← Chapters

ခရီးထွက်ခြင်း။

Vol. 5 Ch. 55

ခရီးထွက်ခြင်း။

Vol. 5 Ch. 55

“ မင်းတို့ဘာလို့ ဒီကိုရောက်နေတာလဲ။ ”

ကူချန်က မုဝေနှင့် သူမဘေးနားရှိ အစေခံမလေးကို ကြည့်ပြီး မေးလိုက်သည်။ အစေခံမလေးသည် ယခုအချိန်၌ မုဝေထက်ပင် အရပ်ရှည်ကာ အရွယ်ရောက်လာပြီဖြစ်၏။

အချိန်ကုန်လွန်သည်မှာ မြန်လွန်းချေပြီ။ ထိုခံစားချက်သည် ကူချန်နှလုံးသားအတွင်းသို့ ရုတ်ချည်း ဝင်ရောက်လာပြန်၏။

“ မြို့ထဲမှာ ဘုန်းကြီးတစ်ပါးနဲ့ တွေ့တယ် ... တာအိုဘုန်းကြီးက အရမ်းထူးဆန်းတဲ့ ဥတွေကို ပြန်ယူလာတယ်လို့ ပြောတာကြားပြီး သိချင်လို့ လာခဲ့တာ။ ”

ရှောင်ယွင်က၊

“ အစ်မမု ... မင်းလာချင်နေလို့လာတာ ဘာလို့ဆင်ခြေပေးနေရတာလဲ။ ”

-ဟု ပြောကြားလိုက်သည်။

“ အား ... ။ ”

ရုတ်တရက် မုဝေက ရှောင်ယွင်ခါးဆီသို့ လိမ်ဆွဲလိုက်သဖြင့် ‌ရှောင်ယွင်ခမျာ နာကျင်စွာ အော်ဟစ်လိုက်၏။ ကူချန်မှ ပြုံးသည်။ ဤအစေခံနှင့် မိန်းကလေးမုသည် ရယ်စရာကောင်းပေ၏။

“ ဘာဖြစ်လို့လဲ ကြွက်မြင်လိုက်လို့လား။ ”

ကူချန်မှ မေးသည်။ ဤတစ်ကြိမ်တွင် ‌ရှောင်ယွင်သည် ခေါင်မိုးပေါ် မော့ကြည့်လျက် လက်ဖဝါးဖြင့် ယပ်ခပ်ကာ၊

“ ဒီအခန်းက အရမ်းပူတယ်။ ”

-ဟု ညည်းတွားလိုက်တော့၏။

ထိုအချိန်တွင် ချင်းဖန်သည် မီးဖိုဆီသို့ လျှောက်လှမ်းသွားပြီး အိုးအဖုံးကို ဖွင့်ကြည့်ကာ၊

“ စီနီယာအစ်ကို ... ငါတို့ ဘယ်အချိန်စားရမှာလဲ နေ့ရောညပါ ပြုတ်ပေး နေတာတောင် ဥက မရသေးဘူးလား။ ”

-ဟု မေးမြန်းလာသည်။

ယင်းကြောင့် ကူချန်က ချက်ချင်း လှည့်ကြည့်ကာ ချင်းဖန်ခေါင်းကို ဒေါက်ခနဲ ခေါက်ချလိုက်၏။

“ စားဖို့ ပြုတ်နေတာလို့ ... မင်းကို ဘယ်သူပြောလဲ။ ”

ချင်းဖန်ခမျာ အံ့အားသင့်သွားပြီး ခေါင်းကိုပွတ်သပ်လျက်၊

“ မဟုတ်ဘူးလား ... ။ ”

-ဟု ပြန်မေးလိုက်သည်။ ဤဥများကို တစ်နေ့နှင့်တစ်ည ပြုတ်နေပြီး စားရန်မဟုတ်ဟု ဆိုချင်နေသည်လော။

(စီနီယာအစ်ကို မင်းငါ့ကို မကျွေးချင်လို့ မဟုတ်လား။)

“ ဟမ့် ... ဒါစားဖို့ မဟုတ်ဘူး ... အကောင်ဖောက်နေတာ။ ”

ရေနွေးအိုးကြီးထဲတွင် ရေများ ပွက်ပွက်ဆူနေ၏။ လူဦးခေါင်းအရွယ်ငှက်ဥများ ပေါ်လိုက်ပြောက်လိုက် ဖြစ်နေသည်။

