Mutual appreciation
Vol. 42 Ch. 583
လောထျန်း ပြောလိုက်သည့်စကားကြောင့် တဖက်မှ လူသုံးယောက်လုံး အံ့သြမှင်သက်ကုန်ကြသည်။
နတ်ဆိုးခန္ဓာကိုယ်က ဘာလဲ တဲ့လား...
ဤရှေးဟောင်းနတ်ဆိုးကမ္ဘာတွင် နတ်ဆိုးခန္ဓာကိုယ်အား ဘာမှန်းမသိသူ ရှိပါသေးသလား..
သူတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ ကျင့်ကြံခြင်းလမ်းစဥ်မှာ နတ်ဆိုးခန္ဓာကိုယ်ကို ကျင့်ကြံရန် ဖြစ်ပါသည်။
သူတို့၏ ကျင့်ကြံခြင်း လမ်းစဥ်အရလည်း အဆင့်၇ နတ်ဆိုးခန္ဓာကိုယ်ကို မကျင့်ကြံနိုင်ဘဲ ကောင်းကင်ဘုံတံခါးဝအဆင့်ကိုကျော်ပြီး နတ်ဆိုးစိတ်ဝိဥာဥ်အဆင့်သို့ ရောက်ရန် မဖြစ်နိုင်ပါချေ။
ထို့ကြောင့် အဆင့် ၇ နတ်ဆိုးခန္ဓာကိုယ်မှာ ထူးခြားခန္ဓာကိုယ် စာရင်းဝင်အဖြစ်ပင် သတ်မှတ်ခံထားရ
ပါ၏။
ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ ထူးခြားသော ထိုကျင့်ကြံခြင်းလမ်းစဥ်ကြောင့်လည်း.. နတ်ဆိုးစိတ်ဝိဥာဥ်အဆင့် ရောက်ထားသူများက ထျန်းယွမ်ကမ္ဘာ၏ ကမ္ဘာပေါ်မှ မသေမျိုးများနှင့် တိုက်ခိုက်စွမ်းရည် နီးစပ်ခြင်းဖြစ်သည်။
အဆင့် ၈ နတ်ဆိုးခန္ဓာကိုယ်ကို ရပြီးသွားလျှင်မူ ကမ္ဘာပေါ်မှ မသေမျိုးများနှင့် တန်းတူ ဖြစ်သွားလေပြီ ။
ထို့ကြောင့်... လောထျန်းက နတ်ဆိုးခန္ဓာကိုယ်ကို ဘာမှန်းမသိဟု ပြောလာချိန်တွင်.. စုံရှောက်အတွက် အဓိပ္ပါယ်တစ်မျိုးသာ ရှိပါတော့၏။
သူ အသံကျယ်ကြီးဖြင့် အော်ရယ်လိုက်သည်။
" ဟား ဟား မိုယွမ်ရှောက် ၊ မင်းရဲ့ ဆက်ခံသူက တော်တော်ရိုင်းတာပဲကွ "
စုံရှောက် မျက်မှောင်ကြုံ့သွားကာ သူ့မျက်လုံးထဲတွင်လည်း လူသတ်အရိပ်အငွေ့များ ပေါ်လာသည်။
အကယ်၍ မိုယွမ်ရှောက်သာ အနားတွင် မရှိပါက သူ တိုက်ခိုက်ပြီးသည်မှာ ကြာလေပြီ ။
သို့သော် ထိုစဥ်မှာပင်..
ဝုန်း..
