နတ်ဆိုးခန္ဓာကိုယ်ဆိုတာ ဘာလဲ...
Vol. 42 Ch. 582
" ကြယ်စင်သန့်စင်ကမ္ဘာ.. ဟုတ်လား ၊ အဲ့ဒါ ကမ္ဘာငယ်တစ်ခုလား "
လောထျန်း စိတ်ဝင်တစား ဆက်မေးလိုက်သည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးမှ ပြန်ပြော၏။
" ဟုတ််တယ်... ဒါပေမယ့် အဲ့ကမ္ဘာငယ်က အင်မတန် ထူးခြားတယ် "
" ထူးခြားတယ်.. ဘယ်လိုထူးခြားတာလဲ "
လောထျန်း နားမလည်နိုင် ဖြစ်သွားသည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြန်ပြော၏။
" အဲ့မှာ ထိပ်တန်းအဆင့် မသေမျိုး အရင်းအမြစ်တွေမျိုးစုံ ရှိတယ်ကွ။ အဲ့ထဲမှာ ကံကောင်းခြင်း မသေမျိုးလက်နက်လုပ်တဲ့ ပစ္စည်းတွေလဲ ပါတယ်။ အဲ့နေရာကနေ ဖြစ်တည်လာတဲ့ သဘာဝ ကံကောင်းခြင်းမသေမျိုးလက်နက်တွေတောင် ရှိတယ်။ ကမ္ဘာအရပ်ရပ်က ကံကောင်းခြင်း မသေမျိုးလက်နက်တွေ
ရဲ့ တစ်ဝက်လောက်က အဲ့ကမ္ဘာငယ်ကနေ လာတာကွ "
" ဒါပေမယ့်.. အဲ့ ကြယ်စင်သန့်စင်ကမ္ဘာငယ်က ပေါ်လာခဲတယ် ။ ပေါ်လာတိုင်းလဲ ကြယ်စင်သန့်စင်မြေပုံ ရှိထားတဲ့သူမှ ဝင်လို့ရတာ "
လောထျန်း နားလည်သွားသော်လည်း ထပ်မေးလိုက်သည်။
" အဲ့လောက်ကောင်းတဲ့ နေရာမျိုးမှာ အန္တရာယ်ရော ရှိလား "
ထျန်းယွမ်ကမ္ဘာသခင်ကြီးက အမှန်တိုင်းပင် ပြန်ဖြေ၏။
" ရှိတာပေါ့ကွ ၊ ဒါပေမယ့်.. မင်းအတွက်တော့ ရှိမယ်မထင်ဘူး "
ထိုစကားကိုကြားမှ လောထျန်း စိတ်သက်သာရာ ရသွားသည်။
ထို့ကြောင့် သူ အကြီးအကဲ ၇ ကိုကြည့်ကာ ပြောလိုက်၏။
" ကောင်းပါပြီ ၊ ကျုပ် ခင်ဗျားကို ရောင်းပေးမယ် "
အကြီးအကဲ ၇ မှာ စစချင်းတွင် လောထျန်းက တိတ်နေခဲ့သဖြင့် သူပေးသော အရာများကို လောထျန်းက အထင်သေးသည်ဟုသာ တွေးခဲ့မိပါသည်။
ယခု မျှော်လင့်မထားစွာပင် လောထျန်းက လက်ခံလာသည့်အတွက် သူ အလွန်ပျော်သွားတော့၏။
ထို့နောက်.. သူ ပြောထားသည့်အတိုင်း ကြယ်စင်သန့်စင်မြေပုံနှင့် တားမြစ်မှော်လက်နက်များအား လောထျန်းဆီသို့ လက်နှစ်ဖက်ဖြင့် တလေးတစား ပေးလိုက်သည်။
ပြီးနောက် အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ကျေကျေနပ်နပ် လှမ်းယူလိုက်၏။
လောထျန်းက ပစ္စည်းများအားလုံးကို သိမ်းလိုက်ပြီးနောက် ပြောသည်။
" ကဲ.. အခု ကျုပ်ဆီမှာရှိတဲ့ အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်တွေတော့ ကုန်သွားပြီဗျ ။ ဒါပေမယ့် အဆင့် ၁၁ တွေ ကျန်သေးတာမို့.. အားလုံး စပြီး
လေလံဆွဲလို့ ရပါပြီ "
အဆင့် ၁၂ နှင့် ယှဥ်လိုက်ပါက အဆင့် ၁၁ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်မှာ များစွာ အစွမ်းနိမ့်ပါ၏။
