နံပါတ်တစ် နေရာ
Vol. 42 Ch. 586
ဟူဒဟူ၏ နှုတ်ခမ်းထောင့် လှုပ်သွားပြီး ကြောင်အအပြောလိုက်သည်။
" နောက်... နောက်အဆင့် တက်သွားပြန်ပြီလား "
လောထျန်း ခေါင်းညိတ်လိုက်၏။
" အင်း.. ရည်တော့ မရည်ရွယ်ပါဘူး "
ဟူဒဟူ : " .......... "
တဖက်မှ စုံလင်းမှာလည်း လောထျန်းကိုကြည့်ကာ အလွန်အရှက်ရသွားတော့သည်။
လွန်ခဲ့သော စက္ကန့်ပိုင်းလေးကပင် လောထျန်းလို အဆင့်ခြောက် နတ်ဆိုးခန္ဓာကိုယ်က သူ့လို အဆင့်ခွန် နတ်ဆိုးခန္ဓာကိုယ်ရှေ့တွင် အသုံးမဝင်ဟု ပြောခဲ့သေးသည် မဟုတ်ပါလား...
ထိုလူက ယခုလို အဆင့်ခွန် နတ်ဆိုးခန္ဓာကိုယ်သို့ အဆင့်တက်သွားလိမ့်မည်ဟု မည်သူ ထင်မိပါမည်
နည်း။
" မင်း... မင်း ကံကောင်းသွားတာ "
သူ အံကြိတ်၍ ရန်လိုစွာ ပြောလိုက်သည်။
လောထျန်းက နတ်ဆိုးဂူကြောင့်သာ အဆင့်တက်သွားခြင်း ဖြစ်သည်ဟု သူ ထင်နေဆဲပါပင်.. ။
" မင်း စောက်ပါးစပ် ပိတ်ထားစမ်း ။ မင်းကများ ငါ့အကိုလောထျန်းကို ရန်စရဲနေတယ်ပေါ့... ။ အခုချက်ချင်း ဒူးထောက်ပြီး တောင်းပန်စမ်းကွာ.. မဟုတ်လို့ကတော့ နတ်ဆိုးဂူက ထွက်တာနဲ့ မင်းကိုငါ အသေသတ်ပစ်မှာ "
ဟူဒဟူက စုံလင်းကိုကြည့်ကာ ဒေါသတကြီး အော်လိုက်၏။
စုံလင်းမှာလည်း ထိုစကားကို ကြားသည်နှင့် မျက်လုံးထဲ လူသတ်အရိပ်အငွေ့များ ပြည့်သွားတော့သည်။
" အမှိုက်ကောင်... မင်း ဘာစကားပြောလိုက်တယ် "
ဟူဒဟူက လှောင်ပြုံးဖြင့် ပြန်ပြော၏။
" အမှိုက်ကောင်.. ဟုတ်လား ။ အခု ငါက မင်းထက် အများကြီး ပိုအစွမ်းထက်နေပြီနော်။ မင်း ယုံလားတော့ မသိပေမယ့် ငါ အခုမင်းကို လက်ချောင်းလေးတစ်ချောင်းနဲ့တောင် ဖိခြေပစ်လိုက်လို့ရတယ် "
" မင်း... "
စုံလင်းတစ်ယောက် ဒေါသူပုန်ထသွားတော့သည်။
သို့သော် တခဏအကြာတွင်မူ သူ ပြန်တည်ငြိမ်သွားကာ အေးဆေးပြောလိုက်၏။
" ဟူဒဟူ ၊ မင်းရဲ့ လှည့်ကွက်တွေကို ငါ သိနေတယ်နော် "
" ဘယ်လို "
ဟူဒဟူ အံ့အားသင့်သွားရသည်။
စုံလင်းက လှောင်ပြုံးဖြင့် ဆက်ပြော၏။
" မင်းက ငါ့ကို တမင်ရန်စပြီးတော့ မင်းကို တိုက်ခိုက်အောင် လုပ်နေတာမလား ။ အဲ့လိုတိုက်ခိုက်လိုက်ရင် နတ်ဆိုးဂူက တုန့်ပြန်လာပြီး နတ်ဆိုးလမ်းစဥ်အစစ်က ငါ့ကို သတ်လာမှာလေ ။ မင်းရဲ့ လှည့်ကွက်က ငါ့အပေါ် အလုပ်မဖြစ်တာ မင်းကံဆိုးတာပဲ "
ဟူဒဟူ နှုတ်ခမ်းကွေးသွားအောင်ပင် ပြုံးလိုက်သည်။
" မင်းက ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးတဲ့ တစ်ကိုယ်ကောင်းသမားပဲကွာ "
စုံလင်းက မည်သို့မှမပြောဘဲ လှောင်ပြုံးသာ ပြုံးပြီး မတော်တဆ ပုံစံဖြင့် လောထျန်းဘေးတွင် သွားရပ်လိုက်၏။
ထို့နောက်တွင်မူ သူ့မျက်လုံးထဲ၌ ကောက်ကျစ်ယုတ်မာသော အရိပ်အယောင်များ အထင်းသား ပေါ်လာသည်။
" နတ်ဆိုးအစွမ်းတွေ တစ်ကိုယ်လုံးပြည့်ပြီး အဆင့်တက်စေ "
သူ ကျယ်လောင်စွာအော်ကာ နတ်ဆိုးအစွမ်းများအား ကိုယ်ထဲသို့ စုပ်ယူလိုက်၏။
ဝုန်း..