မလှမ်းမကမ်းမှ နတ်ဆိုးဂူ တံခါးပေါက်က ရုတ်တရက် ပွင့်လာ၏။
အားလုံး၏ မျက်လုံးများကလည်း နတ်ဆိုးဂူဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
" အားလုံး... ဒီတစ်ခေါက် နတ်ဆိုးဂူဖွင့်မယ့် ကြာချိန်က ၁၂ နာရီပဲ ရှိတာနော် ။ အထဲက အရင်းအမြစ်တွေကလဲ အဖိုးတန်တာမို့ မြန်မြန်လှုပ်ရှားကြ... ဘာမှ အလဟသ မဖြစ်စေနဲ့ "
တံခါးပေါက်ရှေ့မှ အဘိုးအိုတစ်ယောက်က အော်ပြောလိုက်သည်။
စုံရှောက်က ထိုစကားကို ကြားသည်နှင့် စုံလင်းဘက်
ချက်ချင်း လှမ်းကြည့်၏။
" စုံလင်း.. မြန်မြန်ဝင်သွားတော့ "
ထို့နောက် သူ လောထျန်းအား တစ်ချက်လှမ်းကြည့်ပြီး စုံလင်းကို ဆက်ပြောလိုက်သည်။
" မင်း ဝင်သွားပြီးရင် အဲ့ကောင်လေးကိုပါ ဂရုစိုက်လိုက် "
သူ ပြောသည့် " ဂရုစိုက်လိုက် " ဆိုသောစကား၏ အဓိပ္ပါယ်မှာ အလွန်ရှင်းပါသည်။
စုံလင်းကလည်း နှုတ်ခမ်းတွန့်ရုံပြုံး၍ ပြန်ပြော၏။
" စိတ်ချပါ ဦးလေး ၊ ဘာမှ စိတ်မပူပါနဲ့ "
ထို့နောက် သူ လောထျန်းဘက် လှည့်ကြည့်ကာ ပြောလိုက်သည်။
" ညီလေးလောထျန်း ၊ အတူတူသွားကြတာပေါ့ကွာ "
လောထျန်း ခေါင်းညိတ်ပြလိုက်၏။
" ကောင်းပါပြီ ။ သခင်ကြီးမို... ဒီခရီးအတွက် ကျေးဇူးတင်ပါတယ် "
မိုယွမ်ရှောက်ကလည်း အပြုံးဖြင့် ပြန်ပြောသည်။
" ကျေးဇူးတင်စရာ မလိုပါဘူး သခင်လေးရယ် "
သူ ထိုသို့ပြောပြီး လောထျန်းတစ်ယောက် နတ်ဆိုးဂူထဲသို့ ဝင်ပြီးသွားသည်အထိ ကြည့်နေလိုက်၏။
ဘေးနားတွင် ရပ်နေသည့် စုံရှောက်က ၎င်းကိုကြည့်ကာ အံ့အားသင့်နေဟန်ဖြင့် မေးလာသည်။
" မင်းက သူ့ကို အကြံပေးစကားလေး ဘာလေးတောင် မပြောလိုက်ဘူးပေါ့ "
မိုယွမ်ရှောက် ထရယ်သည်။
" အဲ့လိုပြောဖို့ မလိုပါဘူးကွာ "
စုံရှောက်မှာ နားမလည်နိုင် ဖြစ်သွားဟန်ပင်..
ထိုစဥ် တဖက်မှလောထျန်းမှာ နတ်ဆိုးဂူထဲသို့ပင် ခြေလှမ်းနေလေပြီ ။
နတ်ဆိုးဂူထဲသို့ သူနှင့်တစ်ချိန်တည်းနီးပါး ဝင်လာကြသူများလည်း ရာပေါင်းများစွာပင် ရှိပါ၏။
ထိုလူများထဲ၌ ဘေးဘီသို့ ဝေ့ဝဲကြည့်နေသည့် ခပ်ဝဝ ကောင်လေးတစ်ယောက်လည်း အပါအဝင်ဖြစ်သည်။
ရုတ်တရက် လူငယ်လေး၏ အကြည့်က လောထျန်းဆီ ရောက်သွားကာ စိတ်လှုပ်ရှားစွာ ပြေးလာ၏။
" အကိုကြီး... နောက်ဆုံးတော့ တွေ့ရပြီဗျာ "
လူငယ်က အပြုံးဖြင့် ဆိုသည်။
လောထျန်း အံ့အားသင့်သွားကာ ပြန်မေးလိုက်၏။
" မင်းက ငါ့ကို သိလို့လား "
ခပ်ဝဝ ကောင်လေးက ခေါင်းယမ်း၍ ပြန်ဖြေသည်။
