အဆင့် ၇ နတ်ဆိုးခန္ဓာကိုယ်
Vol. 42 Ch. 585
ဟူဒဟူမှာ လောထျန်းကိုကြည့်ကာ ဆွံ့အနေတော့သည်။
သူ့ရှေ့မှ မြင်ကွင်းမှာ သူ နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေပြီ ။
အစပိုင်းတွင်မူ လောထျန်းအား သူ့လိုပင် ထင်ခဲ့သေးပါ၏။
သို့သော်.. ယခုတွင်ကား သူ့ရှေ့မှလူက ဆက်တိုက် အဆင့်တက်နေပေသည်။
သူ့အသွင်မှာ အစွမ်းကို တမင်တကာ ဖုံးကွယ်ထားဟန်လည်း မတူပါ..
ထိုနှစ်မျိုးကြားတွင် ကွာဟချက်ကြီးစွာ ရှိပါသည်။
သို့သော်.. ယခုလို ဖြစ်လေလေ သူ ပိုနားမလည်နိုင်လေပင် ။
တစ်ချိန်တည်းမှာပင် သူ့မျက်နှာလည်း ပို၍ သုန်မှုန်လာသည်။
ကြည့်ရသည်မှာ ဤနတ်ဆိုးဂူထဲ၌ သူတစ်ယောက်တည်းသာ အသုံးမကျသည့်ဟန်ပင်..
ထိုစဥ်တွင် လောထျန်းက သူ့ကိုကြည့်ကာ ရုတ်တရက် ပြောလာ၏။
" မင်းရဲ့ နတ်ဆိုးခန္ဓာကိုယ်ကို တိုးတက်အောင် လုပ်ပြီးတော့ အထဲကို သွားကြည့်ချင်လား "
ဟူဒဟူမှာ သူ့မေးခွန်းကြောင့် အံ့အားသင့်သွားရပြီး အောင့်သက်သက်ပြုံး၍ ပြန်ပြောလိုက်သည်။
" အကို ဒီတစ်ခေါက် ကျုပ်ကို တမင်နောက်နေတာမလား "
လောထျန်း ခေါင်းယမ်းပြလိုက်သည်။
" ငါ မင်းကို နောက်နေတာ မဟုတ်ဘူးကွ။ မင်းရဲ့ နတ်ဆိုးခန္ဓာကိုယ်ကို အဆင့်တက်ချင်လားလို့ မေးတာလေ "
ဟူဒဟူ အံကြိတ်ကာ ပြန်ပြော၏။
" တက်ချင်တာပေါ့ဗျာ ။ ကျုပ်ရဲ့ အိမ်မက်ကလဲ အဲ့လိုတက်ဖို့ပါပဲ ။ ဒါပေမယ့်.. ကျုပ်မှာက ပါရမီ ပါမလာဘူး "
လောထျန်းက တည်ငြိမ်စွာပင် ပြုံးပြလိုက်သည်။
" အဲ့ဒါက လွယ်ပါတယ် "
သူ ပြောပြောဆိုဆိုပင် ဟင်းလင်းပြင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်၍ အထဲမှ မူလနတ်ဆိုးဆေးရည် ဆယ်စက်ကို ယူလိုက်သည်။
" ရော့.. တစ်စက် အရင်ယူလိုက် "
လောထျန်း အပြုံးဖြင့် ပြောလိုက်၏။
ဟူဒဟူမှာ ဆေးရည်ကို တစ်ချက်ကြည့်ရုံဖြင့်ပင် တုန်လှုပ်ခြင်းကြီးစွာ ဖြစ်သွားတော့သည်။
" အဲ့ဒါ မူလနတ်ဆိုးဆေးရည်လား... "
လောထျန်းက တအံ့တသြ ပြန်မေး၏။
" မင်းက သိတာလား .. "
ဟူဒဟူ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
