ချင်ယွမ်စျေးမြို့ ... ။
Vol. 5 Ch. 56
ချင်ယွမ်နိုင်ငံသည် ဖူစုနိုင်ငံနှင့် နိုင်ငံပေါင်း(၂၀)ကျော်ခြားကာ မိုင်ပေါင်း (၂၀၀၀၀)နီးပါး ဝေးကွာသည်။
သံနက်စံအိမ်မှ ချူဖုန်းချွန် ပြောခဲ့သည့် စကားများအရ ချင်ယွမ်ဧကရာဇ်ဘိုးဘေးသည် မဟာတန်ခိုးရှင်နယ်ပယ် ဖြစ်သည်။
ခရမ်းရောင်နေမင်း။ စင်ကြယ်ခြင်း။ မဟာတန်ခိုးရှင်။ နတ်ဝိညာဉ်နန်းတော်သခင်။ စသည့်နယ်ပယ်များသည် လက်ရှိ အမြင့်မားဆုံး နယ်ပယ်များဖြစ်သည်။
ချင်ယွမ်ဘိုးဘေးသည် ချင်ယွမ်နိုင်ငံကို ထာဝရမင်းဆက်အဖြစ် လမ်းကြောင်းမှန်အပေါ် တင်ပေးထားနိုင်၏။
ထို့ကြောင့် ယနေ့ချင်ယွမ်သည် ကံကြမ္မာမင်းဆက်အသွင် ဖော်ဆောင်နိုင်သော နိုင်ငံမျိုးဖြစ်လာပြီး ကြွယ်ဝလှချေပြီ။
ချင်ယွမ်ဘိုးဘေးသည်သာ နတ်ဝိညာဉ်နန်းတော်သခင်နယ်ပယ် ဆီသို့ ဝင်ရောက်နိုင်ပါက ကံကြမ္မာဝိညာဉ်သားရဲ ရောင်ဝါကို စုစည်းနိုင်မည်ဖြစ်၏။
ဤနည်းဖြင့် နှစ်ထောင်ပေါင်းများစွာ တည်တံ့နိုင်သော ထာဝရမင်းဆက်တစ်ခုကို မွေးဖွားပေးမည်ဖြစ်သည်။
သို့သော် ထိုအဆင့်ကို အောင်မြင်နိုင်မည်လော မည်သူမျှ မသိနိုင်ချေ။ ရက်ပေါင်း နှစ်ဆယ်ကျော် ပျံသန်းပြီးနောက် ကူချန်နှင့်တာအိုချင်းရှသည် ချင်ယွမ်နိုင်ငံ နယ်နိမိတ်ဆီသို့ ရောက်ရှိလာ၏။
တာအိုချင်းရှ၏ လမ်းညွှန်မှုအောက်တွင် ကူချန်သည် ဓားထိန်းခြင်းပညာကို လျင်မြန်စွာ သင်ယူနိုင်ခဲ့သည်။ ဤမတိုင်မီ စမ်းကြည့်ဖူး သော်လည်း အမှတ်မှားနေဆဲဖြစ်၏။
အဆိုပါ ရလာဒ်သည် တာအိုချင်းရှကို စိတ်ဓါတ်ကျစေသည်။ ဓားထိန်းချုပ်ခြင်းအပေါ် ကျွမ်းကျင်ထားပြီး ဖြစ်သော်လည်း စစ်မှန်သော စွမ်းအင် မလုံလောက်သဖြင့် အနည်းငယ်သာ ပျံသန်းစေနိုင်သည်။
ကူချန်မှာမူ ရက်ပေါင်းနှစ်ဆယ်အတွင်း ကျွမ်းကျင်စွာ ပျံသန်းလာနိုင်၏။ ဝိညာဉ်စွမ်းအင် များကို စစ်မှန်သောစွမ်းအင်အဖြစ်သို့ ပြောင်းလဲရာတွင် ရှန်ရှင်းနယ်ပယ်နှင့် ယွမ်ဖူနယ်ပယ်ကြား ကွာဟချက် ကြီးမားသည်မဟုတ်ချေ။
