← Chapters

အခန်း (၃၂၅)

Vol. 33 Ch. 325

အခန်း (၃၂၅)

Vol. 33 Ch. 325

မူလတွင် ချင်မိသားစု အနည်းငယ်တော့လန့်သွားသည်။ အိမ်ဟောင်းသို့ ရောက်လေလေ ချင်ရှန့် တိတ်ဆိတ်သွားသည့်ပုံမှ ထိုနေရာတွင် နောက်တစ်ဖန်ပိတ်မိနေပုံပင်။ ဤနေရာသို့ ပြန် လာခြင်းသည် သူ့ရင်ထဲတွင် မသက်မသာခံစားရမည်ကို ၎င်းတို့ စိုးရိမ်မိသည်။သို့သော် အပြင်ဘက်ဆုံးတံခါးကိုဖြတ်ကျော် သွားသည်နှင့်တပြိုင်နက် ကျီဖေး၏စိတ်များသည် ထိန်းမနိုင်သိမ်းမရတော့သဖြင့် တင်းမာမှုမှန်သမျှကိုဖြိုခွဲပစ်လိုက်သည်။

[ဝိုး!! ဒါက အိမ်ကြီးလား၊ ပန်းခြံလားဟ! အဆုံးမရှိတဲ့ သစ်ပင်တွေက ဘာတွေတုန်း၊ ဒီမှာတင် လမ်းပျောက်အောင်လုပ်နေတာလား ?]

[ဘုရားရေ တံတားလေးအပြင် ရေစီးနေတဲ့စမ်းချောင်းတောင်အစစ်ရှိနေသေးတယ်၊ အမယ်လေး ရေကူးကန်ရော၊ အမ် မြင်းစီးကွင်းရော၊ ဟယ် ကလေးကစားကွင်းတောင်ရှိတယ်...]

[ငါ နောက်ဆုံးတော့ ပင်မအဆောက်အဦးကိုမြင်ရပြီ၊ ခဏလေး ဒီနေရာက လူနေဖို့ အရမ်းကြီးလွန်းနေတယ်မဟုတ်လား၊ တစ်ရက်တည်းနဲ့ သွားဖို့တောင် ခက်ပါတယ်၊ တရုတ်နဲ့ အနောက်တိုင်း ဗိသုကာတွေရောယှက်ထားတာတွေရော— ဒါ အထင်ကရနေရာမဟုတ်တာ သေချာရဲ့လား။]

[ချင်မိသားစုက ချမ်းသာမှန်းတော့သိပါတယ်၊ ငါ အရင်ကလည်း ဇိမ်ခံအိမ်တွေရောက်ဖူးပါတယ်ဟဲ့၊ ဒါပေမယ့် ဒါကြီးကတော့ အရမ်းအဆင့်မြင့်လွန်းသွားပြီ]

ကျီဖေး အိ‌န္ဒြေမပျက်အောင် ပြတင်းပေါက်ကိုသာစိုက်ကြည့်နေခဲ့သည်။ သူ မသိသည်က သူမ၏အတွေးများအား လူတိုင်းကြားရသည်ဆိုတာကိုပင်။

ထိုနေရာရှိခမ်းနားမှုသည် အလွန်မိုးထိုးနေသဖြင့် ချင်ရှန့်၏ ညီအစ်ကိုများပင် မှင်သက်သွားမည်ဖြစ်သည်။

ကျီဖေးသည် ချင်ရှန့်ကိုကြည့်ဖို့ ခေါင်းကိုစောင်းလိုက်သည်။

[သူက ချင်မိသားစုရဲ့ခေါင်းဆောင်ဆိုတော့ပြောရရင် ဒါက သူ့ ပိုင်ဆိုင်မှုပဲပေါ့၊ အိုး ဘုရားရေ၊ လူတိုင်းက တကယ်နှိမ့်ချနေလွန်းတယ်၊ ငါ ဒီဘ၀မှာ တကယ်ချမ်းသာတဲ့မိသားစုထဲကို လက်ထပ်ပြီး ဘဝရဲ့အောင်မြင်မှုကိုရသွားတာပဲ၊ ရုတ်တရက် ကြီး ဒီနေ့ချင်ရှန့်က အရင်နေ့တွေကထက် ပိုဆွဲဆောင်မှုရှိနေသလိုပဲ]

ချင်မိသားစုဝင်များ- *ကျိတ်ရယ်* မင်း အဲဒါကို အခုမှသဘော ပေါက်တာလား ??

