Killing the prodigy
Vol. 42 Ch. 577
" သခင်လေး ၊ လောလောဆယ်မှာ အဲ့ဒီ အမွေအနှစ်အလင်းတန်းကို ချုပ်နှောင်ထားချင်ရင် ချုပ်နှောင်လို့ရပါတယ်။ နောက် သင့်တော်တဲ့သူကို တွေ့မှ အဲ့အချုပ်အနှောင်ကို ပြန်ဖြေလိုက်ပါ "
နတ်ဆိုး၏အသံ ထွက်လာပြန်သည်။
လောထျန်း ခေါင်းညိတ်ပြီး အလင်းတန်းအား သူ့ စိတ်ဝိဥာဥ်အစွမ်းဖြင့် လွှမ်းခြုံလိုက်၏။
ချက်ချင်းမှာပင် မရေမတွက်နိုင်သော အမွေအနှစ် အလင်းတန်းများက အလင်းလုံးများအဖြစ် ပြောင်းသွားကာ လောထျန်းလက်ထဲ ကျလာသည်။ လောထျန်းက ထိုအလင်းလုံးများအား သူ့ အတွင်းကမ္ဘာငယ်ထဲ ပစ်ထည့်လိုက်၏။
ထို့နောက် ကောင်းကင်ဘုံနတ်ဆိုး အမွေအနှစ်အား နောက်ဆုံးမှသာ ချုပ်နှောင်လိုက်သည်။
လောထျန်းက အမွေအနှစ်များအားလုံးကို စုစည်းပြီး
သွားချိန်တွင်မူ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူက ယခင်အတိုင်း ပြန်တည်ငြိမ်သွားတော့၏။
" ဒီနေ့ လက်ဆောင်တွေအတွက် ကျေးဇူးတင်ပါတယ် "
လောထျန်း ဦးညွှတ်၍ ဆိုလိုက်သည်။
" ကျေးဇူးတင်ဖို့ မလိုပါဘူး သခင်လေးရယ် "
နတ်ဆိုးကြီးမှာ မောက်မောက်မာမာ မပြုမူဝံ့ပါချေ။
သို့သော် သူတို့နှစ်ယောက်မှာ အစောကတည်းက စိတ်ဝိဥာဥ်အစွမ်းကိုသာ သုံး၍ ဆက်သွယ်ခဲ့ကြသဖြင့် မည်သို့ ဖြစ်ပျက်သွားခဲ့သည်ကို သိသူမှာ ထျန်းယွမ်ကမ္ဘာသခင်ကြီး တစ်ယောက်သာ ရှိပါသည်။
အားလုံး ပြီးသွားသည့်နောက်တွင်ကား.. လောထျန်း လူအုပ်ဘက် လှည့်ကြည့်လိုက်သည်။
" သခင်လေး လောထျန်း "
ထိုစဥ်တွင် ပိုင်စီကလည်း လောထျန်းအား အံ့အားသင့်နေသည့် မျက်လုံးအစုံဖြင့် ကြည့်လာ၏။
ထိုသို့သော ဘီလူးတစ်ယောက်ကို မြင်ပြီး မအံ့သြသူ မည်သူ ရှိနိုင်ပါမည်နည်း...
ချီပန်းကျန်းမှာလည်း ထိုအချိန်တွင် မျက်နှာ အလွန်ပျက်နေတော့သည်။
သူ့ သြဇာအာဏာကို ပြရမည့် ယခုလိုနေ့မျိုးတွင် ထိုသို့သော အဆုံးသတ်နှင့် ကြုံရမည်ဟု သူ လုံးဝ ထင်မထားခဲ့ပါချေ။
ထိုစဥ် တဖက်မှ လောထျန်းက ချီပန်းကျန်းတို့ ညီအကိုနှစ်ယောက်ဆီ လျှောက်လာကာ အေးစက်စက် ပြောလိုက်၏။
"လောင်းကြေးအရဆိုရင်... ငါ နိုင်သွားပြီ မဟုတ်လား "
သူ့စကားကို ကြားသည်နှင့် ချီပန်းကျန်း၏ မျက်နှာကြီး ပျက်သထက် ပိုပျက်သွားတော့သည်။
သူ ဝန်မခံချင်သော်လည်း မည်သို့ဖြစ်ပျက်သွားခဲ့သည်ကို အားလုံး အမြင်ပင်..