" မသိဘူးဗျ "
" အင်... "
လောထျန်း ခေါင်းပိုရှုပ်သွားရ၏။
ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ လူများက ရုပ်ချင်း ဆင်ကြသောကြောင့်... သူ့ကိုမသိဘဲ လာနှုတ်ဆက်နေပါသလား... ။
တဖက်မှ လူငယ်လေးက အပြုံးဖြင့် ပြောလာသည်။
" ကျုပ် အကိုကြီးကို မသိပေမယ့်.. နားတော့ နားလည်တယ် ထင်တာပဲဗျ "
" ဘယ်လို... "
လောထျန်း နားပိုရှုပ်သွားရပြန်၏။
ကောင်လေးက စကားဆက်သည်။
" အကိုကြီးက ကွေ့ရှအဆင့်မှာ မဟုတ်လား "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
ကောင်လေးက လောထျန်းပုခုံးကို ပုတ်ကာ ပြောလာ၏။
" ကျုပ်က ထုံရွှယ်အဆင့်မှာဗျ ။ ကျုပ် ဘေးကို သေချာကြည့်လိုက်တော့ ဒီတစ်ခေါက် နတ်ဆိုးဂူထဲဝင်လာတဲ့ သူတွေထဲမှာ အရှုံးသမားဆိုလို့ ကျုပ်တို့နှစ်ယောက်ပဲ ပါတာ ။ အဲ့တော့ အကိုကြီးကို နားမလည်ပဲ ဘယ်နေမလဲဗျာ ။ အကိုကြီးကရော အကို့အဖေက အတင်းဖိအားပေးလို့ ဝင်လာရတာလား ... ဒါဆို ကျုပ်နဲ့ အတူတူဖြစ်သွားပြီ "
သူ ထိုသို့ပြောကာ လောထျန်းအား နားလည်ပါသည်ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သေးသည်။
လောထျန်းမှာကား သူ့စကားကို နားထောင်ပြီး ဆွံ့အနေတော့၏။
သူ မှတ်မိသလောက် .. သူ့အား တစ်ယောက်ယောက်က အမှိုက်ဟု မခေါ်သည်မှာ ကြာလှလေပြီ ။
ယခု နောက်ဆုံး ထိုသို့သောသူနှင့် တွေ့ရလေပြီ ။ သို့သော်... သူ ဒေါသထွက်၍လည်း မရပါချေ..
တဖက်မှ ကောင်လေးက လောထျန်းကိုကြည့်ကာ ထပ်ပြောလာသည်။
" ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ဖို့ မေ့နေတာ.. ကျုပ်နာမည်က ဟူဒဟူ လို့ခေါ်တယ် ။ အကိုကြီးရဲ့ နာမည်က ဘယ်လိုခေါ်လဲ "
" လောထျန်း "
ဟူဒဟူ က လောထျန်းအား ချက်ချင်း ပုခုံးလှမ်းဖက်ပြီး ပြော၏။
" အကိုလောထျန်း ၊ ဘာမှ စိတ်မပူပါနဲ့ဗျာ ။ ဒီ နတ်ဆိုးဂူထဲမှာ အကို့ကို ကျုပ် ကာကွယ်ပေးပါ့မယ်။ ကျုပ်ကို ကျင့်ကြံခြင်းမှာ အရှုံးသမားလို့ မမြင်ဘဲ သီအိုရီပိုင်းမှာ ပါရမီရှင်တစ်ယောက်လို့ပဲ မြင်ပါ။ ကျုပ်က ဒီနတ်ဆိုးဂူရဲ့ အကြောင်းတွေအားလုံး သိတယ်ဗျ ။ တစ်ခုခု မေးချင်တာရှိရင်လဲ အားမနာဘဲ မေးသာမေး "
သူ့စကားကြောင့် လောထျန်း၏ မျက်လုံးများ အရောင်လက်သွားသည်။
" ငါ မေးချင်တဲ့ မေးခွန်းတစ်ခုတော့ ရှိတယ် "
ဟူဒဟူကလည်း ချက်ချင်း စိတ်လှုပ်ရှားသွားဟန် တူ၏။
သူသည် သူ့ကိုယ်သူ အားလုံးသိသူတစ်ယောက်အဖြစ် အမြဲတစေ ပြောနေခဲ့သော်လည်း မည်သူကမှ ဂရုမစိုက်ခဲ့ကြပါ ။