အဓိကကွာဟချက်မှာ ခရမ်းရောင်နန်းတော်ပေပင်။ ယွမ်ဖူ ကျင့်ကြံသူ တစ်ဦးသည် စစ်မှန်သောစွမ်းအင်ကို ထိုအရပ်၌ သိမ်းဆည်းထားနိုင်၏။
ထို့ကြောင့် အသုံးပြုနိုင်သည့် စွမ်းအင်ပမာဏသည် ရှန်ရှင်းနယ်ပယ်ထက် သာလွန်နေခြင်းဖြစ်သည်။
ယင်းကြောင့်ပင် ယွမ်ဖူနယ်ပယ်ကို ကျင့်ကြံမှုလမ်း၏ စစ်မှန်သောခရီးစဉ်အဖြစ် သတ်မှတ်ကြခြင်းလည်းဖြစ်သည်။
ယွမ်ဖူနယ်ပယ်၌ မရှိသော် လျှို့ဝှက်နည်းစနစ်များကို လေ့ကျင့်အသုံးချရန် မဖြစ်နိုင်ချေ။
ကူချန်က သူ့အသိစိတ်ကို ချူဖုန်ချွန်းပေးခဲ့သော ကျောက်စိမ်းမြေပုံထဲ ဝင်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းမော့ကာ၊
“ ဒီကနေ မိုင်တစ်ထောင်ဆို ရောက်ပြီ။ ”
-ဟု ပြောကြားလိုက်၏။
သို့သော် တာအိုချင်းရှက ပင်ပန်းနွမ်းနယ်နေသော အသွင်ဖြင့်၊
“ ငါအနားယူဖို့လိုနေပြီ။ ”
-ဟု စိတ်ပျက်လက်ပျက် ပြောကြားလာသည်။
သူတို့သည် ဓားတစ်လက်ပေါ်၌သာ ခြေထောက်နှစ်ချောင်းအားကိုးကာ ပျံသန်းသော် မိုင်ဒါဇင်မျှ ပျံသန်းပြီးနောက် စွမ်းအင်များ ကုန်ဆုံးသွားပေလိမ့်မည်။
ထို့ကြောင့် ကူချန်၏ဝိညာဉ်ရေးဓားကို စီးနင်းခဲ့ရသည်။ သို့သော် ဓားတစ်လက်တည်း၌ လူနှစ်ယောက် စီးနင်းခြင်းသည် အဆင်မပြေလှချေ။
အဆုံးတွင် တာအိုချင်းရှသည် အကြောင်းပြကာ မြေပြင်ပေါ်၌ ပြေးလွှားရန် ရွေးချယ်လိုက်တော့သည်။
ဤနည်းဖြင့် မကြာခဏဆိုသလို ကူချန်တစ်ယောက် စစ်မှန်သောစွမ်းအင်များကို ဆာအိုချင်းရှထံ ပေးပို့ခဲ့ရသည်။
“ ဆရာ ... အဆင်ပြေရဲ့လား။ ”
ကူချန်က မြေပြင်မှ ပြေးလွှားနေသော တာအိုချင်းရှထံကြည့်ပြီး မေးလိုက်လေသည်။ တာအိုရှင်းရှမှ ခေါင်းမော့ကြည့်ပြီး လက်ဝှေ့ယမ်းပြလာ၏။
များမကြာခင် မိုးကုပ်စပ်ဝိုင်းအောက်၌ မြို့တစ်မြို့ ကောက်ကြောင်းကို မြင်လာရချေပြီ။ ဤသည်မှာ ချင်ယွမ်စျေးဖြစ်၏။
၎င်းသည် တောင်ထိပ်ကြီးပေါ်တွင် တည်ရှိသည်။ တောင်ထိပ်ပေါ် တက်ရောက်ရန် လမ်းမရှိချေ။ သာမန်လူများ တက်ရောက်ခွင့် မရှိဟု အဓိပ္ပါယ်ရသည်။
