အခန်း (၃၂၈)
Vol. 33 Ch. 328
အသက်ကယ်တင်မှု ကျေးဇူးကြောင့် မိန်းကလေးတစ်ယောက် မွေးစားခြင်းသည် ပြဿနာ မဟုတ်ချေ။ တတိယဦးလေး၏ လက်ရှိပိုင်ဆိုင်မှုအရ ထိုအရာသည် တတ်နိုင်သော ပမာဏထဲတွင် ရှိသဖြင့် အခြားဆွေမျိုးများလည်း ကန့်ကွက်မှာ မဟုတ်ချေ။ မိန်းကလေးသာ အလုပ်လုပ်နိုင်စွမ်းရှိလျှင် သူမအား ပိုအားစိုက်ထုတ်ကာ ကောင်းကောင်း ပျိုးထောင်ပေးရမည်ဖြစ်သည်။ သို့သော် အဓိကပြဿနာမှာ ထိုမိန်းကလေး ရောက်လာခြင်းကို မိသားစုတစ်ခုလုံးမှ ကြိုဆိုခြင်းလားဆိုသည်ပင်။
ချင်ရှန့်သည် မိသားစုအား ကာကွယ်ပေးတတ်သူဖြစ်သည်။ သူ၏ ပထမဦးစားပေးသည် ချင်မိသားစုဖြစ်သည်။
ထိုအရာကိုကြားချိန် ချန်ဟန်သည် စိတ်အားထက်သန်စွာ “မားနဲ့ငါတို့နှစ်ယောက်လုံးသဘောတူတယ်၊ ပါးလည်း မကန့် ကွက်ဘူးမလား”
သူ ပါးပါးအား မျက်လုံးဖြင့် အချက်ပြလိုက်သည်။
တတိယဦးလေးချင်သည် လှုပ်ရှားမှုများ ရပ်တန့်သွားကာ မရေမရာသာ တုံ့ပြန်လိုက်သည်။ သူထိုအရာကို မကန့်ကွက်သော်လည်း တစ်ခုခုမှားနေသည်ကို ခံစားမိသည်။ သို့သော် မည်သည်နေရာ မှားနေသည်ကိုတော့ မသိချေ။
ချင်ဟန်သည် ပါးပါးမှ ထွေထွေထူးထူး မတုန့်ပြန်သဖြင့် ချင်ရှန့်ဘက်သို့ ယုံကြည်ချက်ရှိရှိလှည့်ကာ “တွေ့လား ?”
ချင်ရှန့်၏အမူအရာသည် မပြောင်းလဲဘဲ တိတ်ဆိတ်နေဆဲပင်။
သို့သော် ချင်ဟန်သည် စက္ကန့်အနည်းငယ်စောင့်ပြီးနောက် သည်းမခံနိုင်တော့ပဲ "ပြဿနာရှိသေးလို့လား?"
