နဂါးအကြောက်တရား Vs ဧကရာဇ်အင်ဂျင်
Vol. 9 Ch. 123
ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားသော ရဲရှင်းဟွေ့သည် သူ့ကိုကြည့်ရင်း ထိုနေရာတွင်ရပ်နေဆဲဖြစ်သော ရဲဖန်အား ကြည့်လိုက်သည်။
ရဲဖန်သည် သူ၏တူ လှမ်းကြည့်လာသည်ကိုမြင်သောအခါ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။
ရဲရှင်းဟွေ့သည် ဤအပြုံးနှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေသည်။ ၎င်းမှာ နဂါးဘုရင်တိုင်း ပိုင်ဆိုင်သော အစဉ်အလာ ထေ့ငေါ့သောအပြုံးပင်တည်း။
ထိုအခိုက်တွင် မူလက တည်ငြိမ်နေသော အဘိုးကြီးသည်လည်း သူ၏အရှိန်အဝါကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ သူ၏အရှိန်အဝါ ကွယ်ပျောက်သွားပြီးနောက်တွင် အဘိုးကြီးနဂါးဘုရင်သည်လည်း ထေ့ငေါ့သောအပြုံးတစ်ခုကို ပြသခဲ့၏။
“ကျစ်.... ဘာတွေဖြစ်နေတာလဲ....။ ထေ့ငေါ့သောအပြုံးနှစ်ခါတောင်....။”
ရဲရှင်းဟွေ့သည် သူ၏ခေါင်းကို အားကုန်ခါယမ်းလိုက်ပြီးနောက် အဘိုးကြီးကို ကြည့်လိုက်သည်။ သူသည် သူ၏ရှေ့မှ အဘိုးကြီးကို မယှဉ်နိုင်ကြောင်းကို သိရှိသော်လည်း... သူ သူ၏ဦးလေးကိုမူ တိုက်ခိုက်နိုင်သေးသည်။
ရဲဖန်သာ အရေးယူဆောင်ရွက်ပြီး ထူးကဲသောစွမ်းအားကို ပြသလိုက်ပါက သူသည် နဂါးဘုရင်မဟုတ်သည့်တိုင်အောင် သူ၏သမက်ဂုဏ်ပုဒ်မှာတော့ ပျောက်ကွယ်သွားဖွယ်ရှိ၏။
သို့သော် ရဲရှင်းဟွေ့ အရေးယူဆောင်ရွက်တော့မည်အပြုမှာပင် ရဲဖန်၏ အသံသည် သူ၏စိတ်ထဲတွင် ထပ်မံထွက်ပေါ်လာခဲ့သည်။
“တော်ပြီ.... ရှင်းဟွေ့.... ရပ်လိုက်တော့....”
သူ၏ဦးခေါင်းထဲမှ အသံကိုကြားသောအခါ ရဲရှင်းဟွေ့သည် ရဲဖန်အား ကြည့်လိုက်ပြီးနောက် သူ၏အပေါ်သို့ ဖိအားတစ်ခု ကျရောက်လာသည်ကို ခံစားမိလိုက်သည်။
အစောပိုင်းက လုံအောက်ထျန်း ဖိအားကိုထုတ်လွှတ်သောအခါ ၎င်းသည် ကျယ်ပြန့်သောဧရိယာတစ်ခုအပေါ်တွင် ပျံ့နှံ့နေခဲ့သော်လည်း.... ဤတစ်ကြိမ်တွင် ရဲဖန်သည် ဖိအားကို ရဲရှင်းဟွေ့တစ်ဦးတည်းအပေါ်တွင်သာ စုစည်းလိုက်၏။
ဤဖိနှိပ်မှုသဘောကို ခံစားမိသောအခါ ရဲရှင်းဟွေ့၏ နဖူးပြင်တွင် ချွေးတစ်လွှာ ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ အလွန်အကျွံတင်းမာမှုကြောင့် ဧကရာဇ်အင်ဂျင်သည်လည်း အလိုအလျောက်ပင် စတင်လည်ပတ်လာခဲ့သည်။
နှလုံးခုန်သံထွက်ပေါ်လာပြီး ယခုလေးတင်မှ ထရပ်ခဲ့သော ချန်မိသားစုဝင်များမှာ ချက်ချင်းပင် ထပ်မံဒူးထောက်ကျသွားကြကာ သူတို့၏တစ်ကိုယ်လုံး စတင်တုန်ရီလာတော့သည်။
ဤနှလုံးခုန်သံကိုကြားသောအခါ ယခင်နဂါးဘုရင်ဖြစ်သူ လုံအောက်ထျန်းသည် ရဲရှင်းဟွေ့အား တည်ငြိမ်သောမျက်နှာဖြင့် ကြည့်လိုက်၏။
“ဖြစ်နိုင်ပါ့မလား.... ရဲဖန်ရဲ့တူက စောစောက သူစွမ်းအားအကုန်မသုံးခဲ့ဘူး....။ ဒီဖိနှိပ်မှုသဘောက ငါလိုအဘိုးကြီးထက်တောင် ပိုပြင်းထန်တယ်....”
