← Chapters

တာအိုဆွေးနွေးခြင်း ... ။

Vol. 5 Ch. 62

တာအိုဆွေးနွေးခြင်း ... ။

Vol. 5 Ch. 62

ထိုစကားကိုကြားသောအခါ တာအိုချင်းရှတစ်ယောက် အံ့သြသွားလေသည်။ သူကလေသံကို လျှော့ချပြီး၊

“ မတော်တဆမှုတစ်ခု ရှိလို့လား။ ”

-ဟု ပြန်မေးသည်။

“ အသေးအမွှားကိစ္စပါ ပြဿနာမဟုတ်ပါဘူး။ ”

ကူချန်က တည်ငြိမ်စွာ ပြုံးလျက် တောင်ဆင်းလမ်းထံ လှည့်ကြည့်လိုက်ကာ၊

“ သွားကြရအောင် ... ။ ”

-ဟု ပြောကြားလိုက်သည်။

တာအိုချင်းရှက ခဏမျှ တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်၏။ တစ်ခုခုကို သိရှိနေခဲ့လျှင်ပင် သူ့ ကျင့်ကြံမှုအဆင့်အရ လုပ်နိုင်သည်များ မရှိချေ။

ချင်းယွမ်စျေးမြို့လေးသည် ချောက်ကမ်းပါးများဝန်းရံနေသော တောင်ထိပ် ပေါ်တွင် တည်ရှိသည်။ ၎င်းသို့တက်ရောက်ရန် အနိမ့်ဆုံး ရှန်ရှင်းနယ်ပယ် ကျင့်ကြံမှုလို၏။

ချင်းယွမ်နိုင်ငံသည် သန်မာသော ကျင့်ကြံသူများရှိသော်လည်း ထာဝရမင်းဆက် မဖြစ်သေးချေ။

သို့တိုင် ၎င်း၏ဧရိယာသည် ဖူစုနိုင်ငံ ဆယ်ဆရှိကာ ပတ်ဝန်းကျင် နိုင်ငံများထက် သာလွန်နေသည်။

အဘယ့်ကြောင့်ဆိုသော် ချင်းယွမ်ဧကရာဇ်သည် ကံကြမ္မာသားရဲကို စုစည်းနိုင်သောကြောင့်ဖြစ်၏။

ကံကြမ္မာသားရဲသည် နိုင်ငံတဝှမ်းတွင် ရာသီဥတုကောင်းမွန်စေပြီး ကုန်စည်စီးဆင်းမှု အပေါ် အထောက်အပံ့ပေးသည်။

ထို့ပြင် နိုင်ငံအတွင်း စောင့်ကြည့်နိုင်ပြီး မည်သည့်နေရာ၌ မတော်တဆမှုများ ဖြစ်ပွား နေသည်ကို သတိပေးချက်ထုတ်ပြန်နိုင်၏။

တစ်ဆက်တည်းမှာပင် ဧကရာဇ်သည် ကံကြမ္မာတံဆိပ်များဖန်တီးပြီး နိုင်ငံစွမ်းအားကို စုဆောင်းနိုင်ကာ တံဆိပ်များသည် အချင်းချင်း ချိတ်ဆက်ပေးသည်။

ဤနည်းဖြင့် သတင်းအချက်အလက်များ ပေးပို့ခြင်းအပြင် နိုင်ငံအနှံ့ ထူးခြားဖြစ်စဉ်များ အပေါ် သတိပြုမိနိုင်မည်ဖြစ်၏။

ထို့ကြောင့် ကံကြမ္မာမင်းဆက်သည် ကျယ်ပြန့်သောနယ်မြေများစွာ အုပ်ချုပ်နိုင်ခြင်း ဖြစ်သည်။

တစ်စုံတစ်ရာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သော် ကံကြမ္မာသားရဲမှ သတိပေးချက် ထုတ်ပြန်ပေးသဖြင့် သက်ဆိုင်ရာ ရုံးတော်များမှ ချက်ချင်း အရေးယူနိုင်မည်။

ချင်းယွမ်နိုင်ငံမှ လူများအတွက် ကျင့်ကြံခြင်းဟူသည် ပွင့်လင်းမြင်သာမှုဖြစ်ပြီး ချင်းယွမ်စျေးမြို့ တည်ရှိရာအရပ်သည် သဘာဝ အတိုင်း သန့်ရှင်းသောတောင်ဖြစ်၏။

တည်ဆောက်ခြင်းအဆင့် သို့မဟုတ် ချီစုစည်းခြင်းအဆင့် စစ်သည်တော်များသည်ပင် ထိုတောင်ကို သိရှိထားသည်။

