← Chapters

မွေးနေ့ပွဲ စတင်ခြင်း

Vol. 9 Ch. 118

မွေးနေ့ပွဲ စတင်ခြင်း

Vol. 9 Ch. 118

ပြီးခဲ့သောညက ရဲရှင်းဟွေ့ ထွက်သွားပြီးနောက်တွင် ချန်ယင်းယင်းသည် ရဲဖန်နှင့် စကားပြောခဲ့သည်။

အတိုချုံးရလျှင် သူ၏တူမှာ အလွန်ငယ်ရွယ်သေးသော်လည်း အလွန်ကြိုးစားတက်ကြွလှသည်။ သူကတော့ နေ့စဉ်နေ့တိုင်း အိမ်တွင် နေကြာစေ့စားလိုက်.... တီဗီဇာတ်လမ်းတွဲများ ကြည့်လိုက်.... ချက်ပြုတ်လိုက်ဖြင့် မရှက်မိဘူးလား ဟူ၍ပင်။

ထိုအချိန်က ရဲဖန်မှာ “မရှက်ပါဘူး.... ကျွန်တော်ကတော့ တော်တော်လေးကောင်းတယ်လို့တောင် ထင်တယ်....” ဟု ပြောလိုက်ချင်စိတ် ပေါက်သွား၏။

သို့သော် သူသိသည်မှာ သူသာဤသို့ပြောလိုက်ပါက ချန်ယင်းယင်းသည် ဒေါသထွက်သွားပေလိမ့်မည်။

ချန်ယင်းယင်း၏ ဆိုလိုရင်းမှာ သူ့အား ကုမ္ပဏီတွင် အလုပ်သွားလုပ်ရန်ဖြစ်ပြီး.... လုံခြုံရေးအစောင့်အဖြစ်သာ ဖြစ်သည့်တိုင်အောင် အိမ်တွင်နေခြင်းထက်တော့ ပိုကောင်းသည် ဟူ၍တည်း။

ဤသို့ဖြင့် ရဲရှင်းဟွေ့ကြောင့် အိမ်တွင် ဂိမ်းကစားရင်း သက်သောင့်သက်သာ လဲလျောင်းနေနိုင်ခဲ့သော ရဲဖန်မှာ လုံခြုံရေးအစောင့်အဖြစ် အစောင့်ထွက်လာခဲ့ရတော့သည်။

…

ရဲဖန် လူများကို မှတ်ပုံတင်ရာတွင် ကူညီပေးပြီးနောက်တွင် သူသည် ရဲရှင်းဟွေ့သည် နောက်ဆက်တွဲ ဘာလုပ်မည်ကို စတင်စဉ်းစားနေခဲ့၏။

ရဲဖန် ခံစားမိသည်မှာ လာမည့်ရက်အနည်းငယ်အတွင်း လှုပ်လှုပ်ရှားရှားဖြစ်အောင်လုပ်နိုင်ပြီး သူ့အား ဖော်ထုတ်နိုင်မည့် တစ်ခုတည်းသောအရာမှာ နှစ်ရက်အကြာတွင် ကျင်းပမည့် ချန်မိသားစု၏ အဘွားကြီး၏ အသက်ရှစ်ဆယ်ပြည့်မွေးနေ့ပင် ဖြစ်လေသည်။

ရဲရှင်းဟွေ့က အတိအကျ မည်သို့ဒုက္ခပေးမည်ကိုတော့လား....။ ရဲဖန်မှာ လုံးဝဂရုမစိုက်ပေ။

သူ ထိုနေ့တွင် မွေးနေ့ပွဲအနီး၌ လူတစ်ရာ သို့မဟုတ် ထိုထက်မကကို ချောင်းမြောင်းစောင့်ဆိုင်းခိုင်းထားရန် စီစဉ်ထားသည်။ တစ်စုံတစ်ရာ မှားယွင်းမှုဖြစ်ပွားပါက သူတို့သည် အလျင်အမြန်ပြေးထွက်လာပြီး ပြဿနာ၏အရိပ်အယောင်အားလုံးကို အစပျိုးချိန်မှာပင် သတ်ပစ်ကြပေလိမ့်မည်။

နောက်ဆုံးတွင် ရဲဖန်သည် သက်ပြင်းချလိုက်ရင်း “ကောင်လေး.... မင်းကတော့ တော်တော်ငယ်သေးတာပဲ....” ဟု ဆိုလိုက်၏။

…….