ရဲရှင်းဟွေ့၏ ခန္ဓာကိုယ်မှထွက်ပေါ်လာသော နှလုံးခုန်သံကိုကြားသောအခါ ရဲဖန်သည် မျက်မှောင်ကြုတ်သွားသည်.... အဘယ့်ကြောင့်ဆိုသော်... သူ့အားအစားထိုးတပ်ဆင်ပေးထားသော သူ၏နဂါးအသည်းသည် ရဲရှင်းဟွေ့၏ နှလုံးခုန်သံနှင့်အတူ စည်းချက်ညီစွာ ခုန်နေသောကြောင့်ပင်။
ထိုအချိန်တွင် ရဲဖန်သည် ရဲရှင်းဟွေ့က သူ၏နှလုံးကို အချိန်မရွေး ကြိတ်ချေနိုင်သကဲ့သို့ ခံစားမိလိုက်သည်။
ရဲရှင်းဟွေ့မှာတော့လား....။ သူသည် ရဲဖန်၏ ဖိအားပေးခြင်းကိုခံရသဖြင့် လှုပ်ရှားရန်မဝံ့ရဲတော့ချေ။
ဤသို့ဖြင့် ဦးလေးနှင့်တူတို့သည် တစ်မိနစ်ကျော်မျှ တန့်ရပ်နေကြလေသည်။
“ရဲရှင်းဟွေ့.... ဘာလို့ ငါ့ကိုမစောင့်တာလဲ....။”
ထိုအခိုက်တွင် ရင်းနှီးသောအသံတစ်သံ တံခါးဝမှထွက်ပေါ်လာခဲ့၏။
ရဲရှင်းဟွေ့ လှည့်ကြည့်လိုက်ရာ ထိုသူမှာ အဝတ်အစားသစ်များဝတ်ဆင်ထားသော စကော့ထ်ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။
စကော့ထ်၏ အသံကြောင့်ပင် ရဲဖန်သည် သူ၏ဖိအားကို ပြန်ရုပ်သိမ်းလိုက်ပြီး ရဲရှင်းဟွေ့သည်လည်း စိတ်ငြိမ်သွားကာ ဧကရာဇ်အင်ဂျင်ကို ပိတ်သွားစေခဲ့သည်။
ရဲရှင်းဟွေ့နှင့် ရဲဖန်နှစ်ဦးစလုံး သက်ပြင်းချလိုက်ကြ၏။
'ဝူး... ငါ့တူလက်ချက်မိတော့မလိုပဲ ခံစားလိုက်ရတယ်.... လူတွေရှေ့မှာသာ ငါ့တူလက်ချက်မိသွားရင်.... အရှက်ရစရာမဟုတ်လား....။'
'ဝူး... ဒီဦးလေးအရူးလက်ချက်မိတော့မလိုပဲ.... သူ့လက်ချက်မိရင် တော်တော်နာမှာပဲ....'
သူတို့နှစ်ဦးအပြင် ရှိနေကြသော ချန်မိသားစုဝင်များနှင့် ဧည့်သည်များလည်း သက်ပြင်းချလိုက်ကြသည်။
“ဟူး... နှလုံးခုန်နေတာ နောက်ဆုံးတော့ ရပ်သွားပြီ.... ဆက်ရှိနေရင်.... ငါသေတော့မယ်လို့ ခံစားနေရတယ်....”
