← Chapters

အမျိုးသမီး ဟွိုက်ရှန်း။

Vol. 5 Ch. 60

အမျိုးသမီး ဟွိုက်ရှန်း။

Vol. 5 Ch. 60

တာအိုချင်းရှက ရှုပ်ထွေးနေသော ခံစားချက်များဖြင့် အသက်ပြင်းပြင်းရှူကာ ကူချန်ထံ ပြန်ကြည့်သည်။

“ ကျေးဇူးတင်ပါတယ် ... ။ ”

“ ဟား ဟား ဟား ... ။ ”

ကူချန်က ရယ်မောလျက်၊

“ ဆရာတော် ... မင်းငါ့ကို ကျေးဇူးတင်စရာမလိုဘူး ငါတကယ်ပြောတာပါ နှင်းပန်းဓားကျောင်းကို စိတ်ဝင်စားတယ်။ ”

-ဟု တုန့်ပြန်၏။

ဓားအလင်းများ၊ နတ်ဆိုးများ၊ ကောင်းကင်အနှံ့ ပျံသန်းနေသော နတ်ဆိုးများ၊ နဂါးများ၊ ဝင်္ကပါများစသည့် အချင်းအရာများမှာ နှစ်ပေါင်းများစွာ သူ့နားထဲစွဲနေသည်။

များမကြာခင် အစိမ်းရောင်ဝတ် အမျိုးသမီးပြန်ရောက်လာပြီး ကျောက်စိမ်းတုံး တစ်တုံး ကူချန်ထံ ကမ်းပေးလာ၏။

“ ဒီမှာ တာအိုဘုန်းကြီးငယ် လိုအပ်တဲ့ အချက်အလက်တွေ ပါပါတယ် ... မင်းအတွက် နောင်တရစေမှာ မဟုတ်ဘူး။ ”

ကူချန်မှ ခေါင်းညိတ်ကာ တာအိုချင်းရှထံ လှည့်ကြည့်ပြီး၊

“ ဆရာ ... ငါတို့ ဒီအတွက် နေရာလိုတယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ မှန်တယ် နေရာတစ်ခုခုရှာရအောင်။ ”

တာအိုချင်းရှသည်လည်း စိတ်လှုပ်ရှားမှုကို ထိန်းထားရဟန်ဖြင့် ခေါင်းညိတ် လိုက်တော့၏။ ချင်ယွမ်စျေးမြို့တွင် စားသောက်ဆိုင် များစွာရှိသည်။

ထိုဆိုင်များ၌ ရောင်းချလေ့ရှိသော အစားအစာတွင် ဝိညာဉ်ရေးအာနိသင်များ ပါရှိကာ စျေးကြီး၏။

ဥပမာအားဖြင့် နတ်ဆိုးသားရဲအသား၊ ဝိညာဉ်ရေးဝိုင်၊ ဆေးဘက်ဝင်အပင်များစွာနှင့် ပြုလုပ်ထားသော ဟင်းပွဲအမျိုမျိုးတို့ဖြစ်၏။

နှစ်ယောက်သား အလျင်းသင့်ရာ စားသောက်ဆိုင်အတွင်းရှိ ပြတင်းပေါက်နား ထိုင်ခုံတွင် နေရာယူလိုက်၏။

“ ချွင် ... ချွင် ... ။ ”

နံရံများတွင် အထူးဟင်းလျာများ၏ ဈေးနှုန်းများကို ရေးသားထားသော ဆိုင်းဘုတ် များစွာ ရှိနေသည်။ ၎င်းတို့သည် လေတိုက်ချိန်၌ လှုပ်ခါလျက် တချွင်ချွင်မြည်သံပေးနေ၏။

ကူချန်သည် သစ်သားဆိုင်းဘုတ်ပေါ်မှ ဝိညာဉ်ရေးဝိုင် အမျိုးအစားများစွာကို ဖတ်ရှု လိုက်သည်။

ထိုဝိုင်များမှာ နဝမတန်းများဖြစ်ပြီး ရောင်းချသည့် စျေးနှုန်းသည် ကျန်းချီဆေးပြား (၅၀) ဝန်းကျင်ဖြစ်လေသည်။

ဟင်းလျာများသည် စျေးသက်သာကာ ယွမ်ဖူနယ်ပယ်နတ်ဆိုးသားရဲ ဟင်းလျာမှတပါး အခြားသော မည်သည့်ဟင်းလျာများမဆို ဈေးနှုန်းအလွန်သက်သာသည်။

