မြေကမ္ဘာနတ်ဆိုး ဆေးလုံး
Vol. 42 Ch. 580
အားလုံးကလည်း ထိုစကားကို ကြားသည်နှင့် အကြီးအကဲဟွမ်ဘက် လှည့်ကြည့်လိုက်ကြသည်။
လောထျန်းသည်ပင် အနည်းငယ် အံ့အားသင့်သွားရပါ၏။
မူလ မသေမျိုးလက်နက် ဆိုသည်မှာ ထိပ်တန်းအဆင့် မသေမျိုးလက်နက်တစ်ခုဖြစ်ပြီး..
လောထျန်းသည်ပင် ထိုလက်နက်မျိုးကို အနည်းငယ်မျှသာ မြင်ဖူးပါသည်။
ထိုပစ္စည်းများက နောက်ဆုံးတွင် လောထျန်း၏ လက်ထဲ ရောက်သည်ရောက် ၊ မဟုတ်လျှင် သူ့ကြောင့်ပင် ဖျက်ဆီးခံခဲ့ရသော်လည်း...
၎င်းတို့ မည်မျှအဖိုးတန်သည်ကို လောထျန်း မသိဘဲမနေပါချေ။
" အကိုယင်... တကယ်ကြီး အဲ့လိုလုပ်တော့မယ်ပေါ့
"
အကြီးအကဲ၇ မှာ အကြီးအကဲယင်ကို ကြည့်ရင်း နှုတ်ခမ်းမဲ့သွား၏။
အကြီးအကဲယင်က မုတ်ဆိတ်ကို ပွတ်၍သာ ပြန်ပြောသည်။
" အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ပဲလေ... တန်ပါတယ် "
လက်ရှိတွင် သူ့အသက် ဆုံးခါနီး ဖြစ်နေလေရာ.. မူလမသေမျိုးလက်နက်ကို ဘာဂရုစိုက်ရဦးမည်နည်း ။
တဖက်မှ အဘိုးအိုများမှာ တစ်ယောက်ကိုတစ်ယောက်သာ လှည့်ကြည့်လိုက်ကြပြီး.. စျေးဆက်မပေးဘဲ အသံတိတ်သွားကြတော့သည်။
၎င်းမှာ သူတို့ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်အား မလိုချင်၍ မဟုတ်ဘဲ .. ထို့ထက်ပို စျေးမပေးနိုင်တော့သောကြောင့်ပင် ။
သူတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာသည် အတန်အသင့်
အင်အားကြီးသည့်တိုင် မူလမသေမျိုးလက်နက် များစွာ မရှိလှပါ ။
လောထျန်းက အခြေအနေကိုကြည့်ရင်း ခေါင်းအသာညိတ်လိုက်၏။
" ကောင်းပြီ ၊ ဒါဆို အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် ကို သခင်ကြီးဆီ ရောင်းပါမယ် ။ တစ်ခါတည်း ငွေတန်းချေလိုက်ကြတာပေါ့ "
အကြီးအကဲယင်ကလည်း ခေါင်းညိတ်ပြသည်။
" ဒါပေါ့ဗျာ "
သူ ထိုသို့ပြောပြီးသည်နှင့် ဟင်းလင်းပြင်လက်စွပ်ထဲမှ ရှေးဟောင်းဓားတစ်လက်ကို ထုတ်လိုက်၏။
အားလုံးမှာလည်း ထိုဓားကို ကြည့်ကာ မှင်သက်နေကြသည်။
အကြီးအကဲာင်က နှမျောတသ မျက်လုံးများဖြင့် ဓားကို လက်ဖြင့်အသာပွတ်ရင်း ဆိုလာသည်။
" မိတ်ဆွေလေး လောထျန်း ၊ ကျုပ်ရဲ့ ဒီဓားကို မသေ
မျိုးနှိမ်နှင်းဓားလို့ ခေါ်ပါတယ် ။ ဒီဓားက ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ နတ်ဆိုးလက်နက်စာရင်းထဲမှာ အဆင့်ငါး ရထားပါတယ်။ ပြီးတော့ ဒီဓားက အင်မတန် အစွမ်းထက်တဲ့အပြင် ၊ မသေမျိုးအဆင့် ကျင့်ကြံသူတွေနဲ့ တွေ့ရင် အစွမ်းက နှစ်ဆတောင် ဖြစ်သွားတယ်။ ဒီနေ့တော့ ဒီဓားကို မိတ်ဆွေလေးလက်ထဲ အပ်လိုက်ပါမယ်။ မိတ်ဆွေလေးအနေနဲ့လဲ ဒါကို တန်ဖိုးထားမယ်လို့ မျှော်လင့်ပါတယ် "
အခြားအဘိုးအိုများလည်း ဓားအား လိုချင်တပ်မက်မှုတို့ ပါနေသည့် အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
သို့သော် လောထျန်းကမူ မည်သို့မှ မထူးခြားဟန်ပါပင် ။
နတ်ဆိုးလက်နက်စာရင်းထဲတွင် အဆင့်ငါး တဲ့လား...
