← Chapters

စောင့်ကြည့်မှုမှ လွတ်မြောက်ခြင်း

Vol. 9 Ch. 117

စောင့်ကြည့်မှုမှ လွတ်မြောက်ခြင်း

Vol. 9 Ch. 117

“မစ္စတာ ရဲရှင်းဟွေ့....”

ရဲရှင်းဟွေ့က ဘုရင်ဖြူအား တစ်စုံတစ်ရာ ပြောလိုနေစဉ်မှာပင် ရှီသဖန်က သူ့နောက်မှနေ၍ ခေါ်လိုက်လေသည်။

“လောင်ရှီ.... ခင်ဗျား တော်တော်မြန်တာပဲ....” ရဲရှင်းဟွေ့ကလည်း ပြုံးရင်း နှုတ်ဆက်လိုက်သည်။

ဘုရင်ဖြူသည် ရှီသဖန် ရောက်လာသည်ကိုမြင်သောအခါ ပျံသန်းထွက်ခွာသွားလေ၏။

…

ရဲရှင်းဟွေ့သည် ရှီသဖန်အား ဟိုတယ်အခန်းသို့ ပြန်ခေါ်သွားခဲ့သည်။

အခန်းထဲသို့ရောက်ရှိပြီးနောက်တွင် ရဲရှင်းဟွေ့က USB လေးချောင်းကို ရှီသဖန်ထံသို့ ကမ်းပေးလိုက်၏။

“ဒီမှာ ကျွန်တော်လုပ်ထားတဲ့ ဂိမ်း Framework လေးခုရှိတယ်.... ခင်ဗျားက ဂိမ်းကိုအပြီးသတ်ဖို့ လူတစ်ယောက်ရှာလိုက်ရုံပဲ....”

ရှီသဖန်သည် USB များကို ယူပြီး ရဲရှင်းဟွေ့အား မယုံကြည်နိုင်သောမျက်လုံးများဖြင့် ကြည့်လိုက်ပြီး “မစ္စတာ ရဲရှင်းဟွေ့.... ခင်ဗျားက တကယ်ပဲ ဂိမ်းဖန်တီးတတ်တာလား....။” ဟုမေးလိုက်သည်။

“ကျစ်! ဂိမ်းတစ်ခုလောက်များ.... ဘာများခက်ခဲနေလို့လဲ....။” ရဲရှင်းဟွေ့က သာမန်ကာလျှံမျှပြောလိုက်ပြီး ဆက်ပြော၏။

“ခင်ဗျားမယုံရင်.... အခုကွန်ပျူတာထဲထိုးပြီး ကြည့်ကြည့်လိုက်လေ....”

ဤစကားကို ရှီသဖန် ကြားသောအခါ သူသည် USB တစ်ခုကို တိုက်ရိုက်ဆွဲယူကာ ကွန်ပျူတာထဲသို့ ထိုးထည့်လိုက်သည်။

ရှီသဖန်သည် ဤနယ်ပယ်တွင် ကျွမ်းကျင်သူတစ်ဦးမဟုတ်သော်ငြားလည်း.... ထိုဂိမ်းများ၏ ဆန်းသစ်သော ယှဉ်ပြိုင်မှုပုံစံအကြောင်းကို ကြားရုံမျှဖြင့် ၎င်းတို့ကိုဖန်တီးပါက ပျော်စရာကောင်းမည်ဟု ခံစားမိလိုက်သည်။

“မစ္စတာ ရဲရှင်းဟွေ့.... ဒီဂိမ်းလေးခုက အရမ်းကောင်းပါတယ်.... ခင်ဗျားနောက်မှလုပ်ထားတဲ့ အဖွဲ့လိုက်ဂိမ်းလုပ်ငန်းကွင်းဆက်အတွက် အစီအစဉ်တွေကိုလည်း ကျွန်တော်ဖတ်ကြည့်ပြီးပြီ.... အဲဒါကလည်း တော်တော်လေးပြည့်စုံတယ်....”