ထို့ကြောင့် သူတို့အတွက် အကူအညီ ပေးနိုင်သည့် စွမ်းအင်ဆေးပြားများ ရှာဖွေရန် နေ့စဉ်တက်ရောက်သူများဖြင့် ပြည့်နေ၏။

သို့တိုင် သူတို့သည် လက်ဗလာဖြင့် ပြန်ဆင်းသွားရသည်။ ရှန်ရှင်း နယ်ပယ်အောက် မည်သူမဆို ကျန်းချီဆေးပြားကို သန့်စင်နိုင်ခြင်း မရှိကြချေ။

ရှန်ရှင်းနယ်ပယ် ကျင့်ကြံသူသာလျှင် ကျန်းချီဆေးပြာများကို သန့်စင်နိုင်ပြီး ငွေကြေး အဖြစ် အသုံးပြုနိုင်ချေမည်။

ကူချန်နှင့် တာအိုချင်းရှတို့နှစ်ဦး တောင်ပေါ်မှ ဆင်းလာသောအခါတွင် လူအများ တက်လာနေကြသည်ကို မြင်၏။ တာအိုချင်းရှမှ သက်ပြင်းချလိုက်ပြီး၊

“ တာအိုလမ်းက ခက်တယ်။ ”

-ဟု ညည်းတွားလိုက်၏။

ကူချန်က ချောက်ကမ်းပါးပေါ် တွယ်တက်နေသော လူအများထံ လှမ်းကြည့် လိုက်သည်။

သူတို့အားလုံးသည် အံကြိတ်ပြီး ချွေးများရွဲနစ်နေ၏။ ခြေထောက်အောက်တွင် ပေရာချီသော ချောက်ကမ်းပါးကြီးဖြစ်သည်။ သို့တိုင် လူတိုင်းမျှော်လင့်ချက်များဖြင့် တွယ်တက်နေဆဲပေပင်။

“ အမှန်ပဲ ... ။ ”

ကူချန်မှ ခေါင်းညိတ်သည်။ ဤလူများ မသိသည်မှာ ချင်းယွမ်စျေးမြို့ရှိ ဆေးပြားများ၏ စျေးနှုန်းပေပင်။ တာအိုချင်းရှက ခေါင်းခါပြီး၊

“ မဟုတ်ဘူး ... ဒါတွေကို မင်းနားမလည်ပါဘူး။ ”

-ဟု ရေရွတ်၏။ ကူချန်က လှည့်ကြည့်သည်။ တာအိုချင်းရှမှ၊

“ မင်းရဲ့ကျင့်ကြံမှုက ... အမြဲတမ်း အရှိန်အဟုန်နဲ့ မြင့်တက်နေတယ် ငါတို့အတွက် အတားအဆီးတွေက မင်းအပေါ် သက်ရောက်မှုမရှိဘူး ...

... ငါ မင်းအရွယ်မှာတုန်းက ချီစုစည်းခြင်းနယ်ပယ်ကို ဖြတ်ကျော်ဝင်ရောက် နိုင်ခဲ့တယ် ... မင်းကတော့ ယွမ်​ဖူ​နယ်ပယ်​ထဲ ရောက်​​နေပြီ။ ”

-ဟု နှိုင်းယှဉ်ပြလိုက်သည်။

“ ဆရာ ... ဒီလောကမှာ လူတိုင်းက အရည်အချင်း ဘယ်လောက်ရှိနေပါစေ သူတို့ ပိတ်မိနေကြတုန်းပါပဲ ... စဉ်းစားကြည့်ပါ စွမ်းအင်ဆေးပြား ဒါမှမဟုတ် ...

... လျှို့ဝှက်နည်းစနစ် ဒါတွေက ကျင့်ကြံသူတိုင်းပိုင်ဆိုင်နိုင်တဲ့ အရည်အချင်းမျိုး ရှိမနေပြန်ပါဘူး။ ”

“ အရည်အချင်း ... အရည်အချင်း ... ။ ”

တာအိုချင်းရှမှ ခပ်တိုးတိုး ရေရွတ်၏။

“ လူ့စွမ်းအားတွေနဲ့ မွေးရာပါ အရည်အချင်းတွေကို အလွယ်တကူ ပြောင်းလဲ နိုင်ခြင်းမရှိဘူး၊ ပြောင်းနိုင်ခဲ့ရင် သဘာဝတရား အပေါ် အနိုင်ယူနိုင်ပါပြီ။ ”

ကူချန်က ပြောကြားလိုက်သည်။ ထို့‌နောက်အဝေးရှိ တောင်တက်သမားများထံ ကြည့်ပြီး၊

“ တာအိုရှာဖွေတာက ကျင့်ကြံဖို့ သက်သက်မဟုတ်ဘူး ကိုယ့်နှလုံးသားအပေါ် ကိုယ်နားလည်နိုင်အောင် ကြိုးစားဖို့လည်း လိုပါသေးတယ် လမ်းကရှည်လျားပြီး အပေးအယူလည်း ရှိရမယ် ...