အစောပိုင်း ကားထဲရှိတင်းမာသောလေထုသည် ရယ်မောခြင်းကြောင့်ပျက်စီးသွားသည်။ လူတိုင်းသည် ကျိတ်ရယ်နေရသော ကြောင့် ၎င်းတို့ ပုခုံးများတုန်ရီနေနေကြသည်။

ချင်ရှန့်၏ နှုတ်ခမ်းများသည် မမြင်သော်လည်း တုန်ရီသွားပြီး သူ့စိတ်အတွင်းထဲတွင် သက်ပြင်းချမိသွားသည်။ သူ့မိန်းမ၏ မျက်လုံးထဲတွင် ဆွဲဆောင်မှုရှိနေအောင် ပိုက်ဆံများများရှာဖို့ လိုပုံရသည်။

ကျီဖေးသည် ထိုနေရာကို အမှန်တကယ် သဘောကျနေပုံရသည်ကို မြင်တော့ ချင်ရှန့်လည်း မနေနိုင်တော့ပဲ "မင်း ဒီနေရာကို ဘယ်လိုထင်လဲ"

ကားပေါ်ရှိ ချင်မိသားစုဝင်များအံ့သြသွားကြသည်။ ချင်ရှန့်သည် ဤနေရာနှင့် ပတ်သက်ပြီး စကားပြောချင်နေသေးသည်လား!

ကျီဖေးသည် လက်မထောင်ပြကာ သူမ အမှန်တကယ်သဘော ကျကြောင်းဖော်ပြလိုက်သည်။

ချင်ရှန့် ခဏလောက်စဉ်းစားပြီး "မင်း လိုချင်လား?"

ချင်မိသားစု- !!!!! ရုတ်တရက်တော့ သူတို့ သိပ်သတိမထားမိလိုက်ပေမဲ့၊ ချင်ရှန့်က သူ့ကို နာကျင်စရာအမှတ်တရတွေ သိမ်းထားတဲ့ဒီနေရာကြီးကို ကျီဖေးတောင်လိုချင်တယ်ဆိုရင် သူ ယူပေးမလို့လား?

နေပါဦး၊ မင်းက ချင်မိသားစုရဲ့ခေါင်းဆောင်ဆိုရင်တောင် မိသားစု၀င်တွေအမွေလုတဲ့ပွဲကို ၀င်မပါတက်ဘူးမဟုတ်လား? အခုကျီဖေးသာ လိုချင်တယ်ပြောလိုက်ရင် မင်း အမွေလုပွဲထဲ ၀င်ပါတော့မလို့လား?

ကောင်းပြီ၊ ချင်ရှန့်သာ တစ်ခုခုကိုလိုချင်ရင် သူရမည်ဖြစ် သည်။ အဆုံးတွင် သူသည် ချင်မိသားစု၏အာဏာကို ကိုင်ထားသူဖြစ်သောကြောင့်ပင်။

ဒီလိုဆိုပေမဲ့ အဘိုးချင်ကတော့ အသက်ရှင်နေပါသေးတယ်လေ! ပြီးတော့ သူက ဒီမှာနေနေတာ! အခု ဆွေးနွေးဖို့ နည်းနည်းတော့ မသင့်တော်ဘူးမဟုတ်လား ?

ကျီဖေး ခဏလောက်စဉ်းစားပြီး ခေါင်းယမ်းလိုက်ကာ "ဒါက တကယ့်ကို အံ့ဩဖို့ကောင်းတယ်လို့ထင်ရုံလောက်ပါပဲ"