လူတိုင်းသက်ပြင်းချနေစဉ်မှာပင် သူတို့သည် အနည်းငယ်ဝမ်းနည်းဖွယ်ငိုသံတစ်ခုကို ကြားလိုက်ရ၏။
“မေမေ....။ မေမေ့ကို ဘာဖြစ်သွားတာလဲ....။ မြန်မြန်...။ လူနာတင်ကားခေါ်လိုက်....။”
လူတိုင်း ချန်မိသားစု၏ အဘွားကြီးထိုင်နေသောနေရာကို ကြည့်လိုက်ကြရာ ချန်မိသားစု၏ အဘွားကြီးမှာ ယခုအခါတွင် မြေပြင်ပေါ်တွင် သတိလစ်မေ့မြောနေသည်ကို တွေ့လိုက်ရပြီး.... ချန်မောဝ်ကောမှာမူ သူမ၏ဘေးတွင် ဒူးထောက်ရင်း ထိတ်လန့်နေသည်။
ဤမြင်ကွင်းကိုမြင်သောအခါ ရဲဖန်က ရဲရှင်းဟွေ့အား စူးစိုက်ကြည့်လိုက်သည်။
ရဲရှင်းဟွေ့သည်လည်း အဘွားကြီးသာသေသွားပါက သူသည် တာဝန်မှ အမှန်တကယ် မလွတ်မြောက်နိုင်တော့ကြောင်း သိရှိသည်။
သို့သော် ရဲရှင်းဟွေ့မှာ မည်သူဖြစ်သနည်း....။ သူသည် ဒုက္ခပေးနိုင်သလို ထွက်လည်းပြေးနိုင်လေသည်။
လူတိုင်း ချန်မိသားစု၏ အဘွားကြီးကို ကြည့်နေစဉ်မှာပင် သူသည် ချန်မိသားစုအိမ်ကြီးမှ တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်။
သို့သော် မထွက်ခွာမီတွင် သူသည် လျှို့ဝှက်ဆန်းကြယ်သောအဘိုးကြီးအား သူ၏အစွမ်းသိမျက်လုံးဖြင့် ကြည့်ရှုသွားသေးသည်။
အဘိုးကြီး၏ ရဲရှင်းဟွေ့အပေါ်ထားသော သဘောကျမှုမှာ ၄၀ ရာခိုင်နှုန်းကျော်ဖြင့် အလွန်အမင်းမနိမ့်ကျပေ။
မြင်တွေ့နိုင်သောသတင်းအချက်အလက်များမှာ မများပြားသော်လည်း သူ၏ဂုဏ်ပုဒ်ကိုသိရှိရန် လုံလောက်လေသည်။
“ဘာ....။ ယခင်မျိုးဆက်က နဂါးဘုရင်....။ ကျစ်.... သူက တကယ့်အစစ်အမှန်ကြီးပဲ....”
……..
ချန်မိသားစုအိမ်ကြီးမှ ထွက်ခွာပြီးနောက် ရဲရှင်းဟွေ့သည် သရုပ်ဆောင်ငါးဦးနှင့်အတူ ကားမောင်းထွက်ခွာသွားခဲ့သည်။
သရုပ်ဆောင်ငါးဦးကို ပိုက်ဆံပေးပြီးနောက် ရဲရှင်းဟွေ့ ဟိုတယ်သို့ တစ်ယောက်တည်းပြန်လာခဲ့၏။
သူဟိုတယ်သို့ရောက်သည်နှင့် ရဲဖန်က ဖုန်းခေါ်လာခဲ့သည်။
“ဟေး.... ရှင်းဟွေ့.... မင်းကတော့ တကယ်ပဲ ပြီးတာနဲ့ ထွက်ပြေးတာပဲ....”
“ကျွန်တော်နေနေလည်း အသုံးမဝင်ဘူး.... ဒါ့အပြင်.... ကျွန်တော်နေရင် ပိုပြီးဒုက္ခများလိမ့်မယ်....”
ရဲရှင်းဟွေ့၏ စကားကိုကြားသောအခါ ဖုန်း၏အခြားတစ်ဖက်မှ ရဲဖန်သည် သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
“အဲဒီအဘွားကြီး ဘယ်လိုနေသေးလဲ....။”
“ဘာမှပြင်းပြင်းထန်ထန်မဖြစ်ပါဘူး.... သူလန့်သွားတာပါ....”
“ဝူး... ဒါဆို ကိစ္စမရှိဘူးပေါ့....”