တစ်ယောက်ယောက်က သူ့အား အမှန်တကယ် မေးခွန်းထုတ်လာသည်မှာ ယခုမှ ပထမဆုံးပင် ။
" စိတ်မပူနဲ့ဗျာ.. မေးခွန်းက ဘယ်လောက်ခက်ခက် ၊ ကျုပ် အကောင်းဆုံးကြိုးစားပြီး ဖြေပေးမယ် "
ဟူဒတူ က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
အကယ်၍ လောထျန်းက ကျင့်ကြံခြင်းနှင့် ပတ်သက်ပြီး အဆင့်မြင့်သော မေးခွန်းများ မေးလာလျှင်ပင် အတတ်နိုင်ဆုံး ဖြေပေးပြီး .. လောထျန်းက နားမလည်ဘူး ဆိုလျှင်လည်း ငွေကြေးအကုန်အကျခံကာ ကျင့်ကြံသူသခင်ကြီးတစ်ယောက်နှင့်ပင် ဆွေးနွေးခိုင်းမည်ဟု တွေးထားလိုက်သည်။
ထို့ကြောင့် သူလောထျန်းအား စိုက်ကြည့်ပြီး မေးခွန်းကို အားတက်သရော စောင့်မျှော်နေလိုက်၏။
" နတ်ဆိုးခန္ဓာကိုယ်ဆိုတာ ဘာလဲ "
လောထျန်းက ထိုမေးခွန်းကိုပင် ထပ်မေးလိုက်သည်။
ဟူဒဟူ နားမလည်နိုင်ဟန် ဖြစ်သွားတော့သည်။
သူ လောထျန်းအား အချိန်အတန်ကြာ စိုက်ကြည့်နေ
ပြီးနောက်မှ စကားစလိုက်၏။
" အကိုလောထျန်း ၊ ခုလိုကြီး ပြောတာ ရိုင်းသလိုဖြစ်သွားရင်လဲ ခွင့်လွတ်ဗျာ ။ ကျုပ် ငယ်ငယ်ကနေ ခုအရွယ်ရောက်တဲ့အထိ အဲ့လောက်အသုံးမကျတဲ့သူမျိုး ရှိတယ်ဆိုတာကို မယုံခဲ့ဘူး ။ ဒါပေမယ့် အကိုပြောတာကို နားထောင်လိုက်ရတော့ ကျုပ်.. ယုံသွားပြီ "
သူ ထိုသို့ပြောပြီး လောထျန်းအား ဦးညွှတ်ကာ မျက်နှာတည်ဖြင့် ဆက်ပြောသည်။
" တကယ်လို့ ကောင်းကင်ဘုံကသာ အကိုလောထျန်းကို မမွေးဖွားပေးခဲ့ရင် တာအိုကမ္ဘာကြီးလဲ အဆုံးမဲ့တဲ့ ညတာရှည်ကြီးလို ဖျက်ဆီးခံရမယ်နဲ့တူတယ် "
လောထျန်း : " .......... "
" ငါ့မှာတော့ ငါ့ကို ချီးကျူးနေတယ်လို့ ထင်နေတာကွာ.. ။ အခု နတ်ဆိုးခန္ဓာကိုယ်က ဘာလဲဆိုတာပဲ ပြောစမ်းပါ.. "
ဟူဒဟူက လောထျန်းအား အံ့သြတကြီးကြည့်ကာ ပြန်မေး၏။
" အကိုက တကယ်ကြီး မသိတာလား "
" မသိလို့ပဲ မေးတာပေါ့ဟ "
ဟူဒဟူ အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးမှ ပြန်ပြောသည်။
" ဒီ နတ်ဆိုးခန္ဓာကိုယ်ဆိုတာ ကျုပ်တို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်တစ်မျိုးပဲ ။ ဒါကိုသာ ပြီးပြည့်စုံအောင် ကျင့်ကြံပြီးသွားရင် နတ်ဆိုးအရိပ်တွေ စုစည်းနိုင်တယ် ။ နတ်ဆိုးအရိပ်တစ်ခုစီတိုင်းကလဲ ကိုယ့်ရဲ့အစွမ်းကို တိုးစေနိုင်တယ် "
ဟူဒဟူက ထိုသို့ပြောပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။
ဝီ...
