လူတစ်ယောက်မှာ မွေးနေ့ဘယ်နှစ်ရက် ရှိရမှာလဲ ... ။
Vol. 5 Ch. 67
ဆောင်းဦးရာသီ၊ ဖူစုပြက္ခဒိန်၏ (၄၅၁)ခုနှစ်။
စိမ်းနေအောင် အေးစက်နေသော ဆောင်းဦးလေပြေများ လင်းရင်တောင်ပေါ်သို့ ဖြတ်တိုက်လာသည်။
သစ်ပင်များရှိအရွက်များမှာ စိမ်းလန်းသော အရိပ်အယောင်မျှ မရှိတော့ဘဲ ရော်ရွက်ဝါချိန်သို့ ရောက်ရှိလာပြီဖြစ်၏။
မိုးပြာခြံဝင်း။ ချင်းဖန်သည် ခြံထဲသို့ အလျင်အမြန် လျှောက်လှမ်းဝင်လာသည်။ သူ့ ၀တ်ရုံနှင့် ဆံပင်များပေါ်တွင် ရော်ရွက်ဝါများ ကပ်ညိလျက် အနည်းငယ် ကြေကွဲနေ၏။
ကူချန်တစ်ယောက် ခြံထောင့်ရှိ ဝိညာဉ်ဆေးပင်များကို ရေလောင်းနေသည်ကို မြင်ချိန်၌ တစ္ဆေတစ်ကောင် မြင်လိုက်ရသလို အံ့သြတကြီးဖြင့်၊
“ အစ်ကို မင်းဘယ်လိုလုပ်လိုက်တာလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
အနောက်ဘက်တောင်ကုန်းတွင် ငှက်ဥများတက်နှိုက်နေစဉ် ကူချန်၏အသံကို အနီးကပ်ကြားလိုက်ရသဖြင့် ထိတ်လန့်ပြီး သစ်ပင်ပေါ်မှာ ပြုတ်ကျခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူ့ကျင့်ကြံမှုအဆင့်သည် ပဉ္စမအဆင့်သို့ ရောက်ရှိနေရာ ဒဏ်ရာမရရှိခဲ့ချေ။ ထို့ကြောင့် ချက်ချင်း ပြေးလာခြင်းဖြစ်၏။
ဤမျှ အကွာအဝေးတွင် စီနီယာအစ်ကို၏ အသံကို မည်သို့ ကြားလိုက်ရမှန်း နားမလည်နိုင် တော့ချေ။ အံ့သြစရာ ကောင်း၏။
ကူချန်က လှည့်ကြည့်လိုက်ပြီး သူ့လက်ထဲက ရေပန်းခရားကို ဘေးသို့ချထား လိုက်သည်။
“ ဒါဟာ အသံလွှင့်ရုံပါပဲ ... မင်း ငါ့ကျင့်ကြံမှုနယ်ပယ်ရောက်ရင် သဘာဝကျကျ သင်ယူနိုင်ပါလိမ့်မယ်။ ”
“ အား ... ဒါဆို မင်းရဲ့အဆင့်ကို ငါဘယ်အချိန်ရောက်မှာလဲ စီနီယာအစ်ကို။ ”
ကူချန်က သက်ပြင်းချပြီး ခေါင်းခါကာ၊
“ အနှစ်နှစ်ဆယ် ... အနှစ်ငါးဆယ် ... တစ်သက်လုံးလည်း ဖြစ်နိုင်တယ် ဘယ်သူကမှ ဒါကို ခန့်မှန်းလို့မရနိုင်ဘူး။ ”
ထိုအဖြေကြောင့် ချင်းဖန်က မနာလိုစိတ်ဖြင့်သာ ကူချန်ထံကြည့်လိုက်သည်။ အဆုံးတွင် သက်ပြင်းချလျက်၊
“ ကောင်းပြီ ... စီနီယာအကို မင်းငါ့ကိုဘာခိုင်းဖို့ ခေါ်ရတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
“ မင်းကို ငါခိုင်းစရာရှိနေတာ မင်းသိတာလား။ ”
ကူချန်မှ ထူးဆန်းစွာ ကြည့်သည်။ ချင်းဖန်က မျက်ခုံးပင့်လျက်၊
“ ပုံမှန်အရတော့ ဒီလိုဆို မင်းခိုင်းနေကျပဲ သေချာတာကတော့အရသာရှိတဲ့ အစားအစာကို ကျွေးဖို့ဆိုရင် မင်းငါ့ကိုသတိရမှာ မဟုတ်ပါဘူး။ ”
“ မင်းဘာလို့ တစ်နေ့လုံး စားဖို့ပဲ စဉ်းစားနေရတာလဲ။ ”
