ပြီးပြည့်စုံသော ဘဝ ... ။
Vol. 5 Ch. 54
တာအိုချင်းရှ၏ အတိတ်ပုံပြင်များကို နားထောင်ပြီးနောက် ကူချန်ကထိုဂိုဏ်းအပေါ် ယေဘူယျ အထင်ကြီးခဲ့သည်။
နှင်းပန်းဓားကျောင်းဆိုသည့် အမည်ကို စောင့်ထိန်းနိုင်၏။ နတ်ဆိုးများအပေါ် ဖိနှိမ်ခြင်း ဖြင့်ပင် ကောင်းမွန်သော ဂိုဏ်းအဖြစ် သတ်နိုင်နိုင်ချေပြီ။
“ ဒါဆို နှင်းပန်းဓားကျောင်းက နားမည်နဲ့ လိုက်ဖက်ပါပေတယ်။ ”
ကူချန်၏မှတ်ချက်ကို ကြားပြီးနောက် တာအိုချင်းရှမျက်နှာပေါ်တွင် မာန်မာနများဖြင့် တောက်ပလာခဲ့သည်။
“ တကယ်တော့ ... ငါတို့ဂိုဏ်းက နတ်ဆိုးတွေနဲ့ မကောင်းဆိုးရွာတွေကို မစ်ရှင်လို ပစ်မှတ်ထား အမြဲချေမှုန်းကြပါတယ်။ ”
သို့သော် ကူချန်မှ ပြုံးလိုက်သည်။ တာအိုချင်းရှသည် ထိုဂိုဏ်းတွင် အနှစ်နှစ်ဆယ် နေထိုင်ခဲ့သော်လည်း မည်သည့်တာဝန်မှ မထမ်းဆောင်ဖူးသည်ကို သတိရပုံမပေါ်ချေ။
မည်သို့ပင် ဆိုစေကာမူ တာအိုချင်းရှ၏ ရိုးသားသောနှလုံးသားအတွက် ထိုစကားများကို မပြောရန် ဆုံးဖြတ်ထားသည်။
တစ်ဖက်တွင် ဤနှစ်ရက်အတွင်း ရရှိလာခဲ့သော အရင်းအမြစ်များအတွက် သူ ကျေနပ်မဆုံးနိုင်ချေ။ သိုလှောင်လက်စွပ်ထဲမှ မက်မွန်ပွင့်ဝိုင်ကို ထုတ်ယူပြီး၊
“ ဆရာ ... ငါတို့ အတူတူ မသောက်ရတာကြာပြီ ... သောက်ကြမလား။ ”
-ဟု မေးမြန်းလိုက်သည်။
တာအိုချင်းရှ၏ မျက်လုံးများ တောက်ပလာပြီး၊
“ ဆက်လုပ်ပါ ... ။ ”
-ဟု ခေါင်းညိတ်တော့၏။
ခြံဝင်းထဲတွင် ထင်းရှူးပင်များ စိမ်းစိမ်းစိုစိုဖြင့် ခြံထောင့်ရှိ သစ်ပင်များပေါ်တွင် နှင်းစက်များ တွဲလောင်းကျနေသည်။
မြေပြင်ရှိ မြက်ခင်းပြင်တွင် နှင်းလွှာများဖုံးလွှမ်းနေ၏။ နှစ်ယောက်သား ကျောက်စားပွဲဝိုင်းတွင် ထိုင်လျက် ဝိုင်ကို အရသာခံသောက်ကာ အနားယူနေခဲ့သည်။
နောက်တစ်နေ့မနက်တွင် လင်းရင်ဘုံကျောင်း မီးဖိုခန်းအတွင်းသို့ ကူချန်က လှမ်းဝင်လာ၏။
မီးလျှံများ တဟုန်းဟုန်း တောက်လောင်နေသော မီးဖိုကြီးဘေးတွင် မင်ယွဲ့က ထိုင်နေသည်။ လက်နှစ်ဖက်ပေါ် မေးတင်လျက် မီးတောက်များထံ ငေးကြည့်နေ၏။
ခုန်ပေါက်နေသော မီးတောက်များက သူမမျက်နှာအပေါ် ရောင်ပြန်ဟပ်ကာ ချစ်စရာ ကောင်းနေစေသည်။