ဥခွံအဖြူပေါ်တွင် အနီရောင်မျဉ်းများ သလင်းကျောက်ကဲ့သို့ တောက်ပြောင်နေကာ လူတိုင်းက တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။ အဆုံးတွင် ရှောင်ယွင်က သည်းမခံနိုင်တော့ဘဲ၊

“ ဒီလိုနည်းလမ်းမျိုးနဲ့ ဘယ်တုန်းက အကောင်ဖောက်လို့ ရခဲ့တာလဲ။ ”

-ဟု ညည်းတွားလိုက်သည်။

ချင်းဖန်က ဗိုက်ကို ပွတ်သပ်ပြီး၊

“ အကောင်းဆုံးက ... သူတို့ကို ငါ့ဗိုက်ထဲမှာပဲ ပေါက်အောင်ထားသင့်တယ်။ ”

-ဟု ဝင်ပြော၏။

ကူချန်မှ ထိုနှစ်ယောက်ထံ ပြန်လှည့် ကြည့်လိုက်သည်။ ဤကလေး နှစ်ယောက်တွင် ရှေးမစွတည်းကပင် စားရန်အကြံအစည်များ ရှိနေပုံရ၏။ မုဝေက ရေနွေးအိုးကြီးကို ကြည့်ကာ၊

“ ဒီဥတွေက သာမန်နည်းလမ်းနဲ့ အကောင်ဖောက်လို့မရလောက်ဘူး ဒီနည်းက နည်းလမ်းအမှန် ဖြစ်နိုင်မယ်။ ”

-ဟု မှတ်ချက်ပေးသည်။

ကူချန်က တိတ်ဆိတ်နေသည်။ သူ ရရှိလာသော စကြာဝဠာသက်တမ်းဟုခေါ်သည့် သားရဲထိန်းကျောင်းခြင်းသုတ္တန်တွင် သားရဲမျိုးစုံ အကြောင်း မှတ်တမ်းများစွာ ပါရှိသည်။

ဤရေနွေးအိုးထဲရှိ ဥများကို အကောင်ပေါက်ရန် အလွန်မြင့်မားသော အပူချိန်တွင် ထားရှိရပေမည်။

ထို့အတွက်ကြောင့် ဝင်္ကပါတစ်ခု တည်ဆောက်ရမည်ဖြစ်၏။ သို့သော် သူ့တွင် သက်ဆိုင်ရာ ပစ္စည်းများ မရှိသောကြောင့် ရိုးရှင်းစွာ ပြုတ်နေမိခြင်းဖြစ်သည်။

“ အကောင်ပေါက်မလာရင် ငါတို့စားလို့ရသေးတယ် မဟုတ်လား။ ”

“ မဟုတ်ဘူး အကောင်ပေါက်လာမှ ချက်စားရင် ပိုအရသာရှိနိုင်တယ်။ ”

“ ဒါပေမယ့် ဒီငှက်ဥက အရသာရှိပါ့မလား။ ”

ထို့နောက်တွင် လူတိုင်းသည် သူတို့အမြင်များကို ပြောဆိုဆွေးနွေးလာကြ၏။ အဆုံးတွင် နားပူလာသဖြင့် သူတို့အားလုံးကို အပြင်ထွက်ရန် မောင်းထုတ်လိုက်ရသည်။

ကာလသည် ဆောင်းရာသီ ဖြစ်နေသောကြောင့် တောင်တန်းများပေါ်တွင် နှင်းခဲများထူထပ်စွာ ဖုံးလွှမ်းနေသည်။

ယနေ့ကောင်းကင်သည် မှန်ကဲ့သို့ ကြည်လင်ကာ ခြံဝင်းအတွင်း၌ မုဝေနှင့်အတူ အစားအသောက်သေတ္တာများ အစီအရီရှိနေ၏။

ကူချန်သည် မီးခိုခန်းမှ ထွက်လာပြီး ၎င်းကိုမြင်သောအခါ မျက်ဝန်းများမှေးစင်းလျက် မုဝေဘက်လှည့်ကာ၊

“ ဒါတွေ ဘာလုပ်ဖို့ ယူလာတာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

မုဝေက ပြန်မဖြေနိုင်ခင် ရှောင်ယွင်မှ၊

“ ဒါတွေအားလုံးက အရမ်းလတ်ဆတ်တဲ့ စားဖွယ်တွေပဲ အစ်မမုက နှင်းမနက်ခင်းတွေကို ကြည့်ရင်း ဟော့ပေါ့လုပ်စားဖို့ ယူလာတာ။ ”