ချင်ကျောက်သည် ဘေးမှကြည့်နေရာမှ သည်းမခံနိုင်တော့ပေ။ ၎င်း သည်းမခံနိုင်တာတွေဘာတွေ ချင်ကျောက်ဂရုမစိုက်သော်လည်း ချင်ရှန့်အပေါ် ၎င်း၏သဘောထားသည် သူအား မကျေနပ်ဖြစ်စေသည်။ ချင်ကျောက်သည် မျက်လုံးများကိုလှိမ့်လိုက်ကာ
“ ဟမ်? ဒါဆိုမင်းမိသားစုမှာ လူသုံးလောက်ပဲရှိတာပေါ့”
ချင်ဟန်လည်း တခဏထိတ်လန့်သွားပြီး ချင်ကျောက်စကားထဲမှ လှောင်ပြောင်မှုကို ချက်ချင်း သတိမပြုမိလိုက်ချေ။
ထိုအချိန်တွင် ချင်ကျားရှီနှင့် အသက်ရွယ်တူသော ချင်ရုန်သည် “ဟန်ကော ဘာလို့ ကျားရှီရဲ့အမြင်ကိုရော မမေးတာလဲ? အာ့ကောက တစ်မိသားစုလုံးလို့ ရှင်းရှင်းလင်းလင်းပြောလိုက်တာလေ”
ချင်ကျားရှီ၏ တည်ရှိနေမှုသည် အာရုံစိုက်ခံရလေ့မရှိသော ကြောင့် လူတိုင်းသည် သူမ အမြင်ကိုမေးရန်မေ့သွားကြသည်။
ယခုအခါမှ လူတိုင်း၏ အကြည့်သည် သူမဆီသို့စိုက်ရောက် လာသည်။
ချင်ကျားရှီသည် ဤကဲ့သို့ အာရုံစိုက်ခံရလေ့မရှိသောကြောင့် ကသိကအောက်ဖြစ်သွားသည်။ သူမသည် ဒုတိယချင်မိသားစုမှ မေးလာသော မေးခွန်းအားမည်သို့ပြန်ဖြေရမည်ကိုမသိချေ။
ချင်ဟန်သည် လျင်မြန်စွာ တုံ့ပြန်မှုများ ပြန်ရပြီး သူ့မျက်နှာပေါ်ရှိ အထင်သေးမှုသည် သိသာလှသည်။ သူသည် ချင်ကျားရှီဘေးတွင် ထိုင်နေသော်လည်း သူမအား မေးရန် စိတ်မ၀င်စားပဲ ပြတ်ပြတ်သားသားပင် “သူက ဘာသိလို့လဲ? သူ့အမြင်က အရေးမပါပါဘူး”
ချင်ဘိုးဘိုး အမူအရာသည် သူ့စကားဆုံးသည်နှင့် တပြိုင်နက် မည်းမှောင်သွားသည်။
"ဒါ ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ စကားလဲ! ချင်မိသားစုဝင်မှာ ကလေးတိုင်းရဲ့အမြင်က အရေးကြီးတယ်"
ချင်ဟန်၏မျက်နှာ နီမြန်းသွားသည်။ သူသည် ပြစ်တင်ရှုတ်ချခံမည်ဟု မထင်သောကြောင့် ရှက်ရွံ့စွာ သူမလက်မောင်းအား ဆတ်ခနဲ ဆွဲကိုင်ပြီး သူ့ဒေါသကို ချင်ကျားရှီထံ လွှဲချလိုက်သည်။ "ကောင်းပြီ ? မင်းဘယ်လိုထင်လဲ"
ချင်ဟန်၏ ချင်ကျားရှီအပေါ် သဘောထားမှာ အနီးအနားရှိ ဆွေမျိုးများအား မသက်မသာ ဖြစ်စေသည်။ သို့သော် ၎င်းတို့နှစ်ဦးသည် မောင်နှမများဖြစ်ကြသဖြင့် ၎င်းတို့ မည်သို့အပြန် အလှန် ဆက်ဆံကြသည်ဖြစ်စေ သူတို့လို အပြင်လူများသည် ၀င်မစွက်ဖက်သင့်ချေ။ ထို့အပြင် တတိယဦးလေးချင်ရှိသဖြင့် ရှေ့မထွက်ရဲကြပေ။
တတိယဦးလေးချင်သည် မျက်တောင်အနည်းငယ် ခတ်ရုံမှအပ အခြားတုံ့ပြန်မှုမရှိပေ။ သူ့အတွက် ထိုစကားများသည် ထူးဆန်းပုံမပေါ်ချေ။ သူ့မျက်လုံးထဲ သူ့သမီးသည်သီးသန့်ဆန်လွန်းပြီး အမြဲတစေကိုယ်ပိုင်အတွေးထဲတွင်သာ နစ်မြှပ်နေတတ်သူဟု ထင်သည်။
ချင်ကျားရှီသည် မျက်ရည်ဝဲသွားသော်လည်း ခေါင်းအမြန်ငုံ့ကာ သူမ၏ ထူထဲသော ဆံမြိတ်များအောက်တွင် ခံစားချက်များကို ဖုံးကွယ်လိုက်သည်။
“ကျွန်မ… ကျွန်မမှာ ဘာထင်မြင်ချက်မှမရှိပါဘူး၊ ပါးပါးနဲ့ မားမား ဆုံးဖြတ်သမျှကိုနားထောင်ပါ့မယ်”
ချင်ဟန်သည် သက်ပြင်းတစ်ချက်ချကာ သူ့မျက်နှာပေါ်တွင် ဝင့်ကြွားဟန်များပေါ်လာသည်။ သူသည် ချင်ကျားရှီအား အစောထဲက ကြမ်းကြမ်းတမ်းတမ်း ဆုံးမပြီးဖြစ်သဖြင့် ယုရှင်း ချင်မိသားစုထဲသို့ ဝင်ရောက်မည်အား မဆန့်ကျင်မှာ သေချာသည်။ သို့မဟုတ်ပါက သူမ မည်သို့သော ဒုက္ခများစွာအား ကြုံရမည်ကို မည်သူသိနိုင်မည်နည်း။
"အခုရပြီလား?"