[ဒါက တကယ်လိုချင်စရာကြီးပေမဲ့ နေရတာတော့ အဆင်ပြေမှာမဟုတ်ဘူး၊ ကားနဲ့ဝင်တာတောင် ငါးမိနစ်တောင်ရှိပြီ အခုထိ အိမ်တံခါးကိုမရောက်သေးဘူး၊ ‌ဒါက လူနေရပ်ကွက်ထပ်တောင်ပိုကျယ်သေးတယ်၊ အိပ်ခန်းကနေ ထမင်းစားခန်းဆီ လမ်းလျှောက်ဖို့ဆိုရင် ဆယ်မိနစ်ကျော်လောက်တောင် အချိန်ယူရလိမ့်မယ်၊ ငါ့လိုပျင်းတဲ့သူတောင် ဒီမှာနေရရင် ဝိတ်ကျသွားမှာကြိမ်းသေတယ်]

ချင်မိသားစု- မင်းအမြင်က တကယ်ထူးခြားတာပဲ၊

[ပြီးတော့ ဒီလောက်တဲ့အိမ်ကြီးက သရဲခြောက်တဲ့ခြံကြီးလိုပဲ]

သရဲတစ္ဆေကြောက်ကြသည့် ချင်မိသားစုထဲရှိ တချို့ဆိုလျှင် ချက်ချင်းဆိုသလိုတုန်တက်သွားသည်။ သူတို့ တစ်ခါမှ မစဉ်း စားဖူးသည့် ပြဿနာတစ်ခုကိုထောက်ပြလိုက်ခြင်းပင်။ အား ဒီညတော့ တစ်ယောက်တည်းမအိပ်ရဲတော့ဘူး။

ချင်ရှန့် : စိတ်ပူစရာမလိုဘူး၊ ငါ့မှာ ဖက်အိပ်ဖို့ ဇနီးလေးရှိတယ်...

၎င်းတို့ ကြောက်လန့်မှုများအောက်တွင် ကားသည်ကြီးမား သောရင်ပြင်တစ်ခုတွင် ရပ်သွားသည်။ ၎င်းတို့ဆင်းလာစဉ် ကြီးမားလှသော ဝင်ပေါက်တံခါးကြီးတစ်ခုကကြိုဆိုနေသည်။

သိပ်မကြာမီ အခြားကားများလည်းရောက်ရှိလာပြီး အားလုံးလည်းစုရုံးလာကာ တံခါးမကြီးကို ဖွင့်ကာဧည့်ခံခန်းမကြီးထဲသို့ဝင်သွားကြသည်။

ကျီဖေးသည် ဆိုဖာ၏ပင်မထိုင်ခုံတွင် ဂုဏ်သရေရှိရှိထိုင်နေသော ဆံပင်ဖြူဖြူနှင့် အမျိုးသားတစ်ဦးကိုအဝေးကနေလှမ်းမြင်လိုက်သည်။ ၎င်းသည် အသက်ကြီးရင့်နေသော်လည်း တက်ကြွမှုအပြည့်ရှိသည်။ အထူးသဖြင့် သူ၏စူးရှသည့်မျက် လုံးများသည် ချင်ရှန့် ပေါ်ရောက်သွားချိန် လင်းလက်သွားသည်။ သူ့မျက်လုံးများပင် မျက်ရည်များအိုင်ကျလာပြီး ခန္ဓာ ကိုယ်သည် အနည်းငယ်လှုပ်ရီသွားသော်လည်း အမူအရာကို ထိန်းလိုက်နိုင်သည်။

ထိုသည်မှာ အဘိုးချင်ဖြစ်သည်။

သူ့ဘေးတွင် ထိုင်နေသော အဖွားလု၏မျက်နှာတွင်တော့ကြင် နာမှုများလျှံတက်နေကာ မျက်လုံးများပင်နီရဲနေသည်။ အဘိုးချင်နှင့်မတူစွာ အဖွားလုသည် ထိုင်ပင်မထိုင်နိုင်ပဲ ၎င်းတို့ရောက်လာသည်နှင့် တပြိုင်နက် သူမလည်း ဆိုဖာပေါ်မှ မတ်တပ်ထရပ်ကာ ချင်ရှန့်ဆီသို့စိတ်အားထက်သန်စွာလျှောက်လာခဲ့သည်။

"အားရှန့် သား နောက်ဆုံးတော့ ဒီကိုလာပြီပေါ့၊ သားရောက် လာတာ ကောင်းတယ်၊ လမ်းခရီးမှာ အဆင်ပြေရဲ့လား ? အိုး၊ ဒါ ဖေးဖေးဖြစ်မယ်၊ သူက TV ထဲကထက်တောင် ပိုလှတာပဲ"