တစ်ဖက်တွင်တော့။

စုကျိုးမြို့.... မွန်ရာမြေ ဟော်တယ်ဟုခေါ်သော နေရာတစ်ခု၏ အခန်းထဲ၌။

ရဲရှင်းဟွေ့သည် ဉာဏ်ရည်တုလက်ထောက်တစ်ဦးကို အောင်မြင်စွာ ဖန်တီးခဲ့ပြီး ၎င်းကို အာ့ကိုကျစ်ဟု အမည်ပေးလိုက်သည်။

အာ့ကိုကျစ်ကို ဖန်တီးပြီးနောက်တွင် ရဲရှင်းဟွေ့သည် စုကျိုးရုပ်ရှင်အကယ်ဒမီ၏ သရုပ်ဆောင်ဌာနရှိ ကျောင်းသားမှတ်တမ်းများကို တိုက်ရိုက်ကျူးကျော်ဝင်ရောက်ခဲ့သည်။

ရဲရှင်းဟွေ့သည် နဂါးဘုရင်၏ လက်အောက်ငယ်သားများအဖြစ် သရုပ်ဆောင်ရန် ကျောင်းသားအချို့ကို ရှာဖွေလိုခဲ့၏။

သူသည် ချမ်းသာသောမိသားစုများမှ မဟုတ်သော ကျောင်းသားအချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး သူတို့ငြင်းပယ်နိုင်ခြင်းမရှိသော လစာတစ်ခုကို တိုက်ရိုက်ကမ်းလှမ်းခဲ့သည်။ ဤသို့ဖြင့် သရုပ်ဆောင်ရှာဖွေမှုမှာ ပြီးမြောက်သွားတော့သည်။

သရုပ်ဆောင်များကို ရွေးချယ်ပြီးနောက် ရဲရှင်းဟွေ့သည် ဘုရင်ဖြူအတွက် ကိရိယာများကို စတင်ပြုလုပ်လေ၏။

အမှန်တကယ်တွင် အထောက်အကူပြုစနစ် အာ့ကိုကျစ်မှာ အဓိကအားဖြင့် ဘုရင်ဖြူအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။

သည်တစ်ကြိမ်တွင် အသေအချာဖြစ်စေရန်အတွက် ရဲရှင်းဟွေ့သည် ချန်မိသားစု၏ အဘွားကြီး၏ မွေးနေ့မတိုင်မီတွင် ရဲဖန်၏လူများ အနီးအနားတွင်ရှိမရှိကို စစ်ဆေးရပေမည်။

အကယ်၍ရှိနေပါက ကိစ္စရပ်များကို ကြိုတင်လုပ်ဆောင်ရပေမည်။ ဤဇာတ်လမ်းမှာ အလယ်တွင် ပျက်ယွင်းသွားခြင်း မဖြစ်ရပေ။

စုံစမ်းစစ်ဆေးမှုအတွက် တာဝန်ရှိသူများမှာ သဘာဝကျစွာပင် ဘုရင်ဖြူနှင့် ရှုန်ယို့.... ရှုန်ကျော့တို့ပင် ဖြစ်လေသည်။

နှစ်နာရီကျော် ကြာမြင့်သွားခဲ့သည်။ ထို့နောက် ရဲရှင်းဟွေ့သည် ဘုရင်ဖြူ၏ ဦးခေါင်းတွင် ကိရိယာငယ်တစ်ခုကို ဆွဲပေးလိုက်၏။

“ဒါက ယာယီတစ်ခုပဲ.... ဒါကြောင့် သယ်ဆောင်ရတာ နည်းနည်းအဆင်မပြေဖြစ်နိုင်တယ်.... အိမ်ပြန်ရောက်ရင် မင်းအတွက် ပိုကောင်းတာတစ်ခု လုပ်ပေးမယ်....”