-ဟု ပြန်ဖြေသည်။

“ နှင်းကိုကြည့်ဖို့လား။ ”

ကူချန်တစ်ယောက် စကားမဆိုတော့ဘဲ ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် မုဝေက အနည်းငယ် မျက်မှောင်ကြုတ်လျက်၊

“ ရှောင်ယွင် နင်အစားအသောက်တွေ အများကြီး သယ်လာတာပဲ ငါတို့ဖြုန်းတီးမိမှာ ကြောက်တယ် ... ။ ”

-ဟု ဆိုကာ ကူချန်ထံ ပြန်ကြည့်သည်။

“ အဟမ်း .. အဟမ်း ... တာအိုဘုန်းကြီး မင်းငါတို့နဲ့အတူ လိုက်လာနိုင်မလား။ ”

ထို့နောက် ချောင်းနှစ်ကြိမ်ဆိုးကာ ဖိတ်ခေါ်၏။ ကူချန်မှ မုဝေ၏အတွေးများကို တစ်ချက်ကြည့်သည်နှင့် သိသည်။

ယင်းကြောင့် တိုက်ရိုက်ငြင်းဆိုရန် အဆင်မပြေသည့်အတွက် သူ့အနားရှိချင်းဖန်နှင့် မင်ယွဲ့ထံ လှည့်ကြည့်ပြီး၊

“ ဒါတော့ မဖြစ်နိုင်ဘူး ... ဒါပေမယ့် သူတို့တွေကို မင်းခေါ်သွား ... ။ ”

-ဟု ထည့်ပေးလိုက်ရန်ပြင်သည်။ သို့သော်။

“ မင်ယွဲ့ ... ငါနင့်အတွက် မြို့ကနေ စားစရာတွေ အများကြီး ဝယ်လာတယ် ... လာ ငါ့နောက်လိုက်ခဲ့ ... ။ ”

ကူချန်စကားမဆုံးသေးခင် ချင်းဖန်မှ ရုတ်တရက် မင်ယွဲ့လက်ကောက်ဝတ်ကိုဆွဲကာ ချက်ချင်း လှည့်ထွက်ပြေးသွားတော့၏။

ချင်းဖန်၏ ဘောင်းဘီအိတ်ဆောင် အတွင်းဆီမှ များပြားလှသော တချွင်ချွင်မြည်သံ များကို အဝေးမှပင် ကြားနိုင်ချေပြီ။

ဤသည်မှာ ငွေစများဖြစ်ပေမည်။ ထို့ကြောင့်ပင် ကူချန်က ချင်းဖန်ကျောပြင်ထံသို့ လေးနက်သောအကြည့်ဖြင့် ကြည့်လိုက်၏။

မုဝေ နှုတ်ခမ်းထောင့်၌ အနည်းငယ် ပြုံးသွားပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။ တည်ငြိမ်သော သူမအသွင်၌ ပျော်ရွှင်မှု အရိပ်အမြွက် ထွက်ပေါ်လာ၏။

“ တာအိုဘုန်းကြီး ... အခု သွားလို့ရပြီလား။ ”

***

ဖူစုပြက္ခဒိန် သက္ကရာဇ်(၄၅၁)နှစ်မြောက် နွေဦးပေါက်ရာသီ။ ထိုမငြိမ်မသက်မှုများသည် ရပ်တန့်မသွားဘဲ ပိုမိုပြင်းထန်လာ၏။

လွန်ခဲ့သည့် တစ်နှစ်အတွင်း နွေဦးဓားနန်းတော်သည် နန်ရှန်ပြည်နယ်ကို သိမ်းပိုက်သွားသည်။

ထို့ကြောင့် ရှန်နန်လမ်းတစ်လျှောက်တွင် ယှဉ်ပြိုင်ရန် ပြည်နယ်ငါးခုသာ ကျန်ရှိနေချေပြီ။ ကူမိသားစုသည် ပြည်နယ်ခြောက်ခုအပေါ် ထိန်းချုပ်ထားဆဲဖြစ်ပြီး နွေဦးဓားနန်းတော် သည်သာ ပြည်နယ်ငါးခုအထိ သိမ်းထား၏။

ကျန်ပြည်နယ်နှစ်ခုကို ရုံးတော်မှ သိမ်းပိုက်ထားပြီး ပြည်နယ်နှစ်ခုကို စစ်သူကြီး သုံးဦးနှင့် သံနက်စံအိမ်တို့မှ သိမ်းပိုက်ထားသည်။

