သတင်းတစ်ခု၏ စျေးနှုန်း ... ။
Vol. 5 Ch. 59
“ ဆရာ ... မင်းအရမ်းစိုးရိမ်လွန်နေပြီ။ ”
ကူချန်က တာအိုချင်းရှကို နှစ်သိမ့်သည်။ တာအိုချင်းရှတစ်ယောက် မျက်မှောင်ပြေလျော့ လာစဉ် ကူချန်မှ စကားဆက်ပြောလာသဖြင့် မျက်လုံးပြူး သွားတော့၏။
“ ဆရာအသက်အရွယ်နဲ့ သားတစ်ယောက် ငါ့မှာလုံးဝမရှိပါဘူး။ ”
“ မင်း ... ။ ”
ကူချန်က ပြုံးလျက် လျစ်လျူရှုကာ ချင်ယွမ်ခန်းမထံ ဦးတည်သွားတော့သည်။ တာအိုချင်းရှမှ ပြေးလိုက်လာ၏။
ယနေ့ခေတ်လူငယ်များသည် သက်ကြီးရွယ်အိုများအပေါ် လေးစားမှုတကယ် မရှိကြချေ။ လမ်းတလျှောက်ရှိ စျေးဆိုင်များ၌ ကျင့်ကြံသူများအတွက် လိုအပ်သော အရာအားလုံးရှိနေ၏။
ဆေးခန်းမမှ လူငယ်ပြောသကဲ့သို့ပေပင်။ မြို့ကြီးပြကြီးများတွင် နေထိုင်သူတစ်ဦးသည် ကျေးလက်ဒေသသို့ သွားရောက်နေထိုင်ရန် ခက်ခဲပေမည်။
ကျင့်ကြံသူများအတွက် အမျိုးမျိုးသော စွမ်းအင်၊ ဝိညာဉ်လက်နက်များနှင့် အစီရင်များ မရှိမဖြစ်လိုအပ်သည်။ များမကြာခင် ချင်ယွမ်ခန်းမရှေ့ ရောက်ရှိလာ၏။
သူ့ဘေးရှိ တာအိုချင်းရှတစ်ယောက် အနည်းငယ်မဝံ့မရဲဖြင့် စိတ်လှုပ်ရှားနေသည်ကို မြင်နိုင်သည်။
“ ဆရာ ... ငါအရင်ဝင်ကြည့်လိုက်မယ်။ ”
ကူချန်မှ လှည့်ကြည့်ကာ ပြောကြားလိုက်သည်။ တစ်ဖက်လူသည် တည်ငြိမ်မှု မရသေးချေ။ ယင်းသည် သူ့ဂိုဏ်း အပေါ် မည်မျှချစ်ကြောင်း မြင်သာစေ၏။
သူသည် မိဘမဲ့ဖြစ်ပြီး ဂိုဏ်း၏ စောင့်ရှောက်မှုကြောင့် သည်အသက်အရွယ်ထိ ကြီးပြင်းနိုင်ခဲ့ခြင်းပေပင်။
ယင်းသည် ဂိုဏ်းအပေါ် နက်နဲသော ခံစားချက်ရှိစေသည်မှာ သဘာဝပေပင်။ ထိုစဉ် တာအိုချင်းရှက ခေါင်းယမ်းပြီး အသက် ပြင်းပြင်းရှူကာ၊
“ ငါကိုယ်တိုင် နားထောင်ချင်တယ်။ ”
-ဟု တုန့်ပြန်လာတော့သည်။
“ ငါဂိုဏ်းကနေ ထွက်လာတာ အနှစ်လေးဆယ်နီးပါး ရှိနေပြီ ဒီသတင်းကို နားထောင်ဖို့ သည်းမခံနိုင်တော့ဘူး။ ”
ကူချန်မှ ခေါင်းညိတ်လိုက်၏။ ထို့နောက် နှစ်ယောက်သား ချင်ယွမ်ခန်းမထဲ ၀င်ရောက် လာခဲ့သည်။