သူ့ဟင်းလင်းပြင်လက်စွပ်ထဲတွင် အဆင့် ၂ ထာဝရနတ်ဆိုးဓား ရှိထားသည် မဟုတ်ပါလား...
" ဟုတ်ကဲ့ ၊ ကျုပ် သဘောပေါက်ပါပြီ "
လောထျန်း ခေါင်းညိတ်၍ မသေမျိုးနှိမ်နှင်းဓားအား
လှမ်းယူလိုက်သည်။
ဝီ...
ထိုစဥ်မှာပင် ဓားက ရုတ်တရက် တုန်ခါလာ၏။
အားလုံးမှာလည်း ၎င်းကိုကြည့်ရင်း အံ့အားသင့်ကုန်ကြသည်။
" မိတ်ဆွေလေးလောထျန်း ၊ သတိထားနော် ။ မူလမသေမျိုးလက်နက်တွေက အင်မတန်မောက်မာကြပြီးတော့ တခါတလေ သူတို့ရဲ့ သခင်ကိုတောင် ဝါးမြိုတတ်ကြတယ် "
တစ်ယောက်က သတိပေးစကား ဆိုလိုက်သည်။
လောထျန်း ခေတ္တမျှ အံ့အားသင့်သွားပြီးမှ သူ့လက်ထဲရှိ ဓားအား မျက်မှောင်ကြုံ့ ကြည့်လိုက်၏။
" မင်းက သခင်ကို ဝါးမြိုချင်တယ်ပေါ့လေ.. ဟုတ်လား "
သူ့မျက်နှာထားလည်း ချက်ချင်း အေးစက်သွားသည်။
ထို့နောက် မသေမျိုးနှိမ်နှင်းဓားအား အားနည်းနည်းသုံး၍ ဆုပ်ကိုင်လိုက်၏။
ချွှင်...
မသေမျိုးနှိမ်နှင်းဓားမှာ ဆတ်ခနဲ တုန်သွားပြီး ချက်ချင်း ငြိမ်ကျသွားကာ ထပ်မလှုပ်ရဲတော့ပေ။
" ဟင်... သူက.. ဓားကိုတောင် သိမ်းသွင်းလိုက်နိုင်ပြီလား "
အားလုံး အံ့သြမှင်သက်ကုန်ကြတော့သည်။
ဤမျှ လွယ်သတဲ့လား...
သို့သော် လောထျန်းက ဓားကို မလွတ်သေးဘဲ လက်ထဲတွင်သာ ခပ်တင်းတင်းဆုပ်ကိုင်၍ ထပ်မေး၏။
" သခင်ကို ဝါးမြိုချင်သေးလား.. ပြောလေ "
ဤတစ်ကြိမ်တွင်လည်း ဓားက ကြောက်ရွံ့သွားဟန်ဖြင့် တုန်သွားပြန်သည်။
သို့တိုင် လောထျန်းက မလွတ်သေးဘဲ ပိုတင်းတင်း ဆုပ်ကိုင်လိုက်၏။
" သခင်ကို ဝါးမြိုချင်သေးလား ဖြေလေ "
သူ တတိယအကြိမ် ထပ်မေးလိုက်ပြန်သည်။
အားလုံးမှာ ထိုမြင်ကွင်းကိုကြည့်ကာ ဆွံ့အနေကြတော့၏။
အထူးသဖြင့် ထို မသေမျိုးနှိမ်နှင်းဓား၏ ဒေါသကို ကောင်းကောင်းကြီး သိထားသည့် အကြီးအကဲယင်မှာ မနေနိုင်တော့သဖြင့် အနည်းငယ်ရှင်းပြရန် ပြင်လိုက်သည်။
သို့သော် ထိုစဥ်မှာပင်...