ရဲရှင်းဟွေ့သည်လည်း အဘွားကြီးဘာမှမဖြစ်ကြောင်း ကြားသောအခါ သက်ပြင်းချလိုက်သည်။
“မင်း အခုဘယ်မှာလဲ....။ ငါ မင်းကိုရှာနေတာ....”
ရဲဖန်က သူ့ကိုလာရှာမည်ဟုကြားသောအခါ ရဲရှင်းဟွေ့သည် သူ၏တည်နေရာကို မဖုံးကွယ်ဘဲ သူ၏ဟိုတယ်လိပ်စာကို တိုက်ရိုက်ပေးပို့လိုက်သည်။
…….
ရဲဖန်ကို စောင့်ဆိုင်းနေစဉ်မှာပင် ရဲရှင်းဟွေ့သည် တီဗီလေးကို ဆင့်ခေါ်လိုက်သည်။ သူသည် ဤတစ်ကြိမ် တီဗီတွင် အဘယ်အစီအစဉ်ပြသမည်ကို ကြည့်လိုခဲ့၏။
“လေ့ကျင့်ရေးစနစ်တစ်ခုခုပါတဲ့ အရာတစ်ခုခုဖြစ်ရင် အကောင်းဆုံးပဲ....”
ရဲရှင်းဟွေ့သည် ဆုတောင်းရင်း တီဗီကိုဖွင့်လိုက်သည်။
လေ့ကျင့်ရေးစနစ်တစ်ခုကို ရှာဖွေရခြင်း၏အဓိကအကြောင်းရင်းမှာ ရဲရှင်းဟွေ့သည် သူသည် အလွန်အားနည်းနေသေးသည်ဟု ခံစားမိသောကြောင့်ပင်။
သူ၏တိုက်ခိုက်ရေးစွမ်းအားအဖြစ် သတ်မှတ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ယခုအခါတွင် သမန်းဝံပုလွေ၏ စူပါပါဝါများနှင့် သူလေ့ကျင့်ထားသော ဝိညာဉ်စွမ်းအင်သာ ရှိသည်။
ဧကရာဇ်အင်ဂျင်အတွက်မူကား.... ရန်သူကို သေအောင်ကြောက်လန့်စေခြင်း သို့မဟုတ် ရန်သူကို သူ့အားသေအောင်ရိုက်နှက်ရန် ကြောက်လန့်စေခြင်းဖြစ်ရာ ၎င်းကို ထည့်မတွက်ပေ။
ဦးလေးကျို၏ တာအိုကျင့်စဉ်အတွက်မူကား.... ရိုးရိုးသားသားပြောရလျှင် သူသည် တစ္ဆေမဟုတ်သောအခြားသူများနှင့် တိုက်ခိုက်နေပါက ၎င်း၏သေစေနိုင်စွမ်းမှာ အမှန်တကယ်ပင် အကန့်အသတ်ရှိလေသည်။ တစ်ခုတည်းသောအားသာချက်မှာ သူ၏လှုပ်ရှားမှုများတွင် အထူးပြုလုပ်ချက်အချို့ ထပ်ပေါင်းပေးခြင်းသာ ဖြစ်နိုင်သည်။
ထို့အပြင် တာအိုကျင့်စဉ်မှာ ကျင့်ကြံခြင်းနည်းလမ်းတစ်ခု မဟုတ်ချေ။
ထို့ကြောင့် လက်ရှိရဲရှင်းဟွေ့သည် သူ့အား ပိုမိုသန်မာလာစေရန် ကူညီပေးနိုင်သော စွမ်းရည်တစ်ခုကို အလွန်အမင်း ချို့တဲ့နေသည်။
သူ၏ကိုယ်ပိုင်သွေးကြောများ ပိတ်ဆို့နေသောကြောင့် သူသည် မသေနိုင်ခြင်းကို မကျင့်ကြံနိုင်သော်လည်း.... သူသာ လိမ်လည်နိုင်ပါက အလားတူစွမ်းရည်တစ်ခု၏ မိတ္တူတစ်ခုကို တိုက်ရိုက်ရရှိနိုင်ပေမည်။
ဆိုရိုးစကားရှိသည့်အတိုင်း လိမ်လည်ပြီးဖြစ်နေမှတော့ ဘာလို့ပင်ပန်းခံနေဦးမည်နည်း....။
…….