သို့သော် တာအိုချင်းရှသည် စားပွဲပေါ်ရှိနတ်ဆိုးသားရဲ ဟင်းလျာများနှင့် ဝိညာဉ်ရေးဝိုင်များထံ ပြန်ငုံ့ကြည့်လိုက်ကာ မျက်လုံးပြူးနေခဲ့၏။

သူ့ဝင်ငွေအရ ဤစားသောက်ဝိုင်း တစ်ဝိုင်းသည်ပင် တစ်နှစ်ခန့် ဤနေရာတွင် ပန်းကန်ဆေးပြီး ပေးဆပ်ရပေမည်။

စားပွဲထိုးလူငယ်သည် ရှန်ရှင်းနယ်ပယ် ကျင့်ကြံသူဖြစ်ကာ၊

“ ဧည့်သည်တော်တို့ နှစ်ယောက်က ဝိညာဉ်ရေးဝိုင်ကြိုက်လား ... ငါတို့ဆိုင်မှာ ဝိုင်နီက အရမ်းနာမည်ကြီးတယ်။ ”

-ဟု စိတ်အားထက်သန်စွာ လမ်းညွှန်ပေးလာသည်။

“ မဟုတ်ဘူး ... ငါ့မှာ ဝိုင်ပါတယ်။ ”

ကူချန်က မက်မွန်ပွင့်ဝိုင်ထုတ်ယူကာ စားပွဲပေါ်တင်လိုက်၏။ ထို့နောက် အနည်းငယ် ပြုံးပြကာ၊

“ ငါ့ကို အရသာရှိတဲ့ နတ်ဆိုးသားရဲ ဟင်းလျာပေးပါ ... ဒီဝိုင်အတွက် စိတ်မဆိုးဘူး မဟုတ်လား။ ”

“ ဧည့်သည်တော် ... မင်းနောက်နေတာလား ... ။ ”

စားပွဲထိုးလူငယ်က ပြုံးပြီး လှည့်ထွက်သွားသည်။ ဤစားသောက်ဆိုင်၏ ဒုတိယထပ်တွင် ပြတင်းပေါက်များစွာ ပါရှိနေ သောကြောင့် လေထုမှာ ရှင်းသန့်နေ၏။

စားပွဲဝိုင်းများ အားလုံးကို ထိုပြတင်းပေါက်များအနီးတွင် ခင်းကျင်းပေး ထားသည်။ ဒုတိယထပ် တစ်ခုတည်း၌ပင် (၁၃)ဝိုင်းခန့်ရှိချေ၏။

ကူချန်က ကျောက်စိမ်းတုံးကို စားပွဲပေါ်တင်လိုက်ပြီး တာအိုချင်းရှရှေ့သို့ တွန်းပို့လိုက်လေသည်။

“ ဆရာ ... ဒါကို မင်းအရင်ကြည့်ပါ။ ”

တာအိုချင်းရှတစ်ယောက် ငြင်းဆန်ခြင်း မပြုချေ။ ဤအရာကို စောင့်မျှော်နေခဲ့သည်မှာ နှစ်ပေါင်း(၄၀)ကျော် နေချေပြီ။

သူဂိုဏ်းမှ ထွက်ခွာလာခဲ့ချိန်တွင် အသက်(၁၈)နှစ်သာ ရှိသည်။ ရှန်ရှင်းနယ်ပယ် သက်တမ်းသည် (၁၅၀)ဖြစ်ကာ လက်ရှိတွင် သူ့အသက်သည် (၇၀)နီးပါးရှိနေပြီဖြစ်၏။

လူတိုင်း ဤအချိန်ထိ အသက်ရှင်နေရန် မမျှော်လင်နိုင်ချေ။ ကူချန်က ဝိုင်အိုးကိုဖွင့်ကာ နှစ်ခွက် လောင်းငှဲ့ပေးလိုက်သည်။

ကြည်လင်သော ပယင်းရောင်အရည်များ ဖန်ခွက်ထဲ လွင့်မျောနေကာ မက်မွန်ရနံ့များက လေနှင့်အတူ လွင့်ပျံသွား၏။

