နှောင်ကြိုးများ ... ။
Vol. 5 Ch. 64
( နွေဦး၊ ဖူစုပြက္ခဒိန် သက္ကရာဇ်(၄၅၁)နှစ်။ ချင်ယွမ်စျေးမြို့မှ အပြန်တွင် ရတနာများစွာကို လိုချင်သောကြောင့် လုယက်ရန် ကြိုးစားသော ယွမ်ဖူနယ်ပယ် ကျင့်ကြံသူကို သတ်ပစ်ခဲ့၏။
တစ်ဖက်လူသည် မြင့်မားသော ကျင့်ကြံမှုနယ်ပယ်၌ရှိသော် လွတ်မြောက်သွား နိုင်၏။ ထိုအရာကို တွေးနေစဉ် ကောင်းချီး တစ်ခု မင်းအတွက် ရောက်ရှိလာသည်။
ကျင့်ဟုန်ဖူ- လွတ်မြောက်ခြင်းပညာရပ်။ )
တိုက်ပွဲပြီးချိန်တွင် သူ့စိတ်ထဲတွင် မကြားရသည်မှာ အတော်ကြာနေပြီဖြစ်သော အသံကို ထပ်မံကြားလိုက်ရသည်။
“ ကျင့်ဟုန်ဖူ ... ။ ”
တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ဤလောကတွင် ပညာရပ်များကို (၅)မျိုး ခွဲခြား ထား၏။ သာမန်၊ လျှို့ဝှက်၊ စွမ်းအင်ကျင့်ကြံမှု၊ ရွေ့လျားမှုနှင့် သုတ္တန်ဟူ၍ဖြစ်သည်။
ဤကျင့်ဟုန်ဖူသည် စတုတ္ထအဆင့် နည်းစနစ်ဖြစ်သည်။ အချက်အလက်များစွာကို တစ်ချက်ကြည့်လိုက်စဉ် လျင်မြန်စွာ ဆွဲဆောင်ခံလိုက်ရ၏။
ဤလွတ်မြောက်ခြင်းနည်းစနစ်၏ အခြေခံသည် ဓားထိန်းချုပ်ရေးနည်းစနစ်ဖြင့် အလားသဏ္ဍာန်တူသည်။
သို့သော် လွတ်မြောက်ခြင်း နည်းစနစ်သည် ဓားထိန်းချုပ်ခြင်းနည်းစနစ်ထက် များစွာ အရှိန် ပိုပြင်းသည်။
ဓားထိန်းချုပ်ခြင်းသည် ဓားဖြင့် ပျံသန်းခြင်းသာ အဓိကထားခြင်းမျိုးမဟုတ်ချေ။ တိုက်ခိုက်ခြင်း၌လည်း အသုံးပြုနိုင်၏။ ထို့ပြင် အခြားသော လက်နက်များပေါ်လည်း ထိန်းချုပ်နိုင်သည်။
ဆိုလိုသည်မှာ ဓား၊ လှံ၊ ခေါင်းလောင်း၊ ဘုံကျောင်းစသည့် ဝိညာဉ်ရေးလက်နက်များကို ထိန်းချုပ်စီးနင်းနိုင်၏။
ကျင့်ဟုန်ဖူကို စုစုပေါင်း အဆင့်ငါးဆင့် ခွဲထားသည်။ ပထမအဆင့်သည် အမြန်နှုန်းကို သုံးဆတင်ကာ၊ ဒုတိယအဆင့်သည် ကိုးဆ၊ တတိယအဆင့်မှာ နှစ်ဆယ့်ခုနစ်ဆဖြစ်၏။
စတုတ္ထအဆင့်မူ ရှစ်ဆယ့်တစ်ဆနှင့် ပဉ္စမအဆင့်သည် နှစ်ရာလေးဆယ့်သုံးဆတိုင် ပေပင်။ ၎င်းကိုဖတ်ရှုပြီးနောက် အနည်းငယ် အံ့သြသွားသလို ခံစားလိုက်ရသည်။