မြို့ရိုးကြီးတစ်ခုလုံးသည် အနက်ရောင်ဖြစ်ပြီး ပေသုံးဆယ်ကျော် မြင့်မား သည်။
ကူချန်နှင့် တာအိုချင်းရှက တောင်ကုန်းတစ်ခုပေါ် ရပ်နားကာ ချင်ယွမ် စျေးမြို့ကို ငေးကြည့်လိုက်သည်။
“ မြို့ရိုးပေါ်မှာ ဝင်္ကပါတစ်ခု ရေးထွင်းထားတယ်။ ”
“ ဒါက ဘယ်အဆင့် ဝင်္ကပါလဲ။ ”
တာအိုချင်းရှက စိတ်ဝင်စားသွား၏။ ကူချန်မှ ခေါင်းယမ်းပြလျက်၊
“ ချင်ယွမ်စျေးမြို့ကို ရပ်ကြည့်ရုံနဲ့ အသေးစိတ်မသိနိုင်ဘူး ဒါပေမယ့် ပဉ္စမအဆင့် ဒါမှမဟုတ် ဒီထက်မြင့်တဲ့ အဆင့်မှာ ဖြစ်သင့်တယ်။ ”
ပဉ္စမအဆင့်သည် အားနည်းသည်ဟု မဆိုနိုင်ချေ။ အစီရင်နှင့် စွမ်းအင်များအားလုံးကို အဆင့်ကိုးဆင့် ခွဲခြားကာ နဝမတန်းသည် အနိမ့်ဆုံးဖြစ်ပြီး ပထမတန်းသည် အမြင့်ဆုံးဖြစ်သည်။
ထို့ကြောင့် ပဉ္စမတန်းဝင်္ကပါဟူသည် အလယ်အလတ် အနေအထားတွင် ရှိနေသည်။ အဝေးမှ ကြည့်ရုံဖြင့် တစ်မြို့လုံးအပေါ် ဖုံးအုပ်ထားသည်ကို မြင်နိုင်ပေ၏။
ယွမ်ဖူနယ်ပယ် ကျင့်ကြံသူသည် မြို့တော်တံခါးကို စောင့်ကြပ်ပြီး ဝင်ကြေးများ ကောက်ခံနေသည်။ ဝင်ကြေးမှာ စစ်မှန်သော ဆေးပြား ဆယ်ပြားဖြစ်၏။
စစ်မှန်သော ဆေးပြားဟူသည် စစ်မှန်သောစွမ်းအင်အပေါ် သက်ရောက်မှု ပေးနိုင်သော ဆေးပြားဖြစ်သည်။
ဤဆေးပြားများကို ကျင့်ကြံသူများမှ စုပ်ယူကာ စွမ်းအင်အပေါ် အလွယ်တကူပြန်၍ ဖြည့်တင်းနိုင်မည်။
ကျင့်ကြံမှုလောက၌ ဘုံငွေကြေး မရှိသောကြောင့် အရောင်းအဝယ်ကိစ္စများတွင် အဖိုးတန်ပစ္စည်းများ တိုက်ရိုက်အလဲအလှယ် လုပ်ခြင်းဖြင့် ဖလှယ်ကြသည်။
ကျန်းချီဆေးပြားများသည် အတော်ပင် ဘုံအသုံးများသော ငွေကြေးအနည်းငယ်အနက် တစ်ခုပေပင်။
(ကျန်းချီဆေးပြား- စစ်မှန်သောဆေးပြား။ )
ထိုကျန်းချီဆေးပြားများကို ယွမ်ဖူနယ်ပယ်ကျင့်ကြံသူသည် တစ်နေ့လျှင် ဆယ်ပြားခန့်သာ သန့်စင်နိုင်၏။
ဆိုလိုသည်မှာ ယွမ်ဖူကျင့်ကြံသူ တစ်ဦးအတွက် တစ်နေ့တာ ဝင်ငွေများသည် ကျန်းချီဆေးပြား ဆယ်ပြားသာရှိသည်။
ကူချန်တွင်မူ ဆေးပြား (၃၀၀၀)ကျော် ပါရှိ၏။ ၎င်းတို့မှာ သွေးဝိညာဉ်ဂိုဏ်း၏ ယွမ်ဖူ နယ်ပယ်ကျင့်ကြံသူ သိုလှောင်လက်စွပ်မှ ရရှိခဲ့ခြင်းဖြစ်သည်။
