မျှော်လင့်ချက် ... ။
Vol. 5 Ch. 57
ချင်ယွမ်စျေးမြို့တွင် အရပ်ရပ်မှ ရောက်ရှိလာသောကျင့်ကြံသူများဖြင့် စည်ကား နေချေပြီ။ လမ်းဘေးဆိုင်များ မရှိသည်မှလွဲ၍ သာမန်မြို့တစ်မြို့ပေပင်။
“ ကမ္ဘာကြီးတစ်ခုလုံး လူတွေနဲ့ စည်ကားနေတယ်၊ အားလုံးက အကျိုးအမြတ် အတွက်လှုပ်ရှားကြပြီး၊ သေမျိုးလောက ... ကျင့်ကြံမှုလောက ...
... ဘယ်ကမ္ဘာကြီးမဆို တူညီကြတယ် လူတိုင်းက အကျိုးအမြတ်အတွက် ဒီကိုလာမယ် အကျိုးမရှိရင် ဘယ်သူမှ မလာကြဘူး။ ”
ကူချန်က လူအုပ်ကြီးထံ ကြည့်ကာ ပြောကြားလိုက်သည်။
“ မှန်တယ် ... ငါနည်းနည်း စိတ်ရှုပ်သွားတယ်။ ”
တာအိုချင်းရှက ခေါင်းညိတ်ပြီး အမှားကိုဝန်ခံ၏။ သူသည် လူမိုက်တစ်ယောက် မဟုတ်ချေ။
အကျိုးအမြတ်မရှိသော် ချင်ယွမ်စျေးမြို့သို့ လာရောက်ရန် မည်သူမဆို ရက်ပေါင်းများစွာကို အကုန်ခံမည် မဟုတ်ကြောင်း ပြောနိုင်သည်။
နှစ်ယောက်သား ဖြည်းညှင်းစွာ လျှောက်လှမ်းလာ၏။ လမ်းမပေါ်ရှိ လူများသည် သာမာန်လူများကဲ့သို့ပင် သွားလာနေသည်။
ဖူစုတွင် အလွန်ရှားပါးသော ရှန်ရှင်းနယ်ပယ်ကျွမ်းကျင်သူသည် ဤနေရာ၌ ဂေါ်ဖီထုပ်များကဲ့သို့ ပေါများနေ၏။
ရုတ်တရက် ကူချန်သည် လမ်းဘေးဆိုင်တစ်ဆိုင်ရှေ့ ရပ်တန့်လိုက်ပြီး လှမ်းကြည့်လိုက်သည်။ တာအိုချင်းရှမှလည်း ရပ်ကာလှည့်ကြည့်၏။
“ ဆေးခန်းမ ... ။ ”
ဤသည်မှာ စွမ်းအင်ဆေးပြားများ ရောင်းချသည့်နေရာ ဖြစ်သည်။ သူ့တွေးနေစဉ် ကူချန်သည် ဝင်ရောက်သွားပြီဖြစ်၏။
ထို့ကြောင့် ချက်ချင်း အပြေးလိုက် သွားခဲ့သည်။ ခန်းမအတွင်း ဆေးအရောင်း စားပွဲများစွာ ခင်းကျင်းထားသည်။
စားပွဲများနောက် နံရံတွင် အမျိုးမျိုးသောစွမ်းအင်နှင့် ဝိညာဉ်ဆေးပြားများ ထားရှိသည့် သစ်သားစင်များရှိနေသည်။
ထိုမြင်ကွင်းသည် ကူချန်အတွက် ရှေးဟောင်းတရုတ်ရိုးရာ တိုင်းရင်းဆေးဆိုင်၏ အသွင်အပြင်မျိုး ပြန်မြင်စေ၏။
များမကြာခင် အရောင်းဝန်ထမ်း တစ်ယောက်က သူ့ကိုပြုံးပြပြီး နှုတ်ဆက်လာ တော့သည်။
“ ဧည့်သည်တော်တို့ နှစ်ယောက်ကို မမြင်ဖူးဘူး ဆေးခန်းမကို ပထမဆုံးအကြိမ် ရောက်ဖူးတာဖြစ်ရမယ် ဟုတ်တယ်မလား။ ”
“ ရှန်ရှင်းအထွတ်အထိပ်။ ”
ဤသည်မှာ လူငယ်တစ်ယောက်ဖြစ်၏။ ဆိုင်တံဆိပ် ရင်ဘတ်ပေါ်၌ ရေးထိုးထားသည်။ တာအိုချင်းရှက ထိုလူငယ်ထံ ကြည့်ပြီး မျက်ခုံးပင့်လိုက်တော့၏။
လူငယ်က တာအိုချင်းရှအမူအရာကို မြင်ပြီးနောက် မျက်ဝန်းများ တလက်လက် တောက်ပလာပြီး၊
“ ဒါဆို ဧည်သည်တော်တို့က ... ငါ့ရဲ့ချင်ယွမ်စျေးမြို့ကိုရောက်တာ ပထမဆုံး အကြိမ်ဆိုတာ သေချာပြီထင်တယ်။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
“ ဒီကိုပထမဆုံး ရောက်လာတဲ့ လူအများစုဟာ ရှန်ရှင်းနယ်ပယ်နဲ့ သူ့အထက် ကျင့်ကြံသူတွေ ဖြစ်ကြပေမယ့် ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူက အစေခံတစ်ယောက် ...