“ အစားအစာက လူတွေအတွက် အရေးကြီးဆုံးပဲ ... ဒါကို သဘာဝတရားအတိုင်း လေ့ကျင့်မှုလို့ ခေါ်တယ်။ ”
“ ဟား ဟား ဟား ... ။ ”
ချင်းဖန်က ယုံကြည်မှုအပြည့်နှင့် ပြန်ဖြေသည်။ ကူချန်မှ သဘောကျစွာခေါင်းရမ်း လိုက်ပြီးနောက် ကျောက်စားပွဲပေါ်ရှိ လှံကို ညွှန်ပြလိုက်၏။
“ ဒီလှံကို ချန်ယွင်ဆီ သွားပေးလိုက်ပါ။ ”
“ လှံလား ... ။”
ချင်းဖန်က နောက်ပြန် လှည့်ကြည့် လေသည်။ ကျောက်စားပွဲပေါ်တွင် အနက်ရောင် လှံတစ်စင်းကို တွေ့လိုက်ရ၏။ ရိုးစင်းပြီး ချစ်စရာကောင်းချေပြီ။
စူးစမ်းချင်စိတ်ဖြင့် လျှောက်လှမ်းသွားပြီး မယူကြည့်သည်။ သို့သော်အရမ်းလေးလှသဖြင့် ပြန်ချလိုက်ရ၏။ တစ်ဆက်တည်းမှာပင် အံ့ဩသွားပြီး ကူချန်ထံ ပြန်ကြည့်သည်။
“ စီနီယာအစ်ကို ဒါကို မင်းသွန်းလုပ်ထားတာလား။ ”
“ ဟုတ်တယ် ... ။ ”
ကူချန်က ခြံဝန်းအတွင်း အခြားသော ဆေးဘက်ဝင်အပင်များစွာကို ပေါင်းသင်ပေးရန် ကြိုးစားနေလျက်မှ လှည့်မကြည့်ဘဲ ပြန်ဖြေ၏။
“ ဟမ့် ... ။ ”
ချင်းဖန်မှ စကားမဆိုတော့ဘဲ အားစိုက်ပြီးလှံကို ထပ်မံကောက်ကိုင်ပြန်သည်။ သို့သော် အလေးချိန်သည် သူထင်သည်ထက် ပိုလေးနေသဖြင့် လက်မှ လွတ်ကျသွား၏။
“ စွပ် ... ။ ”
လမ်းခင်းကျောက်ပြားအတွင်း လှံဖျားကစိုက်ဝင်သွားချေပြီ။ ထိုရလာဒ်သည် ချင်းဖန်ကို မျက်လုံးပြူးစေ၏။ လှံသည် ထက်ရှလွန်းနေသည်။
မည်သည့် စွမ်းအင်မျှ မသုံးထားဘဲ အပြာရောင်ကျောက်ပြားကို တိုးလျိုပေါက်ပြီး လေးပုံတစ်ပုံ စိုက်ဝင်သွား၏။
“ ဝှစ် ... ။ ”
ဤကျောက်ပြားသည် တို့ဟူးတစ်တုံးပင်လော။ မယုံကြည်နိုင်စွာဖြင့် ခုန်ပြီး ကျောက်ပြားကို ညာဖနောင့်နှင့် ပေါက်ချလိုက်သည်။
“ အားလားလား ... ။ ”
အမှန်ပင် ကျောက်ပြားဖြစ်၏။ နာကျင်မှုကြောင့် အော်ဟစ်လိုက်မိလေသည်။ တစ်ဆက်တည်းမှာပင် အနက်ရောင်လှံသည် မြေပြင်ပေါ် ထိုးစိုက်ခံရသည် သဘောမကျ သကဲ့သို့ အနည်းငယ်တုန်ခါပြလာ၏။
“ ဘရူး ... ။ ”
စိတ်လှုပ်ရှားစွာဖြင့် ကူချန်ကို ပြန်မော့ကြည့်ကာ ၊
“ စီနီယာအစ်ကို ... မင်းငါ့အတွက် ဝိညာဉ်လက်နက်တစ်ခု သန့်စင်ပေးပါလား။ ”
-ဟု တောင်းဆိုလိုက်၏။
ကူချန်က ပြန်လှည့်ကြည့်ပြီး၊
“ အဆင်ပြေပါတယ် ... ဒါပေမယ့် တချို့တချို့တွေက ကိစ္စလေးတစ်ခုကူညီပေးဖို့ တောင်းဆိုတာကို မကျေနပ်ကြဘူး။ ”
-ဟု ပြောကြားလိုက်လေသည်။
“ ဘယ်သူလဲ ... ဘယ်သူက စီနီယာအစ်ကို ခိုင်းတာကို မကျေနပ်တာလဲ။ ”
ချင်းဖန်တစ်ယောက် ရုတ်တရက် ပတ်ဝန်းကျင်အပေါ်လှည့်ပတ်ကြည့်ကာ လက်သီးများဆုပ်လျက် လေထဲ ဝှေ့ရမ်းပြလိုက်လေသည်။