ထိုပမာဏအတွက် တစ်ဖက်လူမှ အချိန်မည်မျှ သန့်စင်ခဲ့သည်ကို တွေးကြည့်ရုံဖြင့် စိတ်လှုပ်ရှားစရာပေပင်။
နှစ်ယောက်သား မြို့တံခါးသို့ လျှောက်လှမ်းသွားပြီးနောက် ကျန်းချီဆေးပြား နှစ်ဆယ် ပေးဆောင်လိုက်သည်။
မြို့တံခါး၌ပင် လူအရမ်းများ၏။ လူအုပ်ထဲအတွင်း ရှန်ရှင်းနယ်ပယ်ကျွမ်းကျင်သူ ထက်ဝက်ကျော်ပါရှိသည်။ ကျန်တစ်ဝက်သည် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများဖြစ်၏။
ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူ အနည်းငယ်သည်ပင် ရောနှောနေသည်။ သူတို့ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်အနှစ်သာရများသည် တောက်ပလွန်းသဖြင့် မျက်စိစူးစေ၏။
ထို့ကြောင့် တာအိုချင်းရှထံ စိတ်ချင်းဆက်သွယ်ကာ အသိပေးခဲ့ရသည်။ တာအိုချင်းရှက လူအုပ်အတွင်း ဝေ့ကြည့်ပြီး၊
“ ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူတွေက ဒီမှာဘာလို့ ပျော်နေကြတာလဲ ဒီကိုလာရတာ ဖြုန်းတီးရာ ရောက်ပါတယ်။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
ရှန်ရှင်းနယ်ပယ်သည် စစ်မှန်သော စွမ်းအင်များ သန့်စင်နိုင်သော်လည်း ထိရောက်မှု များစွာနည်းပါး၏။
တစ်နေ့လျှင် ကျန်းချီနှစ်ပြားသာ အမြင့်ဆုံးသန့်စင်နိုင်၏။ ယခုမူ မြို့ဝင်ကြေး သည်ပင် ဆယ်ပြားဖြစ်သည်။
သူတို့ရှေ့တွင် တန်းစီနေသော ယွမ်ဖူကျင့်ကြံသူက နားရွက်အနည်းငယ်လှုပ် သွားပြီး တာအိုချင်းရှထံ လှည့်ကြည့်သည်။ ထိုနောက် သူ့မျက်လုံးများတွင် အထင်အမြင်သေးစွာဖြင့်၊
“ ရှန်ရှင်းနယ်ပယ် မဟုတ်လား ... ဒါဆိုမင်းရောဘာလို့ ဒီမှာ လာပျော်နေရတာလဲ။ ”
-ဟု မေးမြန်းလာ၏။
တာအိုချင်းရှတစ်ယောက် မျက်နှာ နီရဲလာခဲ့သည်။ သူ့စကားများအတိုင်း ချက်ချင်း တစ်စုံတစ်ဦးမှ လှောင်ပြောင်လာလိမ့်မည်ဟု မမျှော်လင့်ထားချေ။ ကူချန်က ထိုလူထံ စိုက်ကြည့်ကာ၊
“ သူက ငါနဲ့လိုက်လာတာ၊ မင်းမှာကန့်ကွက်စရာရှိလား။ ”