ရဲရှင်းဟွေ့က ဘုရင်ဖြူအတွက် ပြုလုပ်ပေးသောကိရိယာမှာ ဦးနှောက်လှိုင်းထုတ်လွှင့်မှု ကိရိယာတစ်ခု ဖြစ်လေသည်။

ရဲရှင်းဟွေ့သည် ဤကိရိယာကို သူ ဘုရင်ဖြူအတွက် ဝယ်ပေးထားသော ဖုန်းနှင့် ချိတ်ဆက်ထားသည်။

ရဲရှင်းဟွေ့၏ ကိုယ်ပိုင်ဖုန်းကိုလည်း အလွန်ကျစ်လျစ်အောင် ပြုပြင်မွမ်းမံထားပြီး ဦးနှောက်လှိုင်းများဖြင့် ကိရိယာသို့ ချိတ်ဆက်၍လည်း အသုံးပြုနိုင်ပေသည်။

ဦးနှောက်လှိုင်းချိတ်ဆက်မှု ကိရိယာကို ဘုရင်ဖြူ၏ ဦးခေါင်းတွင် ဝတ်ဆင်ထားသောအခါ ဘုရင်ဖြူသည် ရဲရှင်းဟွေ့နှင့် အချိန်မရွေး ဆက်သွယ်မှုရှိနေနိုင်ပေပြီ။ Iron Man ၏ Jarvis ၏ အဆင့်နှိမ့်ထားသောဗားရှင်းဖြစ်သော အာ့ကိုကျစ်နှင့်အတူ ဘုရင်ဖြူသည် ဦးနှောက်လှိုင်းချိတ်ဆက်မှု ကိရိယာကို မည်သို့အသုံးပြုရမည်ကို လျင်မြန်စွာပင် သင်ယူတတ်မြောက်သွားခဲ့သည်။

“တိန်...!”

ထိုအခိုက်တွင် ရဲရှင်းဟွေ့သည် သူ၏ဖုန်းမြည်သံကို ကြားလိုက်ရသည်။

ရဲရှင်းဟွေ့ သူ၏ဖုန်းကို ကောက်ကိုင်လိုက်ပြီး နံပါတ်မသိသောသူထံမှ စာတိုတစ်စောင်ကို မြင်တွေ့လိုက်ရ၏။

– သူဌေး.... စာရောက်လား....။

ရဲရှင်းဟွေ့သည် ဤစာကိုမြင်သောအခါ ပြုံးလိုက်ပြီး သူသည်လည်း သူ၏ကိုယ်ပိုင်စာကို ပြန်ပို့လိုက်သည်။

– ရောက်တယ်....

မကြာမီမှာပင် ဤစာတိုသည် ဘုရင်ဖြူ၏ စိတ်ထဲသို့ အသံပုံစံဖြင့် ထုတ်လွှင့်ရောက်ရှိသွားခဲ့သည်။

“ကျစ်.... ဒါက တော်တော်မိုက်တာပဲ....”

“ဟားဟားဟား.... မိုက်တာပေါ့ကွာ....”

“သူဌေး.... ကျီးကန်းနက် တပ်ဖွဲ့ထဲက ကျီးကန်းတိုင်းကိုသာ ဒီပစ္စည်းတပ်ဆင်ပေးလိုက်ရင်....”

ဘုရင်ဖြူသည် သူ၏စကားကို အဆုံးမသတ်ခဲ့သော်လည်း ရဲရှင်းဟွေ့ သူဆိုလိုသောအရာကို သိလိုက်သည်။

ကျီးကန်းများသည် ပျံသန်းနိုင်ပြီး အလွန်ဉာဏ်ကောင်းကြသည်။ အကယ်၍ သူတို့တွင် သင့်တော်သော ဆက်သွယ်ရေးနည်းလမ်းများ ပိုင်ဆိုင်ထားပါက သူတို့က အကောင်းဆုံးသော ကင်းထောက်များနှင့် ခြေရာခံသူများ ဖြစ်လာကြပေလိမ့်မည်။

“စိတ်မပူပါနဲ့.... ငါတို့ပြန်ရောက်ရင် မင်းတို့အတွက် ပိုကောင်းတဲ့တစ်သုတ် လုပ်ပေးမယ်....”