" သိတာပေါ့ဗျ ၊ အဲ့ဒါ အင်မတန် အဖိုးတန်တဲ့ ရတနာတစ်ခုပဲ ။ တစ်စက်လေးကတောင် အဲ့လောက် တန်ဖိုးရှိတာ... ။ အကို့မှာ အဲ့လောက်အများကြီးရှိ... အခု ကျွန်တော့ကို ပေးနေတာလား "
လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။
"ငါက သူများအပေါ်မှာ ကျေးဇူးကြွေး တင်နေတာ မကြိုက်ဘူးကွ။ မင်းက ခုနက ငါ့ကို ကျင့်ကြံနည်းပေးထားတော့ ငါ့ဘက်ကလဲ ကျေးဇူးတင်တဲ့အနေနဲ့ ပြန်လုပ်ပေးတာပါ "
ဟူဒဟူက ရှက်သွားသည့် မျက်နှာဖြင့် ပြန်ပြောသည်။
" ဒါပေမယ့်.. ပြန်ပေးတဲ့ဟာကြီးက များလွန်းပါတယ်ဗျာ ။ ကျုပ်ပေးလိုက်တဲ့ ကျင့်ကြံနည်းက သိပ်မဆိုးဘူးလို့ ပြောလို့ရပေမယ့် ဘာမှလဲ မထူးခြားဘူးလေ "
လောထျန်းက အေးဆေးပင် ပြော၏။
" ရော့ ဆေးရည်ကိုသာ မြန်မြန်ယူစမ်းပါကွာ ။ ပြီးရင် ငါတို့အတူတူ အထဲဝင်ကြည့်ရအောင် "
ဟူဒဟူမှာ လောထျန်း၏ အားတက်သရောပြောနေသော မျက်လုံးများကို ကြည့်ရင်း ရင်ထဲ ခံစားသွားရတော့သည်။
သူ အံကြိတ်ပြီး လောထျန်း၏ မူလနတ်ဆိုးဆေးရည်ကို ယူကာ တီးတိုးပြောလိုက်သည်။
" အကိုလောထျန်း ၊ ခုချိိန်ကစပြီးတော့ အကိုက ကျုပ်ရဲ့ ထာဝရအကို ဖြစ်သွားပြီဗျာ ။ ကျုပ် အကို့အတွက်ဆို မီးတောင်ကိုရော ပင်လယ်ကိုရော ဖြတ်မယ်.. အသက်စွန့်ရမယ် ဆိုရင်တောင် စွန့်မယ်ဗျာ "
လောထျန်း သူ့ကိုကြည့်ရင်း နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။
" ကောင်းပါပြီ ၊ အခု ဆေးရည်ကို မြန်မြန်သန့်စင်လိုက်ဦး "
ဟူဒဟူက ခေါင်းညိတ်ကာ မူလနတ်ဆိုးဆေးရည်ကို ချက်ချင်း သောက်လိုက်၏။
ဤသို့ဖြင့် တခဏအတွင်းမှာပင် သူ မူလနတ်ဆိုးဆေးရည် ၇စက် သောက်လိုက်သဖြင့် သူ့ နတ်ဆိုး
ခန္ဓာကိုယ်မှာလည်း အဆင့်ကိုးထိ ရောက်သွားသည်။
ကံကောင်းစွာပင် ထိုအချိန်၌ သူနှင့်လောထျန်း နှစ်ယောက်တည်းသာ နတ်ဆိုးဂူ၏ အစွန်ပိုင်းနားလေးတွင် ရှိနေကြ၏။
သို့မဟုတ်ပါက ဆူညံပွက်လောရိုက်မည်မှာ အသေချာပင်...
ရှေးဟောင်းနတ်ဆိုးကမ္ဘာတွင် အဆင့်ကိုး နတ်ဆိုးခန္ဓာကိုယ်မှာ အလွန်ရှားလှပြီး ... သခင်ကြီးမို၏ အဆင့်ကိုး နတ်ဆိုးခန္ဓာကိုယ်ကပင် အားလုံးကို တုန်လှုပ်သွားအောင် လုပ်နိုင်ခဲ့သည် မဟုတ်ပါလား..