တစ်ချိန်တည်းနီးပါးမှာပင် သူ့ကိုယ်မှ အစွမ်းထက်
သော အရောင်အဝါတစ်ခု ပေါက်ထွက်လာကာ လောထျန်းဆီသို့ တိုးဝင်သွားသည်။
သူက ထိုသို့ဖြစ်အောင် တမင်လုပ်လိုက်မှန်း အသိသာပါပင်...
သူသည် အဆင့်တက်ချင်ယောင်ဆောင်ပြီး နတ်ဆိုးအစွမ်းကို ထုတ်လွှတ်ကာ လောထျန်းအား နံပါတ်နှစ်နေရာသို့ တွန်းပို့လိုက်ခြင်းသာ ဖြစ်၏။
သူ့စိတ်ထဲတွင်လည်း လောထျန်းက ယခုမှ အဆင့်ခွန် နတ်ဆိုးခန္ဓာကိုယ်သို့ ရောက်စဖြစ်သဖြင့် သူ၏ အကွက်ကျလှသည့် အစီစဥ်အား လုံးဝ ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ဟုသာ တွေးထားပါသည်။
ထို့အပြင်... အဆင့်ခွန်သာ ရှိသေးသည့် နတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်တစ်ယောက်သာ နံပါတ်နှစ်နေရာသို့ ဝင်သွားပါက အသက်မသေဘူး ဆိုလျှင်ပင် အရှင်လတ်လတ် အရေခွံ ဆုတ်ခံရမည်မှာ သေချာပါ၏။
ထို့ကြောင့်လည်း သူ လောထျန်းအား ထောင့်ကျကျ
အကွက်ချခဲ့ခြင်း ဖြစ်ကာ သူ့အစီစဥ်က လုံးဝ ပြီးပြည့်စုံသည်ဟု မှတ်ယူထားခြင်းပင် ။
သို့သော်... မျှော်လင့်မထားစွာပင် သူလှုပ်ရှားလိုက်ချိန်၌..
ဝီ...
လောထျန်းနောက်တွင် ရှစ်ခုမြောက် နတ်ဆိုးအရိပ် ပေါိလာတော့သည်။
ဝုန်း..
လောထျန်းအား တိုက်ခိုက်လိုက်သည့် နတ်ဆိုးစွမ်းအင်မှာလည်း နောက်သို့ ပြန်ကန်ထွက်သွားသည်။
ထိုမျှနှင့် မပြီးသေးဘဲ ပြန်ကန်ထွက်လာသော အားနှင့် အစွမ်းက ယခင်ထက် အဆများစွာ တိုးသွားပါသေး၏။
ဝုန်း..
ချက်ချင်းမှာပင် ထိုနတ်ဆိုးစွမ်းအင်က စုံလင်းအား ထိသွားကာ သူ လွင့်ထွက်ပြီး နံပါတ်နှစ် နေရာထဲသို့ တိုက်ရိုက် ရောက်သွားတော့သည်။
အား.....