ဝီ...
မသေမျိုးနှိမ်နှင်းဓားဆီမှ အဖြူရောင် အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွား၏။
အားကောင်းလှသော ဓားစိတ်ဆန္ဒတစ်ခုလည်း လွင့်
ပျံလာသည်။
အကြီးအကဲယင်မှာ ၎င်းကိုကြည့်ပြီး ခဏတာမျှ အံ့သြမှင်သက်နေပြီးမှ .. နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားကာ တုန်လှုပ်စွာ ဆိုလိုက်သည်။
" ဒါ... ဘယ်လို ဖြစ်နိုင်မှာလဲ ။ မသေမျိုးနှိမ်နှင်းဓားက ... သန့်စင်ခံလိုက်ရပြီလား... "
မှန်ပါသည် ။ အစောက အလင်းတန်း တက်သွားသည့် သဘောမှာ မူလမသေမျိုးလက်နက်ကို သန့်စင်ပြီးသွားသည်ဆိုသည့် အဓိပ္ပါယ်ပင် ။
သို့သော်... မူလမသေမျိုးလက်နက်များက အလွန်အစွမ်းထက်သည့်တိုင် ပြစ်ချက်ကြီး တစ်ခုရှိပါ၏။
ထိုပြစ်ချက်မှာ.. ၎င်းတို့ကို သန့်စင်ရန် အလွန်ခက်ခဲခြင်း ဖြစ်ပါသည်။
ဥပမာဆိုရသော်... အကြီးအကဲယင်သည် ထို မသေမျိုးနှိမ်နှင်းဓားအား နှစ်ပေါင်းငါးသောင်းကျော် ထိန်းချုပ်လာခဲ့သည့်တိုင် ၎င်း၏ အနည်းငယ်မျှကိုသာ သန့်စင်နိုင်သေးပါသည်။
သို့ဖြစ်သဖြင့် ထိုဓား၏ အစွမ်းအပြည့်ကို ထုတ်မသုံးနိုင်ခဲ့ပါ။
၎င်းက သူ လောထျန်းအား ဓားကို လိုလိုလားလား ပေးချင်သည့် အကြောင်းရင်းများထဲမှ တစ်ခုပင် ။
သို့သော်.. မျှော်လင့်မထားစွာပင် လောထျန်းက ဓားအား စက္ကန့်ပိုင်းလေးအတွင်း သန့်စင်၍ ပြီးသွားသတဲ့လား ။
မဟုတ်သေးပါ... သူ ၎င်းအား လုံးဝမသန့်စင်ခဲ့ပါ ။
သူက မသေမျိုးနှိမ်နှင်းဓားအား စကားလုံး အနည်းငယ်သုံး၍ ခြိမ်းခြောက်ခဲ့ခြင်းသာ ဖြစ်ပါသည်။
ဓားက သူ့အလိုလို သန့်စင်သွားခဲ့ခြင်းပင်...
အကြီးအကဲယင်မှာ မနေနိုင်ဘဲ စိတ်ထဲမှ သက်ပြင်းရှည်ကြီး ကြိတ်ချလိုက်ရ၏။
သူတို့အားလုံး လူသားသက်ရှိများ ဖြစ်နေပါလျက်.. ကွာဟချက်က အဘယ့်ကြောင့် ဤမျှကြီးမားနေရပါသနည်း။
ထိုတခဏ၌ သူ့လက်ထဲမှ အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကိုလည်း ငံု့ကြည့်မိလိုက်၏။ ၎င်းက အစောကကဲ့သို့ လိုချင်တပ်မက်ဖွယ် မကောင်းတော့သလိုပါပင်...
