ချော့မြူခြင်း ... ။
Vol. 5 Ch. 58
ကူချန်သည် သိုလှောင်လက်စွပ်ထဲမှ ကြိုတင်ရေးသားထားသော စာရင်းကိုထုတ်ပြီး ကမ်းပေးလိုက်၏။
“ ဒီဝိညာဉ်ရေး ဆေးအမယ်တွေကို လိုချင်တယ် ... ဒီမှာ အကုန်လုံး ရှိနိုင်လား။ ”
လူငယ်က စာရင်းစာရွက်ကို ဖတ်ကြည့်လျက် မျက်လုံးများ တောက်ပသွား လေသည်။ တစ်ဆက်တည်းမှာပင် ကူချန်ကို အံ့အားသင့်စွာ ပြန်မော့ကြည့်၏။
“ ဧည့်သည်တော် ... မင်းက အဂ္ဂိရတ်ဆရာလား။ ”
“ မဟုတ်ဘူး ... ငါနည်းနည်းသိတယ် အဂ္ဂိရတ်ဆရာလို့ ခေါ်ရလောက်အောင် အရည် အချင်း မပြည့်မီသေးဘူး။ ”
“ မင်းကနည်းနည်းသိတဲ့လူနဲ့ မတူဘူး မင်းကြည့်ရတာ အနည်းဆုံး အဆင့်တစ်ခုကို ရောက်ရှိနေပါပြီ။ ”
လူငယ်က စာရင်းစာရွက်ကို ပြန်ငုံ့ကြည့်လိုက်ကာ ခဏမျှစဉ်းစားပြီးနောက် ပြုံးလိုက်လေသည်။
“ ဒါက နဝမတန်းဆေးအမယ်တွေပဲ ဒီအရာတွေကို လိုအပ်နေရင် အနည်းဆုံးတော့ မင်းဟာ နဝမတန်းဆေးပြားတွေကို ကျွမ်းကျွမ်းကျင်ကျင် သန့်စင်နိုင်မယ်။ ”
ဤသည်မှာ နဝမတန်းဆေးအမယ် ဆယ်မျိုးခန့်ဖြစ်၏။ အဓိပ္ပါယ်သည် နဝမတန်း စွမ်းအင်ဆေးများကို အားစိုက်ထုတ်စရာမလိုဘဲ သန့်စင်နိုင်သည်ဟု ဆိုလိုသည်။
“ မင်းက အဂ္ဂိရတ်ပညာကို သိတာလား။ ”
ကူချန်က လူငယ်ကို စိတ်ဝင်တစားမေးသည်။ လူငယ်မှ ဂုဏ်ယူစွာ အင်္ကျီလက်ကို ဝှေ့ယမ်းပြ၏။
“ ငါနည်းနည်းလေးပဲ သိပါတယ် ... ပြီးတော့ငါ့တာဝန်က ဆေးခန်းမရဲ့ တာဝန်ခံမို့ ဒီအကြောင်းကို နည်းနည်းသိနေရမယ် ...
... ငါ့ကျင့်ကြံမှုက နိမ့်သေးတယ် ယွမ်ဖူနယ်ပယ်ရောက်မှသာ အဂ္ဂိရတ်ပညာကို သင်ယူနိုင်မယ် ... စစ်မှန်သောမီးတောက်သာ မရှိရင် ဝိညာဉ်ဆေးအမယ်တွေရဲ့ ဆေးဖက်ဝင် ဂုဏ်သတ္တိကို ထုတ်ယူနိုင်မှာ မဟုတ်ဘူး ...
... အမြင့်ဆုံးအဆင့်အရ ငါလုပ်နိုင်ရင် နဝမတန်းအောက် စွမ်းအင်ဆေးလောက်သာ သန့်စင်နိုင်မယ် ဒါပေမယ့် ငါ့မှာ အခွင့်အရေး ရှိပါတယ် ...
... ငါတို့ ဆေးခန်းမပိုင်ရှင်က ရှန်ရှင်းနယ်ပယ်ကို ဖြတ်ကျော်နိုင်သရွေ့ ငါ့ကို အဂ္ဂိရတ်ပညာ သင်ယူခွင့်ပေးမယ်လို့ ကတိပေးထားတယ် ...
