← Chapters

ရေစီးကြောင်း ... ။

Vol. 5 Ch. 52

ရေစီးကြောင်း ... ။

Vol. 5 Ch. 52

သွေးဝိညာဉ်ဂိုဏ်း။ ဤစကားကို ကြားသောအခါ ချူဖုန်းချွန်း အမူအရာသည် ရုတ်တရက် လေးနက်လာသည်။

“ ဒါက ငါတို့ရဲ့ရွှမ်လင်ကုန်းမြေကြီးမှာ မကောင်းဆိုးဝါးဂိုဏ်းတစ်ခုဖြစ်ပြီး နိုင်ငံရာနဲ့ချီ ပျံ့နှံ့နေပါတယ်။ ”

“ နိုင်ငံပေါင်း ရာနဲ့ချီတောင်လား ... ။ ”

ကူချန်က အံ့အားသင့်သွား၏။ ဤအဖွဲ့အစည်းသည် သူထင်ထားသည်ထက် ပို၍ပင် အားကောင်း နေချေပြီ။

တစ်ဖက်တွင် တာအိုချင်းရှသည် တစ်ဖက်အင်အားစုမှ လက်စားချေမည်ကို ထိတ်လန့်လာသည်။ ချူဖုန်းချွန်းမှ ခေါင်းညိတ်ပြပြီး၊

“ မှန်တယ် ဒီမကောင်းဆိုးဝါးဂိုဏ်းက အချိန်အတော်ကြာအောင် တည်ရှိနေပေမယ့် သူ့ရဲ့ဌာနချုပ်ကို ရှာမတွေ့နိုင်လောက်အောင် ပုန်းအောင်းနေနိုင်ပါတယ် ...

... ပြီးတော့ သူတို့က အခြားသော ဂိုဏ်းတွေကို ဘယ်တော့မှ နှောက်ယှက်တာမျိုး မလုပ်ကြဘူး ... သူတို့ရဲ ပစ်မှတ်ဟာ ...

... သေမျိုးတွေပဲ ဒါကြောင့် ... သူတို့ကို ချေမှုန်းဖို့ ဂိုဏ်းကြီးတွေက စိတ်မဝင်စားကြတာ သဘာဝပါပဲ။ ”

ကူချန်မှ ခေါင်းညိတ်သည်။ မကောင်းမှုကို ပယ်ရှားရန် လူတိုင်းတွင် တာဝန်ရှိသော်လည်း လူတိုင်းသည် သူတို့ကို နှောက်ယှက်ခြင်းမရှိက အရေးယူရန် ဆန္ဒရှိမည် မဟုတ်ချေ။

ဤသည်မှာ ကမ္ဘာကြီး အလုပ်လုပ်ပုံဖြစ်၏။ အဖြူအမည်း မရှိချေ။ လူတိုင်း အိမ်တံခါးဝတွင် အလုပ်ရှုပ်နေကြသည်မှာ သဘာဝပေပင်။

“ သွေးဝိညာဉ်ဂိုဏ်းဟာ ဟဲရှပြည်နယ်မှာ မရေမတွက်နိုင်တဲ့ လူတွေကို သတ်ပစ်တယ်လို့ ငါကြားတယ်။ ”

“ အမှန်ပါပဲ ... ။ ”

ကူချန်စကားကို ချူဖုန်းချွန်းမှ ခေါင်းညိတ်ပြပြီး၊

“ သွေးဝိညာဉ်ဂိုဏ်းဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေမှာ အမြဲ ပါဝင်နေပေမယ့် ... သူတို့ဟာ တိုက်ရိုက် သတ်ဖြတ်မှု မလုပ်ဘူး ...

... တကယ်သာ အဲဒီလုပ်ရင် နာမည်ကြီးဂိုဏ်းတွေက သူတို့ကို ရှင်းပစ်မယ် ဆိုတာ သိထားကြတယ်။ ”

-ဟု ပြောကြားလာသည်။ ကူချန်မှ တိတ်ဆိတ်သွား၏။ ဤသည်မှာ အဓိပ္ပါယ်ရှိ၏။ ကမ္ဘာကြီးတွင် အခြားမျိုးနွယ်များ ယှဉ်တွဲ ရှိသောကြောင့် လူသားမျိုးနွယ်များသည် စည်းလုံးညီညွတ်ရပေမည်။

ရွှမ်လင်ကုန်းမြေနှင့် နန်လင်ကုန်း‌မြေ ကဲ့သို့သော နေရာများသည် လူသားမျိုးနွယ်၏ ဗဟိုချက်ဖြစ်သည်။

