချို့ ခေါ်ယူခိုင်းလိုက်ရင်ရပြီ။
…….
အရာအားလုံးပြီးစီးပြီးနောက် ရဲရှင်းဟွေ့ ရှီသဖန်ထံသို့ ဖုန်းဆက်လိုက်သည်။
ရဲရှင်းဟွေ့က တစ်ညတည်းဖြင့် ဂိမ်းအများအပြား၏ ဂိမ်း Framework များကို အမှန်တကယ် ဖန်တီးခဲ့ကြောင်း သိလျှင် ရှီသဖန်မှာ မယုံကြည်နိုင်ဖြစ်နေမိသည်။
ရဲရှင်းဟွေ့တွင် သူ၏ကိုယ်ပိုင်ကုမ္ပဏီရှိပြီး ထူးချွန်သောကောင်လေးတစ်ဦး၏ ဇာတ်ကောင်ရှိသော်လည်း.... ဤအရာအားလုံးမှာ အတုအယောင်ဖြစ်ကြောင်းကို ရှီသဖန်က သိရှိနေသည်ပင်။ ဘီလီယံတစ်သောင်းမှလွဲ၍ ကျန်အရာအားလုံးမှာ အတုအယောင်များသာ ဖြစ်လေသည်။
သူ စိတ်ရှုပ်ထွေးနေသော်လည်း ရှီသဖန်သည် ဟိုတယ်သို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။
ဒေါက်! ဒေါက်! ဒေါက်!
ရဲရှင်းဟွေ့ ရှီသဖန်ကို စောင့်ဆိုင်းနေစဉ်တွင် ရုတ်တရက် ခေါက်သံတစ်ခုကို ကြားလိုက်ရသည်။
ရဲရှင်းဟွေ့ လှည့်ကြည့်လိုက်ရာ ဘုရင်ဖြူသည် လေထဲတွင်ပျံဝဲရင်း သူ၏နှုတ်သီးဖြင့် မှန်ကိုထိုးဆိတ်နေသည်ကို တွေ့လိုက်ရ၏။
ရဲရှင်းဟွေ့သည် ပြတင်းပေါက်အပြင်ဘက်ရှိ ဘုရင်ဖြူအား ဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်ပြီးနောက် တံခါးကို လက်ညှိုးထိုးပြလိုက်သည်။
၎င်းကိုမြင်လျှင် ဘုရင်ဖြူက ချက်ချင်းပင် အခြားလမ်းကြောင်းတစ်ခုသို့ ပျံသန်းသွားလေ၏။
ရဲရှင်းဟွေ့သည် အဝတ်အစားဝတ်ဆင်ပြီး အခန်းမှထွက်ခွာကာ ဓာတ်လှေကားဖြင့် ပထမထပ်ရှိ ဧည့်ကြိုခန်းမသို့ တိုက်ရိုက်သွားရောက်ခဲ့သည်။
ရဲရှင်းဟွေ့က ဘုရင်ဖြူအား ဝင်လာခွင့်ပေးရန် ပြတင်းပေါက်ကို ဖွင့်မပေးရခြင်း၏အကြောင်းရင်းမှာ သူသံသယရှိနေခြင်းကြောင့် ဖြစ်လေသည်... ထိုအခန်းတွင် တစ်စုံတစ်ရာသော စောင့်ကြည့်ကိရိယာ ရှိကောင်းရှိနိုင်သည်ဟုပင်။
ဤသည်မှာ ရဲရှင်းဟွေ့၏ သံသယမျှသာဖြစ်သော်လည်း.... သတိထားသည့်အနေဖြင့် ရဲရှင်းဟွေ့သည် ဘုရင်ဖြူနှင့် ဆက်သွယ်ခြင်းမပြုမီ အပြင်သို့ထွက်သွားရန် စီစဉ်လိုက်သည်။
သူ့အား မည်သူက စောင့်ကြည့်ကိရိယာများ တပ်ဆင်မည်နည်း....။ ချစ်လှစွာသော ဦးဦးရဲဖန်ပေါ့။
သူ့အား ပြဿနာရှာခြင်းမှ တားဆီးရန်အတွက် ရဲဖန်သည် သူ့အားစောင့်ကြည့်ရန် လူတစ်ယောက်ကို သေချာပေါက် ရှာဖွေထားပေလိမ့်မည်။
အခန်းသော့ကတ်ကို ရရှိပြီးပြီးချင်းပင် ရဲရှင်းဟွေ့သည် သူ့အတွက် ကြိုတင်မှာယူပေးထားသောအခန်းတွင် သေချာပေါက် တစ်စုံတစ်ရာသော မသင်္ကာဖွယ်ရာများရှိလိမ့်မည်ဟု သံသယရှိခဲ့ပြီးဖြစ်၏။
…….