ဘေးတွင်ရပ်ကြည့်နေသော ရှုန်ယို့နှင့် ရှုန်ကျော့တို့မှာမူ လက်ရှိသူဌေးနှင့် ယခင်သူဌေးတို့၏ စကားပြောဆိုမှုကို အနည်းငယ် ဇဝေဇဝါဖြစ်နေကြ၏။

“ကောင်းပြီ.... မင်းတို့ကို ပစ္စည်းကိရိယာတွေ ပေးပြီးပြီ.... အခုသွားပြီးတော့ နှစ်ရက်အကြာက မွေးနေ့ပွဲကို စောင့်ကြည့်ထားလိုက်....”

ဘုရင်ဖြူ ဤစကားကိုကြားသောအခါ သူသည် အလေးပြုလိုက်ပြီး “တာဝန်ကို အောင်မြင်အောင် လုပ်ဆောင်ဖို့ ကတိပေးပါတယ်....” ဟုဆိုလိုက်သည်။

…

ဘုရင်ဖြူသည် အနက်ရောင်ကျီးကန်းနှစ်ကောင်နှင့်အတူ ထွက်ခွာသွားခဲ့ပြီး ရဲရှင်းဟွေ့မှာမူ သူဆက်သွယ်ထားသော သရုပ်ဆောင်များကိုရှာဖွေရန် စုကျိုးရုပ်ရှင်အကယ်ဒမီသို့ သွားရောက်ခဲ့သည်။

ရဲရှင်းဟွေ့သည် ဤတစ်ကြိမ်တွင် သရုပ်ဆောင်များ အလွန်အကျွံ မတောင်းဆိုခဲ့ပေ။ လူငါးဦးကိုသာ ရွေးချယ်ခဲ့သည်။

ရဲရှင်းဟွေ့ ယုံကြည်သည်မှာ လူဦးရေမှာ အရေးမကြီးဘဲ အမှန်တကယ်အရေးကြီးသည်မှာ လူများ၏အရည်အသွေးပင် ဖြစ်သည်ဟူ၍ပင်။

…

ရုပ်ရှင်ကျောင်း၏ ဝင်ပေါက်မျက်နှာချင်းဆိုင်ရှိ ကော်ဖီဆိုင်သို့ရောက်သောအခါ ရဲရှင်းဟွေ့သည် နောက်ဆုံး၌ သူရှာဖွေနေသော သရုပ်ဆောင်ငါးဦးကို မြင်တွေ့ခဲ့ရသည်။

“ဟမ်.... ခင်ဗျားတို့ ရုပ်ရှင်ကျောင်းက ဒီလောက်အသက်ကြီးတဲ့ ကျောင်းသားတွေကိုလည်း လက်ခံသေးတာလား....။”

ရဲရှင်းဟွေ့သည် အသက်သုံးဆယ် သို့မဟုတ် လေးဆယ်ခန့်ရှိသော အမျိုးသားတစ်ဦးကို လက်ညှိုးထိုးကာ မေးလိုက်၏။

ရဲရှင်းဟွေ့၏ မေးခွန်းကိုကြားသောအခါ အခြားရှိနေသောလူလေးဦးမှာ ချက်ချင်းပင် ရယ်မောလိုက်ကြသည်။

“သူဌေး.... သူက ဒီနှစ်မှ နှစ်ဆယ့်နှစ်နှစ်ပဲ ရှိသေးတယ်....”