" ဟေ့.. ဘာလို့ ကျန်တဲ့ဆေးရည်တွေကို မသန့်စင်သေးတာလဲ "
ထိုစဥ် လောထျန်းက ဟူဒဟူကိုကြည့်၍ မေးလာသည်။
ဟူဒဟူက ရှက်သွားဟန်ဖြင့် ပြန်ပြော၏။
" မူလနတ်ဆိုးဆေးရည်က တကယ်လဲ အဖိုးတန်တဲ့ ရတနာတစ်ခု ဖြစ်ပေမယ့် လူတစ်ယောက်ရဲ့ ကံ
တရားကိုတော့ မပြောင်းလဲပစ်နိုင်ဘူးဗျ ။ သီအိုရီအရ ပြောရရင် ကျုပ်ရဲ့ ခန္ဓာကိုယ်က အလွန်ဆုံးမှ အဆင့်ကိုး နတ်ဆိုးခန္ဓာကိုယ်ပဲ ရနိုင်မှာ ။ ကျုပ် စောနက နောက်ဆုံးဆေးရည်စက်ကို သန့်စင်တဲ့အချိန်မှာ အဲ့ဒါကို သေချာခံစားမိလိုက်တယ်။ ဒီတော့ ကျန်တဲ့ဆေးရည်စက်တွေကို သန့်စင်လိုက်ရင်တောင် အလဟသ ဖြစ်သွားလိမ့်မယ်ဗျ "
လောထျန်း အံ့အားသင့်သွားရသည်။
" အဲ့လိုလား... "
ဟူဒဟူက ခေါင်းညိတ်၍ စကားဆက်၏။
" ဟုတ်တယ်ဗျ ၊ ပါရမီမှာလဲ အကန့်အသတ် ရှိတယ်လေ။ လောလောဆယ် အဲ့ဒါကို ခဏထားလိုက်ပါဗျာ ။ အကိုလောထျန်း ၊ အခု နတ်ဆိုးဂူအတွင်းပိုင်းထဲကို မြန်မြန်သွားရအောင် ။ ကျုပ်ရဲ့ အဆင့်ကိုး နတ်ဆိုးခန္ဓာကိုယ်နဲ့ဆို နံပါတ်နှစ်နေရာထိ အေးဆေးသွားလို့ရနေပြီဗျ ။ နံပါတ်တစ်နေရာမှာတောင် ခဏလောက် နေနိုင်တယ် "
" တကယ်လို့သာ ကျုပ် နတ်ဆိုးလမ်းစဥ်အစစ်ကို နားလည်ပြီး ကျုပ်ခန္ဓာကိုယ်ကလဲ မြေကမ္ဘာနတ်ဆိုး
အဆင့်ကို ရောက်သွားလို့ကတော့ တကယ်ကို ထောပြီဗျာ ။ ကျုပ်က အခု ထုံရွှယ်အဆင့်ကျင့်ကြံခြင်းပဲ ရှိသေးပေမယ့်.. မြေကမ္ဘာနတ်ဆိုး ခန္ဓာကိုယ်နဲ့ဆို ကျုပ်ကို ဘယ်ကောင်မှ နှောင့်ယှက်ရဲမှာ မဟုတ်တော့ဘူး "
သူ့စကားကို နားထောင်ရင်း လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီလေ ၊ ဒါဆို သွားကြတာပေါ့ "
ဝီ...
လောထျန်း စကားဆုံးသည့် အချိန်မှာပင် သူ့အနောက်ဘက်၌ နတ်ဆိုးအရိပ်တစ်ခု ထပ်ပေါ်လာပြီး သူ အဆင့်လေး နတ်ဆိုးခန္ဓာကိုယ်သို့ ရောက်သွားပြန်တော့၏။
အစောက မိမိကိုယ်ကို အလွန်ဂုဏ်ယူနေခဲ့သည့် ဟူဒဟူမှာလည်း ၎င်းကိုကြည့်ပြီး အံ့အားသင့်သွားရတော့သည်။
လောထျန်းက သူနှင့် စကားပြောနေစဥ်မှာပင် အဆင့်
တက်သွားခဲ့သည် မဟုတ်ပါလား...
ထို့ထက်ပို အရေးကြီးသည်မှာ ထိုလူက ယခုချိန်ထိ မူလနတ်ဆိုးဆေးရည် တစ်စက်ကိုမှ မသန့်စင်ရသေးခြင်းပင်..
သူတို့ကြားမှ ကွာဟချက်က ကြီးလှပါတကား..