ဝိညာဉ်ဝိုင်သည် စွမ်းအင်ဆေးပြားနှင့် ကွဲပြားသည်။ အဆင့်တူဖြစ်သော် ကုန်ကျစရိတ် သက်သာလှပြီး ၎င်း၏အာနိသင်သည်လည်း ထိရောက်မှု အားနည်းမည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ စွမ်းအင်ဆေးပြား၏ အာနိသင်မှာ တဖြည်းဖြည်း အားနည်းလာပေမည်။

တစ်ဖက်တွင် ဝိညာဉ်ဝိုင်၏ ထိရောက်မှုသည် နှစ်ပေါင်းများစွာအကြာတွင် နှစ်ဆတိုးလာမည်ဖြစ်သည်။

အခြားသော စားပွဲဝိုင်းများတွင် စားသောက်နေသော လူအများသည် မက်မွန်ဝိုင် ထံမှ လန်းဆန်းသောရနံ့ကြောင့် တပ်မက်စွာ လှည့်ကြည့်လာ၏။

ကူချန်က တစ်ငုံမော့သောက်ကာ စောင့်ဆိုင်းနေလိုက်သည်။ တာအိုချင်းရှခမျာ ဝိုင်ရနံ့များကိုပင် သတိမထားမိဘဲ နစ်မျောနေခဲ့သည်။

ကျောက်စိမ်းတုံးအတွင်းရှိ အချက်အလက်သည် အမှန်ပင် ကျန်းချီဆေး (၁၀၀၀)နှင့် ထိုက်တန်ပုံရ၏။

ထိုစဉ် ကူချန်အကြည့်များသည် လှေကားဆီသို့ ရွေ့လျားသွားသည်။ အနီဝတ် အမျိုးသမီးတစ်ယောက် လှေကားမှ လှမ်းတက်လာ၏။

ကျောက်စိမ်းကဲ့သို့ ကြည်လင်သော အသားအရည်၊ မှင်ကဲ့သို့နက်မှောင်သောဆံနွယ်၊ လေးကိုင်းနှစ်ကိုင်းကဲ့သို့ ကွေးညွှတ်နေသော မျက်ခုံးနှစ်သွယ်၊ ဆွဲဆောင်မှုရှိသော နှာတံနှင့် ကျက်သရေရှိသော အမျိုးသမီးပေပင်။

အနီရောင် စကတ်ရှည်အောက်မှ သူမ၏ခန္ဓာကိုယ်သည် ဖုံးကွယ်မရအောင်ပင် ရုန်းကြွနေသည်။ ကူချန်တစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားလာ၏။

ယင်းသည် တစ်ဖက်အမျိုးသမီး၏ အသွင်အပြင်ကြောင့်မဟုတ်ချေ။ သူမခန္ဓာကိုယ် အတွင်းရှိ တောက်ပလွန်းသော နေမင်းတစ်စင်း ကြောင့်ပင် ဖြစ်သည်။

( ခရမ်းရောင်နေမင်း။ )

ဤသည်မှာ ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူဖြစ်၏။ အမျိုးသမီးက မက်မွန်ဝိုင်နှင့် ကူချန်ထံ လှမ်းကြည့်သည်။ သူမကို မှတ်မိသော တစ်စုံတစ်ယောက်မှ ပြုံးလျက်၊

“ ဟား ဟား ဟား ... ကြည့်ရတာ လေပြေတစ်ချက်က အမျိုးသမီးဟွိုက်ရှန်းကို တကယ် ထိတ်လန့်စေပုံပဲ။ ”

-ဟု ပြောကြားလိုက်၏။

အမျိုးသမီးဟွိုက်ရှန်းက ထိုအမျိုးသားထံ ခပ်ဖျော့ဖျော့ ပြန်ပြုံးပြပြီး၊

“ ခွက်ထဲမှာ ဝိုင်ရှိတယ် ... လေထဲမှာရနံ့ရှိတယ် ... ငါ့ရှေ့မှာတော့ လူတစ်ယောက် ... ။ ”

-ဟု တုန့်ပြန် လိုက်သည်။

ထို့နောက်တွင် အမျိုးသမီးဟွိုက်ရှန်း၏ အကြည့်သည် ကူချန်ထံပြန်လှည့်လာပြီးနောက် ဖြည်းညှင်းစွာ လျှောက်လှမ်းလာ၏။

“ ငါက ဒီလေပြေညှင်းစားသောက်ဆိုင် ပိုင်ရှင်ပါ အမျိုးသမီးဟွိုက်ရှန်းလို့ ခေါ်ကြတယ် တွေ့ရတာဝမ်းသာပါတယ် တာအိုဘုန်းကြီးရဲ့ အမည်ကို သိခွင့်ရနိုင်မလား။ ”