... ဖြစ်နေတာမြင်ရင် အံ့ဩကုန်တယ် ... တကယ်တော့ ငါတို့မြို့ရဲ့ အစေခံတွေအားလုံး ရှန်ရှင်းနယ်ပယ်မှာ ရှိနေရမယ်ဆိုတာ ... အခြေခံစည်းမျဉ်းတစ်ခုပါပဲ။ ”
ဖော်ရွေသော လူငယ်၏ အမူအရာစကားများကြောင့် တာအိုချင်းရှမှ စိတ်ဝင်စားလာသည်။
“ မင်းဘာလို့ ... ဒီမှာ အစေခံ လုပ်နေရတာလဲ ... မင်းရဲ့ကျင့်ကြံမှုမျိုးနဲ့ဆိုရင် နိုင်ငံငယ်လေးအချို့မှာ ရှင်သန်ရတာ ပိုမကောင်းဘူးလား။ ”
“ အဲဒီ သေမျိုးနိုင်ငံတွေမှာ ... ချီဖြည့်တင်းခြင်းအာဟာရဆေးပြား ရှိလား။ ”
လူငယ်မှ မေးသည်။
“ မရှိဘူး ... ။ ”
တာအိုချင်းရှက ပြန်ဖြေ၏။
“ ငါတို့ဒီမှာရတဲ့ ဆုလာဘ်တွေက ကျန်းချီဆေးပြား ဒါမှမဟုတ် ချီ-အာဟာရဆေး တွေရနိုင်တယ် ကျန်းချီဆေးပြားဖြစ်ရင်တောင် ချီ-အာဟာရဆေးပြားတွေကို ဝယ်နိုင်တယ်။ ”
လူငယ်မှ ပြုံးကာ ပြောကြား၏။
ကူချန်က ချီ-အာဟာရဆေးပြားသည် ကျင့်ကြံသူများ၏ စစ်မှန်သောစွမ်းအင်များကို တိုးပွားစေရန် ကူညီပေးနိုင်ကြောင်း သိသည်။
ထိုဆေးပြားအချို့ကို သူ သန့်စင်ခဲ့ဖူးပြီး ၎င်းတို့အားလုံး ကူချန်ယွင်ထံ ပေးအပ်ခဲ့သည်။ ဖခင်၏မွေးနေ့တွင်လည်း ရှန်ရှင်းနယ်ပယ် ကျင့်ကြံသူများအတွက် ဆေးအချို့ ပေးအပ်ခဲ့သေးသည်။
“ ချီစုစည်းခြင်း ကျင့်ကြံသူတွေနဲ့ ရှန်ရှင်းကျင့်ကြံသူတွေကြားက ကွာဟချက်တွေ ကြီးမားပါတယ် ...
... သာမာန်လူတွေနဲ့ ယှဉ်ရင် ချီစုစည်းခြင်းအဆင့်က ပိုများတဲ့ချီနဲ့သွေးတွေ ပိုင်ဆိုတာကလွဲလို့ မကွာခြားပါဘူး ...
... ဒါကြောင့် အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ မင်းရဲ့စွမ်းအင်နဲ့သွေးတွေ လျော့နည်းလာလိမ့်မယ် အနှစ်ခုနစ်ဆယ်အထိ နေနိုင်တာဆိုလို့ လက်တစ်ဆုပ်စာပဲရှိတယ် ...