သူ့အနောက်ဘက်တွင် နတ်ဆိုးအရိပ် နှစ်ခု စုစည်းလာ၏။
" အခု ကျုပ်နောက်မှာ ရှိနေတဲ့ နတ်ဆိုးအရိပ် နှစ်ခုကိုတွေ့လား ။ ဒါ အဆင့် ၂ နတ်ဆိုးခန္ဓာကိုယ်ပဲ "
လောထျန်း ခေါင်းတဆတ်ဆတ်ညိတ်ပြီး စိတ်ဝင်တစား ဆက်မေးလိုက်သည်။
" လူတစ်ယောက်မှာ အများဆုံး နတ်ဆိုးခန္ဓာကိုယ် ဘယ်အဆင့်ထိ ရှိနိုင်လဲ "
ဟူဒဟူက သူ့မေးစေ့ကို ပွတ်ရင်း ပြန်ပြောသည်။
" အများဆုံးလား... ၊ တကယ်တော့ ကျုပ်လဲ အဲ့ဒါကို မသိဘူး ။ စာအုပ်တွေထဲမှာလဲ အများဆုံး နတ်ဆိုးခန္ဓာကိုယ် ဘယ်အဆင့်ထိ ရှိလဲ ရေးထားတာ မရှိသလိုပဲ။ ဒါပေမယ့် လက်ရှိနတ်ဆိုးတွေထဲမှာ အများဆုံးကတော့ ကမ္ဘာသခင်ကြီးပဲဗျ ။ ကောလဟာလတွေကြားတာတော့ သူက နတ်ဆိုးခန္ဓာကိုယ် အဆင့် ၁၈ထိ ရောက်ပြီးမှ မြေကမ္ဘာနတ်ဆိုးအဆင့်ကို ရောက်လာခဲ့တာတဲ့။ ဒီတော့ လက်ရှိ မြေကမ္ဘာနတ်ဆိုးတွေထဲမှာဆို သူက အစွမ်းအထက်ဆုံးပဲ "
" ဒါပေမယ့်... ဒဏ္ဍာရီတွေထဲမှာ ပြောထားတာတော့ ရှေးခေတ်နတ်ဆိုးတွေက အဆင့်၂၈ နတ်ဆိုးခန္ဓာကိုယ်တွေတောင် ရှိကြတယ်တဲ့ ။ ဒါပေမယ့် အဲ့ဒါတွေက အပြောပဲရှိတာပါ ။ ဘယ်သူမှ ကိုယ်တိုင် မမြင်ဖူးကြဘူး "
လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
" ဒါဆို... အဲ့နတ်ဆိုးခန္ဓာကိုယ်ကို ဘယ်လိုကျင့်ကြံရတာလဲ "
ဟူဒဟူမှာ လုံးဝ ဆွံ့အသွားရတော့၏။
" ကျုပ် အကို့ကိုကြည့်ပြီး တကယ်ကို ပိုလေးစားလာပြီ။ အကိုက အဲ့ဒါတောင် မသိဘူးဆိုတော့ အခု အကို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေက ဆေးတွေကြောင့်ပဲ ရခဲ့တာလား ။ ဒါလဲ ကိစ္စမရှိပါဘူးလေ.. ကျုပ်လဲ ဘာမှ သိပ်မထူးဘူး ။ ဒါပေမယ့် အခု ကျုပ်တို့က နတ်ဆိုးဂူထဲ ရောက်လာပြီဆိုတော့ ဒီအခွင့်ကောင်းကို အမိအရယူပြီး နည်းနည်းကျင့်ကြံသင့်တယ်နော် "
ဟူဒဟူက ထိုသို့ပြောကာ သူ့ဟင်းလင်းပြင်လက်စွပ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်သည်။
" ဒါ.. နတ်ဆိုးခန္ဓာကိုယ် ကျင့်ကြံတဲ့နည်းပဲဗျ။ ဒါကို ကြည့်ထားလိုက်ဦး ။ ပြီးလို့ နတ်ဆိုးလှိုင်းတွေ လာရင် စုပ်ယူနိုင်အောင် ကြိုးစားပါ "
" နတ်ဆိုးလှိုင်းဆိုတာ ဘာလဲ... "
လောထျန်း ထပ်မေးလိုက်သည်။
ဟူဒဟူမှာ အမှန်ပင် ဆွံ့အသွားရပြန်တော့၏။ သူ ခေါင်းယမ်း၍ ပြန်ပြောလိုက်သည်။
" ဒါ... ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲကို နတ်ဆိုးအစွမ်း ပေါင်းစပ်တယ်လို့ သဘောထားရင်ရတယ် ။ အဲ့ နတ်ဆိုးလှိုင်းက ကိုယ့်ရဲ့ နတ်ဆိုးခန္ဓာကိုယ်ကို ပိုအဆင့်တက်စေတယ်ဗျ ။ တချို့လူတွေဆို အဲ့ နတ်ဆိုးစွမ်းအင် လှိုင်းတွေကို စုပ်ယူရင်းနဲ့ ဉာဏ်အလင်းပွင့်ပြီး မြေကမ္ဘာနတ်ဆိုးအဆင့်ကို တန်းရောက်သွားတာမျိုးတောင် ရှိတယ် "