အမြန်နှုန်း (၂၄၃)ဆဆိုသည်မှာ မည်သို့အဓိပ္ပါယ်ဆောင်သနည်း။ ကျင့်ဟုန်ဖူကို လေဟာနယ်ဓားသုတ္တန်နှင့် ပေါင်းစပ်နိုင်သော် မည်သို့ဖြစ်မည်နည်း။
ယင်းသည် အမှန်ပင် ပေါင်းစပ် နိုင်သည်လော။ တွေးတောလျက် အနည်းငယ် မျက်မှောင်ကြုတ်ကာ စမ်းကြည့်လိုစိတ်များ ပေါက်ဖွားလာ၏။
“ ချန် ... ချန် ... ။ ”
ရုတ်တရက် တာအိုချင်းရှကို အင်္ကျီဆွဲကိုင်ကာ မြှောက်တင်ထားသည်အား သတိရသွားသည်။
လက်ရှိပုံစံသည် တာအိုချင်းရှအတွက် လုံးလုံးအဆင်မပြေချေ။ ရှက်စရာ အနေအထား ပေပင်။ ကံကောင်းထောက်မစွာဖြင့် အနားတွင် အခြားမည်သူမျှ မရှိချေ။ မဟုတ်သော် မျက်နှာမပြဝံ့သည်မှာ သဘာဝပေပင်။
“ တောင်းပန်ပါတယ် ... တောင်းပန်ပါတယ် ... ငါအတွေးလွန်သွားလို့ပါ ဆရာ ... ။ ”
ကူချန်မှ တောင်းပန်ပြီး တာအိုချင်းရှကို ပြန်ချပေး၏။ ထိုစကားကြောင့် တာအိုချင်းရှမှ သူ့ထံ ပြန်မော့ကြည့်ကာ၊
“ မင်းကို ငါအနှောင့်အယှက်ပေးတယ်လို့ မထင်ဘူးလား။ ”
-ဟု သတိကြီးစွာ မေးသည်။
ကူချန်မှပြုံးပြီး ခေါင်းယမ်းကာ၊
“ ဉာဏ်အလင်းရနေတာ မဟုတ်ပါဘူး။ ”
-ဟု တုန့်ပြန်လိုက်၏။
သို့မှသာ တာအိုချင်းရှတစ်ယောက် စိတ်သက်သာရာရသွားပြီး သူ့ပတ်ဝန်းကျင်ရှိ အလောင်းများထံ ကြည့်လိုက်သည်။
သူ့စိတ်ထဲတွင် ထိန်းမရတော့ဘဲ သက်ပြင်းချလိုက်၏။ တိုက်ပွဲသည် ခဏအတွင်း ပြီးဆုံးသွားသည်။ တုံ့ပြန်ခြင်း မပြုနိုင်အောင် မြန်ဆန်ချေ၏။
အဆင့်တူနယ်ပယ်မှ သုံးယောက်ကို အလွယ်တကူ သတ်ဖြတ်ပစ်သည်။ ဤချန်သည် အမှန်ပင် အံ့သြစရာကောင်းချေ၏။
“ ဒီကောင်တွေက မင်းရက်ရက်ရောရော သုံးနေတာမြင်လို့ နောက်ကနေ လိုက်လာတာ နေမယ်။ ”
ဤသည်မှာ လောကကြီး၏ ဖြစ်ရိုးဖြစ်စဉ်မျှသာဖြစ်ပြီး ကျင့်ကြံမှုလောက တွင်လည်း အလားတူပေပင်။
ကမ္ဘာကြီးသည် အကျိုးအမြတ် ရှာဖွေနေသူများနှင့် စည်ကား၏။ အကျိုးအမြတ် ဟူသော အသုံးအနှုန်းသည် အရာရာအပေါ် သက်ရောက်ချေပြီ။
ကူချန်က ထိုသူများထံ ကြည့်လိုက်ပြီး၊
“ မဟုတ်ဘူး ... မက်မွန်ပွင့်ဝိုင်ချက်နည်းကို သူတို့သိချင်နေတာ။ ”
-ဟု ပေါ့ပေါ့ပါးပါး ပြောသည်။
“ ဝိုင်ချက်နည်းလား ... ။ ”