ရှန့်နန်ပြည်နယ်မှတပါး တခြားသော ပြည်နယ်များအားလုံး ကမောက်ကမ ဖြစ်လျက် မြောက်ပိုင်းရှိ နယ်ခြားနိုင်ငံများသည်လည်း အနည်းငယ်ကျူးကျော်လာချေပြီ။

မက်မွန်ပွင့်များ မပွင့်မီ ကူချန်က ဝိညာဉ်ဝိုင်နှင့် ဆေးပြားများဖွဲ့တည်ရန်အတွက် ဆေးဘက်ဝင်ပစ္စည်းအချို့ လိုအပ်နေခဲ့သည်။

ထို့ကြောင့် တာအိုချင်းရှကို ခေါ်ကာ ချင်ယွမ်‌စျေးသို့ ခရီးထွက်ရန် ပြင်တော့သည်။ တာအိုချင်းရှသည်လည်း နှင်းပန်းဓားကျောင်း နှင့်ပတ်သက်သော သတင်းများစုစောင်းရန် စိတ်ကူးရှိနေခဲ့သည်။

“ ဒီဥတွေကို မင်းတို့နဲ့ ငါထားခဲ့မယ် ဘုန်းကြီးတချို့ကလည်း ပုံမှန်အချိန်တွေမှာ လာကူညီပေးလိမ့်မယ် ... ငါပြန်လာဖို့ နှစ်လလောက်ကြာမယ်။ ”

ကူချန်က ချင်းဖန်နှင့်မင်ယွဲ့ကို မှာကြားလိုက်သည်။

“ နှစ်လတောင် ... ။ ”

ကလေးနှစ်ယောက်ခမျာ အံ့အားသင့်သွားတော့၏။ ချင်းဖန်က၊

“ စီနီယာအစ်ကို ... ဘယ်သွားမလို့လဲ၊ ဘာလို့ဒီလောက်တောင် ကြာရတာလဲ ပြီးတော့ ဒီဥတွေက တကယ်ပေါက်နိုင်ပါ့မလား။ ”

“ မင်း တချိန်လုံးစားဖို့ပဲ စဉ်းစားမနေနဲ့ အနာဂတ်မှာ မင်းရဲ့ကျင့်ကြံမှုတိုးတက်လာတဲ့ အခါ ဒီအဖြေကို မင်းနားလည်လာလိမ့်မယ်။ ”

... ဒီဥတွေက အကောင်ပေါက်ဖို့ နှစ်လလောက်ကြာမယ်ထင်တယ် သတိထားပါ အပူချိန်နည်းလွန်းရင် မင်းတို့ရဲ့ ကြိုးစားမှုတွေ အားလုံး အလဟသဖြစ်သွားလိမ့်မယ်။ ”

“ နှစ်လတောင်လား ... ဒါကြောင့်လည်း မနေ့ညက ဆရာပြန်မလာတာကိုး ... အံ့သြစရာ မရှိတော့ပါဘူး။ ”

ချင်းဖန်က တာအိုချင်းရှထံ လှည့်ကြည့်ပြီး ရေရွတ်လိုက်သည်။ တာအိုချင်းရှ တစ်ယောက် မျက်နှာနီရဲလာပြီး စကားလုံးများ ပျောက်ဆုံး သွားတော့၏။

ကူချန်က တာအိုချင်းရှကို တစ်ချက်သာကြည့်လိုက်ပြီး ဝိုင်အိုးများနှင့် သေတ္တာအချို့ထုတ်ယူကာ မင်ယွဲ့ထံ ကမ်းပေးလိုက်သည်။

“ ကူမိသားစုက တစ်ယောက်ယောက် လာတယ်ဆိုရင် ဒီပစ္စည်းတွေကို ပေးလိုက်ပြီး ပြန်ပါစေ ... မင်းနားလည်လား။ ”

“ ဟုတ်ကဲ့ ... ။ ”

မင်ယွဲ့က နာခံမှုရှိစွာဖြင့် လက်ခံယူထား လိုက်၏။ ထို့နောက် ကူချန်နှင့် တာအိုချင်းရှက တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ကာ ခေါင်းညိတ်ပြီး လင်းရင်တောင်ပေါ်မှ ဆင်းသွားတော့သည်။

***

All Chapters