သို့သော် အဘိုးအိုများမှာ စစချင်းတွင် အဆင့် ၁၁ကို ရရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ကြခြင်း မဟုတ်ပါလား.. ။
ထို့ကြောင့် သူတို့အဆင့် ၁၂ ကို မရလိုက်သည့်တိုင် အခြေအနေ ကောင်းသေးသည်ဟု ပြောရပါမည်။
သို့သော် ယခုတစ်ကြိမ် လေလံဆွဲရာတွင်မူ ယခင်ကဲ့သို့ တုန်လှုပ်စရာ ပစ္စည်းများ မပါတော့ပါ ။
သို့တိုင် လောထျန်းမှာ အဆင့် ၁၁ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် ခြောက်ခုကို ဆက်တိုက်ရောင်းလိုက်ရသဖြင့် အကျိုးအမြတ်များစွာ ရသွားခဲ့သည်။
ရှိနေသော အဘိုးအိုများ အားလုံးနီးပါးမှာ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်များ ရသွားခဲ့သည့်တိုင်.. သူတို့၏ မျက်နှာတွင် ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့ ရော
ပြွန်းနေပါ၏။
ပျော်ရသည့်အကြောင်းမှာ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်များ ရသွားခဲ့သဖြင့် သူတို့၏ သက်တမ်းကို ပိုရှည်အောင် ဆွဲဆန့်နိုင်ပြီ ဖြစ်သောကြောင့်ပင် ။
ဝမ်းနည်းစရာ တစ်ခုမှာကား ထို နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ဝယ်ရန် သူတို့၏ ပိုင်ဆိုင်မှုများစွာကို သုံးခဲ့ရခြင်း ဖြစ်သည်။
" ကဲ... လေလံပွဲလဲ ပြီးသွားပြီဆိုတော့.. ကျုပ် နတ်ဆိုးဂူကို ဝင်လို့ရပြီလား "
လောထျန်းက မိုယွမ်ရှောက်ဘက် လှည့်ကြည့်၍ မေးလိုက်သည်။
မိုယွမ်ရှောက်က ချက်ချင်း ဦးညွှတ်အရိုအသေပေး၍ ဆို၏။
" ဒါပေါ့ဗျာ ။ မနက်ဖြန်ဆို နတ်ဆိုးဂူ ဖွင့်တဲ့ရက်ပါ ။ သခင်လေး အဲ့မတိုင်ခင် ခဏအနားယူလိုက်ပါဦးဗျာ ။ မနက်ဖြန်ကျ ကျုပ် အဲ့ကို သေချာခေါ်သွားပေးပါ့မယ် "
လောထျန်း ခေါင်းသာ ညိတ်ပြလိုက်သည်။
ဤသို့ဖြင့် မိုယွမ်ရှောက်၏ အစီအစဥ်ဖြင့် သူ ထိုနေရာတွင်သာ အနားယူပြီး တစ်ညတာ ကုန်ဆုံးလိုက်၏။
နောက်တစ်နေ့ မနက်တွင်မူ.. နတ်ဆိုးဂူ ဖွင့်လေပြီ ။
လောထျန်းက မနက်စောစောပင် ထကာ မိုယွမ်ရှောက် လွှတ်လိုက်သည့် လူနှင့်အတူ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံမှတဆင့် ရှေးဟောင်းတောင်တစ်လုံးရှေ့သို့ ရောက်သွားသည်။
" သခင်လေး လောထျန်း ၊ နတ်ဆိုးဂူက ရှေ့မှာဗျ "
မိုယွမ်ရှောက်က လမ်းလျှောက်ရင်းပင် လောထျန်းအား ပြောပြသည်။
လောထျန်း သူ ညွှန်ပြသည့်နေရာသို့ ကြည့်လိုက်ရာ တောင်ထိပ်ပေါ်ရှိ တိမ်တိုက်များကြား၌ လွင့်မျောနေသော တံခါးပေါက်တစ်ခုကို တွေ့လိုက်ရသည်။
" သခင်ကြီးမို ၊ ဒီ နတ်ဆိုးဂူက ဘယ်လိုဖြစ်လာတာလဲ "
လောထျန်းက ထိုတံခါးပေါက်ရှေ့တွင် ရပ်ရင်း မေးလိုက်၏။