သို့သော် လက်ရှိမှာ ထိုကိစ္စကို ပြောနေရန် အချိန်မဟုတ်သဖြင့် သူ လောထျန်းနောက်မှ လိုက်ပြီး နံပါတ်ငါး နေရာသို့သာ ဝင်သွားလိုက်သည်။
" ဒါ... နံပါတ်ငါးနေရာရဲ့ ခံစားချက်လား.. အပြင်မှာနဲ့ လုံးဝ အကွာကြီးပဲ "
ဟူဒဟူက သူ့ဘေးပတ်လည်မှ နတ်ဆိုးလမ်းစဥ်အစစ်ကို ခံစားရင်း ဝမ်းသာစွာ ပြော၏။
" ဒါပေမယ့်.. ဒီနေရာက ငါတို့အတွက် ဘာမှ အသုံးမဝင်ဘူးနဲ့တူတယ် "
လောထျန်း ပြောလိုက်သည်။
ဝီ...
စကားဆုံးသည့် အချိန်မှာပင် သူ့နောက်၌ နတ်ဆိုးအရိပ်တစ်ခု ပေါ်လာပြန်၏။
" အဆင့်ငါး နတ်ဆိုးခန္ဓာကိုယ်တောင် ရောက်သွားပြီလား.. အကိုက ခုနလေးတင် ဒီကိုလျှောက်လာတာလေ.. ဒီကြားထဲမှာ တိတ်တိတ်လေး ကျင့်ကြံနေခဲ့တာလား "
ဟူဒဟူ တအံ့တသြ မေးလိုက်သည်။
လောထျန်းက ရှက်သွားသည့်မျက်နှာကြီးဖြင့် ပြန်ပြော၏။
" မဟုတ်ပါဘူးကွာ ။ ကြည့်ရတာ ငါ လျှောက်လာတဲ့ ခြေလှမ်းတွေက ခန္ဓာကိုယ်အစွမ်းကို ပိုတိုးအောင် လုပ်ပေးလိုက်သလို ဖြစ်သွားတယ်နဲ့ တူတယ် "
" ခြေလှမ်းလေးနည်းနည်းကတောင် ခန္ဓာကိုယ်အစွမ်း တိုးအောင် လုပ်လိုက်နိုင်တယ်.... "
ဟူဒဟူမှာ လဲကျတော့မလိုပင် ဖြစ်သွားရသည်။
ထိုသို့သော ပါရမီမျိုးကို မည်သူက နားလည်နိုင်ပါ
သနည်း...
သို့သော် လောထျန်းမှာ စကားများစွာ ပြောမနေဘဲ နံပါတ်လေးနေရာဆီသို့သာ ဆက်လျှောက်သွား၏။
ဝီ...
မျှော်လင့်ထားသလိုပင် နံပါတ်လေးနေရာသို့ ရောက်သည်နှင့် လောထျန်းက အဆင့်ခြောက် နတ်ဆိုးခန္ဓာကိုယ်သို့ ရောက်သွားပြန်တော့သည်။
" ဒီမအေ ......... "
ဟူဒဟူမှာ ဆဲချင်သွားသော်လည်း ချက်ချင်းပင် ပြန်မြိုသိပ်လိုက်ရသည်။
ထို့နောက်တွင်မူ သူတို့နှစ်ယောက်သား နံပါတ်သုံးနေရာသို့ ဆက်လျှောက်သွားကြ၏။
နံပါတ်သုံးနေရာသို့ ရောက်ချိန်တွင်မူ လောထျန်းတစ်ယောက် အံ့အားသင့်သွားဟန်ပင်..