အတွင်းမြင်ကွင်းသည် ကျယ်ပြောပြီး မျက်နှာကြတ်အမိုးခုံးသည် မြင့်မားလွန်းချေ၏။ ဧည့်ခန်းတစ်ခုလုံး အလွန်ပွင့်လင်းမြင်သာသည်။
အရှေ့ဘက်၊ ဘယ်ဘက်နှင့် ညာဘက်တို့တွင် သေသေသပ်သပ်စီထားသော စားပွဲခုံများရှိသည်။
စားပွဲခုံများနောက်တွင် ကျောက်စိမ်း နံရံကြီးထားရှိပြီး ကျောက်စိမ်းတုံးများစွာကို အုပ်စုလိုက်ခွဲကာ ပြသထားသည်။
ဝယ်ယူရေးမစ်ရှင်၊ ကိုယ်ရံတော် မစ်ရှင်၊ အသင်းအဖွဲ့ မစ်ရှင်၊ သတင်းအချက်အလက် မစ်ရှင်၊ နတ်ဆိုးနှိမ်နင်းခြင်းမစ်ရှင် စသည့် မစ်ရှင်အသေးစားများရှိ၏။
၎င်းတို့အထက် ကျောက်စိမ်းနံရံကြီး၏ ထိပ်ဆုံးတွင် ကြီးမားသော မစ်ရှင်များ ရေးသား ဖော်ပြထားသည်။
( မီးနတ်ဆိုးဆေးပြား ဝယ်ယူလိုသည်။ ယွမ်ဖူနယ်ပယ်၊ ကျန်းချီဆေးပြား (၁၀၀၀၀)။ )
( ရေသဘာဝ ခုခံကာကွယ်ရေး လျှို့ဝှက်နည်းစနစ် ရှာဖွေနေသည်။ တန်ကြေး ကျန်းချီဆေးပြား (၈၀၀၀)။)
( တစ္ဆေဝိညာဉ်ရေကန်မစ်ရှင်။ လက်ရှိတွင် အတွေ့အကြုံရှိသော ယွမ်ဖူနယ်ပယ် (၃)ဦးရှိပြီး သုံးရက်အတွင်း ရေဒြပ်စင်ကျွမ်းကျင်သူ တစ်ဦးအလိုရှိသည်။ )
( အရှေ့ဘက်နှင်းနိုင်ငံရှိ ယွမ်ဖူနယ်ပယ်ကျင့်ကြံသူ ဝူမူကျိ၏ တည်နေရာ သတင်းအချက်အလက်ကို လိုအပ်သည်။
ဆယ်ရက်အတွင်း ကျန်းချီဆေးပြား တစ်ထောင်၊ ငါးရက်အတွင်း ကျန်းချီဆေးပြား နှစ်ထောင်၊ သုံးရက်အတွင်း ကျန်းချီဆေးပြား သုံးထောင်ပေးမည်။ )
ဤသည်မှာ ကျန်ရှိနေသော မစ်ရှင်များဖြစ်ကာ များမကြာခင် ယနေ့အတွက် မစ်ရှင်အသစ်များ ထပ်မံရောက်ရှိ လာ၏။
ဧည့်ခန်းအတွင်းရှိ လူတိုင်းက ထိုအသစ်ရောက်ရှိလာသော မစ်ရှင်များစွာကို သွားရောက်ဖတ်ရှုနေကြသည်။
ကူချန်မှ ရပ်တန့်သွား၏။ ဤမြင်ကွင်းသည် သူမျှော်လင့်ထားသည်နှင့် အနည်းငယ် ကွဲလွဲနေ တော့သည်။
အတွင်း၌ အခန်းငယ်များရှိကာ သီးသန့်တာဝန်ခံတစ်ဦးမှ သူ့ကိုကြိုဆိုမည်ဟု ယူဆခဲ့ခြင်းဖြစ်၏။ ယခုမူ ဤကမ္ဘာကြီးသည် လူသားအရင်းအမြစ်၏ ကုန်ကျစရိတ်ကို မည်သို့ ထိန်းချုပ်ရမည်ကို သိနေပုံရသည်။