ထို့ကြောင့် ဂိုဏ်းကြီးများသည် သေမျိုးနိုင်ငံပေါင်းများစွာမှ လူငယ်များကို စုစည်းကာ တပည့်ခေါ်ယူသည်။

ယင်းသည် သူတို့၏ အုတ်မြစ်ဖြစ်သဖြင့် သွေးဝိညာဉ်သည်သာ အစုလိုက်အပြုံလိုက်ကို သတ်ဖြတ်ခြင်း ပြုနေသော် ရပ်ကြည့်နေမည် မဟုတ်ချေ။

နှိမ်နှင်းပစ်ရန် ကျွမ်းကျင်သူတချို့ကို ဂိုဏ်းကြီးများမှ စေလွှတ်မည်မှာ သေချာသည်။ ယခုမူ သွေးဝိညာဉ်ဂိုဏ်း၏ လုပ်ရပ်သည် အာရုံစိုက်ရန် မထိုက်တန်ချေ။

ရွှမ်လင်ကုန်းမြေကြီး တစ်ခုတည်းမှာပင် နိုင်ငံ‌ပေါင်းများစွာရှိသည်။ လူသားကုန်းမြေကြီး တစ်ခုလုံးတွင် နိုင်ငံပေါင်း မည်မျှရှိမည်နည်း။

နိုင်ငံတစ်ခု ပြိုလဲသွားရုံမျှဖြင့် ဂိုဏ်းများအုတ်မြစ်အပေါ် ထိခိုက်စေနိုင်မည် မဟုတ်သောကြောင့် လျစ်လျူရှုထားသည်။

ထိုအခြေအနေတွင် သွေးဝိညာဉ်ဂိုဏ်း အပြုအမူသည် ဆင်ပေါ် တွားသွားနေခဲ့သည့် ပုရွက်ဆိတ်တစ်ကောင်နှင့် တူနေ၏။

“ အကြမ်းဖျင်းသိထားရမှာက ... မငြိမ်မချမ်းဖြစ်နေတဲ့ ဒေသတွေမှာ သူတို့တွေ ရှိနေတယ် ... သူတို့က သေမျိုးတွေကို လှည့်ဖြားဖို့ ဆေးပြားတွေကို သုံးကြတယ် ...

... တကယ်တမ်းကျတော့ အဲဒီသွေးပေါက်ကွဲခြင်း ဆေးပြားတွေဟာ တိရစ္ဆာန်တွေလို အသိစိတ်မဲ့စေပြီး အုပ်စုဖွဲ့ သတ်ဖြတ်ကြလိမ့်မယ် ...

... သွေးဝိညာဉ်ဂိုဏ်းကို ရှင်းပစ်ဖို့ မဖြစ်နိုင်ဘူး မြက်ပင်တွေလိုပဲ အရွက်တွေကို ဖြတ်ပစ်ရင်တောင် အမြစ်တွေကို ဖယ်ရှားရ ခက်ပါတယ်။ ”

ချူဖုန်းချွန်းမှ ကားကိုးရာမဲ့စွာ သက်ပြင်းချလေသည်။ တာအိုချင်းရှက တွေဝေ သွားပြီးနောက်၊

“ တာအိုချူ ... သူတို့ရဲ့ ရည်ရွယ်ချက်ကို မင်းသိလား။ ”

-ဟု မေးမြန်းလိုက်သည်။

သွေးဝိညာဉ်ဂိုဏ်းသားများသည် ရည်ရွယ်ချက်မရှိဘဲ ဤအရာများ လုပ်ဆောင် ကြမည် မဟုတ်ချေ။

မည်မျှပင် သတိစေကာမူ ဂိုဏ်းကြီးများမှ ချေမှုန်းခံရမည့် အန္တရာယ်မျိုး ကြုံရနိုင်သည်။ ထိုကြောင့် ဤလုပ်ရပ်နောက်ကွယ်တွင် ရည်ရွယ်ချက် ရှိရပေမည်။

မကောင်းဆိုးရွား ဂိုဏ်းအများစုသည် ပုံမှန်မဟုတ်သော်လည်း ၎င်းတို့သည် မိုက်မဲစွာ လုပ်ဆောင်ခြင်း မရှိသည်မှာ သဘာဝပေပင်။

ချူဖုန်းချွန်းမှ အနည်းငယ် မျက်မှောင်ကြုတ်ပြီး၊

“ တကယ်တော့ ငါနည်းနည်းပဲ သိတယ်။ ”

-ဟု တုန့်ပြန်လာသည်။

“ သွေးဝိညာဉ်ဂိုဏ်းက အခမ်းအနား တစ်ခုအတွက် သွေးအ‌မြောက်အများ စုဆောင်း နေတာလို့ ငါကြားတယ် ... ဒါပေမယ့် ...