သို့ဖြစ်ရာ.. သူ ဘူးခံငြင်း၍ မရပါချေ။
" ငါ ရှုံးပါတယ်.... "
ချီပန်းကျန်း ကူကယ်ရာမဲ့စွာ ခေါင်းငုံ့လိုက်သည်။
လောထျန်းက အေးစက်စက်ဆက်ပြော၏။
" မင်းကိုယ်မင်းပဲ သတ်သေမလား.. ငါ လုပ်ပေးရမလား "
ချီပန်းကျန်း၏ မျက်နှာကြီး ပိုအိုသွားတော့သည်။
သို့သော် ထိုစဥ်မှာပင် ချီပန်းရွှမ်က ရုတ်တရက် ပြောလာ၏။
" အကိုကြီး.. သူ့ကို သတ်လိုက်ဗျာ ။ သူက ပါရမီထူးပြီး ကံကောင်းတယ်ဆိုပေမယ့်.. အကို့ပြိုင်ဘက်တော့ ဟုတ်ချင်မှဟုတ်မှာ "
ချီပန်းကျန်းမှာလည်း သူ့ညီ၏ စကားကိုကြားပြီး အသိဝင်သွားဟန်ပင်..
ဟုတ်ပါသည်... သူ့ရှေ့မှလူ၏ ကျင့်ကြံခြင်းအဆင့်
က ကွေ့ရှအဆင့်သာ ရှိသေးသည် မဟုတ်ပါလား...
ထိုသူက အမွေအနှစ် များစွာရခဲ့သည့် အကြောင်းရင်းမှာ ပါရမီတစ်ခုတည်းကြောင့် ဖြစ်နိုင်ပါသည်။
သို့ဖြစ်ရာ သူနှင့် ယှဥ်တိုက်ခိုက်လျှင် ရှုံးနိုင်ပါ၏။
ထို့အပြင်... လက်ရှိအခြေအနေတွင် သူ မတိုက်ခိုက်ပါကလည်း သေရန် ထိုင်စောင့်ရုံသာ ရှိသည် မဟုတ်ပါလား.. ။
ချီပန်းကျန်း ထိုသို့တွေးကာ ရုတ်တရက် တိုက်ခိုက်လိုက်တော့သည်။
ဝုန်း..
သူ့ကိုယ်မှ နတ်ဆိုးအစွမ်းများလည်း ရုတ်ချည်း ထွက်ပေါ်လာ၏။
သို့သော်... သူ လှုပ်ရှားလိုက်သည့် အချိန်မှာပင်..
ဘုန်း..
အသံကျယ် တစ်သံနှင့်အတူ ရွှေရောင်လက်ဝါးကြီးတစ်ခုက သူ့အား တင်းကျပ်စွာ ဖမ်းဆုပ်လာသည်။
ထိုလက်ဝါး၏ တဖက်စွန်းတွင်ကား... လောထျန်း...
လောထျန်းက သူ့အား အထင်သေးရွံရှာသည့် မျက်နှာထားဖြင့်ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
" ငါကတော့ မင်းကို ကိုယ်ကျင့်တရား ကောင်းမယ်ထင်နေတာ ။ တကယ်တော့ မင်းက တော်တော်ယုတ်ညံ့တာပဲကွ။ အဲ့လိုဆိုမှတော့လဲ.. ငရဲကိုပဲ သွားလိုက်တော့ "
ချီပန်းကျန်းမှာ ၎င်းကိုကြည့်ရင်း အလွန်ကြောက်လန့်တုန်လှုပ်သွားတော့သည်။
" မင်း.. ငါ့ကို သတ်လို့မရဘူးနော် ။ ငါ့အဖေက မင်းကို ဒီတိုင်းထားမှာ မဟုတ်..... "
သို့သော်...
ဝုန်း...
သူ့စကား မဆုံးခင်မှာပင်.. သွေးမှုန်များအဖြစ် ဖိခြေခံလိုက်ရတော့၏။
ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ လူငယ်မျိုးဆက်ထဲတွင် အကောင်းဆုံးအဖြစ် အများသိကြသော ချီပန်းကျန်းက အလွယ်တကူ အသတ်ခံလိုက်ရလေပြီ ။
ထိုစဥ်မှာပင် ချီပန်းရွှမ်က နောက်လှည့်ပြီး လူအုပ်ကြားထဲသို့ ပြေးသွားလိုက်သည်။
သို့သော်.. သူ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းလိုက်ရပါ၏။
ဘုန်း...