မိုယွမ်ရှောက်က ခေတ္တမျှ အံ့အားသင့်နေပြီးမှ ခေါင်းယမ်း၍ ပြန်ပြောသည်။
" အမှန်တိုင်းပြောရရင် ဒီနတ်ဆိုးဂူရဲ့ ဇာတ်မြစ်ကို ကျုပ်လဲ မသိဘူးဗျ။ ရှေးဟောင်းနတ်ဆိုးကမ္ဘာ သမိုင်းမှတ်တမ်းမှာလဲ ဒီ နတ်ဆိုးဂူက ဟိုးအရင်တည်းက ပေါ်လာတာတဲ့ ။ဒါပေမယ့် အားလုံးက ပြောကြတဲ့ ထင်ကြေးတော့ နှစ်ခုရှိတယ် "
" ပထမတစ်ခုကတော့ ဒီ နတ်ဆိုးဂူကို ရှေးဟောင်းနတ်ဆိုးကြီးက တွေ့ခဲ့တာတဲ့ ။ ဒါပေမယ့် ရှေးဟောင်းနတ်ဆိုးကြီးက မရှိတော့တာ ကြာလှပြီမို့ သက်သေအတိအကျတော့ မရှိဘူး "
" ဒုတိယတစ်ခုကတော့ ဒီနတ်ဆိုးဂူက ကောင်းကင်နဲ့မြေကြီးရဲ့ ဖန်တီးမှုကြောင့် ဖြစ်လာတာလို့ ပြောတယ် "
စကားဆုံးအောင် နားထောင်ပြီးနောက် လောထျန်း မျက်မှောင်ကြုံ့သွားသည်။
" ဒီ ရှေးဟောင်းနတ်ဆိုး ဘိုးဘေးက တကယ်လျှို့ဝှက်တာပဲ "
လောထျန်း တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
မိုယွမ်ရှောက်က ခေါင်းညိတ်၍ ပြန်ပြော၏။
" ဟုတ်တယ်ဗျ ၊ သူက ကျုပ်တို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ သမိုင်းမှာ အစွမ်းအထက်ဆုံး သူတစ်ယောက်ပဲလေ ။ တကယ်တော့.. သူ အခုထိ အသက်ရှင်နေသေးတယ်ဆိုတာကို ယုံတဲ့သူတွေတောင် အများကြီးရှိတယ် "
ထိုစကားကြောင့် လောထျန်း အံ့အားသင့်သွားရပါသည်။
" အသက်ရှင်နေသေးတယ်.. ဟုတ်လား ။ ဒါဆို အခု သူက ဘယ်မှာလဲ ။ ဘယ်လောက်အစွမ်းထက်နိုင်လဲ "
မိုယွမ်ရှောက်က သက်ပြင်းချ၍ ပြန်ဖြေသည်။
" သူ ဘယ်မှာဆိုတာ ကျုပ် တကယ်မသိဘူးဗျ ။ ပြီးတော့... သူ ဘယ်လောက်အစွမ်းထက်တယ် ဆိုတာ
ကိုလဲ.. ကျုပ် မသိဘူး ။ ရှေးဟောင်းနတ်ဆိုးမှတ်တမ်း ထဲကအတိုင်းဆိုရင်လဲ သူက ရှေးခေတ်က ကောင်းကင်ဘုံနတ်ဆိုးထက်တောင် အစွမ်းပိုသာနေပြီလို့ ပြောတယ်။ အခုဆို အဲ့ထက်ပိုပြီးတောင် အစွမ်းထက်နေတော့မှာ "
သူ့စကားကြောင့် လောထျန်းရင်ထဲမှ ကြိတ်၍ အံ့သြသွားရသည်။
" ငါ ယဲ့လန်ကမ္ဘာကို ရောက်ခဲ့တုန်းက အဲ့မှာ ထိပ်တန်းအဆင့် အစွမ်းထက်တဲ့သူတွေနဲ့ တွေ့ခဲ့ရသေးတယ် ။ အခု ဒီရှေးဟောင်းနတ်ဆိုးကမ္ဘာက ယဲ့လန်ကမ္ဘာထက် ပိုအစွမ်းထက်တာဆိုတော့... ဒီရှေးဟောင်းနတ်ဆိုးကြီးကလဲ ဟိုလူကြီးထက် အများကြီး အစွမ်းပိုသာမှာပဲ "
" အဲ့တော့ ငါ့ဘက်က လုံးဝ မသေချာမချင်း အဲ့ရှေးဟောင်းနတ်ဆိုးကြီးနဲ့ တွေ့ဖို့ သွားမစတာကောင်းမယ် ။ အနည်းဆုံး.. ငါ ကျင့်ကြံခြင်း အဆင့်တက်သွားမှ ဘေးကင်းနိုင်မှာ "
" အခု ငါက.. ကွေ့ရှအဆင့်မှာပဲ ရှိသေးတာ "
လောထျန်း တွေးလိုက်သည်။
သူ ထိုသို့ တွေးနေစဥ်မှာပင်..