ဤသို့ပြောရင်း ရှီသဖန်သည် အနည်းငယ်စိတ်လှုပ်ရှားလာတော့သည်။

မနေ့က ရဲဖန်က သူ့အား ရဲရှင်းဟွေ့နောက်သို့ လိုက်ရန်ပြောပြီးနောက်တွင် သူ၏အနာဂတ်မှာ မှောင်မိုက်နေသည်ဟု ခံစားခဲ့ရသည်။ သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ ရဲရှင်းဟွေ့လက်ထဲရှိ ဘီလီယံတစ်သောင်းကို စီမံခန့်ခွဲရန်သာ ဖြစ်လေ၏။

ရဲရှင်းဟွေ့သည် နဂါးဘုရင်၏တူဖြစ်သော်လည်း သူသည် တူတစ်ယောက်မျှသာပင်။ ထို့အပြင် သူသာ နဂါးဘုရင်၏ လက်ထောက်အဖြစ် ဆက်လက်ကူညီခွင့်မရပါက သူသည် နဂါးနန်းတော်သို့ပြန်ရောက်ပြီးနောက်တွင် အရေးမပါသောသူတစ်ဦး ဖြစ်လာပေလိမ့်မည်။

အကြောင်းမှာ နဂါးနန်းတော်တွင် အရည်အချင်းရှိသူများ အလွန်များပြားလွန်းသောကြောင့်ပင်။

ရှီသဖန်သည် စီးပွားရေးအရည်အချင်းရှိသော လူအမျိုးအစားတွင် ပါဝင်ပြီး.... နဂါးနန်းတော်တွင် သူ့ကဲ့သို့သောလူများ ဘယ်သောအခါမှ မရှားပါးခဲ့ပေ။

မူလက ရှီသဖန်သည် ယနေ့ ရဲရှင်းဟွေ့နှင့် စကားပြောကာ ထိုဘီလီယံတစ်သောင်းကို ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် တစ်စုံတစ်ခုအတွက် အသုံးပြုနိုင်မလားဟု ကြည့်ရန် ရည်ရွယ်ခဲ့သည်။

သို့သော် သူမျှော်လင့်မထားခဲ့သည်မှာ သူယနေ့ဤနေရာသို့ရောက်လာပြီးနောက် ရဲရှင်းဟွေ့က သူ့အား ဤမျှကြီးမားသော အံ့ဩဖွယ်ရာတစ်ခုကို ပြသလာလိမ့်မည်ဟုပင်။

“စိတ်မပူပါနဲ့.... မစ္စတာ ရဲရှင်းဟွေ့.... ဒီဂိမ်းလေးခုကို အမြန်ဆုံးဖြစ်အောင်လုပ်ပေးဖို့ ကျွန်တော်သေချာပေါက် လူရှာပေးပါ့မယ်....”

“အင်း.... ခင်ဗျားလုပ်ချင်သလိုသာလုပ်....” ဤသို့ပြောပြီးနောက် ရဲရှင်းဟွေ့သည် တစ်ခဏမျှစဉ်းစားကာ ဆက်ပြောလိုက်သည်မှာ “ငါတို့ ဒီဂိမ်းကုမ္ပဏီကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ စီစဉ်ထားမှတော့.... ငါတို့မှာ ရုံးခန်းနေရာတစ်ခုတော့ ရှိရမယ် မဟုတ်လား....။”

“ဟုတ်တာပေါ့....” ရှီသဖန်က ခေါင်းညိတ်လိုက်ပြီးနောက် “ဒါဆို ခင်ဗျားကုမ္ပဏီကို ကူယန်မှာ ဖွင့်ဖို့စီစဉ်ထားလား....။ ဒါမှမဟုတ် ယန်ကျင်းလား....။ တုန်းဟိုင်လား....။ တခြားနေရာတွေလား....။” ဟုမေးလိုက်သည်။

“စုကျိုးမှာတော့ မဖြစ်နိုင်ဘူးလား....။” ရဲရှင်းဟွေ့က မေးလိုက်၏။

ရှီသဖန်က "စုကျိုး" ဟုကြားလိုက်ရသောအခါ ချက်ချင်းပင် အနေရခက်သွားတော့သည်။

“အင်း... စုကျိုးကလွဲရင် ဘယ်နေရာမဆို ဖြစ်ပါတယ်....”

ရှီသဖန်ပြောသည်ကို ကြားလိုက်ရသောအခါ ရဲရှင်းဟွေ့သည် ဤသည်မှာ သူ့အား စုကျိုးတွင် ကုမ္ပဏီဖွင့်ခြင်းမှ တားဆီးရန် အရာအားလုံးကိုလုပ်ဆောင်နေသည့် သူ၏ဦးလေး၏လက်ချက်ဖြစ်ရမည်ဟု သိလိုက်သည်။

“ကုမ္ပဏီလိပ်စာကို ခင်ဗျားပဲရွေးလိုက်ပါ.... အစကနေ လူခေါ်ရတာ အရမ်းဒုက္ခများတဲ့အတွက်.... ဒေဝါလီခံတော့မယ့် ကုမ္ပဏီတစ်ခုကို တိုက်ရိုက်လွှဲယူလိုက်လို့ရတယ်....”