“နှစ်ဆယ့်နှစ်နှစ်....။”

ရဲရှင်းဟွေ့သည် အခြားသူမှာ နှစ်ဆယ့်နှစ်နှစ်သာရှိသေးသည်ကို အမှန်တကယ်ပင် မသိရှိခဲ့ပေ။

ပထမဦးစွာ သူသည် အညိုရောင်နှင့် မီးခိုးရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး အလွန်အိုမင်းသောရုပ်သွင်လည်း ရှိ၏။ ဒုတိယအနေဖြင့်... သူ၏ မြေထဲပင်လယ်ပုံစံဆံပင်နှင့် သူ၏မျက်နှာပေါ်မှ အရေးအကြောင်းများဖြင့် သူသည် နှစ်ဆယ်ကျော်အရွယ်သာရှိသေးသည်ဟု ဆိုပါက မည်သူမျှ ယုံကြည်ကြမည်မဟုတ်ပေ။

“ခင်ဗျားတို့ ဘယ်လောက်အသက်ကြီးကြီး.... ဒီပြဇာတ်မှာ ကောင်းကောင်းသရုပ်ဆောင်နိုင်သရွေ့.... ငါတို့အရင်ပြောထားတဲ့ လစာအပြင်.... ကျွန်တော်ခင်ဗျားတို့ကို အပိုဆုကြေးလည်း ပေးနိုင်တယ်....”

ချက်ချင်းပင်... ရဲရှင်းဟွေ့သည် ရုပ်ရှင်ကျောင်းသားငါးဦးကိုခေါ်ကာ ဇာတ်ကွက်ကိုရှင်းပြပြီး ဇာတ်တိုက်လေ့ကျင့်လေတော့သည်။

……..

နှစ်ရက်အကြာတွင်။

ချန်မိသားစု၏ အဘွားကြီး၏ အသက်ရှစ်ဆယ်ပြည့်မွေးနေ့ပင်တည်း။

ထိုအချိန်တွင် ချန်မိသားစု၏ အိမ်ကြီးမှာ မီးရောင်စုံများနှင့် ရောင်စုံအလှဆင်မှုများဖြင့် အလှဆင်ထားပြီး ဧည့်သည်များဖြင့် ပြည့်နှက်နေလေသည်။

အိမ်ထဲသို့ဝင်ရောက်လာသူတိုင်းသည် အဓိကနေရာသို့သွားကာ အနီရောင်အကျႌဝတ်ဆင်ထားသော ချန်မိသားစု၏ အဘွားကြီးအား ဦးညွှတ်ပြီး မွေးနေ့ဆုတောင်းစကားအချို့ပြောကြားကာ ထို့နောက်တွင်မှ ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ကြ၏။

ချန်မိသားစုသည် မိသားစုကြီးတစ်ခုမဟုတ်သော်လည်း သူတို့တွင် ပိုင်ဆိုင်မှုအချို့ ရှိသေးသည်။ သဘာဝကျစွာပင် မိသားစု၏အကြီးအကဲ၏ အသက်ရှစ်ဆယ်ပြည့်မွေးနေ့ကို ခမ်းနားစွာကျင်းပသင့်ပေသည်။

ဆွေမျိုးများနှင့် သူငယ်ချင်းအချို့ကို ဖိတ်ကြားသည့်အပြင် စီးပွားရေးမိတ်ဖက်အချို့လည်း ရှိနေခဲ့ပြီး စုစုပေါင်း လူနှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်ရှိလေသည်။

သိသာစွာပင် ရဲဖန်နှင့် ချန်ယင်းယင်းတို့ မိသားစုလည်း ထိုနေရာတွင် ရှိနေခဲ့၏။

အိမ်ထဲရှိလူများမသိခဲ့သည်မှာ အိမ်အပြင်ဘက်တွင် မျက်လုံးပေါင်းများစွာက ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်နေခဲ့သည်ကိုပင်။ ဤလူများမှာ ရဲဖန်မှ လွှတ်ထားသောသူများ ဖြစ်လေသည်။

…

တစ်ဖက်တွင်တော့။

ရဲရှင်းဟွေ့သည် သူ၏ရှေ့မှ သူဌေးများကဲ့သို့ ဝတ်ဆင်ထားသော ဇာတ်ပို့ငါးဦးကို ကြည့်လိုက်ပြီး ပြုံးကာ "ကောင်းပြီ.... ဒီနေ့ကတော့ ခင်ဗျားတို့ တရားဝင်စင်ပေါ်တက်ရမယ့်အချိန်ပဲ....” ဟုဆိုလိုက်သည်။