" မိုယွမ်ရှောက် ၊ မင်းလဲ ဒီရောက်နေတာလား "
သူတို့နှစ်ယောက်နောက်မှ စူးရှရှ အသံတစ်သံ ထွက်လာသည်။
မိုယွမ်ရှောက် ချက်ချင်း နောက်လှည့်ကြည့်ပြီး မျက်မှောင်ကြုံ့သွား၏။
" စုံရှောက် ပါလား.. "
စုံရှောက်ဆိုသူက ထူးထူးဆန်းဆန်းရယ်ရင်း ပြန်ပြောသည်။
" ဘာလဲ.. မင်းရဲ့ ဆက်ခံသူကို တွေ့သွားလို့ နတ်ဆိုးဂူဆီ လာခဲ့တာလား ။ မင်း ဘယ်လိုလူမျိုးကို တွေ့ထားလဲ ကြည့်ဦးမယ်ကွာ "
သူ ထိုသို့ပြောပြီး လောထျန်းဆီ လျှောက်လာကာ ခေါင်းစခြေဆုံး ကြည့်လိုက်၏။ ထို့နောက်
အသံကျယ်ကြီးဖြင့် ထရယ်လိုက်သည်။
" မိုယွမ်ရှောက် ၊ ဆက်ခံသူ မရှိတာနဲ့ပဲ ဒီတိုင်း တွေ့ကရာလူကိုခေါ်ပြီး နတ်ဆိုးဂူဆီ လာလို့မရဘူးလေကွာ။ အခု မင်းခေါ်လာတဲ့သူက ကွေ့ရှအဆင့်ပဲ ရှိသေးတော့ အရင်းအမြစ်တွေကို ဖြုန်းတီးရာ ကျသွားမှာပေါ့ "
ထိုသူက ရယ်ရင်း ပြောသည်။
ကြားလိုက်ရသည့်စကားကြောင့် မိုယွမ်ရှောက်၏ မျက်နှာထား ချက်ချင်းပြောင်းသွား၏။
" စုံရှောက်... မင်း မရိုင်းနဲ့နော် "
သို့သော် စုံရှောက်၏ ရယ်သံက ပိုပိုပြီးသာ ကျယ်လာပါသည်။
" မိုယွမ်ရှောက် ၊ မင်း ဦးနှောက်က တစ်ခုခုတော့ လွဲနေပြီကွ ။ ထားပါလေ.. မင်းကို ငါ့လူနဲ့ မိတ်ဆက်ပေးမယ် "
သူ ပြောပြောဆိုဆိုပင် နောက်လှည့်၍ အော်ခေါ်လိုက်သည်။
" စုံလင်း ၊ ဒီကိုလာဦး "
သူ့စကား ဆုံးသည်နှင့် လူငယ်တစ်ယောက်က တစ်လှမ်းချင်း လျှောက်လာ၏။
" ဦးလေး.. "
လူငယ်က ဦးညွှတ်အရိုအသေပေး၍ ဆိုသည်။
စုံရှောက်က ရယ်ရင်း ပြော၏။
" လာကွ ၊ မင်းရဲ့ နတ်ဆိုးခန္ဓာကိုယ်ကို ပြလိုက်ဦး "
" ဟုတ်ကဲ့ "
စုံလင်း ဦးညွှတ်ပြီး အသက်ပြင်းပြင်း ရှိုက်လိုက်သည်။
ထို့နောက်..