သူ၏စကားကို အဆုံးသတ်ပြီးနောက် ရဲရှင်းဟွေ့သည် စားပွဲပေါ်မှ စာရွက်တစ်ရွက်ကို ကောက်ယူကာ ရှီသဖန်ထံသို့ ကမ်းပေးလိုက်ပြီး ဆက်ပြောလိုက်သည်မှာ “ပြီးတော့.... ဒီစာရွက်ပေါ်က ပစ္စည်းတွေကို ကျွန်တော့်အတွက် ရအောင်ကြိုးစားပေးပါ....”

ရှီသဖန်က ပြုံးလိုက်ပြီး စာရွက်ကိုယူလိုက်သည်။ သူစာရွက်ပေါ်မှ အကြောင်းအရာကိုမြင်သောအခါ သူ၏အမူအရာမှာ ရုတ်တရက် ခဲသွားလေ၏။

“အမ်... မစ္စတာ ရဲရှင်းဟွေ့.... ဒီပစ္စည်းတွေကို ဘာလို့ရအောင်လုပ်ခိုင်းရတာလဲ....။ ဒီပစ္စည်းတွေက တင်သွင်းဖို့ ခက်တယ်....”

“ဘာလဲ.... မလုပ်နိုင်ဘူးလား....။” ရဲရှင်းဟွေ့က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“မဟုတ်ပါဘူး.... နဂါးနန်းတော်ရဲ့ အဆက်အသွယ်တွေနဲ့ အရင်းအမြစ်တွေကတစ်ဆင့် ရဖို့လွယ်ပါတယ်.... တချို့ကို တရုတ်ပြည်ထဲကို ယူသွင်းဖို့လည်း ပြဿနာမရှိပါဘူး.... ဒါပေမဲ့.... ခင်ဗျားက ဒီပစ္စည်းတွေနဲ့ ဘာလုပ်မလို့လဲ....။”

“ခင်ဗျားက ကျွန်တော့်အတွက် ရအောင်လုပ်ပေးနိုင်ရင်ရပြီ.... ကျွန်တော်ဒါတွေနဲ့ ဘာလုပ်မလဲဆိုတာ ခင်ဗျား စိတ်ပူစရာမလိုဘူး....”

အမှန်တကယ်တွင် ရဲရှင်းဟွေ့ ဝယ်လိုသောပစ္စည်းများမှာ အမှန်တကယ် အန္တရာယ်ရှိသောကုန်စည်များမဟုတ်ချေ။ ၎င်းတို့မှာ တရုတ်ပြည်တွင် ဝယ်ယူရန်ခက်ခဲသော စစ်ဘက်သုံးပစ္စည်းများနှင့် အတော်လေးခေတ်မီသော စက်ပစ္စည်းအစိတ်အပိုင်းအချို့သာ ဖြစ်သည်။

နောက်ဆုံးတွင် ရှီသဖန်သည် သံသယများပြည့်နှက်စွာဖြင့် ထိုနေရာမှ ထွက်ခွာသွားခဲ့သော်လည်း.... မထွက်ခွာမီတွင် သူသည် ဘီလီယံတစ်ထောင်ပါသော ကတ်တစ်ကတ်ကို ထားခဲ့၏။

လက်ထဲတွင် ဘီလီယံတစ်ထောင်ရှိလာသည်နှင့် ရဲရှင်းဟွေ့သည်လည်း သူ၏ဒုက္ခပေးခရီးစဉ်ကို စတင်လိုက်ပြီပင်။

…….

မွေးနေ့ပွဲသို့ နှစ်ရက်သာလိုတော့သည်ဖြစ်ရာ.... သူသည် ဤနှစ်ရက်ကို အခွင့်ကောင်းယူ၍ သရုပ်ဆောင်အုပ်စုတစ်စုကို ရွေးချယ်ရန် လိုအပ်လေသည်။

သို့သော် ထိုမတိုင်မီတွင် ရဲရှင်းဟွေ့သည် သူ၏ကိုယ်ပိုင် Jarvis ကို ဦးစွာပြုလုပ်ရန် စီစဉ်လိုက်၏။

Jarvis ကိုဖန်တီးရန်အတွက် ဟိုတယ်ရှိကွန်ပျူတာကို သူလုံးဝအသုံးမပြုနိုင်။

ကတ်ကို သူ၏အိတ်ကပ်ထဲသို့ထည့်ကာ ရဲရှင်းဟွေ့သည် ဟိုတယ်မှထွက်ခွာပြီး အနီးဆုံးကွန်ပျူတာစင်တာသို့ တက္ကစီငှားစီးသွားလေသည်။