ကူချန်တစ်ယောက် အနည်းငယ် အံ့သြသွားတော့သည်။ ခရမ်းရောင်နေမင်း နယ်ပယ် ကျွမ်းကျင်သူသည် ဤမျှသော ရိုကျိုးတတ်သည်လော။

“ ခွက်ထဲမှာ ဝိုင်ရှိတယ် ... လေထဲမှာရနံ့ရှိတယ် ... ငါ့ရှေ့မှာတော့ လူတစ်ယောက် ... ။ ”

-ဟူသည် ရှေးဟောင်းကဗျာဖြစ်သည်။

၎င်းသည် အလှတရား၊ ဒြပ်စင်နှင့် လူသားတို့ကြား ဆက်စပ်မှုများကို ဖော်ပြခြင်း ပေပင်။

သဘာဝတရားကြီးရှိ ဒြပ်စင်များ အားလုံး ပျော်ပျော်ပါးပါး တည်ရှိနေသည့် ပြီးပြည့်စုံသော သဟဇာတဖြစ်မှု အခိုက်အတန့်ဖြစ်သည်။

ခွက်ထဲကဝိုင်သည် ခဏတာ ပျော်ရွှင်မှုကို ကိုယ်စားပြုသည်။ ဝိုင်ကဲ့သို့ပင် ဤပျော်ရွှင်မှုမှာ အကန့်အသတ်ရှိ၏။ ဖန်ခွက်သည် ပစ္စုပ္ပန်တွင် ကြုံနေရသော အတွေ့အကြုံတစ်ခုဖြစ်သည်။

လေထဲမှရနံ့သည် တဒင်္ဂမျှသော အာရုံခံစားမှုဖြစ်သည်။ မွှေးရနံ့သည် ပစ္စုပ္ပန်၌ အတိတ်မှ အရာများကို သတိရစေသည်။

၎င်းသည် လေထဲတွင် ရှိနေခြင်းသည် ပြီးပြည့်စုံသော ရွေ့လျားမှုအပြောင်းအလဲကို အလေးပေးသည်။

ငါ့ရှေ့ကလူသည် အရေးကြီးဆုံးပေပင်။ လူသည် အလှတရားအဖြစ် အဓိပ္ပါယ်ယူသည်။ ဝိုင်အရသာ၊ ရနံ့၊ လေတို့သည် လွမ်းဆွတ်မှုကို တိုးစေသည်။

ဤလူသည် ထိုအခိုက်အတန့်ကို ချစ်သူ၊မိတ်ဆွေသူငယ်ချင်း သို့မဟုတ် လူသား အချင်းချင်း ဝေမျှရန် တောင်းဆိုခြင်းပေပင်။

ပေါင်းစပ်အဓိပ္ပါယ်မှာမူ ထိုကဗျာသည် ပစ္စုပ္ပန်အတွက် လေးနက်ကြီးမြတ်မှုအပေါ် ဖော်ပြခြင်းဖြစ်သည်။

သဘာဝတရားနှင့် လူသားတို့ ပေါင်းစည်းနေသည့် ရှားပါးပြီး ပြီးပြည့်စုံသော အခိုက်အတန့်ကို ညွှန်ပြ၏။

“ မင်္ဂလာပါ အမျိုးသမီးဟွိုက်ရှန်း ... ငါနာမည်က တာအိုချန်ရှန်ပါ။ ”

“ တာအိုချန်ရှန် ... ။ ”

အမျိုးသမီးဟွိုက်ရှန်းတစ်ယောက် ကူချန်အမည်ကို ရေရွတ်လျက် ထူးဆန်းသော အကြည့်ဖြင့် ပြန်ကြည့်၏။

“ တာအိုချန်ရှန် ... မင်းအသက်ငယ်ငယ်နဲ့ ကျင့်ကြံမှုလမ်းပေါ် ရောက်နေပြီပဲ တကယ့်ကို ထက်မြက်ပါပေတယ်။ ”

ကူချန်မှ ပြုံးပြီး တုန့်ပြန်ခြင်း မပြုချေ။ ထို့နောက်အမျိုးသမီးဟွိုက်ရှန်းက စားပွဲပေါ်ရှိ မက်မွန်ပွင့်ဝိုင်ထံ တစ်ချက်ကြည့်ကာ၊