တာအိုချင်းရှခမျာ အနည်းငယ် စိတ်ရှုပ်သွား၏။ ဝိုင်ချက်နည်းတစ်ခုအတွက် ယွမ်ဖူနယ်ပယ် သုံးဦး၏ အသက်ကို ပေးဆပ်ရသည်လော။
ထိုအမူအရာကိုမြင်ချိန်၌ ကူချန်က အမျိုးသမီးဟွိုက်ရှန်း၏ ကမ်းလှမ်းမှုအကြောင်း ပြန်ပြောပြလိုက်၏။ ထိုအမျိုးသမီးဟွိုက်ရှန်းပင် ခရမ်းရောင်နေမင်းနယ်ပယ်တွင် ရှိနေသည်။
တာအိုချင်းရှခမျာ ချက်ချင်းပင် ထိတ်လန့်သွားပြီး တုန်လှုပ်ချောက်ချားစွာဖြင့် လှည့်ပတ်ကြည့်လျက်၊
“ ဒါဆို ... ဒီလူတွေကို အမျိုးသမီးဟွိုက်ရှန်း လွှတ်လိုက်တာလား။ ”
-ဟု မေး၏။
“ မဟုတ်ဘူး ... ဒီလူတွေက မနေ့က ငါတို့အနားမှာထိုင်ပြီး အမျိုးသမီးဟွိုက်ရှန်းကို နှုတ်ဆက်နေတဲ့ လူတွေပဲ။ ”
တာအိုချင်းရှက မှတ်မိသွားသည်။ ထိုစဉ် သူသည်ပင် ဤလူများအပေါ် သတိထားကြည့်မိ ခဲ့ဖူး၏။ ကူချန်က လက်ချောင်းများကို ထပ်မံ ရေတွက်ကြည့်လိုက်သည်။
“ အန္တရာယ်ကင်းသွားပါပြီ။ ”
***
ဖူစုနိုင်ငံနှင့် ချင်းယွမ်စျေးမြို့သည် အသွားအပြန်ကာလကို အချိန်နှစ်လကျော် နီးပါး ပေးအပ်ရသည်။
ယင်းသည် ကျင့်ဟုန်ဖူကို နားလည်လာသဖြင့် ကူချန်၏အရှိန် နှစ်ဆတိုး လာခြင်းကြောင့်သာပေပင်။ မဟုတ်သော် အနည်းဆုံး လေးလကြာနိုင်၏။
ရလာဒ်အနေဖြင့် တာအိုချင်းရှသည် နောက်ထပ်ခရီးများ သူနှင့်အတူသွားရန် ဆန္ဒမျိုး ကုန်ဆုံးသွားသည်။
အဘယ့်ကြောင့်ဆိုသော် ယောကျ်ားကြီးနှစ်ယောက် ဓားတစ်လက်ပေါ်၌ အရှိန်သုံးဆဖြင့် ခရီးနှင်နေခြင်းသည် သူ့ကို စိတ်မသက်မသာဖြစ်စေ၏။
လင်းရင်တောင်တန်းကြီး တစ်ခုလုံး မက်မွန်ပန်းများဖြင့် ပြည့်နေသည်။ မြင်ကွင်းမှာ စိတ်လက်လန်းဆန်းစေ၏။
“ နှင်းပန်းဓားကျောင်းက ... အခုထိရှိနေတုန်းပဲဆိုတော့ မင်းမှာ ဘာစိတ်ကူး ရှိသေးလဲ ဆရာ ... ။ ”
နှစ်ယောက်သား တောင်တက်လမ်းအတိုင်း လျှောက်လှမ်းလာစဉ် ကူချန်က တာအိုချင်းရှကို မေးလိုက်သည်။
တာအိုချင်းရှတစ်ယောက် ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် ခေါင်းယမ်း သက်ပြင်းချလိုက်၏။
“ အခွင့်အရေးရရင် သေချာပေါက် ဂိုဏ်းကိုပြန်မယ် ဒါပေမယ့် တောင်တန်းတွေက မြင့်မားပြီး မတ်ဆောက်တယ် ...