လက်ဝါးကြီးတစ်ခု လေထဲမှ ကျလာကာ သူ့ခန္ဓာကိုယ်က အသားစများနှင့် သွေးမှုန်များအဖြစ် ပြောင်းသွားပြန်တော့သည်။
သူ့အား တိုက်ခိုက်လိုက်သူမှာ လောထျန်းဖြစ်ကြောင်း သံသယဝင်စရာပင် မလိုပါ...
" မင်း.... နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူရှေ့မှာ တိုက်ခိုက်ရဲတယ်ပေါ့လေ... "
နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူ၏ အကြီးအကဲမှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အလွန်တုန်လှုပ်နေတော့၏။
လောထျန်းက ဒေါသတကြီးရယ်ရင်း ပြန်ပြောလိုက်သည်။
" ဘာလဲ.. လုပ်လို့မရဘူးလား ။ ခုနက ကျုပ်ကို သတ်ဖို့ပြင်နေခဲ့တာ ဘယ်သူလဲ ပြောစမ်းပါဦး "
သူ့မျက်လုံးများကလည်း တဖက်လူအား အေးစက်စွာ စိုက်ကြည့်လျက်...
တဖက်မှ အကြီးအကဲမှာ ရုတ်တရက် ရေခဲဂူကြီး တစ်ခုအတွင်း ကျသွားသည့်အလား ခံစားလိုက်ရသည်။
အမှန်တွင်လည်း သူ အစောပိုင်းလေးတင် ချီပန်းကျန်းတစ်ယောက် စိတ်ကျေနပ်စေရန်အတွက် လောထျန်းကို သတ်ရန်ပြင်ခဲ့သေးပါ၏။
သို့သော်.. မျက်စိတစ်မှိတ်ခန့် အချိန်အတွင်း ထိုသို့သော အပြောင်းလဲမျိုး ဖြစ်သွားမည်ဟု မည်သူ ထင်ပါမည်နည်း ။
သူ့ရှေ့မှ ကျင့်ကြံခြင်းအဆင့် နိမ့်ဟန်တူသည့် လူငယ်က ထိုသို့ ကြောက်စရာအစွမ်းမျိုး ရှိနေသတဲ့လား...
အကြီးအကဲမှာ သူ့ကိုယ်သူ ပြန်ခုခံရန်အတွက် စကားပြောရန် ပြင်လိုက်စဥ်မှာပင်..
ဝုန်း..
သူ့ရှေ့၌ ဧရာမ ရွှေရောင်လက်ဝါးကြီး ပေါ်လာသည်။
" ငါ.... "
အကြီးအကဲမှာ ထိုတစ်လုံးသာ ပြောလိုက်နိုင်ပြီး .. လက်ဝါးကြီးနှင့် အရိုက်ခံရကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့၏။
လောထျန်းက သိုင်းကွက် သုံးကွက်တည်းဖြင့် လူသုံးယောက်ကို သတ်သွားခဲ့လေပြီ ။
သို့သော် သူ့ပုံစံမှာ ထိုမျှနှင့် ရပ်လိုဟန် မရှိသေးပါချေ။
ဝုန်း...
လောထျန်းက လူအုပ်ကြားထဲသို့ လက်ထပ်ယမ်းလိုက်သည်။
" ဟင်... "
လူအုပ်ထဲမှ အဘိုးအိုတစ်ယောက်မှာ ရှောင်တိမ်းချင်သော်လည်း.. မရှောင်လိုက်နိုင်ဘဲ..
ဝုန်း..