“ ဒီလိုအံ့ဩစရာကောင်းတဲ့ ဝိညာဉ်ရေးဝိုင်တွေကို တာအိုချန်ရှန်ကိုယ်တိုင် ချက်ထားတာလားလို့ တွေးမိပါတယ်။ ”

“ မဟုတ်ဘူး ... ။ ”

ကူချန်မှ ခေါင်းယမ်းသည်။ အမျိုးသမီးဟွိုက်ရှန်းက ပြုံးလျက်၊

“ ဟား ဟား ဟား ... တာအိုချန်ရှန် ... မင်းအဖြေက ပြတ်သားလွန်းပါတယ် ကောင်းပြီ ကိုယ်တိုင်ချက်တာပဲဖြစ်ဖြစ် ... အခြားလူ ဆီကနေ ရတာပဲဖြစ်ဖြစ် ...

... ဒီဝိုင်ချက်နည်းကို မင်းသိထားရင် ပြောပြပေးပါ ... ကျန်းချီဆေးပြား(၅၀၀၀၀) ပေးပါ့မယ် ... မလုံလောက်သေးရင် ထပ်ပြီး ညှိနှိုင်းနိုင်ပါတယ်။ ”

ထို့နောက် မျက်လုံးများမှိတ်လျက် တရားထိုင်နေသော တာအိုချင်းရှထံ တစ်ချက်မျှ လှည့်ကြည့်လိုက်ကာ၊

“ အခုတော့ ... မင်းကို မ‌နှောက်ယှက်တော့ပါဘူး။ ”

-ဟု ဆိုလျက် ပြန်လှည့်သွားသည်။

“ ဂရုစိုက်ပါ ... အမျိုးသမီးဟွိုက်ရှန်း။ ”

ကူချန်တစ်ယောက် အတွေးနက် သွားတော့၏။ ဝိညာဉ်ရေးဝိုင် ချက်နည်းသည် ဤမျှသော တန်ဖိုးရှိနေသည်လော။ ရုတ်တရက် အတွေးရလာပြီး တာအိုချင်းရှထံ လှည့်ကြည့် လိုက်တော့၏။

ထိုအချိန်တွင် တာအိုချင်းရှတစ်ယောက် မျက်လုံးများပွင့်လာပြီး မျက်ရည်များစီးကျလာ တော့သည်။

ယင်းသည် ဝမ်းနည်းမျက်ရည် မဟုတ်ချေ။ ဝမ်းသာ၍ကျသော မျက်ရည်များဖြစ်လေသည်။ ထို့နောက် တုန်တုန်ယင်ယင်ဖြင့်၊

“ ငါ့ဂိုဏ်းက ရှိသေးတယ် ... သူတို့မကျရှုံးသွားဘူး ... သူတို့တွေမသေဘူး သူတို့ရှိသေးတယ်။ ”

-ဟု ပြောကြားလာတော့သည်။

***

မူလစာရေးဆရာ ပျက်စီးနေသော ကမ္ဘာကြီးသည် တရုတ်နိုင်ငံ၏အကျော်ကြားဆုံး ထိပ်တန်းကဗျာဆရာဖြစ်သည်။

နာမည်ကြီး ရသကဗျာပေါင်း(၂၀)ခန့် ထွက်ရှိထားပြီး ဤကောင်းကင်ဘုံသို့ ဝတ္ထုသည် ပထမဆုံး လက်ရာဖြစ်၏။

ဇာတ်လမ်း၊ ဇာတ်ကောင်စရိုက်တွင် အားနည်းချက်မရှိဘဲ ငြိမ့်ငြိမ့်လေးစီးမျောသော ပျော်ရွှင်ဖွယ်ရှန်းရှတစ်ပုဒ် ဖြစ်သည်။

ဝတ္ထုအတွင်း ကဗျာရနံ့များ မြိုင်မြိုင်ထုံမွှန်းထားပြီး မြင့်မားသောတောင်များ ဝိုင်းရံနေရာ တိဘက်ဒေသကြီးအတွင်း၌ အခြေတည်ထားသည်။

ရှန်းရှကမ္ဘာသည် လက်ရှိလူသားများနှင့် တသားတည်းဖြစ်တည်စေသော ခံစားချက်မျိုး ပေးစွမ်းနိုင်ချေပြီ။

All Chapters