... မင်းအတွက် ဘာလိုအပ်လဲ ... ဘာတွေကိုစွန့်လွှတ်သင့်လဲ ဒါကိုတွက်ချက်နိုင် ရမယ် ... ဒီလမ်းက ခက်ခဲကြမ်းတမ်းလား ... ဆက်သွားရမယ် ...

... ဆရာ ... ဒါကို မင်းနားမလည်သေးဘူး ... ဟိုစဉ်ကတည်းက မင်းနားလည်နေပြီလို့တောင် ငါထင်နေတာ ... ။ ”

ထိုစကားများကြောင့် တာအိုချင်းရှတစ်ယောက် အံ့အားသင့်စွာဖြင့် ကူချန်ထံ ပြန်မော့ကြည့်ကာ၊

“ နှလုံးသားက ပုံမှန်အတိုင်း ဝေဝါးစေတယ်မဟုတ်လား ... ဒါဆိုဘယ်လိုလုပ် သေသေချာချာ နားလည်နိုင်မှာလဲ။ ”

-ဟု ကူကယ်ရာမဲ့စွာ တုန့်ပြန်၏။ ကူချန်က ခေါင်းခါပြီး၊

“ တကယ်တော့ အမှန်တရားကိုသိဖို့ နှလုံးသားအတွက် မင်းအမြဲတမ်းကျင့်ကြံနေတာ မဟုတ်ဘူးလား။ ”

“ ဒါ ... ။ ”

( ငါဘာလုပ်သင့်လဲ။)

( ငါလုပ်နိုင်လား ... ။ )

( ငါဘာလို့ ဒီလိုလုပ်ရမှာလဲ။)

“ လမ်းက အချိုးအကွေ့တွေနဲ့ အမြဲတမ်းပြောင်းနေပြီး ... မင်းတစ်နေရာထဲမှာ ရပ်နေလို့မရဘူး ... အမြဲရွေ့နေရမယ် ...

... ပြီးတော့ လူသားတွေဟာ တစ်ယောက်တည်းအထီးကျန်နေလို့ မရဘူး အမြဲသဘာဝကြီးနဲ့ ချိတ်နေရတယ် ... သံသယ၊ လှောင်ပြောင်မှု၊ နာကြည်းမှု၊ ကြည်ညိုမှု၊ ကြောက်ရွံ့မှု၊ လွဲမှားမှု အရာအားလုံးက မင်းအပေါ် သက်ရောက်လာလိမ့်မယ် ...

... ဒီလိုအနှောက်အယှက်တွေကြောင့် မင်းရဲ့ပြတ်သားတဲ့တာအိုကို လမ်းတလျှောက် ထိန်းသိမ်းထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ”

တာအိုချင်းရှသည် ဤစကားကို ကြားပြီးနောက် ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် သက်ပြင်းချကာ၊

“ မင်း ... ကမ္ဘာကြီးရဲ့ လှိုင်းတွေကို တွေ့ကြုံခံစားပြီးတဲ့အခါမှာ နောက်ဆုံးတော့ ဒီအရာတွေအပေါ် လျစ်လျူရှုနိုင်ပါလိမ့်မယ်။ ”

-ဟု ပြောကြားတော့၏။

ကူချန်က ပြုံးသည်။ တစ်ဆက်တည်းမှာပင် ခေါင်းညိတ်လျက်၊

“ မှန်ပါတယ် ... နောက်ဆုံးတော့ ဒီအရာတွေအပေါ် ဂရုစိုက်နေမှာ မဟုတ်ဘူး ဒါပေမယ့် လျစ်လျူရှုလို့လည်း မရသေးဘူး။ ”

-ဟု တုန့်ပြန်၏။

“ လူတွေက တာအိုကိုရှာတယ် ... တာအိုမတွေ့ဘူး တာအိုကခံစားချက်မဲ့တယ် လူတွေက ခံစားတယ် ...