မီးဖိုပေါ်တွင် အိုးကြီးတစ်လုံး အငွေ့တထောင်းထောင်း ထွက်နေ၏။ ကူချန်က မင်ယွဲ့အနား လျှောက်သွားကာ လက်ဖဝါးထဲ အသီးအနှံအချို့ကို ထည့်ပေးလိုက်သည်။
“ ဟမ့် ... ။ ”
မင်ယွဲ့တစ်ယောက် သတိဝင်လာပြီး ပြန်မော့ကြည့်၏။ ကူချန်က ထင်းချောက်များ မီးဖိုထဲ ထပ်ထည့်ကာ၊
“ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ”
-ဟု ပြောလိုက်သည်။
ဤမီးတောက်သည် ငြိမ်း၍မရချေ။ တစ်ချိန်လုံးစောင့်ကြည့်နေကာ ရေမခမ်းအောင် အာရုံစိုက်ရမည်ဖြစ်၏။
ဆိုလိုသည်မှာ တစ်စုံတစ်ယောက်သည် အချိန်တိုင်း စောင့်ကြည့်နေရန် လိုအပ်မည်ဟု အဓိပ္ပါယ်ရသည်။ ချင်းဖန်က ထိုတာဝန်ကို မယူနိုင်ချေ။ ထို့ကြောင့် မင်ယွဲ့ဖြင့် အစားထိုးခဲ့ခြင်းဖြစ်သည်။
ကူချန်စကားကိုကြားချိန်၌ မင်ယွဲ့ကခေါင်းခါပြပြီး၊
“ ဒါ ယွဲ့အာတာဝန်ပါ။ ”
-ဟု ပြောကြားလာသည်။
“ ဟား ဟား ဟား ... ။ ”
ထိုစကားကိုကြားသောအခါ ကူချန်မှ ရယ်မောလိုက်သည်။ မင်ယွဲ့က စကားထပ်မဆို တော့ဘဲ သူပေးခဲ့သည့် အသီးအနှံများကို တိတ်ဆိတ်စွာ စားနေခဲ့၏။
“ မင်း အနားယူပါ ငါကြည့်ထားလိုက်မယ်။ ”
“ မဟုတ်ဘူး ... စီနီယာအစ်ကိုနဲ့အတူ ဒီမှာနေမယ် ... ယွဲ့အာမှာ လုပ်စရာ မရှိဘူး။ ”
“ လုပ်စရာမရှိရင် ချင်းဖန်လို မြို့ထဲမှာ လျှောက်သွားလို့ရတယ် ပိုက်ဆံမရှိရင် ဆရာ့ဆီ သွားယူလိုက် သူက ချမ်းသာတဲ့အမျိုးသမီးနဲ့ အိမ်ထောင်ကျထားတာ ဒါမှမဟုတ် ငါပေးလိုက်မယ်။ ”
မင်ယွဲ့က ခေါင်းခါပြီး၊
“ စျေးဝယ်ထွက်ရတာကို မကြိုက်ဘူး။ ”
-ဟု တုန့်ပြန်၏။
“ ဒါဆို မင်းဘာလုပ်ရတာ ဝါသနာပါလဲ၊ လူတိုင်းမှာ ဝါသနာတစ်ခုရှိရမယ် မဟုတ်လား။ ”
“ စီနီယာအစ်ကို မင်းရောဘာဝါသနာပါပဲ။ ”
မင်ယွဲ့က ကူချန်ထံ တောက်ပသော မျက်ဝန်းများဖြင့် ပြန်မော့ကြည့်ကာ မေးသည်။ ကူချန်တစ်ယောက် ခဏမျှစဉ်းစားပြီး စိတ်ရှုပ်ထွေးသည့်အသံဖြင့်၊
“ ဟိုးအရင်တုန်းက ငွေရှာဖို့ ဖြစ်နိုင်တယ်၊ ဒါပေမယ့် အခုတော့ ဓားရေးတွေ လေ့ကျင့်မယ်၊ ပန်းစိုက်မယ်၊ ဝိုင်ချက်မယ်၊ အဂ္ဂိရတ်ထိုးမယ်၊ လက်နက်သွန်းလုပ်မယ် ...