မျက်နှာချင်းဆိုင်ရှိ ရုံးအဆောက်အအုံထဲမှ ရဲရှင်းဟွေ့အား စောင့်ကြည့်နေခဲ့သောသူသည် ရဲရှင်းဟွေ့ ထွက်ခွာသွားသည်ကိုမြင်သောအခါ သူသည် အထုပ်အပိုးများသိမ်းကာ နောက်မှလိုက်သွားသည်။

သို့သော် ထိုလူမသိခဲ့သည်မှာ သူ့နောက်တွင် ကျီးကန်းသုံးကောင်ရှိနေသည်ကိုပင်.... နှစ်ကောင်ကအနက်ရောင်ဖြစ်ပြီး တစ်ကောင်ကအဖြူရောင်ဖြစ်လေသည်။

…….

ကွန်ပျူတာမြို့တော်သို့ သူရောက်ရှိလာသောအခါ ရဲရှင်းဟွေ့သည် အကောင်းဆုံးအမျိုးအစား ကွန်ပျူတာတစ်လုံးကို ဝယ်ယူခဲ့သည်။

၎င်းကို အကောင်းဆုံးအမျိုးအစားဟု ဆိုသော်လည်း.... အစွမ်းထက်သော ဉာဏ်ရည်တုတစ်ခုကို ဖန်တီးရန်အတွက် ဤကွန်ပျူတာကိုအသုံးပြုရန်မလုံလောက်ချေ။

သို့သော်လည်း အပြည့်အစုံဗားရှင်းကို ဖန်တီး၍မရသော်ငြားလည်း.... အဆင့်နှိမ့်ထားသောဗားရှင်းကိုမူ ပြုလုပ်နိုင်ပေသည်။

ဤဖြတ်တောက်ထားသောဗားရှင်းတွင် သင့်တော်သောဉာဏ်ရည်မပါဝင်ဘဲ ၎င်းကို အထောက်အကူပြုပရိုဂရမ်တစ်ခုအဖြစ်သာ မှတ်ယူနိုင်၏။

ယခုအခါတွင် အချိန်ကကုန်လုနီးပြီဖြစ်ရာ အဆင့်နှိမ့်ထားသောဗားရှင်းတစ်ခုကို ဖန်တီးနိုင်ခြင်းမှာ လုံလောက်ပြီပင်။

ကွန်ပျူတာဝယ်ပြီးနောက် ရဲရှင်းဟွေ့သည် ဖုန်းနှစ်လုံးနှင့် အခြားအရာအချို့ကို ထပ်မံဝယ်ယူခဲ့သည်။

ရဲရှင်းဟွေ့သည် လမ်းပေါ်သို့ထွက်လာပြီး ချက်ချင်းပင် မိုးကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူအနက်ရောင်ကျီးကန်းတစ်ကောင်သည် မိုးကောင်းကင်တွင် အမြဲတမ်းဝဲပျံနေသည်ကို မြင်သောအခါ.... သူ့အားစောင့်ကြည့်နေသူမှာ အနီးအနားတွင်ရှိကြောင်းကို သူသိရှိလိုက်သည်။

“ကြည့်ရတာတော့... ငါနေဖို့ တခြားနေရာတစ်ခု ရှာရတော့မယ်ထင်တယ်....”

ထိုသို့တီးတိုးရေရွတ်ပြီးနောက် ရဲရှင်းဟွေ့သည် လမ်းကြားလေးတစ်ခုဆီသို့ လျှောက်သွားလေ၏။

စောင့်ကြည့်နေသောဝန်ထမ်းသည် ဤမြင်ကွင်းကိုမြင်သောအခါ သူသည်လည်း လမ်းကြားဆီသို့ လျှောက်သွားခဲ့သော်လည်း.... သူလမ်းကြားထဲသို့ ဝင်တော့မည်အပြုတွင် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ရုတ်တရက် ခံစားမိလိုက်သည်။

ရဲရှင်းဟွေ့၏ ယခင်လုပ်ရပ်များသည် သူ့အား ဤနေရာသို့ ဆွဲဆောင်ရန် ရည်ရွယ်နေဟန်ရှိသည်ဟု သူခံစားမိလိုက်၏။

ထို့နောက် သူရှေ့ရှိ လမ်းကြားမှထောင့်နားကို စူးစိုက်ကြည့်လိုက်သည်။ သူသာလျှောက်သွားပါက သူဖမ်းမိသွားဖွယ်ရှိပြီး ထို့နောက်...