... ရှန်ရှင်းကျင့်ကြံသူကတော့ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ စစ်မှန်တဲ့စွမ်းအင်တွေရှိနေတဲ့ အတွက် ... ချီနဲ့သွေးတွေက ဘယ်တော့မှ လျော့နည်းလာမှာ မဟုတ်ဘူး ...
... သက်တမ်းကလည်း အများကြီး ပိုရှည်လာပြီး မတော်ဆမှုတွေသာ ဖြစ်မလာရင် နှစ်ပေါင်းရာကျော်တဲ့အထိ နေနိုင်တယ် ...
... ဒါဆို ဧည့်သည်တော်က ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ရှန်ရှင်းနယ်ပယ် ဖြတ်ကျော်ဖို့ အခွင့်အလမ်းကို မြင်နိုင်ခဲ့ရင် မင်းစွန့်လွှတ်မှာလား။ ”
လူငယ်က ပြုံးပြီးမေးသည်။ တာအိုချင်းရှတစ်ယောက် နှုတ်ဆိတ်နေကာ အတွေးထဲ နစ်မျောသွား၏။ အဆုံးတွင် လူငယ်မှ သက်ပြင်းချလျက်၊
“ တကယ်တော့ ရှန်ရှင်းနယ်ပယ်ကို ရောက်ရင်လဲ အတူတူပါပဲ ရှန်ရှင်းနယ်ပယ်က အရမ်းအားကောင်းနေရင်တောင် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတွေနဲ့ ...
... ယှဉ်လိုက်ရင် အများကြီး အားနည်းနေပါသေးတယ် နောက်ဆုံးတော့ ယွမ်ဖူနယ်ပယ်က ကျင့်ကြံမှုဆိုတာ ဒီခရီးရဲ့အစပဲ ...
... ရှန်ရှင်းနယ်ပယ်ကို ရောက်တဲ့အခါ ... ယွမ်ဖူနယ်ပယ်ကျင့်ကြံသူဖြစ်ဖို့ မင်းတွေးကြည့် လာလိမ့်မယ် ...
... ဒါက မင်းတို့အတွက် ပထမဆုံး အကြိမ်ဆိုတော့ ချင်ယွမ်နိုင်ငံကနေ လာတာ မဟုတ်ဘူးလို့ ငါထင်တယ် .. အခြားနိုင်ငံတွေမှာ ချင်ယွမ်နိုင်ငံထက် ရှန်ရှင်းနယ်ပယ်ကျင့်ကြံသူ နည်းပါးကြပါတယ် ...
... ဒါကြောင့် ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်က အဲဒီနိုင်ငံအပေါ် သက်ရောက်မှု ရှိပေမယ့် ... ငါကတော့ ချင်ယွမ်နိုင်ငံမှာပဲ နေချင်တယ် ...
... ဘာကြောင့်လဲဆိုတော့ ... ဒီနိုင်ငံမှာနေတာက ယွမ်ဖူနယ်ပယ်ရောက်ဖို့ အခွင့်အရေး ပိုရှိနေတာမို့ပဲ။ ”
လူငယ်စကားကို ကူချန်မှ ခေါင်းညိတ်ပြီး၊
“ လူတွေရဲ့ဆန္ဒဟာ ... အမြဲတမ်း အဆုံးမရှိပါပဲ ငါတို့မျှော်လင့်ထားတဲ့ အဆင့်ကို ရောက်လာတိုင်း နောက်ထပ်မြင့်မားတဲ့ အဆင့်ကို မျှော်လင့်တတ်ကြတယ်။ ”
-ဟု ဝင်ရောက် ပြောကြားလိုက်၏။
“ မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောလဲ။ ”
လူငယ်မှ ပြုံးပြီးပြောသည်။ သည့်နောက်၊