လောထျန်း၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရ၏။
" သခင်လေး ၊ ကျုပ် သခင်လေးကို ဘာမှ ရန်မစခဲ့ပါဘူးဗျာ "
အဘိုးအိုက လောထျန်းအား ကြောက်လန့်တကြား
ကြည့်ရင်း ပြောလိုက်သည်။
လောထျန်းက အေးစက်စက် ပြန်ပြော၏။
" မင်း ... ငါ့ဆီကို လူသတ်အရိပ်အငွေ့တွေ ထုတ်လွှတ်ခဲ့သေးတယ်လေ ။ ဟုတ်တယ်မလား... "
အဘိုးအိုမှာ ကြားလိုက်ရသည့် စကားကြောင့် ကျောရိုးထဲမှ ချမ်းစိမ့်သွားသလိုပင် ခံစားလိုက်ရတော့သည်။
မှန်ပါသည် ။ အစောပိုင်းတွင် ပိုင်စီတစ်ယောက် နတ်ဆိုးခန္ဓာကိုယ် အဆင့်တက်နေချိန်၌ လောထျန်းထံတွင် မူလမသေမျိုးဆေးရည် ရှိရမည်ဟု သူ တွေးခဲ့ပါ၏။
ထို့ကြောင့်လည်း အခွင့်အရေးကို အမိအရယူပြီး.. လောထျန်းအား ဖမ်းခေါ်၍ အဖြစ်မှန်ကို စစ်ဆေးရန် သူ စီစဥ်ခဲ့ခြင်းဖြစ်သည်။
လောဘကြောင့် သူ လူသတ်အရိပ်အငွေ့ကိုလည်း ပေါ်တင်ပင် ထုတ်လွှတ်မိခဲ့ကာ လောထျန်းက ၎င်းကို သတိထားမိသွားခဲ့၏။
" ကျုပ် တောင်းပန်ပါတယ်ဗျာ ။ ကျုပ်က.. "
သူ ပြန်ငြင်းရန် ကြိုးစားလိုက်သည်။
သို့သော်...
ဘုန်း...
သူသည်လည်း ချီပန်းကျန်းတို့ ဇာတ်သိမ်းအတိုင်း လိုက်သွားရတော့၏။
သို့သော်... ထိုအဘိုးအိုကို သတ်လိုက်ပြီးသည့်တိုင် လူအုပ်ဆီမှ မည်သို့သော တုန့်ပြန်မှုမျိုးမှ ပြန်မလာသဖြင့် လောထျန်း အံ့အားသင့်သွားရသည်။
ထိုစဥ် ထျန်းယွမ်ကမ္ဘာသခင်ကြီးက လောထျန်းစိတ်ထဲမှ အတွေးကို သိနေသည့်အလား တိတ်တဆိတ် အသံလွှင့်နည်းဖြင့် ပြောလာ၏။
" ဒီ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ အစွမ်းထက်တဲ့သူတွေက လေးစားခံရတယ်ကွ။ အစွမ်းထက်တဲ့သူတွေ အနေနဲ့လဲ အစွမ်းနိမ့်တဲ့သူတွေကို စိတ်တိုင်းကျ သတ်လို့ရတယ် ။ ဒါ့ကြောင့် သူတို့အမြင်မှာ မင်းလုပ်ရပ်က ကျိုးကြောင်းဆီလျော်တယ်လို့ တွေးကြတာ "
ထိုစကားကြောင့် လောထျန်း လူအုပ်ဘက် လှည့်ကြည့်လိုက်သည်။
အမှန်တွင်လည်း လူအုပ်က သူ့အား တအံ့တသြမျက်လုံးများဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရပါ၏။
လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားရပါသည်။
" မင်းတို့ထဲက လူတွေအများကြီးက ငါ့ကို အကွက်ချဖို့ စဥ်းစားနေကြတာ ငါသိတယ် ။ အဲ့လူတွေကို ငါ တစ်ခုပဲ ပြောချင်တယ်... သေရမှာမကြောက်ရင် ထွက်လာခဲ့ကြ "
ထို့နောက် သူ ပိုင်စီဘက်လှည့်ကာ ဆက်ပြောလိုက်၏။
" ဒီနေ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ။ ကံကောင်းရင် ထပ်ပြီး ဆုံကြတာပေါ့ဗျာ "
စကားဆုံးသည်နှင့် လောထျန်း၏ ပုံရိပ် ဖျတ်ခနဲ
လှုပ်ရှားသွားပြီး နေရာမှ ပျောက်ကွယ်သွားတော့သည်။
" သခင်လေး လောထျန်း... "
ပိုင်စီမှာ လောထျန်း ထွက်သွားတော့မည်ကို မြင်သည်နှင့် ချက်ချင်း အော်ခေါ်လိုက်သေးသော်လည်း... လောထျန်းက မရှိတော့ပါချေ။
" မိန်းကလေး ၊ ကျုပ်တို့ မိုယွမ်ဂိုဏ်းရဲ့ ဂိုဏ်းဝင်တစ်ယောက် ဖြစ်ချင်လား "
ထိုစဥ် အဘိုးအိုတစ်ယောက်က ပိုင်စီထံ လျှောက်လာပြီး ပြော၏။
ပိုင်စီသည် လက်ရှိတွင် အဆင့်ရှစ် နတ်ဆိုးခန္ဓာကိုယ် ပိုင်ဆိုင်ထားပြီး.. မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ်ကိုလည်း ရထားသေးရာ... ဤ ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်နေလေပြီ ။
ထို့အပြင် သူမက လောထျန်းနှင့်လည်း ရင်းနှီးသည် မဟုတ်ပါလား...