-ဟု မေးမြန်းလိုက်သည်။
တစ်ဖက်လူက အနည်းငယ် အံ့သြသွားလေသည်။ ဤတာအိုဘုန်းကြီးသည် တာအိုဘုန်းကြီးငယ်ကို ဦးဆောင်ခဲ့သည်ဟု ထင်မိခဲ့၏။ ကြည့်ရသည်မှာ ကူချန်သည် ဦးဆောင်သူ ဖြစ်နေချေပြီ။
ထို့ပြင် တာအိုဘုန်းကြီးငယ်၏ မေးမြန်းသံသည် သူ့ကိုစိတ်မသက်မသာ ဖြစ်စေသည်။
( ဝိညာဉ်အဆင့်ဓား။ )
သို့သော် ပခုံးပေါ်မှ ကျော်လွန်နေသော ဓားကိုမြင်ချိန်၌ ဒေါသများမြိုချလိုက်ရတော့၏။ ဤသည်မှာ ဝိညာဉ်လက်နက်ပေပင်။
ယွမ်ဖူနယ်ပယ် ကျင့်ကြံသူ တစ်ယောက်အတွက်ပင် ဝိညာဉ်လက်နက်ကို ပိုင်ဆိုင်ရန် အိပ်မက်တစ်ခုဖြစ်သည်။
စျေးအသက်သာဆုံးနှင့် အဆင့်နိမ့် ဝိညာဉ်လက်နက်တစ်လက်မှာ ကျန်းချီဆေးပြား (၂၀၀၀၀)အထက် ရှိသည်။ ထိုပမာဏသည် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူအတွက် ခြောက်နှစ် သက်တမ်းပေပင်။
မအိပ်မနေ သန့်စင်ခြင်းဖြင့်သာ ထိုအရေအတွက်မျိုး ရနိုင်ပေမည်။ ယင်းသည် ကျင့်ကြံမှုကို ခြောက်နှစ်ကျော် စွန့်ခြင်း မည်ချေသည်။
သို့သော် ထိုခြောက်နှစ်အတွင်း စစ်မှန်သောစွမ်းအင်ကို အကြိမ်ကြိမ် ပြန်လည် ဖြည့်တင်းရမည်ဖြစ်ရာ အမှန်တကယ် စုဆောင်းရန် ထို့ထက်မက ကြာနိုင်မည်။
ဆယ်နှစ် သို့မဟုတ် နှစ်ပေါင်း နှစ်ဆယ်လည်း ဖြစ်နိုင်၏။ ထိုအတွေးက သူ့ကို ထိတ်လန့်စေကာ စကားမဆိုတော့ဘဲ လှည့်ထွက်လာခဲ့သည်။
မြို့ထဲလျှောက်လှမ်းနေလျက်မှ တာအိုချင်းရှတစ်ယောက် တုန့်ဆိုင်းတွေဝေလာ တော့သည်။
“ ချန် ... ရှန်ရှင်းနယ်ပယ်က ငါ့လိုလူတစ်ယောက်က ဒီလိုစျေးမြို့ကိုလာဖို့ ရက်အတော်ကြာအောင် ဖြုန်းတီးခဲ့မိတာ မထိုက်တန်ဘူးလို့ ခံစားနေရတယ်။ ”
ကူချန်သည် တာအိုချင်းရှစကား၏ အဓိပ္ပါယ်ကို နားလည်သဖြင့် ပြုံးလိုက်သည်။ ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူအမြင်၌ ယင်းသည် ပြဿနာပေပင်။
ထို့နောက် ကူချန်က ပြုံးပြီး လူစည်ကားနေသော စျေးဆိုင်များထံ ညွှန်ပြ လိုက်တော့သည်။
“ ဆရာ ... ဟိုမှာကြည့်စမ်း ... ။ ”
***