ရဲရှင်းဟွေ့၏ စကားဆုံးသည်နှင့် သူ၏ဖုန်းမြည်လာခဲ့သည်။ သူဖုန်းကိုထုတ်ကာ ကြည့်လိုက်ရာ ဘုရင်ဖြူထံမှ စာတိုတစ်စောင်ကိုသာ တွေ့လိုက်ရ၏။

– ပွဲကျင်းပရာနေရာပတ်လည်မှာ လျှို့ဝှက်ကာကွယ်ရေးလိုင်းတစ်ခုရှိတယ်.... လူဦးရေက ၃၀.... သူတို့အားလုံးက သာမန်လူတွေနဲ့တူတယ်....

ဤစာတိုကိုမြင်သောအခါ ရဲရှင်းဟွေ့သည် ပြုံးလိုက်ပြီး “ဦးလေး.... အဲဒီမှာ လူစောင့်ခိုင်းထားမယ်ဆိုတာ ကျွန်တော်သိသားပဲ....” ဟု တီးတိုးရေရွတ်လိုက်သည်။

ရဲရှင်းဟွေ့က သူ၏ကိုယ်ပိုင်စာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

– လုပ်လိုက်တော့....

စာတိုပေးပို့ပြီး စက္ကန့်သုံးဆယ်အကြာတွင် ဘုရင်ဖြူသည် ပြန် ပြန်ကြားခဲ့သည်။

– အမိန့်ရရှိပါပြီ....

ဘုရင်ဖြူသည် ရှုန်ယို့နှင့် ရှုန်ကျော့တို့နှင့်အတူ ဤတစ်ကြိမ်တွင် လှုပ်ရှားတော့မည် ဖြစ်၏။

သူတို့၏အစွမ်းမှာ စုံစမ်းစစ်ဆေးခြင်းမျှသာ မဟုတ်ချေ။ အကယ်၍ ပွဲကျင်းပရာနေရာပတ်လည်တွင် စောင့်ကြည့်နေသူများမှာ သာမန်လူများဖြစ်ပါက သူတို့သုံးဦးသည် လူတိုင်းကို သေချာပေါက် အလဲထိုးနိုင်ပေလိမ့်မည်။

ရဲရှင်းဟွေ့သည် ဤနှစ်ရက်အတွင်း သရုပ်ဆောင်များနှင့် ဇာတ်တိုက်လေ့ကျင့်နေရုံသာမကပေ။ သူသည် ကျီးကန်းသုံးကောင်အတွက် လက်နက်အချို့ပြုလုပ်ရန်လည်း အချိန်ယူခဲ့သည်။

ကျီးကန်းများတွင် အဘယ်လက်နက်များရှိသနည်း....။ သိသာစွာပင် သူတို့၏လက်နက်များမှာ သူတို့၏ချွန်ထက်သော ခြေသည်းများနှင့် နှုတ်သီးများပင်ဖြစ်ပြီး ယခုအခါတွင် သူတို့၏ခြေသည်းများနှင့် နှုတ်သီးများကို ရဲရှင်းဟွေ့က ဆေးထိုးကိရိယာများဖြင့် တပ်ဆင်ပေးထားခဲ့ပြီ။

တိုက်ခိုက်မှုထိမှန်သရွေ့ အစွမ်းထက်သောမေ့ဆေးပမာဏအနည်းငယ်သည် ဆေးထိုးကိရိယာမှ ထွက်ပေါ်လာမည်ဖြစ်သည်။ အရေပြားကို ကုတ်ခြစ်မိသရွေ့ ဤအစွမ်းထက်သောမေ့ဆေးသည် အာနိသင်ပြလိမ့်မည်ပင်။

၎င်းသည် အရွယ်ရောက်ပြီးသူတစ်ဦးကို ချက်ချင်းအလဲထိုးနိုင်သည်မှာ သေချာ၏။

အကယ်၍ ကမ္ဘာစစ်မှလူတစ်ဦး ပေါ်ပေါက်လာပါက ရဲရှင်းဟွေ့သည် သူ့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းမည် ဖြစ်လေသည်!

All Chapters