... အခုချိန်မှာတော့ ... အဆင့်မြင့် စွမ်းအင်ဆေးပြားတွေကို မသန့်စင်နိုင်ပေမယ့် အစာရှောင်ဆေးနဲ့ စွမ်းအင် လမ်းကြောင်း ဖွင့်ဆေးတွေလိုမျိုး ငါဖန်တီးနိုင်တယ် ... ။ ”
ကူချန်တစ်ယောက် သူ့ရှေ့ရှိ လူငယ်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ ယခင်ဘဝတွင် သူ့ကုမ္ပဏီရှိ ဝန်ထမ်းများသည် အလားတူ အိမ်မက်များရှိခဲ့သည်ကို သတိရလာ၏။
“ အဟွတ် ... အဟွတ် ... ။ ”
လူငယ်က စိတ်လှုပ်ရှားနေရာမှ လက်ရှိအခြေအနေကို ပြန်သတိလာပြီး မျက်နှာ နီရဲသွားကာ ချောင်းဆိုးသွားသည်။
“ တောင်းပန်ပါတယ်၊ ငါပြောတာများသွားတယ် ငါတို့ဆေးခန်းမမှာ စွမ်းအင်ဆေးပြားတွေ ဝယ်ပါတယ် စိတ်ဝင်စားရင် မင်းလေ့လာလို့ရတယ် ...
... ငါတို့ဆေးခန်းမက ချင်ယွမ်စျေးမြို့မှာ ဈေးအမြင့်ဆုံးဆိုင်တွေထဲမှ တစ်ခုဖြစ်ကြောင်း ငါအာမခံတယ်။ ”
“ ဒီအကြောင်း နောက်မှပြောရအောင်။ ”
ကူချန်မှ ခေါင်းခါလိုက်သည်။ သူ စိတ်မဝင်စားတော့သည်ကို မြင်ချိန်၌ လူငယ်က လိမ္မာပါးနပ်စွာ စကားရပ်လိုက်၏။ ထို့နောက် စာရင်းစာရွက်ထံ ပြန်ကြည့်ပြီး၊
“ ဒီထဲအများစု ငါတို့မှာရှိတယ် ... မင်းဘယ်လောက် လိုအပ်လဲ ငါမသိဘူး။ ”
-ဟု ပြန်ဖြေသည်။
ကူချန်တစ်ယောက် စိတ်သက်သာရာရသွားသည်။ မဟုတ်သော် ပင်ပန်းရကျိုးနပ်မည်မဟုတ်ချေ။
“ ဘာတွေ မရှိတာလဲ။ ”
“ ဒီကောင်းကင်အလိုတော်ပန်းနဲ့ ... ပျော်ရွှင်ခြင်းမြက်ပင်ကတော့ ဒီမှာရှာရခက်တဲ့ မှော်ဆေးအမယ်နှစ်မျိုးပဲ။ ”
“ မင်းမှာ စာရွက်နဲ့ ဘောပင်ရှိလား။ ”
“ ရှိပါတယ် ခဏစောင့်။ ”
လူငယ်က စားပွဲခုံနောက်သို့ ပြန်သွားလိုက်ကာ ဘောပင်နှင့် စာရွက်ယူပြီး ကူချန်ကိုပေးလိုက်သည်။
“ ကျေးဇူးပါ ... ။ ”
ထို့နောက် ကူချန်က အနည်းငယ် စဉ်းစားကာ ဝိညာဉ်ရေးဆေးအမယ်များစွာ၏ လိုအပ်သောပမာဏကို ချရေးလိုက်သည်။
လူငယ်က စာရွက်ကို ပြန်ကြည့်ကာ၊
“ လိုအပ်တဲ့ အရေအတွက်က မနည်းဘူး အကုန်လုံးအတွက် ကျသင့်ငွေ ကျန်းချီဆေးပြား (၁၃၃၀၀၀)လောက် ကုန်ကျလိမ့်မယ်။ ”
-ဟု ပြောကြားလိုက်၏။
ကူချန်တစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူ့လက်ထဲရှိ ကျန်းချီဆေးပြားအရေအတွက်သည် ပမာဏ အနည်းငယ်အတွက်သာ လုံလောက်ချေ၏။
လူငယ်က သူ့အမူအရာကို စောင့်ကြည့်နေလျက်မှ၊
“ ဖြစ်နိုင်ရင် ငါ့အကြံပြုချက်ကို မင်းနားထောင်ကြည့်မလား ဧည့်သည်တော်။ ”