... ဘာအတွက်လဲဆိုတာတော့ ငါလည်းမသိဘူး ဒီကိစ္စကို စုံစမ်းဖို့ ကြိုးစားတဲ့ ဂိုဏ်းတွေရှိခဲ့ပေမယ့် သွေးဝိညာဉ်ဂိုဏ်းက သူလျှိုတွေကို သတ်ပစ်လိုက်တယ်။ ”

“ အခမ်းအနားတစ်ခုလား ... ။ ”

ကူချန်တစ်ယောက် ထိုစကားကို ကြားပြီးနောက် အသက်ပြင်းပြင်းရှူ လိုက်၏။ လူ့သွေးများကို လိုအပ်နေသော အခမ်းအနား ဟူသည် ကောင်းမွန်သောအရာ မဟုတ်ချေ။

ဖူစုနိုင်ငံ မငြိမ်မသက်မှုကြောင့် သွေးဝိညာဉ်ဂိုဏ်းသည် ရှန့်နန်လမ်းတလျှောက် ခြေကုပ်ယူထားနိုင်ခဲ့သည်။

တာအိုချင်းရှသည် လေးနက်သော အမူအရာမျိုး ပြသလာ၏။ အတိတ်၌ဖြစ်သော် ဤအရာကို စိတ်ဝင်စားမည် မဟုတ်ချေ။

အဆုံးတွင် သူ၏ရှန်ရှင်းနယ်ပယ် ကျင့်ကြံမှုမျိုးဖြင့် အနိုင်မယူနိုင်သော်လည်း ထွက်ပြေးနိုင်သေးသည်။

ယခုမူ ထိုသို့လုပ်ဆောင်၍ မရတော့ချေ။ သူ့တွင်မိန်းမနှင့်သားသမီးများ ရှိနေပြီဖြစ်သည်။ တာအိုချင်းက ကူချန်ထံ ကြည့်၏။

“ ဝှစ် ... ။ ”

ကူချန်က လက်ဝှေ့ယမ်းလိုက်ပြီး ကျောက်စားပွဲပေါ်သို့ မက်မွန်ပွင့်ဝိုင်တစ်အိုး တင်ပေးလိုက်သည်။

“ ငါ့ရဲ့စိတ်ထဲက သံသယတွေကို ရှင်းပေးနိုင်လို့ ကျေးဇူးတင်ပါတယ် တာအိုချူ ဒါက ငါကိုယ်တိုင် ချက်လုပ်ထားတဲ့ ဝိုင်ပါ ... လက်ဆောင်အဖြစ် မှတ်ယူပါ။ ”

“ ဝိညာဉ်ရေးဝိုင် ... ။ ”

ချူဖုန်းချွန်းတစ်ယောက် မျက်လုံးများ တောက်ပလာလေသည်။ ဤသည်မှာ ရတနာ ဖြစ်၏။ သို့သော် လက်ဆောင်ကို လက်ခံရန် သူ မည်သည့်အကျိုးမျှ မဆောင်ခဲ့သည်ကို သတိရလာသည်။

အဆုံးတွင် မက်မွန်ပွင့်ဝိုင်ကို စက္ကန့် အနည်းငယ်မျှ စိုက်ကြည့်လျက် အံကြိတ်ကာ လက်ဝှေ့ယမ်းပြပြီး၊

“ ဒါဟာ စကားစမြည်ပြောတာလေးပါ မင်းကဘာလို့ ဒီလောက်ယဉ်ကျေးနေရတာလဲ။ ”

-ဟု ငြင်းဆန်လိုက်သည်။

“ တာအိုတွေမှာ နိယာမရှိတယ် ... ငါ့မှာကိုယ်ပိုင် စည်းမျဉ်းရှိတယ် ဒီဝိုင်အိုးက မင်းအတွက် အသေးအဖွဲဆိုပေမယ့် ငါ့အတွက် အဓိပ္ပါယ်ရှိတယ် ကျေးဇူးပြုပြီး မငြင်းပါနဲ့။”

ကူချန်စကားကြောင့် ချူဖုန်းချွန်းတစ်ယောက် အနည်းငယ်တွေးတော ငြိမ်သက်သွားကာ အဆုံးတွင် သက်ပြင်းချလျက်၊

“ တာအိုချန်ရှန် ... မင်းအရမ်းယဉ်ကျေးတာပဲ ဒါကို ငါလက်ခံ လိုက်ပါမယ်။ ”

-ဟု ပြောကြားလိုက်သည်။

ကူချန်က တာအိုချင်းရှထံကြည့်၏။ တာအိုချင်းရှမှ သဘောပေါက်ပြီး မတ်တပ်ရပ် ဦးညွှတ်ကာ၊

“ အခုတော့ ကိစ္စပြီးသွားပြီ ... ငါနဲ့ ငါ့တပည့်မင်းကို နောက်ထပ် မနှောင့်ယှက် တော့ပါဘူး။ ”