နံပါတ်နှစ် နေရာဘက်မှ စူးစူးဝါးဝါးအော်သံ ထွက်လာ၏။
" ဟင်.. ဘာတွေ ဖြစ်သွားတာလဲ "
လောထျန်းမှာ ၎င်းကိုကြည့်ရင်း အံ့အားသင့်သွားရှာသည်။
သူ့ဘေးမှ ဟူဒဟူမှာ ပို၍ပင် ဆွံ့အသွားရတော့၏။
" နောက်တစ်ဆင့်... တက်သွားတာလား "
သူ တီးတိုးရေရွတ်လိုက်သည်။
လောထျန်းမှာ ဘာမှမလုပ်ပါဘဲ ယခုအဆင့်သို့ အဆင့်တက်သွားခဲ့ခြင်းပင်...
သူ့အတွက် အဆင့်တက်ရန် မူလနတ်ဆိုးဆေးရည်
များ သန့်စင်ခဲ့ရချိန်၌ တဖက်လူက ဒီတိုင်း လမ်းလျှောက်နေရုံဖြင့်ပင် သူ့ကို သာသွားခဲ့သတဲ့လား..
" နံပါတ်နှစ်နေရာကို သွားကြစို့ "
လောထျန်း ပြောလာသည်။
ဟူဒဟူကလည်း ခေါင်းညိတ်ပြီး လောထျန်းနောက်မှ လိုက်သွားလိုက်၏။
ထိုအချိန်တွင် စုံလင်းတစ်ယောက်မှာကား နံပါတ်နှစ်နယ်မြေထဲရှိ မြေပြင်ပေါ်၌ လူးလိမ့်လျက် အော်ဟစ်နေရရှာသည်။
အစောက နတ်ဆိုးစွမ်းအင်များဖြင့် တိုက်ခိုက်ခံရသည်ကပင် သူ့အား ဒဏ်ရာဆိုးဆိုးရွားရွား ရသွားအောင် လုပ်နိုင်ခဲ့ပါသည်။
ယခု နံပါတ်နှစ် နယ်မြေထဲမှ နတ်ဆိုးစွမ်းအင်များနှင့် နတ်ဆိုးလမ်းစဥ်အစစ်တို့ ပေါင်းစပ်လိုက်ချိန်တွင်မူ ဖိအားများက နှစ်ဆဖြစ်သွားပြီး သူ့ဒဏ်ရာများ ပိုဆိုးသွားတော့၏။ သူ့ကိုယ်မှ မရီဒြာန်များစွာလည်း
ဖျက်ဆီးခံထားရပြီဖြစ်ကာ သူ သေလုမျောပါး ဖြစ်နေလေပြီ ။
စုံလင်းဘေးတွင်ကား ကျို့နန်က လက်ဖြင့် နတ်ဆိုးအစွမ်းကို ထုတ်လွှတ်ပြီး သူ့အား ယာယီကာကွယ်ပေးနေသည်။
ထို့နောက်တွင်မူ သူ လောထျန်းတို့နှစ်ယောက်ကို မော့ကြည့်ကာ ဒေါသတကြီး ပြောလိုက်၏။
" ဒါ မင်းတို့နှစ်ယောက်ရဲ့ လက်ချက်လား "
ဟူဒဟူက ကျို့နန်အား ပြန်ကြည့်ကာ ပြောသည်။
" ဒီတစ်ခေါက်က တကယ်ကို ငါတို့အမှား မဟုတ်ဘူးနော် ။ အဲ့လိုဖြစ်အောင် သူကိုယ်တိုင် လုပ်လိုက်တာ "
ဟူဒဟူက အမှန်ပြောနေခြင်းဖြစ်ပြီး.. စုံလင်းကိုယ်တိုင် လုပ်လိုက်သော အမှားကြောင့်လည်း ယခုလိုအခြေအနေ ဖြစ်နေခြင်းပင် ။
တဖက်မှ ကျို့နန်ကမူ ထိုစကားကို ယုံဟန်မတူပါ ။
သူ လောထျန်းအား မျက်မှောင်ကြုံ့ကြည့်လိုက်၏။
" အဆင့်ရှစ် နတ်ဆိုးခန္ဓာကိုယ်ပါလား.. ။ ကြည့်ရတာ ငါ မင်းကို လျှော့တွက်မိသွားတယ်နဲ့တူတယ် ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပါ.. မင်းက ငါ့ညီကို နာကျင်အောင် လုပ်ခဲ့တဲ့အတွက် အခုကိစ္စကို ဒီတိုင်းထားလိုက်လို့တော့ မရဘူး "
ဟူဒဟူက အံ့အားသင့်နေဟန်ဖြင့် ပြန်ပြောသည်။
" ကျို့နန် ၊ မင်း ရူးနေပြီလား ။ ဒါ နတ်ဆိုးဂူကွ.. မင်း သိုင်းကွက်တစ်ကွက်လောက် ထုတ်သုံးလိုက်တာနဲ့ကို သေချာပေါက် သေရမှာနော် "
ကျို့နန်က အေးစက်စက် နှာခေါင်းရှုံ့သည်။