-ဟု ပြောကြားလာသည်။
“ ပိုက်ဆံမလောက်ဘူးလား။ ”
သူ့ရှေ့မှ မြင်ကွင်းများကြောင့် တာအိုချင်းရှက မျက်နှာနီရဲလာ၏။ ကူချန်မှ သူ့ထံတစ်ချက်လှည့်ကြည့်ပြီး၊
“ ဟုတ်တယ် ... ချေးမလို့လား။ ”
-ဟု ပြန်မေးသည်။
တာအိုချင်းရှခမျာ ချက်ချင်း အေးစက်တောင့်တင်းသွားလျက်ဖြင့်၊
“ မင်းငါ့ကို ဒီမှာပိတ်လှောင်ပြီး နေ့တိုင်း ကျန်းချီဆေးပြားတွေ သန့်စင်ခိုင်းခဲ့ရင်တောင် ငါသေတဲ့အထိ ဒီအရေအတွက်ကို ရလာမှာမဟုတ်ဘူး။
“ ဟား ဟား ဟား ... ။ ”
လူငယ်မှ ရယ်သည်။ ကူချန်က ပြုံးပြီး လူငယ်ထံမော့ကြည့်ကာ၊
“ အခက်အခဲ ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ် ငါနောက်မှ ပြန်လာမယ်။ ”
-ဟု နှုတ်ဆက်လိုက်၏။
“ ကြိုဆိုပါတယ် ဧည်သည်တော် ... အချိန်မရွေး ငါတို့ဆီလာလည်နိုင်ပါတယ်။ ”
လူငယ်မှ ပြုံးလျက် တလေးတစား နှုတ်ဆက်သည်။ စိတ်နေစိတ်ထားနှင့် ရိုးသားမှု အပေါ် အသိအမှတ်ပြုလိုက်၏။
ယင်းသည် သူ့ကို အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်တစ်ဦးအဖြစ် ယူဆထား သည်လော။ သို့မဟုတ် ဤသည်မှာ လူငယ်၏ ပင်ကိုယ်နှလုံးသားပင်လော။
“ ခွင့်ပြုပါဦး ... ဒီမှာသတင်းရောင်းတဲ့ နေရာမျိုး ဒါမှမဟုတ် ဝိညာဉ်လက်နက်တွေ ဝယ်တဲ့ဆိုင်မျိုး ဘယ်မှာရှိနိုင်မလဲ။ ”
လူငယ်က ခဏမျှ အံ့သြသွား၏။ ဤဘုန်းကြီးငယ်သည် ဆေးများကို သန့်စင်နိုင် သည်သာမက လက်နက်များပင် သန့်စင်နိုင် နေသည်လော။
“ တစ်ခုခုသိချင်ရင် ချင်ယွမ်စျေးမြို့ အလယ်မှာရှိတဲ့ ချင်ယွမ်ခန်းမကို သွားလိုက်ပါ ဆေးခန်းမကနေ ထွက်တာနဲ့ တည့်တည့် လျှောက်သွား ...
... ချင်ယွမ်တော်ဝင်မိသားစုရဲ့ ထိန်းချုပ်မှုအောက်မှာရှိတယ် မစ်ရှင်အမျိုးမျိုး လက်ခံပြီး ပြန်ထုတ်ပေးလေ့ရှိတယ် ဈေးနှုန်း မှန်နေသရွေ့ ဘာမဆို ဆွေးနွေးလို့တယ်။ ”
... ဝိညာဉ်လက်နက် ရောင်းဝယ်ရေးနဲ့ ပတ်သက်ရင်တော့ ချင်ယွမ်ခန်းမဘယ်ဘက်မှာ ရတနာခန်းမရှိတယ် အချိန်အကြာကြီး နာမည်ကောင်းပိုင်ဆိုင်ထားတယ် မင်းသွားကြည့်လို့ရတယ်။ ”
“ ကျေးဇူးတင်ပါတယ်။ ”
ကူချန်က ခေါင်းညိတ်ပြပြီး ကျေးဇူးတင်စကားဆိုကာ တာအိုချင်းရှကို ခေါ်ဆောင်လျက် ထွက်ခွာလာခဲ့သည်။
ချင်ယွမ်စျေးမြို့ အလယ်ရှိ ထင်ရှားသော အဆောက်အဦးတစ်ခုကို အဝေးမှပင် မြင်နိုင်၏။ ခံ့ညားပြီး မြင့်မားသည်။
ယေဘုယျအားဖြင့် ၎င်းသည် အခြားပတ်ဝန်းကျင်ရှိ အဆောက်အအုံများထက် ခမ်းနားနေချေ၏။