“ မင်းတို့နှစ်ယောက် ဒီလောက် အလျင်လိုနေတာလား ... ဒီမှာတစ်ညလောက် မနေတော့ဘူးလား။ ”

“ မဟုတ်ဘူး၊ ငါတို့စျေးကိုသွားဖို့ စီစဉ်ထားတယ် ဒီခရီးစဉ်က ငါတို့ကိုစွမ်းအင် အများကြီးကုန်စေတယ် ... ဒါကြောင့် ပြန်လည်ဖြည့်တင်းရမယ်။ ”

ကူချန်မှ ပြန်လည်ဖြေကြားသည်။

“ မင်းတို့နှစ်ယောက် ရိက္ခာတွေ ဖြည့်တင်းပြီးရင် ... တောင်ပိုင်းစိတ်ဝိညာဉ် ကုန်းမြေကြီးကို ပြန်တော့မှာလား။ ”

“ မဟုတ်ဘူး ... ။ ”

တာအိုချင်းရှက မုတ်ဆိတ်မွေးများပွတ်သပ်ကာ ပြုံးပြပြီး၊

“ ဒီကိုလာဖို့ မလွယ်ဘူး ... ချက်ချင်း ပြန်သွားရင် အရမ်းနှမျောစရာ ကောင်းသွား လိမ့်မယ်။ ”

-ဟု ဖြေကြားလိုက်၏။

“ ဟား ဟား ဟား ... ။ ”

ချူဖုန်းချွန်းမှ အနည်းငယ် ငြိမ်သက်သွားပြီးနောက် အဆုံးတွင် နားလည် သွားကာ ရယ်မောလိုက်တော့၏။

ရွှမ်လင်ကုန်းမြေမှ နန်လင်အထိ တည်နေရာရွေ့ပြောင်း အစီရင်ကို အသုံးပြုခြင်း သို့မဟုတ် ဘုံပျံလှေစီးနင်းခြင်း မည်သို့ပင် ဆိုစေကာမူ ပျင်းရိစရာပေပင်။

“ မင်းတို့နှစ်ယောက် ဈေးထဲမှာ အကူအညီတစ်ခုခုလိုရင် ချင်ယွမ်စျေးထဲက ငါ့ရဲ့ သံနက်စံအိမ်ဆိုင်ခွဲကို သွားလို့ရတယ် ...

... ငါတို့စံအိမ်က သွန်းလုပ်တဲ့ ဝိညာဉ်လက်နက်တွေ အားလုံးကို အဲဒီမှာပဲ ရောင်းချတယ် ... ဒီတံဆိပ်ပြရင် သူတို့ နည်းနည်း ဂရုစိုက်လိမ့်မယ်။ ”

ချူဖုန်းချွန်းက တံဆိပ်တစ်ခုထုတ်ပြီး ကူချန်ထံ ကမ်းပေးလိုက်တော့သည်။ ကူချန်မှ ခေါင်းညိတ်၏။

“ ကျေးဇူးအများကြီးတင်ပါတယ် တာအိုမိတ်ဆွေ။ ”

“ မင်းတို့နှစ်ယောက် အချိန်ရရင် ... ဒီကိုလာပြီး ရှုခင်းတွေ ကြည့်လို့ရပါတယ် ... ။ ”

ထို့နောက် ချူဖုန်းချွန်းက ကူချန်ပေးထားသော မက်မွန်ပွင့်ဝိုင်ထံသို့ လှည့်ကြည့်လိုက်ပြီး၊

“ မင်းတို့ပေးထားတဲ့ ဒီဝိညာဉ်ရေးဝိုင်နဲ့ ငါဧည့်ခံမယ် ... ။ ”

-ဟု ရွှင်မြူးစွာ ပြောကြားလိုက်တော့သည်။

“ ဟား ဟား ဟား ... ။ ”

ထိုစကားကြောင့် ရယ်မောသံများ ညံသွားတော့သည်။ ကူချန်နှင့် တာအိုချင်းရှ အချင်းချင်း ပြန်ကြည့်လျက်၊

“ ကောင်းပြီ ... အခွင့်အရေးရရင် ငါမင်းနဲ့ထပ်ပြီး စကားပြောချင်ပါသေးတယ် နှုတ်ဆက်ပါတယ် တာအိုချူ။”

-ဟု နှုတ်ဆက်လိုက်တော့သည်။

“ ကောင်းပြီ လမ်းခရီးကို ဂရုစိုက်ပါ ... ။ ”

***

All Chapters