ထိုစဥ် တဖက်မှ အကြီးအကဲ ၇ မှာ အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်က ပိုင်ရှင်ရှိသွားပြီဖြစ်သဖြင့်... မည်သို့မှ မတတ်နိုင်ဘဲ လက်လျှော့လိုက်ရဟန် တူသည်။
" မိတ်ဆွေလေး လောထျန်း ၊ အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ရောင်းပြီးသွားပြီဆိုတော့... အခု အဆင့် ၁၁ ကို ထုတ်မရောင်းသေးဘူးလား "
အကြီးအကဲ ၇ မေးလိုက်သည်။
လောထျန်းမှာ သူ့စကားကြောင့် လန့်သွားကာ ပြန်ပြောလိုက်သည်။
" အဆင့် ၁၁ လား... ခင်ဗျားတို့က အဆင့် ၁၂ မ
လိုချင်တော့ဘူးလား "
အားလုံးမှာ လောထျန်း ဆိုလိုသည့် အဓိပ္ပါယ်ကို နားမလည်ဘဲ အံ့သြမှင်သက်ကုန်ကြ၏။
အကြီးအကဲ၇ မှာလည်း သူ့စကားအား နားလည်မှု လွဲသွားဟန်ဖြင့် မျက်မှောင်ကြုံ့၍ ပြောလာသည်။
" မိတ်ဆွေလေးလောထျန်း ၊ ကျုပ်တို့အားလုံး အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို လိုချင်တာတော့ အသိသာကြီးပဲဗျာ ။ ဒါပေမယ့် မိတ်ဆွေလေးက အကြီးအကဲယင်ကို ရောင်းပြီးသွားပြီ မဟုတ်လား ။ တကယ်လို့ သူ့နေရာမှာ တခြားသူတစ်ယောက်သာဆို ကျုပ် သူ့လက်ထဲကနေ လုပြီးတာ ကြာလှပြီ။ ဒါပေမယ့် အကိုကြီးယင်ကိုက ကျုပ် အဲ့လိုသွားမလုပ်ဝံ့ပါဘူး "
ကျန်လူများလည်း ခေါင်းညိတ်လိုက်ကြ၏။
လောထျန်းက ပြန်ပြောသည်။
" ကျုပ်ပြောချင်တာ အဲ့သဘော မဟုတ်ဘူးဗျ ။ ကျုပ်ဆိုလိုတာက.... "
လောထျန်းက ပြောပြောဆိုဆိုပင် သူ့ဟင်းလင်းပြင်
လက်စွပ်ထဲမှ အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် နောက်တစ်ခုကို ထုတ်လိုက်သည်။
" ကျုပ် ဆိုလိုတာက .. ဒီတစ်ခုကို မရောင်းရသေးဘူးလေ ။ တကယ်လို့ ခင်ဗျားတို့ မလိုချင်ဘူး ဆိုရင်လဲ အဆင့် ၁၁ နဲ့ပဲ လဲလိုက်ပါ့မယ် "
သူ ပြောပြောဆိုဆိုပင် နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်အား ပြန်သိမ်းလိုက်သည်။
တဖက်မှ အဘိုးအိုများမှာ ၎င်းကိုမြင်သည်နှင့် မျက်လုံးများ ပြူးကျယ်သွားတော့၏။
အကြီးအကဲယင်သည်ပင် မှင်သက်နေရှာသည်။
" အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်က တစ်ခုတက် ပိုရှိတာလား "
သူ တုန်လှုပ်စွာ မေးလိုက်သည်။
အခြားသူများကလည်း လောထျန်းအား မျက်လုံးပြူး ကြည့်နေကြ၏။
လောထျန်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြန်ဖြေသည်။
" ကျုပ်ဆီမှာ တစ်ခုပဲ ရှိတယ်လို့ တစ်ခါမှ မပြောခဲ့ဖူးဘူးလေ "
သူနှင့်အတူ ရှောက်ကျို့ ရှိနေပြီဖြစ်ရာ.. အဆင့် ၁၄ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ထုတ်လုပ်ရန် အချိန်အနည်းငယ် ယူရသည့်တိုင်...
အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကိုမူ သူ လိုချင်သလောက် လွယ်လွယ်ရနိုင်သည် မဟုတ်ပါလား ။
လောထျန်းက အားလုံး၏ အံ့အားသင့်သွားသော အမူအရာကိုကြည့်ရင်း စကားဆက်လိုက်၏။
" ကဲ.. ဒါဆို အဆင့် ၁၁ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ရောင်းမယ်ဗျာ... "
" ခဏနေပါဦး..... "
အဘိုးအိုများ တစ်ပြိုင်နက်တည်းနီးပါးပင် အော်လိုက်ကြသည်။
" မိတ်ဆွေလေး ၊ ကျုပ်တို့ အဆင့် ၁၂ ကို လိုချင်ပါတယ် "
" ဟုတ်တယ်.. အဆင့် ၁၂ ၊ အဆင့် ၁၂ ကိုပဲ ရောင်းပေးပါ "
အားလုံး အလောတကြီး ပြောလိုက်ကြ၏။
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
" ကောင်းပါပြီ ၊ ကျုပ် အဆင့် ၁၂ ကို ရောင်းပေးပါ့မယ် "
သူ ပြောပြောဆိုဆိုပင် အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်နှင့် ထပ်လဲလိုက်၏။
အစောက မျက်နှာကြီး သုန်မှုန်နေခဲ့ကြသည့် အဘိုးအိုများ၏ မျက်နှာထားလည်း ချက်ချင်း ဝင်းပသွားကြသည်။
" မိတ်ဆွေလေး လောထျန်း ၊ ကျုပ်က တားမြစ်မှော်လက်နက် အခု ၂၀ ပေးပါ့မယ်။ အဲ့အပြင်ကို နတ်ဆိုး
စွမ်းအင်သွေးကြောလဲ ပါဦးမှာပါ "
အဘိုးအိုတစ်ယောက်က ပြောသည်။
သူ့စကားကြောင့် ကျန်လူများကလည်း သူ့အားလှည့်ကြည့်လာကြ၏။
" ဟားဟား.. မိတ်ဆွေလေး လောထျန်း ၊ အဲ့အဘိုးကြီးရဲ့ စကားတွေကို နားထောင်မနေနဲ့ ။ သူ့မိသားစုရဲ့ နတ်ဆိုးစွမ်းအင်သွေးကြောက အရင်ကတော့ ကောင်းပေမယ့် အခုက ခြောက်ကပ်နေပြီ ။ သူ မိတ်ဆွေလေးကို တမင်သက်သက် ညာနေတာ "
အခြား အဘိုးအိုတစ်ယောက်က ဝင်ပြောသည်။
ပထမအဘိုးအိုက သူ့ကိုကြည့်ကာ ပြန်ပြော၏။
" မင်း လျှောက်ပြောမနေနဲ့ "
မျှော်လင့်မထားစွာပင် တဖက်အဘိုးအိုက နှုတ်ခမ်းမဲ့ပြီး ပြန်ပြောသည်။
" ငါ လျှောက်ပြောတာ ဟုတ်လား ၊ မဟုတ်လားဆိုတာ မင်း သိရမှာပါ "
ထို့နောက် သူ လောထျန်းကိုကြည့်၍ ဆက်
ပြောသည်။
" မိတ်ဆွေလေးလောထျန်း ၊ ကျုပ်က တားမြစ်မှော်လက်နက် အခု ၂၀ နဲ့ ဆေးလုံး တစ်လုံး ပေးပါ့မယ် "
သူ့စကားကြောင့် အားလုံး မျက်မှောင်ကြုံ့သွားကြ၏။
" ဆေးလုံး တစ်လုံးတည်း တဲ့လား.. ။ ချူဖုန်း ၊ မင်း ဘာမဟုတ်တာတွေ ကြံစည်နေတာလဲ ။ ကပ်စေးနည်းလိုက်တာကွာ "
အစောက မျက်နှာပျက်သွားခဲ့သည့် ပထမအဘိုးအိုမှာလည်း ထိုစကားကို ကြားသည်နှင့် ချက်ချင်း လှောင်ပြုံးဖြင့်ပြောလိုက်သည်။
သို့သော် ချူဖုန်းက နှုတ်ခမ်းတွန့်ရုံပြုံးပြီး ဆက်ပြောလာ၏။
" ကျုပ်ပြောတဲ့ ဆေးက သာမာန်ဆေး မဟုတ်ပါဘူး ။ မြေကမ္ဘာနတ်ဆိုး ဆေးပါ "