သို့ဖြစ်ရာ ထိုသို့သော လူတစ်ယောက်အား အဖွဲ့ဝင်အဖြစ် ခေါ်လိုကြသည့် ဂိုဏ်းကြီးများ ရှိသည်မှာ သဘာဝကျပါသည်။
တဖက်မှ လောထျန်းမှာကား....
သူသည် ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ ရတနာနယ်မြေကြီး ငါးခုအနက်မှ လေးခုဆီသို့ သွားပြီးပြီဖြစ်ကာ..
နောက်ဆုံးတစ်ခုဆီသို့ သွားရန်သာ ကျန်ပါတော့၏။
" ကဲ... နတ်ဆိုးဂူ ကို သွားကြစို့ဗျာ "
လောထျန်း ထိုသို့ပြောပြီး ခရီးဆက်လိုက်သည်။
ရက်အနည်းငယ် ကြာပြီးနောက်.... ရှေးဟောင်းနတ်ဆိုးကမ္ဘာ ၊ အလယ်ပိုင်းဒေသ ၊ နတ်ဆိုးဥက္ကာခဲမြို့၌ ....
ခန်းမကြီး တစ်ခုအတွင်း မဟာနတ်ဆိုး ဆယ်ယောက်ကျော် စုဝေးကာ ထိုင်နေကြ၏။
" မိုယွမ်ရှောက် ၊ မင်းက ငါတို့ကို ကောင်းတာတစ်ခု ပေးစရာရှိတယ်ဆိုပြီး ဒီကိုလာဖို့ ခေါ်ခဲ့တာနော်။ ပေးမယ်ဆိုတာ ဘာလဲ.. ငါတို့ကို လည်ပင်းရှည်နဲ့ မစောင့်ခိုင်းနဲ့တော့ကွာ "
အလွန်အိုမင်းဟန်တူသည့် နတ်ဆိုးကျင့်ကြံသူတစ်ယောက်က စိတ်မရှည်စွာ ပြောလိုက်၏။
" ဟုတ်တယ် ။ ငါတို့ အဘိုးကြီးတွေရဲ့ အခြေအနေကို မင်းလဲ သိတာပဲ ။ ငါတို့မှာက အလကားဖြုန်းနေဖို့အတွက် အချိန်မရှိဘူးကွ "
အခြားအဘိုးအိုတစ်ယောက်ကလည်း ရုပ်တည်ကြီးဖြင့် ပြောသည်။
ခန်းမထဲရှိ အဓိကထိုင်ခုံပေါ်တွင် ထိုင်နေသော မိုယွမ်ရှောက်က နှုတ်ခမ်းတွန့်ရုံပြုံး၍ ပြန်ပြော၏။
" ခင်ဗျားတို့အားလုံး ဘယ်လိုခံစားနေရတယ်ဆိုတာ ကျုပ် နားလည်ပါတယ် ။ ဒီနေ့ အားလုံးကို ခေါ်လိုက်ရတဲ့အကြောင်းရင်းကလဲ ကျုပ်မှာ လေလံတင်ဖို့အတွက် ရတနာကောင်းတစ်ခု ရှိနေလို့ပါ "
သူ့စကားကြောင့် အားလုံး မျက်မှောင်ကြုံ့လိုက်ကြသည်။
" ရတနာကောင်း.. ဟုတ်လား ။ ဟားဟား.. မိုယွမ်ရှောက် ၊ ငါတို့လိုအရွယ် အဘိုးကြီးတွေအတွက် ဘယ်ရတနာမျိုးက လူကိုယ်တိုင်သွားယူဖို့ တန်လို့လဲကွာ "
အခြား အဘိုးအိုတစ်ယောက်ကလည်း အထင်သေးနေဟန် မျက်နှာထားဖြင့် ပြောလာ၏။
ကျန်လူများကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။
သို့သော်.. မိုယွမ်ရှောက်က အားလုံး၏ တုန့်ပြန်ပုံကို မျှော်လင့်ထားပြီးဟန်ဖြင့် ပြုံး၍ ဆက်ပြော၏။
" အဲ့ရတနာက... အဆင့် ၁၁ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် ပဲဗျ "