" ငါ သိတာပေါ့ကွ... ငါ့ကို သတိပေးစရာ လိုတယ်လို့ ထင်နေတာလား ။ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့တောင် တားမြစ်မှော်လက်နက် သုံးနေရတဲ့ မင်းလိုအမှိုက်ကောင်က ပါးစပ်ပိတ်ထားစမ်းပါ ။ ဒါ နံပါတ်နှစ်နေရာကွ ။ မင်းရဲ့ တားမြစ်မှော်လက်နက်က အချိန်မရွေး ပြိုကွဲသွားနိုင်တယ် "
သူ ဆွဲလိုက်သည့် ကောက်ချက်မှာလည်း စုံလင်းနှင့် တစ်ပုံစံတည်း ဖြစ်နေသဖြင့် ဟူဒဟူ ဆွံ့အသွားရ
တော့သည်။
ကျို့နန်က လောထျန်းကို ကြည့်ကာ ထပ်ပြောလာ၏။
" ကောင်လေး... မင်း ငါနဲ့ လောင်းကြေးတစ်ခု လုပ်ရဲလား "
လောထျန်းက စိတ်ပျက်လက်ပျက် ဟန်ဖြင့်သာ ပြန်ပြောလိုက်သည်။
" လောင်းကြေးလား... မင်းက ဘာကိုလောင်းချင်တာလဲ "
ကျို့နန်က အံကြိတ်ကာ နံပါတ်တစ်နေရာသို့ လက်ညိုးထိုးပြရင်း ပြော၏။
" ဘာ တားမြစ်မှော်လက်နက်တွေမှ မပါဘဲနဲ့ ငါနဲ့အတူ နံပါတ်တစ်နေရာကို လိုက်ပြီး ဘယ်သူပိုကြာကြာ နေနိုင်လဲ ကြည့်မယ်လေ "
ထိုစကားကို ကြားသောအခါ ဟူဒဟူ အနည်းငယ်လန့်သွားသည်။
" ကျို့နန် .. မင်း ရူးနေပြီလား ။ မင်းရဲ့ အစွမ်းနဲ့ နံပါတ်နှစ်နေရာထဲ ရောက်နေတာတောင် တော်တော်လေး လွန်ရာကျနေပြီနော် ။ အခု နံပါတ်တစ်နေရာကို
တောင် သွားဖို့စဥ်းစားနေတာဆိုတော့ မင်းကိုယ်မင်း အသက်ရှည်လှပြီ ထင်နေတာလား "
ကျို့နန်က ရက်စက်မှုတို့ ပြည့်နေသည့် မျက်လုံးအစုံဖြင့် ပြန်ပြော၏။
" မင်း လုပ်ရဲလား ၊ မလုပ်ရဲဘူးဆိုတာပဲ ပြောစမ်းပါ "
လောထျန်း သူ့ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
" မင်းက ကိုယ့်ကိုကိုယ် သေကြောင်းကြံချင်နေမှတော့လဲ ငါ မင်းကို မတားတော့ပါဘူး "
သူ ထိုသို့ပြောကာ ရှေ့ဆက်လျှောက်သွားလိုက်သည်။
အမှန်တွင်မူ ကျို့နန်က မည်သို့မှ မပြောလာလျှင်ပင် လောထျန်းမှာ နံပါတ်တစ်နေရာထဲသို့ သွားရန် စဥ်းစားထားပြီး ဖြစ်ပါ၏။
သို့သော် ကျို့နန်ကမူ လောထျန်း သွားသည်ကို မြင်သည်နှင့် လောထျန်းက သူနှင့် အသက်ကို
လောင်းကြေးထပ်ရန် သဘောတူပြီး သွားခြင်းဟုသာ ထင်လိုက်ပါသည်။
" စုံလင်း ၊ ခဏပဲ စောင့်ကွာ.. ငါ မင်းအတွက် လက်တုန့်ပြန်ပေးမယ်။ ဒီကောင်လေးက.. ငါ နံပါတ်တစ်နယ်မြေထဲကို ဝင်ဖူးပြီးတော့ အဲ့မှာ ဆယ်စက္ကန့်စာလောက် တောင့်ခံနိုင်တာကို သိမှာမဟုတ်ဘူး ။ ဆယ်စက္ကန့်လောက်က အဲ့ကောင်ကို သတ်ဖို့ လုံလောက်ပါတယ် "
ကျို့နန်က စုံလင်း၏ နားနားလေးကပ်ပြီး ပြောလိုက်သည်။
ထို့နောက်တွင် သူ လောထျန်းနောက်မှနေ၍ နံပါတ်တစ် နယ်မြေထဲသို့ ဝင်သွားလိုက်၏။
" ကောင်လေး... မင်းက ငါ့ရဲ့ ဟိုးနောက်မှာကွ "
ကျို့နန်က နံပါတ်တစ်နယ်မြေ ဝင်ပေါက်ရှေ့တွင်ရပ်ရင်း လှောင်ပြုံးဖြင့် ပြောလိုက်သည်။
ဝုန်း...