ချင်ဟန်သည် ချင်ရှန့်၏ ဆုံးဖြတ်ချက်ကို မသိစိတ်မှအသိ အမှတ်ပြုသောကြောင့် မေးလိုက်သည်။ ချင်ရှန့်သာခေါင်း ညိတ်လိုက်လျှင် ဤကိစ္စလည်း ပြေလည်သွားမည့်ပုံပင်။
သို့သော် ချင်ရှန့်၏အမူအရာသည် မပြောင်းလဲသေးသည့်အပြင် ချင်ဟန်အပေါ် ကြည့်သည့် သူ့အကြည့်တောင် ပိုအေးစက်လာသည်အား သတိပြုမိကြသည်။ ချင်ရှန့်သာမက ဒုတိ ယဦးလေးမိသားစုတစ်ခုလုံးသည်ပင် သူ့အား မကျေမနပ်ကြည့်နေကြသဖြင့် သူ နားမလည်စွာ စိတ်မသက်မသာဖြစ်သွားသည်။
[ဒါက အစ်ကိုကြီးတဲ့လား?! သောက်ကျိုးကိုနည်းရော! နင့်ညီမအရင်းထက် အချစ်ကိုရွေးတယ်ပေါ့၊ တကယ်ကြီးလား? နင်က မိဘမဲ့ဂေဟာမှာ တတိယအဒေါ်လုပ်တဲ့ ပရဟိတအလုပ်ကနေတစ်ဆင့် ယုရှင်းကိုငယ်ငယ်ကတည်းက သိခဲ့လို့ ဂရုစိုက်ချင်တာက အဆင်ပြေသေးတယ်၊ ဒါပေမယ့် ကိုယ့်ညီမကို အပြင် လူကြောင့် ဒုက္ခရောက်အောင်လုပ်တယ်ပေါ့? ဘယ်လိုတောင် လူမဆန်လိုက်တာလဲ]
ချင်ဟန်နှင့် ချင်ကျားရှီတို့သည် သူမရှေ့တွင် ရှိသဖြင့် သူမ နားမလည်သည့်အရာများသည် တဖြည်းဖြည်းရုပ်လုံးပေါ်လာသည်။
[ယုရှင်းဆိုတဲ့ မိန်းမက ဉာဏ်နီဉာဏ်နက်တွေအပြည့်ပဲ၊ သူတို့ဘဝထဲကို သူမ အထက်တန်း ကျောင်းသားဘဝမှာ ၀င်လာပြီး အဲ့အချိန်ကစပြီး ချင်ကျားရှီ ဘဝကရှင်လျက်နဲ့ သေနေသလိုဖြစ်သွားတာ၊ ယုရှင်းက ချင်ဟန်ရှေ့မှာ ချင်ကျားရှီဆီကနေ အနိုင်ကျင့်ခံရသလိုဟန်ဆောင်ပြီး နောက်ကွယ်မှာကျ ချင်ကျားရှီကို တိတ်တိတ်လေးရန်စပြီး သူ့ကို ပြန်လုပ်အောင် တမင်လုပ်နေတာပဲ၊ ပြီးတော့ ယုရှင်းက ချင်ဟန်ရှေ့မှာဆို ခံရတဲ့သူလေးလိုမျိုးဟန်ဆောင်ပြီး ချင်ကျားရှီကို ဇာတ်လမ်းဆင်တယ်၊ တစ်ချိန်က ပျော်ပျော်ရွှင်ရွှင်နေတက်တဲ့ မိန်းကလေးက ယုရှင်းရဲ့ကြိုးကိုင်ခြယ်လှယ်မှုကြောင့် ခုလိုမျိုး စိတ်ဓာတ်ကျ နေတဲ့ အခြေအနေထိဖြစ်သွားရတာ]