ဝုန်း..
သူ့နောက်တွင် နတ်ဆိုးအရိပ် ၇ ခု ထွက်လာ၏။
မိုယွမ်ရှောက်မှာ ၎င်းကိုကြည့်ရင်း အံ့အားသင့်သွားရတော့သည်။
" နတ်ဆိုးအသွင်ပြောင်း ၇ သွယ် ခန္ဓာကိုယ်လား.. "
စုံရှောက်က ဂုဏ်ယူနေသည့် မျက်နှာထားဖြင့် ပြန်ပြော၏။
" အမှန်ပဲ... ငါ့တူက ဒီနှစ်ထဲမှာမှ အသက် သံုးရာပြည့်တာတောင် အဆင့်၇ နတ်ဆိုးခန္ဓာကိုယ်ကို ကျင့်ကြံပြီးသွားပြီ။ ဒါတောင် သူ နတ်ဆိုးဂူထဲကို မသွားရသေးဘူးနော်။ သူသာ ဒီတစ်ခေါက် နတ်ဆိုးဂူထဲ ဝင်ပြီးသွားရင် အဆင့်၈ နတ်ဆိုးခန္ဓာကိုယ်ကို တန်းပြီး အဆင့်တက်သွားမယ်လို့ ငါထင်တယ် "
သူ ထိုသို့ပြောပြီး လောထျန်းဘက် လှည့်ကြည့်လိုက်သည်။
" ကောင်လေး ၊ မင်းရော နတ်ဆိုးခန္ဓာကိုယ် ဘယ်အဆင့်ထိ ရောက်သွားပြီလဲ။ ငါ့ကို ပြစမ်းပါဦး "
မိုယွမ်ရှောက်က လှောင်ပြုံးဖြင့် ပြန်ပြော၏။
" စုံရှောက် ၊ ကိုယ့်ကိုကိုယ် အရှက်ကွဲအောင် မလုပ်ဖို့ ငါမင်းကို အကြံပေးချင်တယ် "
" မင်း.. ဘာပြောလိုက်တယ် "
စုံရှောက် အံ့သြမှင်သက်သွားရသည်။
မိုယွမ်ရှောက်က ဆက်ပြော၏။
" သခင်လေးလောထျန်းရဲ့ နတ်ဆိုးခန္ဓာကိုယ်ကို တွေ့ရင် မင်းကြောက်ပြီး သေသွားမလားတောင် မသိဘူး "
ဤရက်ပိုင်း လောထျန်းနှင့် အနီးကပ်နေရပြီးနောက်.. လောထျန်းထံတွင် ဖုံးကွယ်ထားသော နတ်ဆိုးကြီး ရှိရမည်ဟု မိုယွမ်ရှောက် ခန့်မှန်းထားပါသည်။
သို့မဟုတ်ဘဲ ထိုသို့ ကြောက်မက်ဖွယ်အစွမ်းမျိုး မရှိနိုင်ဘူး မဟုတ်လား..
စုံရှောက် မျက်မှောင်အနည်းငယ် ကြုံ့သွားကာ လောထျန်းအား မျက်နှာတည်ဖြင့် ကြည့်လိုက်သည်။ သို့သော် မိုယွမ်ရှောက် ဆိုလိုသည့် အဓိပ္ပါယ်ကို သူ နားမလည်နိုင်ပါချေ။
မည်သို့ပင်ဆိုစေ မိုယွမ်ရှောက်၏ မောက်မာသော မျက်နှာထားကြောင့် သူ အနည်းငယ်စိုးရိမ်သွားကာ မေးလိုက်၏။
" ကောင်လေး.. မင်းရဲ့ နတ်ဆိုးခန္ဓာကိုယ်က ဘယ်
အဆင့်လဲ "
သို့သော်.... တဖက်မှ လောထျန်းက အိုးတို့အမ်းတမ်း အပြုံးဖြင့် ပြန်ပြောလာသည်။
" အမ်... နတ်ဆိုးခန္ဓာကိုယ်ဆိုတာ ဘာလဲ... "