ထိုနေရာ၌.. နတ်ဆိုးလမ်းစဥ်အစစ်တို့က ထွင်းစာများအဖြစ် စုစည်းနေကာ နတ်ဆိုးအရိပ်များနှင့်
ရောယှက်၍ လေထဲဝဲနေပါ၏။
နတ်ဆိုးကျင့်ကြံသူပေါင်း များစွာမှာလည်း တင်ပျင်ခွေထိုင်၍ အလေးနက် ကျင့်ကြံနေကြသည်။
" ကျုပ်အဖေ ပြောတာတော့ ဒီ နံပါတ်သုံးနေရာကမှ တကယ့် နတ်ဆိုးဂူနယ်မြေအစစ် တဲ့ဗျ ။ ဒီနေရာကိုဝင်လိုက်တာက မြေကမ္ဘာနတ်ဆိုးတစ်ယောက် ဖြစ်လာဖို့အတွက် အခြေခံအုတ်မြစ်လို့လဲ ပြောတယ် "
လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
ထိုအချိန်တွင် သူတို့နှစ်ယောက် ပြောနေသည့် အသံများက လူတစ်ယောက်၏ အာရုံကို ဆွဲဆောင်လိုက်နိုင်ပါ၏။
" ဟင်.. မင်းတို့က တကယ်ကြီး လာရဲတယ်ပေါ့လေ "
ခပ်လှမ်းလှမ်းတွင် ရှိနေသော စုံလင်းမှာ ဘေးလှည့်ကြည့်ရင်း လောထျန်းတို့အား တွေ့သွားကာ တအံ့တသြ ပြောလာသည်။
ဟူဒဟူကလည်း သူ့ကိုတွေ့သည်နှင့် နှုတ်ခမ်းကွေးသွားအောင်ပင် ပြုံးလိုက်သည်။
" မင်းတောင် လာလို့ရသေးတာ ငါတို့က ဘာလို့ မရရမှာလဲ "
စုံလင်းက အံ့အားသင့်နေဟန်ဖြင့် ပြန်မေး၏။
" မင်းလို အရှံးသမားက ဘယ်လိုလုပ်ပြီး ဒီနေရာကို လာလို့ရနေတာလဲ "
သို့သော် ထိုတခဏ၌ သူ တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် လှောင်ပြုံးပြုံးလိုက်သည်။
" ငါ သဘောပေါက်ပြီ ။ မင်းအဖေက မင်းအသက်ကို ကယ်ဖို့အတွက် တားမြစ်မှော်လက်နက် တစ်ခုခု ပေးလိုက်တာမဟုတ်လား "
" ဒါပေမယ့် တားမြစ်မှော်လက်နက်တောင် ဒီ နတ်ဆိုးဂူရဲ့ ဖိအားအောက်မှာ ကြာကြာမခံနိုင်တာတော့ မင်း ကံဆိုးတာပဲကွာ။ မင်းက ဒီတိုင်း မျက်နှာရဖို့ တစ်ခုတည်းအတွက်နဲ့ တားမြစ်မှော်လက်နက်ကိုတောင် အဆုံးရှုံး ခံခဲ့တာဆိုတော့ တော်တော်တော့ ရယ်စရာကောင်းတာပဲ "
သူ ဟူဒဟူအား အမှိုက်အဖြစ်သာ ထင်ထားဆဲ ဖြစ်သည်မှာ အသိသာပင်..
သို့သော် ၎င်းကလည်း သဘာဝကျပါသည်။
လောထျန်းလက်ထဲတွင် မူလနတ်ဆိုးဆေးရည်များ များစွာရှိထားပြီး လောထျန်းက ၎င်းကို ဟူဒဟူအား လိုလိုလားလား ပေးလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း...
မူလနတ်ဆိုးဆေးရည်ကဲ့သို့ သဘာဝ ရတနာမျိုးက ရှေးဟောင်းနတ်ဆိုးကမ္ဘာတွင် ပေါ်မလာသည်မှာလည်း နှစ်ထောင်ပေါင်းများစွာ ကြာသွားခဲ့ပြီ မဟုတ်ပါလား..
ထိုစဥ် စုံလင်းက လောထျန်းအား လှည့်ကြည့်လိုက်၏။
" အဆင့်ခြောက် နတ်ဆိုးခန္ဓာကိုယ်ပါလား.. ၊ ဒါ မင်းဖုံးကွယ်ထားတဲ့ အစွမ်းပေါ့လေ ။ မင်းအသက်လောက်နဲ့ အဆင့်ခြောက် နတ်ဆိုးခန္ဓာကိုယ်က
တော်တော်လေးကောင်းတာတော့ ငါ ဝန်ခံပါတယ်။ ဒါပေမယ့် ငါ့လို အဆင့်၇ နတ်ဆိုးခန္ဓာကိုယ်ရှေ့မှာတော့ မင်းက ဘာမှအသုံးမဝင်ဘူး "
စုံရှောက်က လောထျန်းကိုကြည့်ကာ လှောင်ပြုံးဖြင့် ပြောလိုက်သည်။
သို့သော်.. သူ့စကား ဆုံးသည့် အချိန်မှာပင်..
ဝီ... လောထျန်းနောက်၌ ၇ခုမြောက် နတ်ဆိုးအရိပ် ပေါ်လာပြန်၏။