သူ့ပတ်ဝန်းကျင်၌ ရှေးဟောင်း ဗိသုကာလက်ရာများနှင့် ရိုးရာဝတ်စုံဝတ် လူအများသာ မရှိသော် ကမ္ဘာမြေကြီးသို့ ပြန်ရောက်နေသည်ဟု ထင်မိပေမည်။
ကျောက်စိမ်းနံရံများတွင်လည်း အစီရင်များရေးထွင်းထားကာ ကမ္ဘာမြေကြီးရှိ (Application)များကဲ့သို့ သေသပ်လွန်းပေ၏။
မှင်သပ်ငေးမောနေသော ကူချန်ကို တာအိုချင်းရှက တွန်းထုတ်ရန် ပြင်လေသည်။ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သောကြောင့် ကူချန်တစ်ယောက် အံ့အားသင့်နေသည်ဟု ထင်မှားသွားခဲ့၏။
သို့သော် မလုပ်ဆောင်နိုင်ခင် ကူချန်က ဆက်လျှောက်သွားတော့သည်။ ဤမြင်ကွင်းမှာ တာအိုချင်းရှကို မျက်ခုံးပင့်မိစေ၏။
“ ဒီကောင်လေးက ဖူစုနိုင်ငံလို နိုင်ငံငယ်လေးမှာ တကယ် မွေးဖွားလာတာရော ဟုတ်ရဲ့လား ... တခြားတစ်ယောက်ယောက် အစားထိုးလာတာများလား။ ”
သူ့အမြင်တွင် တစ်ဖက်လူသည် ဤလုပ်ငန်းမျိုးဖြင့် အလွန်ရင်းနှီးနေပုံပေပင်။ ထိုစဉ် ကူချန်သည် စားပွဲတစ်လုံးရှေ့ ရောက်ရှိသွားကာ၊
“ အတိတ်က အဖြစ်အပျက်တစ်ခုနဲ့ ပတ်သက်ပြီး မင်းမှာ အချက်အလက်တွေ ရောင်းဖို့ရှိလား။ ”
-ဟု မေးမြန်းလိုက်သည်။
တာဝန်ခံ အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက အနည်းငယ်မျက်ခုံးပင့်သွားသည်။ ထို့နောက် ချက်ချင်း ခေါင်းညိတ်ပြကာ၊
“ ရှိပါတယ် ... ဒါပေမယ့် တိကျပြီး အသေးစိတ်တော့ မဟုတ်ဘူး၊ ဒါက ဘယ်လို သတင်းမျိုးလဲ ဆိုတဲ့အပေါ် မူတည်တယ်။ ”
“ တောင်ပိုင်းစိတ်ဝိညာဉ်နယ်မြေရဲ့ သတင်းမျိုးရှိသလား။ ”
“ တောင်ပိုင်းစိတ်ဝိညာဉ်နယ်မြေလား ... အရမ်းဝေးတယ်။ ”
အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက အနည်းငယ် အံ့အားသင့် သွားခဲ့သော်လည်း အဆုံးတွင် ခေါင်းညိတ်ပြကာ၊
“ ဒါက မင်းသိချင်တဲ့ အဖြစ်အပျက်ပေါ် မူတည်နေပါတယ် တောင်ပိုင်းစိတ်ဝိညာဉ်မြေရဲ့ ကြီးကြီးမားမား ဖြစ်ရပ်တွေသာ ရနိုင်မယ်။ ”
-ဟု တုန့်ပြန်လာ၏။
“ နှင်းပန်းဓားကျောင်းနဲ့ ပတ်သတ်တာ တစ်ခုခုရှိလား။ ”
ကူချန်နောက်ပါးမှ ရပ်နေသော တာအိုချင်းရှတစ်ယောက် အသက်ပြင်းပြင်း ရှူပြီး ဝင်မေးလာသည်။
အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက ကူချန်အပေါ်ကျော်ကြည့်ကာ တာအိုချင်းရှကို ခေါင်းညိတ်ပြလေသည်။
“ ရှိတယ် ... ။ ”
“ ဘယ်လောက်လဲ ... ။ ”
“ ကျန်းချီဆေးပြား တစ်ထောင်။ ”
“ ကျန်းချီဆေးပြား တစ်ထောင်တောင်လား။ ”
တာအိုချင်းရှတစ်ယောက် အသက်ရှူမဝတော့ချေ။ အံကြိတ်လျက် အမျိုးသမီးထံ မော့ကြည့်ကာ၊
“ မင်းငါတို့ကို လုယက်ဖို့ ကြိုးစားနေတာလား။ ”
-ဟု မေးမြန်းလိုက်သည်။ အမျိုးသမီးက ပြုံးပြီး၊
“ ဆရာတော် နောက်နေတာလား ... ငါတို့ခန်းမက ချင်ယွမ်တော်ဝင်မိသားစုကြီးရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ လုပ်ငန်းတစ်ခုပါ ... ဒီလိုမျိုးဘယ်တော့မှ မလုပ်ဘူး။ ”
... အထူးသဖြင့် အဝေးက သတင်းတွေရဲ့ တန်ဖိုးကို နားလည်ပေးပါ ... သတင်းပေးပို့ခက သာမန်သတင်းတွေနဲ့ ယှဉ်လို့မရဘူး ...
... ချင်ယွမ်နိုင်ငံတစ်ခုလုံး ဒီလိုသတင်းမျိုးရနိုင်တာ အဖွဲ့အစည်းငါးခုထက် မပိုနိုင်ဘူး ဒါပေမယ့် တခြားအဖွဲ့အစည်းတွေက မရောင်းဘူး ...
... သတင်းက အရေးမကြီးပေမယ့် ချင်ယွမ်နိုင်ငံရဲ့ စံနှုန်းအရ ဒီလိုသတင်းမျိုးဟာ ရွှေနဲ့ကိုက်ညီပါတယ်။ ”
တာအိုချင်းရှခမျာ စကားမပြောတော့ဘဲ ငြိမ်သက်သွားသည်။ အဆုံး၌ ကူကယ်ရာမဲ့စွာ ကူချန်ထံ လှည့်ကြည့်၏။ ဤမျှစျေးကြီးမည်ဟု မမျှော်လင့်ထားချေ။
ကူချန်က သိုလှောင်လက်စွပ်မှ ကျန်းချီဆေးပြားတစ်ထောင် ထုတ်ယူလိုက်ပြီး အမျိုးသမီးထံသို့ ကမ်းပေးလိုက်သည်။
“ ငါလိုချင်တယ်။ ”
အမျိုးသမီးက ကျန်းချီဆေးပြားများကို သိမ်းဆည်းလျက်၊
“ ကျေးဇူးပြုပြီး ခဏစောင့်ပါ သခင်လေး။ ”
-ဟု ပြောကာ ကျောခိုင်းပြီး ကျောက်စိမ်းနံရံထံ လျှောက်လှမ်းသွား၏။
ကူချန်က ခေါင်းညိတ်ပြကာ တာအိုချင်းရှဘက်သို့ ပြန်လှည့်ကြည့်လျက်၊
“ နှင်းပန်းဓားကျောင်းကို ငါအရမ်းစိတ်ဝင်စားနေတယ်။ ”
-ဟု ပြောကြားလိုက်တော့သည်။
တာအိုချင်းရှတစ်ယောက် ကူချန်ထံငေးကြည့်ကာ အကြာကြီး တိတ်ဆိတ် သွားခဲ့၏။
***