ချင်ဒုတိယမိသားစုဝင်များ အံ့သြသွားသည်။ တစ်စုံတစ် ယောက်သည် အခြားသူအား ဤမျှအလွယ်တကူ လိမ်လည်လှည့်ဖြားနိုင်သည်မှာ ယုံရခက်သည်။
ကျီဖေးလည်း မယုံနိုင်ပေ။ အဆုံးတွင် ၎င်းမှာ သူ့ညီမအရင်းခေါက်ခေါက်ပင်။
[ယုရှင်းက သရုပ်ဆောင်တာ အရမ်းတော်ရင်တောင် နင် အယုံကြည်ရဆုံးက နင့်မိသားစု ဖြစ်သင့်တယ်မလား၊ အမှန်တရားကို သေချာမစစ်ဆေးဘဲ အပြင်လူကို ယုံတယ်ပေါ့? သူဘယ်လိုတောင် တုံးလိုက်လဲ ?]
[ဒါက သူ တင်မကဘူး၊ ချင်ကျားရှီရဲ့ မှတ်ဉာဏ်တွေအရဆို တတိယအဒေါ်လည်း ယုရှင်းဆီကနေ အရူးလုပ်ခံခဲ့ရတာပဲ၊ ဒီကမ္ဘာကြီးက ဘယ်လိုတောင်ဗြောင်းဆန်နေတာလဲ]
ချင်ဒုတိယမိသားစုလည်း ပင့်သက်ရှိုက်မိလိုက်သည်။ ဒီကမ္ဘာကြီးက ဘာတွေဖြစ်နေတာလဲ? တတိယအဒေါ်တောင် ဘာမှမသိပေါ့? ဒါဆို တတိယဦးလေးကရော?
[တတိယဦးလေးကလည်း အလုပ်မအားလို့ သူ့သမီးနဲ့ အချိန် ကုန်ခဲတယ်၊ မိသားစုကိစ္စအားလုံးကို သူ့ဇနီးနဲ့ပဲ ထားပြီး အိမ်မှာ အမြဲလိုလိုမရှိတာများတယ်၊ သူထင်တာက သူ့သမီးက အသက်ကြီးလာလို့ထုံထိုင်းသွားပြီး ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲသွားတာလို့ ထင်နေတာ၊ အခုလို အိမ်တွင်းမှာ အနိုင်ကျင့်ခံနေရတယ်လို့ မသိခဲ့ဘူး]
ပါးပါးချင်နှင့် မားမားချင်တို့သည် တတိယဦးလေးချင်ထံ မျက်စောင်းများ ပစ်လွှတ်လိုက်ကြသည်။ အလုပ်သည် အရေးမကြီးခြင်း မဟုတ်သော်လည်း ကလေးများကိုတော့ လျစ်လျူမရှုသင့်ချေ။
[နေပါဦး... ကျောင်းတွင်း အနိုင်ကျင့်မှုတွေတောင် ရှိသေးတာလား?]