ယင်းသည် ခန်းမဟုဆိုသော်လည်း ပေတစ်ရာမြင့်သော မျှော်စင်ကြီး ဖြစ်လေသည်။ ချင်ယွမ်စျေးမြို့ကို မြင့်မားသော တောင်ထိပ်၌ တည်ဆောက်ထားသဖြင့် ထိုအမြင့်သည် တိမ်တိုက်အတွင်း ပျောက်ကွယ်နေ၏။
မျှော်စင်ပေါ်မှနေ၍ ကြယ်စင်များကို လက်ဖြင့် ခူးယူနိုင်သည်ဟု ခံစားရစေသည်။ တာအိုချင်းရှက မုတ်ဆိတ်မွေးကိုပွတ်သပ်ပြီး မော့ကြည့်လိုက်တော့၏။
“ မဆိုးပါဘူး ... ခမ်းနားထည်ဝါမှုက ငါ့နှင်းပန်းဓားကျောင်းနဲ့ ခပ်ဆင်ဆင်တူတယ်။ ”
“ ပြင်ပတပည့်တစ်ယောက်က နှင်းပန်းဓားကျောင်းရဲ့ ကျက်သရေအပေါ် ဘယ်လိုများ မြင်နိုင်ရတာလဲ။ ”
ကူချန်က ပြုံးလျက် ပြောသည်။ တာအိုချင်းရှမှ သူ့မုတ်ဆိတ်မွေးများကို ရိုက်လိုက်ပြီး၊
“ ငါ့ပြင်ပဂိုဏ်းရဲ့ ဖွဲစည်းပုံကတင် ဒီချင်းယွမ်စျေးမြို့ထက် အများကြီးခမ်းနားတာ မင်းမသိနိုင်ဘူး။ ”
-ဟု ဝင့်ကြွားစွာ ပြန်ဖြေ၏။
“ အထင်မသေးနဲ့ နှင်းပန်းဓားကျောင်းမှာ ပြင်ပတောင်ထိပ်ပေါင်း (၇၂)ခုရှိပြီး တောင်ထိပ် တစ်ခုချင်းစီက ဒီစျေးမြို့ထက် အများကြီး စည်ကားတယ် ...
... တောင်တန်းတွေဟာ ဓားတစ်လက်လို တောက်ပနေပြီး ဝိညာဉ်စမ်းရေတွေ နေရာအနှံ့ စီးဆင်းနေတယ် ... ကြိုးကြာငှက်တွေက ကောင်းကင်မှာ မြူးထူးတယ် ...
... မင်းနဂါးမြင်ဖူးလား ... ငါ့နှင်းပန်းဓားကျောင်းရဲ့ ပြင်ပဒေသကြီးမှာ ရေနဂါး အကြီးအကဲတစ်ပါးရှိတယ် ...
... ပေသုံးရာလောက် ခုန်တက်သွားပြီး သူ့ရဲ့ပုံသဏ္ဍာန်အစစ်အမှန်ကို ခံယူလိုက်တာ ငါမြင်ဖူးတယ်။ ”
“ ပေသုံးရာလား ... ။ ”
“ ဟုတ်တယ် ... ဒီအမြင့် ဘယ်လောက် ကြောက်စရာကောင်းလဲ မင်းသိမှာ မဟုတ်ဘူး အဲဒီအကြီးအကဲက ချီလင်ရေကန်ထဲကနေ ခုန်ထွက်လာခဲ့တာ။ ”
ကူချန်တစ်ယောက် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ တာအိုချင်းရှသည် မယုံကြည်နိုင်ဖွယ်ရာများကို မြင်နေရသည့် ကလေးငယ်ကဲ့သို့ ဖြစ်နေ၏။
“ ကောင်းပြီ ... ၊ ဆရာ ... မင်းက အရမ်းအမြင်ကျယ်တယ် အဆင်ပြေရဲ့လား။ ”
ထို့ကြောင့် တာအိုချင်းရှကို နှစ်သိမ့်လိုက်တော့သည်။ သူ့စကားကြောင့် တာအိုချင်းရှက ပြုံး၏။
သို့သော် ခဏအကြာတွင် မျက်မှောင်ကြုတ်လျက် ကူချန်အပေါ် သံသယ မျက်ဝန်းများဖြင့် ပြန်မော့ကြည့်သည်။
“ နေဦး ... မင်းလေသံက ဘာလို့ ... ငါ့သားသမီးတွေကို ချော့မော့နေတဲ့ လေသံနဲ့ တူနေရတာလဲ။ ”
***