သူ့အနောက်ဘက်တွင် နတ်ဆိုးအရိပ် ရှစ်ခု စုစည်း
လာ၏။
သူ အဆင့်ရှစ် နတ်ဆိုးခန္ဓာကိုယ်သို့ ရောက်ထားသည်မှာ အသိသာပင်...
သို့သော် လောထျန်းက ၎င်းကို ဂရုမစိုက်ပါချေ။
သူ ဝင်ပေါက်ကို ဖြတ်ပြီး နံပါတ်တစ် နယ်မြေထဲသို့ ခြေလှမ်းလိုက်သည်။
" အင်း... ဒီနံပါတ်တစ်နယ်မြေက ဖိအားက အရင်ဟာတွေထက် နည်းနည်းပိုကောင်းတာပဲ.. "
လောထျန်း နံပါတ်တစ်နယ်မြေအား လက်နောက်ပစ်ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။
သူ့နောက်တွင်ကား..
ဘုတ်..
ကျို့နန် လမ်းလျှောက်ဝင်လာ၏။ သို့သော် သူ ဝင်ဝင်ချင်းမှာပင် မြေပြင်သို့ ဒူးတစ်ဖက်ထောက်ကျသွားကာ သူ့ကိုယ်ပေါ်မှ အကြောများလည်း ထောင်
သွားသည်။
၎င်းကို မြင်သောအခါ လောထျန်း လန့်သွားပြီး ပြောလိုက်၏။
" ဟေ့.. မင်း အဆင်ပြေရဲ့လား ၊ အဲ့လောက် ခေါင်းမမာစမ်းပါနဲ့ကွာ "
ကျို့နန်မှာကား သူ့စကားကြောင့် မျက်လုံးများ နီရဲသွားသည်။
သူ အံကြိတ်၍ လောထျန်းအား မော့ကြည့်လိုက်ပြီး မည်သို့မှ မပြောပါ..
" ဒီကောင်က ဟန်ဆောင်နေတာပဲ ဖြစ်ရမယ်။ သူရောငါရောက အဆင့်ရှစ် နတ်ဆိုးခန္ဓာကိုယ်တွေဆိုတော့ သူ့အစွမ်းက ငါနဲ့ အတူတူပဲ။ ငါ ဒီနေရာမှာ ဆယ်စက္ကန့်လောက် ခံနိုင်ပေမယ့် သူက အဲ့လောက်တောင် ခံနိုင်မယ် မထင်ဘူး ။ ငါ့အသက်ကို စွန့်စားခဲ့ခဲ့ဖူးတာတွေ အများကြီးတောင် ငါ ဘယ်သူ့ကိုမှ မရှုံးခဲ့ဖူးဘူးလေ "
ကျို့နန် စိတ်ထဲမှ တွေးလိုက်သည်။
တဖက်မှ လောထျန်းမှာမူ သူ့ကို ကြည့်ကာ ခေါင်းယမ်းလိုက်ပြီးနောက် အခြားဘက်သို့သာ အာရုံလွှဲလိုက်ပါ၏။
ဝီ...
ထိုစဥ်မှာပင် လောထျန်းနောက်၌ နတ်ဆိုးအရိပ်တစ်ခု ထပ်ပေါ်လာသည်။