သူလမ်းလွှဲသွားရမလားဟု စဉ်းစားနေစဉ်မှာပင် သူသည် လမ်းဝမှ စိတ်မရှည်သောအသံတစ်ခုကို ကြားလိုက်ရသည်။

“ဘာလို့ ဝင်မလာတာလဲ....။”

အသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လက်တစ်ဖက်က သူ့ထံသို့ ဆန့်တန်းလာခဲ့သည်။ သူတုံ့ပြန်မှုမပြုနိုင်ခင်မှာပင် သူ၏ဦးခေါင်းမှာ ထုံကျင်သွားပြီး ထို့နောက်... ထို့နောက် ဘာမှမရှိတော့ချေ။

စောင့်ကြည့်ဝန်ထမ်း ပြန်နိုးလာ‌သောအခါ နေ့လည်ခင်းပင် ရောက်နေခဲ့ပြီ။

သူချက်ချင်းပင် သူ၏ဆဲလ်ဖုန်းကိုထုတ်ကာ အချိန်ကိုစစ်ဆေးလိုက်သည်။ သူနာရီပေါင်းများစွာ သတိလစ်မေ့မြောသွားခဲ့သည်ကို တွေ့ရှိရပြီး အနည်းငယ် ထိတ်လန့်သွားမိတော့သည်။

သူ၏ကိုက်ခဲနေသောဦးခေါင်းကိုကိုင်ကာ စောင့်ကြည့်ဝန်ထမ်းသည် သူ၏ဖုန်းကိုထုတ်ပြီး ရဲဖန်၏နံပါတ်သို့ ခေါ်ဆိုလိုက်၏။

ဖုန်းမှာ လျင်မြန်စွာပင် ချိတ်ဆက်မိသွားသည်။

“ဆိုတော့.... အဲဒီကောင်လေး ရှင်းဟွေ့က ဘာတွေထပ်လုပ်ပြန်ပြီလဲ....။”

“အဲဒါက... နဂါးဘုရင်.... ကျွန်တော် သူ့ကို ခြေရာပျောက်သွားတယ်....”

“ခြေရာပျောက်သွားတယ်....။”

“ဟုတ်.... ကျွန်တော်သေချာတယ်.... ကျွန်တော် သူ့လက်ချက်နဲ့ သတိလစ်သွားတာ....”

“ငါသိပြီ.... ပြန်လာခဲ့တော့....” ရဲဖန်သည် ထို့နောက် ဖုန်းချလိုက်သည်။

ဖုန်းချပြီးနောက် ရဲဖန်သည် ပြုံးလိုက်ပြီး "မင်းကောင်လေး.... တော်တော်လေး စွမ်းသားပဲ....” ဟုဆိုလိုက်၏။

ရဲဖန် သူစောင့်ကြည့်ရန်လွှတ်လိုက်သောသူမှာ ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း သိသော်လည်း ရဲရှင်းဟွေ့က သူ့အားဖမ်းမိပြီး သတိလစ်အောင်လုပ်လိုက်မည်ဟု သူမျှော်လင့်မထားခဲ့ချေ။

လမ်းပေါ်တွင် လမ်းလျှောက်နေသော ရဲဖန်သည် သူ၏မေးစေ့ကိုပွတ်သပ်ကာ ရဲရှင်းဟွေ့သည် နောက်ဆက်တွဲ ဘာလုပ်မည်ကို စတင်စဉ်းစားနေတော့သည်။

“ဟေး.... ရဲဖန်.... ဒီလူကို စာရင်းသွင်းဖို့ ခေါ်သွားလိုက်....”

ထိုအခိုက်တွင် အမျိုးသားတစ်ဦး၏အသံက ရဲဖန်၏ အတွေးများကို ဖြတ်တောက်လိုက်၏။

ရဲဖန် မော့ကြည့်လိုက်ရာ လုံခြုံရေးခေါင်းဆောင်က အမျိုးသမီးတစ်ဦးကိုခေါ်ဆောင်ကာ သူ့ထံသို့ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။

မူလက မိသားစုတစ်စု၏ အလုပ်လက်မဲ့ခင်ပွန်းတစ်ဦးမျှသာဖြစ်သော ရဲဖန်သည် ယခုအခါတွင် အခြားအသက်မွေးဝမ်းကျောင်းတစ်ခု ထပ်မံရရှိခဲ့ပြီ။

လုံခြုံရေးအစောင့်တစ်ဦး။ မြို့ပြဇာတ်လိုက်အားလုံး လုပ်ကိုင်ခဲ့ကြဖူးသော အလုပ်ပင်တည်း။

All Chapters