ချင်ဒုတိယမိသားစုလည်း တုန်လှုပ်သွားကြသည်။ ယုရှင်းက တကယ်ပဲ ကျောင်းမှာတောင် လူတွေကို ထိန်းချုပ်နိုင်တာလား? သူမကပဲ တော်လွန်းနေတာလား? ချင်ဟန်ကပဲ သူမကို အဝေးကနေ ကူညီပေးနေတာလား?
[သောက်ကျိုးနည်းကို! သူမရဲ့ချစ်သူ စုကျာက ကျောင်းရဲ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးပဲ၊ ဒါ့ကြောင့် သူက ကျောင်းမှာ ရေပန်းစားတော့ သူမက အနိုင်ကျင့်ခံရတာလား? ခဏနေပါဦး... တတိယအဒေါ်နဲ့ ချင်ဟန်က သူမနဲ့ တစ်ကျောင်းထဲမှာတက်တဲ့ ယုရှင်း ခွဲခြားဆက်ဆံခံရမှာစိုးလို့ သူ့ အဆင့်အတန်းကို မဖော်ပြဖို့ တားထားတာပဲ၊ ငါ... ဒီယုတ္တိမရှိတာကြီးကို နားကိုမလည်နိုင်တော့ဘူး၊ ချင်ကျားရှီနဲ့ ယုရှင်းတို့ မွေးတုန်းက အလဲခံထားရတာများလား ?]
ချင်ဒုတိယမိသားစုလည်း အံ့သြသွားခဲ့သည်။ စုမျိုးရိုး... ထိုသည်မှာ သူတို့ ချင်မိသားစုနှင့်တန်းတူ Y Cityတွင် ထင်ရှားသည့် မိသားစုတွေထဲမှ တစ်ခုဖြစ်သည့် စုမိသားစုဖြစ်ပုံရသည်။ ထိုသို့ဆိုလျှင် စုကျာဆိုသည်မှာ ချမ်းသာသည့် မိသားစုထဲမှ သခင်လေးလော ?
သူက ချင်ကျားရှီရဲ့ချစ်သူဖြစ်နေတာ ပြဿနာမရှိပေမဲ့ သူ့ကြောင့် သူမ အနိုင်ကျင့်ခံနေရတာလေ၊ ပြီးတော့ တတိယအဒေါ်ကလည်း သောက်ကျိုးနည်း ဘာတွေတွေးနေတာတုန်း?!
အကယ်၍ ချင်ကျားရှီသာ ချင်ရန်၊ ချင်ရုန်၊ စတုတ္ထဦးလေး၏ သမီးတို့နှင့် ရုပ်မဆင်ပါက ချင်ကျားရှီနှင့် ယုရှင်းတို့သည် မွေးပြီးပြီးချင်း အလဲခံလိုက်ရသည်လားဟုပင် ကျီဖေး မေးလိုက်ချင်သည်။
[ငါထပ်သည်းမခံနိုင်တော့ဘူး၊ ဒါဇာတ်နာတဲ့ အမျိုးသမီးဇာတ်လိုက်ရဲ့ဇာတ်လမ်းကြီးအတိုင်းပဲ၊ အမြဲအဝေးရောက်နေတဲ့အဖေ၊ ဂရုမစိုက်တဲ့မိခင်၊ ဥပေက္ခာပြုထားတဲ့ အစ်ကိုနဲ့ သူ့ချစ်သူနဲ့ ကြမ်းတမ်းတဲ့ ဆက်ဆံရေး၊ သူ စိတ်ဓာတ်ကျပြီး စိတ်မလုံခြုံဖြစ်နေတဲ့ပုံဖြစ်နေတာ အံ့သြစရာမရှိတော့ဘူး၊ အခု သူ့ကို ညှဉ်းပန်းနှိပ်စက်နေကျ မိန်းမက သူ့ မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာတော့မယ်လေ၊ ဒီထက်ဆိုးတာရှိသေးရဲ့လား ? ဒါကို သူ ဘာလို့သဘောတူလိုက်ရတာလဲ?]