ရဲရှင်းဟွေ့ အပြင်ဘက်သို့ရောက်ရှိသွားလျှင် ဘုရင်ဖြူသည် အနီးအနားရှိ သစ်ပင်ထိပ်တစ်ခုသို့ ပျံသန်းသွားသည်။
ရဲရှင်းဟွေ့ ထိုင်ချလိုက်သည်နှင့် သူနားလည်နိုင်သောစကားလုံးများဖြင့် ဘုရင်ဖြူက "သူဌေး.... ဒီဟိုတယ်ရဲ့ မျက်နှာချင်းဆိုင်က ရုံးအဆောက်အအုံထဲမှာ.... လူတစ်ယောက်က သူဌေးကို မော်နီတာနဲ့ စောင့်ကြည့်နေပါတယ်.... ရှုန်ယို့နဲ့ ရှုန်ကျော့က အခုလောလောဆယ် အဲဒီလူကို စောင့်ကြည့်နေပါတယ်.... ကျွန်တော်က သူဌေးကို အသိပေးဖို့ လာခဲ့တာပါ....” ဟုပြောသည်ကို ကြားလိုက်ရသည်။
ထိုစကားကိုကြားသောအခါ ရဲရှင်းဟွေ့သည် ခေါင်းညိတ်လိုက်ပြီး ဘာမှမပြောခဲ့ပေ။
သို့သော် သူ၏စိတ်ထဲတွင်မူ သူတွေးနေသည်မှာ "ဆိုတော့.... ဦးလေးက ကျွန်တော်နဲ့ကြားက ဉာဏ်ပညာနဲ့ သတ္တိပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ဖို့ စီစဉ်နေတာပဲ....”
ယခု ရဲရှင်းဟွေ့နှင့် ရဲဖန်တို့သည် ဉာဏ်ပညာနှင့် သတ္တိပြိုင်ပွဲကို အမှန်တကယ်ပင် ယှဉ်ပြိုင်နေကြပြီ ဖြစ်၏။
ရဲရှင်းဟွေ့သည် ရဲဖန်အား သမက်လုပ်ခြင်းကို ဆက်လက်မပြုလုပ်စေရန်အတွက် မည်သို့ပြဿနာရှာရမည်ကို စဉ်းစားနေခဲ့ပြီး.... ရဲဖန်မှာမူ ရဲရှင်းဟွေ့အား ပြဿနာရှာခြင်းမှ မည်သို့တားဆီးရမည်ကို စီစဉ်နေခဲ့သည်။
…
ယခု ရဲဖန်က သူ့အားစောင့်ကြည့်ရန် လူလွှတ်ထားသည်ကို သိရှိသွားပြီဖြစ်ရာ ရဲရှင်းဟွေ့သည် သရုပ်ဆောင်များခေါ်ယူရန် သူ့ကိုယ်တိုင် မဖြစ်နိုင်တော့ချေ။
"ဪ.... ငါ ဇီးကွက်ကို မခေါ်လာခဲ့တာ တကယ်နောင်တရတယ်....”
သူ ထိုသို့ပြောဆိုခဲ့သော်လည်း... ရဲရှင်းဟွေ့ ယုံကြည်သည်မှာ ဘုရင်ဖြူ၏ ဉာဏ်ရည်ဖြင့် သူတာဝန်ပေးအပ်သော ကိစ္စရပ်များကို အောင်မြင်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟူ၍ပင်။
ထို့အပြင် ရဲရှင်းဟွေ့သည် သူ ဉာဏ်ရည်တုတစ်ခုကိုလည်း ရက်ဝက်အတွင်း ဖန်တီးနိုင်သည်ဟု တွေးတောမိသည်။ ထိုသို့ဆိုလျှင်... ကိစ္စရပ်များစွာကို လုပ်ဆောင်ရာတွင် ပိုမိုအဆင်ပြေသင့်ပေသည်။