... လမ်းက ခက်ခဲကြမ်းတမ်းပြီး ခရီးကရှည်တယ် နှောင်ကြိုးတွေတိုးလာတော့ မလွတ်မြောက်နိုင်တော့ဘူး ... ။ ”
အတိတ်တွင်ဆိုသော် နောက်လှည့် ကြည့်နေစရာ မလိုချေ။ ချက်ချင်း ထွက်ခွာမိ ပေမည်။
သူ့ဘဝသည် ဂိုဏ်း၏ ဆိုးရွားလှသောဖြစ်ရပ်ကြောင့် အမြစ်မရှိသော ပဲစေ့တစ်စေ့ကဲ့သို့ ရေမျောကမ်းတင်ပေပင်။
ယခုမူကား အမြစ်စွဲနေပြီ ဖြစ်သည်။ စီးဆင်းသွားလိုသော်လည်း ကြိုးတစ်ချောင်းဖြင့် ချည်နှောင်ခံထားရ၏။ ပဲစေ့တစ်စေ့မှသည် ပန်းနှစ်ပွင့်ပင် ပွင့်နေချေပြီ။
ထိုပန်းများကို ချန်ရစ်ပြီး လွင့်မျောခွင့် မရှိတော့ချေ။ လှပသော နှင်းပန်းလေးများ ဖြစ်လာရန် ပျိုးထောင်ပေးရပေမည်။
နှစ်ယောက်သား ဘုံကျောင်းအတွင်း လှမ်းဝင်လိုက်သည်။ တာအိုဘုန်းကြီးအချို့သည် သူတို့နှစ်ယောက်ကို မြင်သောအခါ နွေးထွေးစွာ နှုတ်ဆက်ကြ၏။
“ စီနီယာအစ်ကို မင်းပြန်လာပြီ။ ”
ရုတ်တရက် ဆူညံသော အသံတစ်သံ ဘုံကျောင်းတခွင် ပဲ့တင်ထပ်လာတော့သည်။ တစ်ဆက်တည်းမှာပင် ချင်းဖန်၊ မင်ယွဲ့၊ ရှောင်ယွင်နှင့် ချန်ယွင်တို့ ထွက်ပေါ်လာ၏။
“ မင်း ... အားလပ်ရက်လား။ ”
“ ဟုတ်တယ် ... အဖေက ငါ့ကို ခရီးထွက်ခိုင်းတယ် ဒါကြောင့် တောင်ပေါ်မှာ ငါရက်အတော်ကြာ လာနေနေတာပါ။ ”
ချန်ယွင်မှ ပြန်ဖြေ၏။ ကူချန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် လှည့်ပတ် ကြည့်ရှုပြီး တစ်ယောက်ယောက် ပျောက်နေ သလို ခံစားလိုက်ရ၏။
“ မင်းအစ်မမုရော ... ။ ”
ရှောင်ယွင်က နှုတ်ခမ်းစူပြီး၊
“ အစ်မမုက အိမ်မှာရှိပါတယ်။ ”
“ ဒါဆို ... မင်းက ဒီကို ဘာလာလုပ်နေတာလဲ။ ”
“ အစ်မမုက လာခိုင်းလိုက်တာ ... အဲဒီဥတွေကနေ ဘာကောင်ပေါက်မလဲဆိုတာ သိချင်နေတယ် ... ။ ”
“ ဘာလို့ ကိုယ်တိုင် မလာတာလဲ။ ”
“ အစ်မမု နေမကောင်းဘူး၊ သခင်ကြီးက အပြင်ထွက်ခွင့်မပြုဘူး။ ”
“ ဘာဖြစ်တာလဲ ... ။ ”
“ အစ်မမုက နည်းနည်းအားနည်းတယ် လွန်ခဲ့တဲ့ရက်က အအေးမိသွားပြီး အပြင်းဖျား နေတယ်။ ”
“ ကောင်းပြီ ... ငါမင်းကို ရုပ်ခွန်အား မြှင့်တင်ပေးတဲ့ ဆေးတစ်ပုလင်းပေးမယ် မင်း အစ်မမုဆီ ပြန်ယူသွားပါ။”
ထို့နောက် ကူချန်က မင်ယွဲ့ထံ အကြည့်ရွေ့ကာ၊
“ ပြောပါဦး ... ဥတွေပေါက်တော့မလား။ ”
-ဟု မေးမြန်းလိုက်တော့၏။
***