... ဒီအရာတွေ အားလုံးကို ငါစိတ်ဝင်စားတယ် ဒါပေမယ့် ငါ့အလျင်စလို မဟုတ်တဲ့အတွက်ကြောင့် အရာအားလုံးမှာ ပျော်စရာတွေကို ရှာတွေ့နိုင်မှာပါ။ ”
ယခင်ဘဝတွင် စီးပွားရေး လုပ်ငန်းများစွာ လုပ်ဆောင်ခဲ့ဖူးသည်။ အချိန်နှင့်ငွေဟူသည် သူ့အတွက် အပေါများဆုံးဖြစ်၏။
သို့သော် ရလဒ်သည် မမျှော်လင့်ထားချေ။ အောင်မြင်ကြွယ်ဝလာချိန်၌ သူ သေသွားသည်။ ယင်းအတွက် နောင်တရ၏။ ပျော်ရွှင်မှုများ ဆိတ်သုဉ်းကုန်သည်။
ယခုသူ့တွင် အချိန်အများကြီးရှိသည်။ ထို့ကြောင့် သူ့ကိုယ်သူ ပျော်ရွှင်စွာနေနိုင်မည်။ ရှန်ရှင်းနယ်ပယ်မှာ ကျင့်ကြံသူ၏ သက်တမ်းမှာ နှစ်ပေါင်းတစ်ရာ့ငါးဆယ်ဖြစ်ပြီး ယွမ်ဖူနယ်ပယ် သက်တမ်းသည် နှစ်သုံးရာဖြစ်သည်။
ယင်းသည် သက်တမ်း၏ (၁၀)ဆကို မွေးရာပါပိုင်ဆိုင်ရရှိထားသဖြင့် အနှစ်သုံးထောင် ဖြစ်သည်။ ယွမ်ဖူနယ်ပယ်ပြီးနောက် သက်တမ်း ပိုရှည်လာမည်ဖြစ်၏။
ဆိုလိုသည်မှာ သူ့သက်တမ်းသည် သေချာပေါက် အကန့်အသတ် မရှိနိုင်တော့ချေ။ ကူချန်ပြောသည်ကိုကြားပြီးနောက် မင်ယွဲ့က ခေါင်းခါကာ၊
“ ဘာဝါသနာပါလည်း မသိပေမယ့် စီနီယာအစ်ကိုနဲ့အတူ နေရတာကို ကြိုက်တယ်။ ”
-ဟု တုန့်ပြန်၏။
ကူချန်တစ်ယောက် အံ့အားသင့်သွားသည်။ တစ်ဆက်တည်းမှာပင် မင်ယွဲ့ထံ လှည့်ကြည့်ပြီး ပါးကိုဖျစ်လိုက်၏။
“ မင်းက အရမ်းချစ်စရာကောင်းတဲ့ မိန်းကလေးပဲ ... ဘာလို့ ငါ့အနားမှာနေရတာ ကြိုက်တာလဲ ပြောပြပါ။ ”
မင်ယွဲ့ခမျာ စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းခါသည်။ ထို့နောက် မသေချာမရေရာ ဟန်ဖြင့်၊
“ စီနီယာအစ်ကိုနဲ့အတူ နေရတာ လုံခြုံတယ်လို့ ခံစားရတယ်။ ”
-ဟု ပြန်ဖြေသည်။
သူမ အဖြေကိုကြားပြီးနောက်၊
“ မင်းမှာ ယုံကြည်မှု ကင်းမဲ့နေတာ ဖြစ်နိုင်တယ်"
-ဟု ကူချန်မှ မှတ်ချက်ပေးသည်။
မင်ယွဲ့သည် ကပ်လေးကိုးပါး ကံကြမ္မာကိုရရှိပြီး ကြမ်းတမ်းသော ဘဝတစ်ခု ပိုင်ဆိုင်ထားသည်။
ဘဝတွင် အသက်နှင့်သေဆုံးခြင်း အကျပ်အတည်းများစွာ တွေ့ကြုံခဲ့ရပြီးနောက် လုံခြုံမှုမရှိဟု ခံစားရခြင်းသည် ပုံမှန်ပေပင်။
မီးဖိုထဲက မီးတောက်များကို ကြည့်လျက် မင်ယွဲ့ခေါင်းပေါ် ပုတ်ကာ၊
“ ကြိုးစားပြီး လေ့ကျင့်ပါ ... မင်းရဲ့ခွန်အားက အန္တရာယ်ကို လျစ်လျူရှုနိုင် လောက်အောင် အားကောင်းလာရင် မင်း လုံခြုံတယ်လို့ ခံစားရလိမ့်မယ်။ ”
-ဟု နှစ်သိမ့်လိုက်သည်။