ချင်ရှန့်သည် အဖွားလုကိုတွဲကူပေးလိုက်ပြီး သူ့အမူအရာမှာ တည်ငြိမ်နေသော်လည်း သူ့မျက်လုံးများသည်တော့ နူးညံ့နေ သည်။ အဖွားလုသည် သူ့အမူအရာကို စိတ်မ၀င်စားစွာ သူ့လက်ကိုသာ ထပ်ခါတလဲလဲ ပွတ်သပ်ကာပျော်ရွှင်နေခဲ့သည်။ ထို့နောက် သူမသည် ကျီဖေးဘက်သို့လှည့်ကာ သူမအား နှစ် သက်စွာစစ်ဆေးကြည့်ရာ သိသိသာသာပင်ကျေနပ်သွားပုံရသည်။

ကျီဖေး၏နှလုံးသားသည် အဖွားလု၏နွေးထွေးမှုနှင့် ချစ်ခင်မှုကိုသတိထားမိသဖြင့် ချက်ချင်းပျော့ပျောင်းသွားသည်။ ဤမျှ ကြင်နာပြီး သူမတို့ကိုချစ်သည့် အဖွားဖြစ်သူသည် ချင်ရှန့်အားဆိုးဆိုးရွားရွားမဆက်ဆံနိုင်ဟုတွေးမိကာ သူမ စိတ်သက် သာရသွားသည်။

သို့သော် နောက်တစက္ကန့်တွင် ကျီဖေး သတိချပ်လိုက်သည်။ သူမသည် အဘိုးချင်နှင့် အဖွားလုတို့၏ကြောင်းကို အမြန်စစ်ဆေးလိုက်သည်။

[ဟမ်… အဘိုးချင်နဲ့ အဖွားလု—အင်း... သူတို့အဆင်ပြေတယ်]

ချင်ရှန့်သည် ကျီဖေး ဘာကိုဆိုလိုမှန်းမသိသဖြင့် ခဏတာ စိတ်ရှုပ်ထွေးသွားသော်လည်း ရောက်လာနေသည့် အခြားချင်မိသားစုအဖွဲ့ဝင်များကို အမြန်ကြည့်လိုက်သည်။

ချင်ဒုတိယမိသားစုသည် ကျီဖေးပြောသည့်အရာကိုနားလည်ကြသည်။ သူမ အတွေးကိုကြားသည်နှင့် သက်ပြင်းတစ်ချက်ချမိလိုက်သည်။

အဘိုးချင်သည် မိသားစုအတွက် များစွာ ပံ့ပိသူဖြစ်သဖြင့် သူသည် ယုတ်ညံသော အရာများ လုပ်မည်ကို ၎င်းတို့လက်သင့်မခံနိုင်သလို အဖွားလုသည်လည်း ချင်ရှန့်ကိုအန္တရာယ်ဖြစ်အောင်လုပ်မည့်သူ မဟုတ်ဟုထင်မိသည်။

ကျေဇူးတင်ရမည်မှာ သူမ အမှန်တကယ်မလုပ်ခဲ့ချေ။

ထို့နောက် သူတို့သည် အခန်းတွင်းရှိ အခြားသူများ၏ တုံ့ပြန်မှုကို စစ်ဆေးရန် လျင်မြန်စွာလှည့်ကြည့်လိုက်ကြသည်။

ကြည့်ရသည်မှာ.. တခြားမည်သူမှ ထူးဆန်းစွာ တုံ့ပြန်မှုမရှိကြသဖြင့်သူတို့စိတ်အေးသွားရသည်။ အနည်းဆုံးတော့ ကျီဖေး ၏အတွေးများကို ရုတ်ခြည်းကြားလိုက်ရပါက တုံ့ပြန်မှုတစ် ခုခုတော့ တွေ့ရလိမ့်မည်။