“ မကျေနပ်တဲ့ ဘယ်သူမဆို ချက်ချင်းထွက်လာစမ်း၊ ဟမ့် ... ငါချင်းဖန် ဒီမှာ အလုပ်တွေရှိတာတောင် ထားခဲ့နိုင်တယ်။ ”
ထို့နောက် လှံကိုကောက်ကိုင်လိုက်ပြီး၊
“ စီနီယာအစ်ကို ဒီအတွက် စိတ်မပူပါနဲ့ ငါ့အလုပ်တွေကို ထားခဲ့ပြီး အခုသွားလိုက်မယ်။ ”
ထို့နောက် ချက်ချင်း ပြေးထွက်သွားသည်။ ကူချန်က သူ့ကျောပြင်ကို ငေးကြည့်လျက် ပြုံး လိုက်မိချေပြီ။
“ ဒီကောင်လေး ... တကယ့်ကို သရုပ်ဆောင်တဲ့နေရာမှာ ပါရမီပါတယ်။ ”
***
မြို့ပြင်တောင်ကုန်းတစ်နေရာတွင် ကူမိသားစု၏ မြို့စောင့်တပ်များ အခြေချ တပ်စွဲ ထားသည်။ အနားတွင် တောအုပ်တစ်ခုရှိ၏။
ဆောင်းဦးရောက်စ သစ်တောကြီးမှာ ရော်ရွက်များ ကြွေကျပြီး မြေပြင်ကို အဝါရောင် ပြောင်းလာစေသည်။
ချန်ယွင်တစ်ယောက် အနက်ရောင် ၀တ်လုံဖြင့် တောအုပ်ထဲ ရပ်နေ၏။ သူ့ရှေ့တွင် ကြီးမားလှသော ဝံပုလွေအသေကောင်ကြီး ရှိသည်။
၎င်းခန္ဓာကိုယ်ပေါ်တွင် သွေးများ စီးကျနေသော ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။ သွေးများမှာ လတ်ဆတ်နေပြီး သေသွားသည်မှာ မကြာသေးကြောင်း ထင်ရှားသည်။
“ ရွှီး ... ရွှီ ... ။ ”
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး အနားတွင် မည်သူမျှမရှိမှန်း သေချာသောအခါ ညာလက်ကွင်းဖြင့် နှုတ်ခမ်းပေါ်တင်ကာ မှုတ်ချလိုက်သည်။
“ ဖရူး ... ။ ”
ရှည်လျားသော လေခွင်းသံနှင့် အနီရောင်ပုံရိပ်တစ်ရိပ် တောအုပ်အတွင်းမှ ပြေးထွက်လာတော့သည်။
မျက်စိတစ်မှိတ်အတွင်း သူ့ရှေ့ ရောက်ရှိလာကာ မြေပြင်ပေါ်ဆင်းသက်၏။ ကြွေကျနေသော သစ်ရွက်ခြောက်များသည် ၎င်းအဟုန်ကြောင့် နေရာအနှံ့ ပြန့်ကျဲ သွားတော့သည်။
ဤသည်မှာ မီးစာငှက်ဖြစ်၏။ စာငှက်ကချစ်ခင်စွာဖြင့် ခေါင်းငုံ့ပြီး ပွတ်သပ်ရန် ကြိုးစားလေသည်။ ပုံမှန်အားဖြင့် အရယ်အပြုံး နည်းပါးသော ချန်ယွင်ပင် ပြုံးမိတော့၏။
“ မြန်မြန်စား ... ။ ”
လက်ဖြင့် ခေါင်းကို ပွတ်သပ်ပေးကာ ပြောကြားလိုက်လေသည်။ ခြောက်လအတွင်း ဤကလေးသည် အပြောင်းအလဲများကို ဆက်တိုက်ဖြတ်ကျော်လာခဲ့သည်။
ကြက်တစ်ကောင် အရွယ်မှသည် နှစ်ပေခွဲခန့်ကြီးထွားလာကာ ကြက်သွေးရောင် အမွေးအတောင်များသည် ပိုးသားကဲ့သို့ တောက်ပြောင်လာ၏။
အရမ်းလှပပြီး ချစ်စရာပေပင်။ မီးစာငှက်သည် ပြောသည်ကို နားလည်ပုံ ပြလေသည်။ မြေပြင်ရှိ ဝံပုလွေအသေကို ချက်ချင်း စားလိုက်တော့၏။
ချွန်ထက်သောနှုတ်သီးများသည် ဝံပုလွေအသားနှင့်အရိုးများကို အပိုင်းအပိုင်း ဖြတ်တောက်ကာ ပါးစပ်ထဲပစ်ထည့် မြိုချလိုက်လေသည်။