... ခံစားချက်တွေကို မေ့ထားပြီး တာအိုရှာရမှာလား သေမျိုးကမ္ဘာမှာပျော်မွေ့ပြီး ရှာသင့်လား ... မင်းဘာကိုရွေးချယ်ရမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး ... တာအိုကို လမ်းလျှောက်နေရင်း မင်းတွေ့နိုင်တယ်။ ”

လေထဲတွင် တာအို၀တ်လုံများ တဖျပ်ဖျပ် ခတ်လျက် လက်နှစ်ဖက်နောက်ပို့ကာ ကူချန်မှ လျှောက်လှမ်းသွားနေသည်။

နယ်ပယ်တိုင်းတွင် အခက်အခဲ ကိုယ်စီရှိသည်။ အကြင်သူသည် မြင့်မားသော ကျင့်ကြံမှုမျိုး ရှိနေသည်နှင့် အရာအားလုံး အဆင်ပြေမည်ဟု ထင်နေကြ၏။

ဤကမ္ဘာကြီးတွင် သူတို့၏ အရည်အချင်းများကြောင့် ပိတ်မိနေသူများ မရေတွက်နိုင်အောင်ရှိသည်။ တာအိုနှင့် ပတ်သက်၍မူ ရှုပ်ထွေးလှ၏။

“ ဟား ဟား ဟား ... ။ ”

မည်သို့ပင်ရှိစေကာမူ အမှန်တရားကို ရှာဖွေနေရပေမည်။ အချိန်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးနောက် တာအိုချင်းရှက ရုတ်တရက် ရယ်မောတော့၏။

“ ဒါဟာ တာအိုဆွေးနွေးမှုလို့ ငါတို့ ယူဆလို့ရနိုင်လား ... တာအိုက နေရာတိုင်းမှာ ရှိနေပြီး ... တာအိုအသိကို ကျင့်ကြံမှုအဆင့်နဲ့ တိုင်းတာလို့မရပါဘူး။ ”

“ ဟား ဟား ဟား ... ။ ”

ရုတ်တရက် အိုချင်းရှ စကားများကြောင့် ကူချန်တစ်ယောက် သဘောကျစွာဖြင့် ရယ်မော လိုက်သည်။

“ ဆရာ ... မင်းအဲ့ဒီလို ယူဆနိုင်ရင် အဲဒီလိုဖြစ်တယ် ... မင်း မယူဆနိုင်ဘူးဆိုရင် အဲဒီလိုမဖြစ်နိုင်ဘူး။ ”

တာအိုချင်းရှက မုတ်ဆိတ်မွေးများကို ပွတ်သပ်လျက်၊

“ အခုလို ... တာအိုနဲ့ပတ်သတ်တဲ့ ဆွေးနွေးမှုတွေက ငါကိုပိုသက်တောင့်သက်သာ ဖြစ်စေတယ်။ ”

-ဟု ဝန်ခံလာ၏။

“ မင်းပြောတာမှန်တယ်ချန် တာအိုဆိုတာ မင်းကိုယ်တိုင်ရှာရတဲ့ လမ်းသစ်ပဲ ... လူတိုင်းမှာ ဒုက္ခကိုယ်စီရှိကြတယ် ... ငါတို့အားလုံးဟာ ...

... တာအိုလမ်းပေါ် ရောက်နေပြီ အရေးကြီးဆုံးက မင်းနှလုံးသားကို မင်းနားလည် နေဖို့ပါပဲ။ ”

စကားပြောနေစဉ် သူ့စိတ်ဝိညာဉ် ကြည်လင်လာပြီး အင်္ကျီလက်ပင့်တင်လျက် လက်ဝှေ့ယမ်းပြကာ၊

“ သွားရအောင် ... အိမ်ပြန်ကြမယ် ခရီးထွက်လာတာ အခုဆို နှစ်လကျော်သွားပြီ ငါ့ကလေးတွေ ... ဘယ်အရွယ်တောင် ရောက်နေပြီလဲ သိချင်သား။ ”

-ဟု တာအိုချင်းရှမှ ပြောကြားလာတော့၏။

“ ဟား ဟား ဟား ... ။ ”

ကူချန်က ရယ်မောလျက် နှစ်ဦးသား ဖူစုနိုင်ငံသို့ ဦးတည်လိုက်၏။ ချင်းယွမ်နိုင်ငံမှ ထွက်ခွာပြီး များမကြာခင် ကူချန်မှ ရုတ်တရက် ရပ်တန့်လိုက်တော့သည်။

တာအိုချင်းရှထံ လက်ဟန်ဖြင့် ငြိမ်သက်နေရန် အချက်ပြလိုက်၏။ လေခွင်းသံ သဲ့သဲ့ကို သူ ကြားလိုက်ရခြင်းပေပင်။

“ ဘာမှားလို့လဲ ... ။ ”

တာအိုချင်းရှက မျက်မှောင်ကြုတ်လျက် တိုးညှင်းစွာမေးသည်။ ကူချန်မှ ပြန်မဖြေနိုင်ခင် အသံတစ်သံ ထွက်ပေါ်လာခဲ့၏။

“ တာအိုမိတ်တွေတို့ ... ကျေးဇူးပြုပြီး ခဏနေပါဦး။ ”

***

All Chapters