ချင်မိသားစုဝင်အားလုံးသည် ကျီဖေး၏အတွေးများကိုမကြားနိုင်ဟု ၎င်းတို့သံသယရှိခဲ့သည်။ အမှန်တွင် ချင်ရှီအပြင်အစော ပိုင်းတုန်းက လာရောက်လည်ပတ်ခဲ့သည့် ချင်မိသားစု၏ ဆွေ မျိုးအနည်းငယ်သည် သူမ၏စိတ်ထဲမှအသံကို တစ်ယောက်မှ မကြားသည့်ပုံပင်။

ဤသည်မှာ သူတို့၏ထင်မြင်ချက်ကိုအတည်ပြုလိုက်ခြင်းပင်။

ကျီဖေး၏နှလုံးသားထဲတွင် ၎င်းတို့သည်အထူးနေရာတစ်ခုတွင်ရှိသောကြောင့်ဖြစ်နိုင်သည်။

ချင်မိသားစုဝင်များသည် ထိုသို့အသိအမှတ်ပြုခံရသဖြင့် ဂုဏ်ယူမိလိုက်ကြသည်။

အဖွားလုသည် ချင်ရှန့်နှင့် ကျီဖေးတို့ကိုကြည့်ပြီးနောက် ပထမ အကြိမ် လာရောက်လည်ပတ်သည့် ချင်ရှီကိုလည်း မမေ့ချေ။ သူမသာ ကျန်းမာရေးကောင်းပါက ချင်ရှီကို ချီမိလိမ့်မည်။

"အိုး... ရှီအာလေးက ရှန့်အာ ကလေးဘဝတုန်းကနဲ့ အရမ်းတူတာပဲ။ ချစ်စရာကောင်းလိုက်တာ သနားစရာကလေးလေး၊ မင်းအပြင်မှာ တော်တော်ခက်ခဲခဲ့မှာပဲ အခု မင်းပြန်လာပြီဆိုတော့ အရာအားလုံးအဆင်ပြေသွားပြီနော်"

အဘိုးချင်သည် လည်ချောင်းကိုရှင်းကာ အဖွားလုကို စကားစဖြတ်ရန်အချက်ပြလိုက်သည်။

“အန်တီလုက လူငယ်တွေကိုပဲ အာရုံစိုက်နေတော့ ကျွန်တော်တို့ကို မေ့သွားပြီနဲ့တူတယ်” ဆိုဖာပေါ်ထိုင်နေသော သက်လတ်ပိုင်းစုံတွဲတစ်တွဲသည်ပြောလာသည်။ ၎င်းတို့သည် စောစောက လာရောက် နှုတ်ဆက်ခြင်းမပြုခဲ့သော အကြီးဆုံးအဒေါ်နှင့် အကြီးဆုံးဦးလေးဖြစ်သည်။ သူတို့သည် မတ်တပ်ထရပ်ပြီး အားလုံးကို နွေးထွေးစွာထိုင်ခိုင်းလိုက်သည်။

သို့သော်လည်း ချင်မိသားစု၏ဒုတိယအခွဲသည် တစ်နှစ်လျှင် တစ်ကြိမ်သာလာရောက်လည်ပတ်သောကြောင့် အဘိုးချင်အားကောင်းစွာဂါရဝပြုရမည်ဖြစ်ပြီး အထူးသဖြင့် ချင်ရှန့်၊ ကျီဖေးနှင့် ချင်ရှီတို့ဖြစ်သည်။

အဘိုးချင်သည် တင်းမာသော အမူအရာကိုတက်ဆင်ထားကာ သူ့ကိုယ်သူ ထိန်းသိမ်းထားခဲ့သည်။ သူသည် လေးနက်စွာ ခေါင်းညိတ်ပြပြီးနောက် အနီရောင်စာအိတ်ထူထူကြီးကိုထုတ် ပေးလိုက်သည်။

ချင်ရှန့်သည် စစ်မှန်သောအပြုံးဖြင့် အုတ်ခဲအထူလောက်ရှိသည့် စာအိတ်အားကျီဖေးထံသို့ ချက်ချင်းလွှဲပေးလိုက်သည်။ သူ့မျက်နှာပေါ်ရှိလှုပ်ရှားမှုသည် သက်ကြီးရွယ်အိုများမြင်လိုသည့် တုံ့ပြန်မှုမျိုးဖြစ်သည်။

All Chapters