“ တကယ်တော့ ... လူတွေရဲ့ဆန္ဒက အဆုံးမရှိမှန်း သိကြပေမယ့် ဒီကျင့်ကြံမှုလမ်းက တကယ်ပဲ စွဲမက်စရာမဟုတ်လား ... စိတ်ဆန္ဒ ထက်သန်မှု မရှိရင် ... ဘယ်သူမှ ပန်းတိုင်ကို မရောက်နိုင်ပါဘူး။ ”
ထိုစကားကြောင့် ကူချန်မှပြုံးပြီး ခေါင်းညိတ်ပြကာ၊
“ မင်း ... အကြောင်းနဲ့အကျိုးကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ ”
-ဟု မှတ်ချက်ပေးလိုက်တော့၏။
ဆန္ဒဟူသည် မျှော်လင့်ချက်ပေပင်။ ဤသည်မှာ တိုးတက်မှုလမ်းကြောင်းအတွက် အုတ်မြစ်လည်းဖြစ်၏။ တာအိုချင်းရှက၊
“ ဒါဆိုရင် ကျန်းချီဆေးပြားတွေကို ဆေးပြားနဲ့လဲလှယ်ရာမှာ အသုံးဝင်နိုင်လား။ ”
-ဟု မေးမြန်းလိုက်သည်။ လူငယ်က တာအိုချင်းရှထံ ထူးဆန်းသောအကြည့်များဖြင့် ပြန်ကြည့်လာ၏။
“ အသုံးဝင်ပါတယ် ... ငါတို့ရင် ကျန်းချီဆေးပြားတွေကို အချိန်ပေးသန့်စင်ပြီး အရင်းအမြစ်တွေဝယ်ဖို့အတွက် သုံးတယ်။ ”
ထိုအဖြေကြောင့် တာအိုချင်းရှက မျက်ခုံးပင့်လိုက်သည်။ ကူချန်သည်လည်း အနည်းငယ် စိတ်ဝင်စားလာတော့၏။
“ ဒါဆို ... ။ ”
“ ဟေး ... ဒီမှာ ငါ့ကိုကူညီပြီး ကြည့်ပေး ... အဲဒါတွေအားလုံး ဘယ်လောက်တန်ကြေးရှိလဲ ရေတွက်ပါ။ ”
ရုတ်တရက် ဆေးခန်းမအတွင်းသို့ လူတစ်ယောက်အော်ဟစ်ပြီး လှမ်းဝင်လာသဖြင့် တာအိုချင်းရှမှ စကားရပ်သွားကာ လှည့်ကြည့်လိုက်လေသည်။
“ အစ်ကိုကျန်း ... မင်းရောက်လာပြီ၊ ဒီတစ်ကြိမ် အခြေအနေဘယ်လိုလဲ။ ”
လူငယ်မှ အလျင်စလို လှမ်းတက်သွား ပြီးနောက် ပြုံးရွှင်စွာ နှုတ်ဆက်လိုက်တော့၏။
“ ဟားဟားဟား ... မမေးနဲ့ ... ငါယွမ်ဖူနယ်ပယ် နတ်ဆိုးသားရဲနဲ့ ဆုံခဲ့ရလို့ သေလုနီးပါးပဲ ... ဟေ့ ။ ”
ထို့နောက် ထိုလူက အိတ်တစ်လုံးကို စားပွဲပေါ် ပစ်တင်လိုက်ကာ၊
“ မြန်မြန် တွက်ပေး ... အနားယူဖို့ နေရာရှာရဦးမယ် သုံးရက်သုံးညမအိပ်ရတာ ပင်ပန်းလို့ သေချင်နေပြီ။ ”
-ဟု ကျယ်လောင်စွာ ပြောကြားလာသည်။
လူငယ်က စားပွဲပေါ်သို့ အိတ်ကို သွန်ချပြီးနောက် မှော်ဆေးပင်များအား ရေတွက် ပေးလိုက်သည်။
“ စုစုပေါင်း ကျန်းချီဆေးပြား (၃၆၂)ပြားရမယ်။ ”
“ မင်းငါ့ကို လှည့်စားနေတာလား။ ”
“ အစ်ကိုကျန်း ... မင်းစကားကို ကြည့်ပြောပါ ... မင်းက ငါတို့ရဲ့ဖောက်သည်ပဲ ငါမလုပ်ပါဘူး ... ။ ”
“ ငါအရမ်းပင်ပန်းနေပြီ မင်းနဲ့ ငြင်းခုန်မနေချင်တော့ဘူး ... မြန်မြန် ငါ့ဆီ ယူလာပေး။ ”
“ ကောင်းပြီ ... ။ ”