အမှန်တွင် သူသည်လည်း သူမကဲ့သို့ ခံစားရချေပြီ။ ကမ္ဘာကြီးသည် ကြီးမားလွန်းပြီး သူသည် အားနည်းလှ၏။ မလုံခြုံချေ။
ယွမ်ဖူနယ်ပယ်၏ ခွန်အားသည် ဖူစုနိုင်ငံအတွင်း ထိပ်တန်းဖြစ်သော်လည်း ပြင်ပတွင် ရေတစ်စက်မျှသာဖြစ်သည်။
တစ်ကြိမ် သေခဲ့ဖူးသည့်အတွက် ပြန်လည်မွေးဖွားလာသော ဤလက်ရှိဘဝကို မြတ်နိုးချေပြီ။
သို့သော် မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းကို ကောင်းကင် အောက်ရှိ သက်ရှိအားလုံးသည် မည်သူမျှ မလွန်ဆန်နိုင်ချေ။
လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ အသက်ပိုရှည်ရန် ဖြစ်သည်။ အချိန်အနည်းငယ် ကြာသည်အထိ နှစ်ယောက်သား အတွေးများ ပျံ့လွင့်နေခဲ့၏။
မီတောက်များ တဟုန်းဟုန်းတောက်လျက် အကြည့်နှစ်စုံသည် ငြိမ်သက်နေချေပြီ။ ချင်းဖန် တစ်ယောက် ဝင်ရောက်လာချိန်အထိ ဖြစ်၏။
“ စီနီယာအစ်ကို ... ။ ”
ချင်းဖန်က မုဝေနှင့်အစေခံကို ခေါ်ဆောင်လျက် မီးဖိုခန်းအပြင်ဘက်တွင် ရပ်နေခဲ့သည်။
တံခါးဝတွင် မုဝေသည် ကြည်နူးစရာကောင်းသော မြင်ကွင်းတစ်ခုကို မှင်သပ်စွာငေးနေခဲ့သည်။
တာအိုဘုန်းကြီးနှင့် မိန်းကလေးသည် ဘေးချင်းကပ်ထိုင်ပြီး ပခုံးပေါ် လက်တင်လျက် မီးဖိုထံ ငေးကြည့်နေခြင်းဖြစ်၏။
ဆောင်းမနက်ခင်းအတွင်း ပန်းချီကားတစ်ချပ်လို နှစ်လိုဖွယ် အနွေးဓါတ်ကို ခံစားရစေသည်။ သို့သော် သည်းမခံနိုင်တော့ဘဲ၊
“ ဘာတွေ လုပ်နေကြတာလဲ။ ”
-ဟု နှောက်ယှက်လိုက်တော့၏။
ကူချန်နှင့်မင်ယွဲ့က ပြန်လှည့်ကြည့်သည်။ တံခါးဝတွင် လူသုံးယောက်သည် မတူညီသော အကြည့်များဖြင့် ရပ်နေချေပြီ။
ကူချန်အမူအရာသည် ယခင်အတိုင်း ငြိမ်သက်နေသော်လည်း မင်ယွဲ့၏မျက်နှာမှာ အနည်းငယ် နီမြန်းသွားခဲ့၏။
ဤတုန့်ပြန်မှုသည် မုဝေနှင့်အစေခံကို အနည်းငယ် ထူးဆန်းသွားစေသည်။ ကူချန်က ပြုံးပြပြီး၊
“ ငါတို့အခုပဲ မင်ယွဲ့နဲ့ ... ဘဝရဲ့ ပြီးပြည့်စုံမှုအကြောင်း ပြောနေကြတာပါ။ ”
-ဟု ပြန်ဖြေလိုက်၏။
“ ဘဝရဲ့ ပြီးပြည့်စုံမှုလား။ ”
မုဝေမှ မျက်ခုံးပင့်လေသည်။
“ ဟုတ်တယ် ... ပြီးပြည့်စုံတဲ့ဘဝ၊ မင်ယွဲ့ကအနာဂတ်မှာ သန်မာတဲ့အမျိုးသမီး တစ်ယောက် ဖြစ်ချင်ပြီး ... သူမရဲ့ခွန်အားနဲ့ ကောင်းကင်ဘုံကိုးပါးကို လွှမ်းမိုးမယ် ရန်သူတွေအားလုံးကို နှိမ်နင်းမယ်။ ”
ထိုစကားကို ကြားချိန်၌ မင်ယွဲ့က စိတ်ရှုပ်ထွေးသော အမူအရာမျိုးဖြင့် ကူချန်ထံ ငဲ့ကြည့်လိုက်လေသည်။
( စီနီယာအစ်ကို ... ငါတကယ် အဲဒီလို ပြောခဲ့လို့လား။ )
***