ဆုတောင်းနေသော ရဲရှင်းဟွေ့သည် မျက်လုံးများကိုဖွင့်လိုက်ပြီးနောက် တီဗီလေးတွင် ရဲရှင်းဟွေ့ သူ၏ယခင်ဘဝက ကြိုက်နှစ်သက်ခဲ့သော ကာတွန်းရုပ်ရှင်တစ်ခုကို စတင်ပြသနေသည်ကို မြင်တွေ့လိုက်ရ၏။
နီကျား: လူ့လောကသို့ ရောက်ရှိလာသော မိစ္ဆာကောင်ငယ်လေး (Nezha: The Devil Boy Comes into the World)
၎င်းမှာ နီကျားဖြစ်ကြောင်း တွေ့လိုက်ရသောအခါ ရဲရှင်းဟွေ့သည် စိတ်လှုပ်ရှားလွန်းသဖြင့် ထိုနေရာတွင်ပင် ပျံတက်သွားတော့မတတ်ပင်။
နီကျား....။ ထိုသည်မှာ သင့်တော်သော ကျင့်ကြံခြင်းလောကတစ်ခု ဖြစ်၏။ ယွမ်ရှီထျန်းကျွင်း သို့မဟုတ် ထိုက်ယိကျန်းရန်တို့၏ စွမ်းရည်များကို ရရှိခြင်းကို မပြောနှင့်ဦး.... လီကျင်း၏ စွမ်းရည်မှာပင် သူ၏လက်ရှိကိုယ်ပိုင်ထက် များစွာပို၍ကောင်းမွန်ပေသည်။
ချန်ထန်မြို့မှ လီကျင်းသည် ရုပ်ရှင်ထဲတွင် ကြီးမားသောခွန်အားကို မပြသခဲ့သော်လည်း.... သူသည် ချန်ထန်တောင်ကြားလမ်းမြို့တစ်ခုလုံးကို နတ်ဆိုးများထံမှ ကာကွယ်ပေးသော ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။ သူသည် မည်သို့အားနည်းနိုင်မည်နည်း....။
“ကောင်းလိုက်တာကွာ.... လိုချင်တာ ရောက်လာတယ်....”
စိတ်လှုပ်ရှားစွာ ကိုယ့်ဘာသာ တီးတိုးရေရွတ်ပြီးနောက် ရဲရှင်းဟွေ့သည် ရုပ်ရှင်ကို စတင်ကြည့်ရှုလိုက်၏။
"နီကျား: လူ့လောကသို့ ရောက်ရှိလာသော မိစ္ဆာကောင်ငယ်လေး (Nezha: The Devil Boy Comes into the World)" ၏ စုစုပေါင်းပြသချိန်မှာ ၁၁၀ မိနစ်ကျော်ရှိသော်လည်း.... တီဗီလေးတွင်မူ ၃၀ မိနစ်မပြည့်မီသာ ပြသခဲ့သည်။
ပြသခဲ့သောအရာမှာ နီကျားက တောင်တန်းများနှင့်မြစ်များမြေပုံထဲတွင် လေ့ကျင့်ပြီး ထိုက်ယိကျန်းရန်ကို လှည့်စားကစားသည့် အပိုင်းပင် ဖြစ်လေသည်။
တီဗီလေး၏ ယခင်ပုံစံအရ သူ့အားပေးအပ်သောစွမ်းရည်မှာ တီဗီတွင်ပြသခဲ့သော ဇာတ်ကောင်များဖြစ်ရမည်ဖြစ်ပြီး.... ဤအပိုင်းတွင် စုစုပေါင်းလူလေးဦး ပေါ်ပေါက်ခဲ့သည်။
ဇာတ်လိုက် နီကျား.... နီကျား၏ဆရာ ထိုက်ယိကျန်းရန်နှင့် နီကျား၏မိဘများပင်။
လူလေးဦးထဲမှ မည်သည့်တစ်ဦး၏စွမ်းရည်ကို သူရရှိသည်ဖြစ်စေ.... ရဲရှင်းဟွေ့သည် သူနောက်ဆုံးတွင် လေပေါ်ပျံတက်သွားနိုင်သကဲ့သို့ ခံစားလိုက်ရသည်။
“လာပြီ.... လာပြီ.... ရောက်လာပြီ....”
ဗီဒီယိုပြီးဆုံးပြီးနောက်တွင် စွမ်းရည်များလက်ခံရရှိရန် အချိန်ပင်တည်း။