လူငယ်မှ ပြုံးလျက် မှော်ဆေးပင်များကို အခန်းတစ်ခုတွင်းသို့ သယ်ဆောင်သွားတော့၏။ ခဏအကြာတွင် ကတ္တပါအိတ်တစ်လုံးကို ကိုင်လျက် ပြန်ရောက်လာသည်။
“ ဒီမှာ ဆေးပြားတစ်ပြား ပိုပေးထားတယ် ယူသွား ... ။ ”
အစ်ကိုကျန်းဆိုသူက ကတ္တီပါအိတ်ကို လက်ခံလျက် လက်ဖြင့် ချိန်ဆကြည့်လေသည်။ ပြီးနောက် ခေါင်းညိတ်ပြကာ၊
“ ကောင်းပြီ ငါသွားတော့မယ်။ ”
-ဟု နှုတ်ဆက်ကာ လှည့်ထွက်သွား၏။
လူငယ်က အစ်ကိုကျန်းကို တံခါးဝရောက်သည်အထိ လိုက်ပါပို့ဆောင်ပြီး ပြန်လှည့်လာကာ၊
“ မင်းတို့နှစ်ယောက် ခရီးထွက်တာ ဝင်ငွေပိုရနိုင်တယ် ... ။ ”
-ဟု ပြုံးလျက် အကြံပြုသည်။
“ မှန်တယ် ... အန္တရာယ်လည်း ပိုများနိုင်တယ် မင်းတို့တောင်ဘက်ကိုသွားရင် လုံခြုံတယ် အဲဒီမှာ သေမျိုးနိုင်ငံတွေချည်ပဲ ... မြောက်ဘက်ကိုသွားရင်တော့ ...
... အခြားမျိုးနွယ်တွေ၊ အန္တရာယ်ရှိတဲ့ ဒေသတွေနဲ့ လျှို့ဝှက်နယ်မြေတွေ အများကြီး ရှိတယ် ... အဲဒီငါတို့ရဲ့ ရွှမ်လင်ကုန်းမြေကြီးက မြောက်ပိုင်းဒေသတွေနဲ့ မယှဉ်နိုင်ပေမယ့် ...
... ချင်ယွမ်နိုင်ငံရဲ့ မြောက်ပိုင်းမှာ အနည်းငယ်အန္တရာယ်ရှိတဲ့ နယ်မြေတစ်ခုလည်း ရှိနေသေးတယ်။ ”
လူငယ်စကားကြောင့် ကူချန်က တစ်စုံတစ်ခုကို သတိရလာပြီး၊
“ လင်းမုန့် ရေကန် ... ။ ”
-ဟု ရေရွတ်လိုက်သည်။
“ မှန်တယ်၊ အဲဒါက မိုင်ရှစ်ထောင် ကျယ်ဝန်းတဲ့ အိပ်မက်တစ္ဆေရေကန်ကြီးပဲ ... အဆိပ်ပြင်းတဲ့ မြူတွေနဲ့ နတ်ဆိုးသားရဲတွေ ပြည့်နေတယ် ဒါပေမယ့် ...
... ဝိညာဉ်စွမ်းအင်တွေ ပေါကြွယ်ဝတာမို့ သဘာဝရတနာတွေ များစွာ ပေါက်ရောက်တယ် လူများစွာက စွန့်စားသွားလာကြတယ် ...
... တကယ်တော့ ဒေသတစ်ခုက နာမည်ကြီးလေလေ သဘာဝရတနာတွေ ရှားပါးလာလေပဲ ...
... သဘာဝတရားကနေ မွေးဖွားလာတဲ့ ဒီလိုရတနာမျိုးတွေဟာ ... သေမျိုးတွေကြောင့် ညှိုးနွမ်းစေတယ်။ ”
လူငယ်၏ ဆိုလိုရင်းကို ကူချန်တစ်ယောက် နားလည်သွား၏။ သူသည် ဖူစုနိုင်ငံအနှံ့ ခရီးနှင် ခဲ့သော်လည်း ဆေးဘက်ဝင်အပင် အနည်းငယ် မျှသာ တွေ့ရှိခဲ့သည်အပေါ် အံ့ဩခြင်း မရှိတော့ချေ။
ထိုစဉ် လူငယ်က ရုတ်တရက် ပြန်သတိရသွားပြီး သူ့စကားကိုရပ်လိုက်ကာ ပြုံးပြလာတော့၏။
“ ကောင်းပြီ ... ငါတို့ စကားပြောနေတာနဲ့တင် ဧည်သည်တော်တို့ ဘာလိုအပ်လဲ ငါမသိရသေးဘူး။ ”
***