“ မင်းရဲ့ အစားစားချင်စိတ်က တဖြည်းဖြည်း ပိုကြီးထွားလာပြီ။ ”
ထိုမြင်ကွင်းကြောင့် ကူချန်မှ ညည်းတွားလိုက်၏။ အနာဂတ်တွင် မည်သို့ ဆက်၍ လုပ်ဆောင်သင့်သနည်း။ အဖြေမရဘဲ သက်ပြင်းချလိုက်မိသည်။
မီးစာငှက်၏ တည်ရှိနေမှုကို ဖုံးကွယ်လိုသောကြောင့် ဤခြောက်လအတွင်း ၎င်းအတွက် အစားအစာများကို ပြင်ဆင် ပေးခဲ့သည်။
အစောပိုင်းတွင် အဆင်ပြေ၏။ သို့သော် ၎င်း၏ကြီးထွားနှုန်းသည် အံ့သြစရာကောင်းလှ အောင်ပင် မြင့်မားနေသည်။ (၆)အတွင်း ဝံပုလွေတစ်ကောင်ကို မြိုချလာနိုင်၏။
အံ့အားသင့်ဖွယ် အသွင်ပြောင်းမှုအပေါ် ကျေနပ်သကဲ့သို့ အစားစားချင်စိတ်သည်လည်း သူ့ကို ခေါင်းကိုက်စေသည်။ မီးစာငှက်မှ အနား တိုးလာကာ ပွတ်သပ်နေပြန်၏။
“ ဟမ့် ... မင်းကိုယ်မင်း ကလေးထင်နေလား။ ”
အရွယ်အစားမှာ ကြီးထွားနေသော်လည်း ကလေးတစ်ယောက်ပေပင်။ ချန်ယွင်မှခေါင်းကို ပွတ်သပ်လျက်၊
“ မင်းကို နောက်ရက်တွေမှာ အပြင်ထွက်ခိုင်းရမယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ဖရူး ... ။ ”
မီးစာငှက်က မကျေမနပ်ဖြင့် ပြန်ကြည့်သည်။ အဆုံးတွင် အတောင်ပံများ ဖြန့်လျက် တောအုပ်ထဲ ပျံသန်းသွားတော့၏။ ချန်ယွင်သည်လည်း ရွက်ဖျင်တဲထဲ ပြန်ဝင်လိုက်လေသည်။
ယူနီဖောင်းဝတ် အစေခံတစ်ယောက်က စာအိတ်တစ်အိတ်ကို ယူဆောင်လျက် သူ့ထံ ပေးအပ်လာသည်။ တစ်ဆက်တည်းမှာပင်၊
“ ဒုတိယသခင်လေး ... မင်း အိမ်မပြန်ဘူးလား ဒီနေ့မင်းမွေးနေ့ပဲ။ ”
-ဟု သတိပေးလိုက်၏။
“ လူတစ်ယောက်က သူ့တစ်သက်မှာ မွေးနေ့ဘယ်နှစ်ရက်ရှိလဲ တစ်ရက်ထက်ပိုနေရင် ဒါကအဓိပ္ပါယ်မရှိဘူး မဟုတ်လား။ ”
ချန်ယွင်က စာအိတ်ကို ဖွင့်ကြည့် နေလျက်ဖြင့် တုန့်ပြန်လိုက်သည်။ အစေခံမှ ကူကယ်ရာမဲ့စွာ ပြုံး၏။
မိသားစုခေါင်းဆောင်သည် ဒုတိယသခင်လေးကို အိမ်ပြန်လာရန် သတိပေး ခိုင်းသည်။ သို့သော် ဒုတိယသခင်လေးသည် ၎င်းကိုဂရုမစိုက်ဟု မမျှော်လင့်ထားချေ။
ထိုစဉ် ရုတ်တရက် တဲအပြင်သို့ အစောင့်တစ်ဦးရောက်ရှိလာပြီး ဒူးထောက် ဦးညွှတ်လျက်၊
“ စစ်သူကြီး ... စခန်းအပြင်မှာ တာအိုကလေးငယ် တစ်ယောက်က တွေ့ခွင့် တောင်းနေပါတယ်။ ”
-ဟု သတင်းပေးပို့လာ၏။
“ တာအိုကလေးငယ်လား ... ။ ”
ချန်ယွင်မှ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် တာအိုကလေးငယ်ဟူသော စကားက သူ့အစ်ကိုကို ပြန်သတိရလာစေ၏။
“ နာမည်က ချင်းဖန်လား။ ”
“ သဘာဝပါပဲ ... ။ ”
“ သူ့ကို ဝင်ခွင့်ပြုလိုက်။ ”
***