အခန်း (၃၂၉)
Vol. 33 Ch. 329
【ဒါကြောင့်ကို....၊ သူ့မားနဲ့ကောက ယုရှင်းကို ပိုသဘောကျတော့ သူမဆန့်ကျင်လည်း ဘာမှထူးမှာမဟုတ်ဘူးလို့ တွေးနေတာကို၊ သူမ ကန့်ကွက်ရင်လည်း အပြစ်တင်ခံရရုံပဲရှိမှာ၊ အမယ်လေး ငါ့နှယ်... ဒီလို မကောင်းဘက်ရောက်တဲ့ အတွေးတွေကဘာလဲ၊ သူမဘာတွေ ကြုံခဲ့ရလို့ ခုခံဖို့တောင် မလုပ်တော့တာလဲ]
ချင်ဟန်သည် သူ့မိသားစုဝင်မှာ နည်းလှသည်ဟုတွေးကာ တစ်စုံတစ်ယောက်အား မွေးစားခြင်းကဲ့သို့သောကိစ္စကြီးအား လုပ်ချင်ခဲ့ခြင်းဖြစ်သည်။
【ဘာ ငါ့မျက်လုံးတွေတော့!!! သူတို့က မိသားစုတွေရောဟုတ်သေးရဲ့လား!!!!!]
ကျီဖေး၏ အတွေးများသည် ရုတ်တရက် ပေါက်ကွဲထွက်လာကာ အခြေအနေအတိအကျမသိသေးသော ချင်ဒုတိယမိသားစုပင် စိတ်မသက်မသာဖြစ်လာမိသည်။
【...မကြာသေးခင်ကပဲ သူ့အဖေက ချင်ကျားရှီကို ပေးထားတဲ့ အဝတ်အစားတွေကို ယုရှင်းကယူသွားတယ်၊ သူပြန်တောင်းတော့ ယုရှင်းက တွန်းချခံလိုက်ရသလို လဲကျသွားပြီး ငိုချဟန် ဆောင်တဲ့အပြင် အဝတ်တွေကိုတောင် စုတ်ဖြဲပစ်လိုက်သေးတယ် ဒါက ချင်ဟန်ကို ဒေါသထွက်အောင်လုပ်နိုင်သွားပြီး ချင်ကျားရှီကို ဒူးထောက် တောင်းပန်ခိုင်းတယ်၊ ချင်ကျားရှီက ငြင်းတော့ ချင်ဟန်က သူမကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်တယ်တဲ့၊ ဒီဖေ!!!】
ကျီဖေး လက်သီးကို တင်းတင်းဆုပ်ထားလိုက်ပြီး ချင်ဒုတိယမိသားစုသည်လည်း ဒေါသများ တောက်လောင်နေသည့် မျက်လုံးများဖြင့် ချင်ဟန်အား ကြည့်လိုက်သည်။
၎င်းတို့၏စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်မှုသည် လေထုကို ပိုမိုတင်းမာလာစေပြီး မည်သည်အရာများဖြစ်နေသည်ကို မသိသည့် လူများပင် တိတ်ဆိတ်သွားကြသည်။
【ပြီးတော့ တတိယအဒေါ်က သူ့သမီးရဲ့ခံစားနေရကိုတောင် ဂရုမစိုက်ဘဲ ယုရှင်းကို တောင်းပန်ဖို့ ထောက်ခံသေးတာလား? သူမ မတောင်းပန်တော့ သူက စိတ်ပျက်ပြီး ဒေါသထွက်သွားသေးတယ်၊ ဒါက ချင်ကျားရှီအတွက် သူ့အစ်ကိုဆီက ပါးရိုက်ခံရတာထက် ပိုနာကျင်စေခဲ့တယ်၊ နောက်ဆုံးတော့ သူမ ခံစားချက်တွေ ထုံသွားပြီး ယုရှင်းကို တောင်းပန်ခဲ့တယ်၊ အား!!! ဒါက ငါ့ကို ဒေါသထွက်ပြီး သေအောင်လုပ်နေတာပဲ!]
[ဘာပဲဖြစ်ဖြစ် ငါတော့ သဘောမတူဘူး! ဒီလိုအဆင့်မရှိတဲ့လူက ချင်မိသားစုထဲကိုဝင်ရင် ငါ့ခင်ပွန်းရဲ့ ပိုက်ဆံတွေကိုခွဲပေးနေရဦးမယ်၊ လုံး၀နိုးပဲ!】
ချင်ရှန့် မျက်လွှာချကာ ချင်ဟန်အား မကြည့်တော့ပေ။ သူသည် ကျီဖေး၏လက်အား တိတ်ဆိတ်စွာ ဆုပ်ကိုင်လိုက်ပြီး သူမအား နှစ်သိမ့်ပေးလိုက်သည်။ ထိုသို့သော ဆန်ကုန်မြေ လေးများကြောင့် သူ့ဇနီးကို ဒေါသမထွက်စေချင်ပေ။
ချင်ဒုတိယမိသားစု၏ အေးစက်သည့် အကြည့်များသည် တတိယဦးလေးချင်ထံသို့ လွင့်ပျံလာသည်။
တတိယဦးလေးချင်သည် မမြင်နိုင်သောမြှားများစွာဖြင့် အပြစ်ခံရသလို ခံစားလိုက်ရသည်။ ချင်ရှန့်ကို ဆုံးဖြတ်ချက် တစ်ခုချရန် ရိုင်းစိုင်းစွာ ဖိအားပေးနေသော ချင်ဟန်အား သူမထိန်းနိုင်သဖြင့် ချင်ဒုတိယမိသားစုမှ သူ့အား အပြစ်တင်နေ သည်ဟုထင်သည်။ သူလည်း ဤသို့ ပြုမူခြင်းမှာ မသင့်လျော်ဟု ခံစားမိသည်။
"ကောင်းပြီ၊ ပထမအကဲဖြတ်တဲ့အနေနဲ့ တစ်မိသားစုလုံးက မကန့်ကွက်ဘူး၊ နောက်မှ မင်းဝမ်းကွဲနဲ့ ငါထပ်ဆွေးနွေးလိုက်မယ်" တတိယဦးလေးချင် ချင်ဟန်အား အေးစက်စွာပြောလိုက်သည်။
ချင်ဟန် ထပ်ပြောရန်ကြံချိန် မားမားချင်သည် ရုတ်တရက် ပြုံးကာ "ဒါနဲ့ တတိယဦးလေး... ရှင့်မိသားစုက သမီးမိန်းကလေးကို တုန်နေအောင်ချစ်တယ်နဲ့ တူတယ်"
"ဟမ် ?" တတိယဦးလေးချင်သည် စိတ်ရှုပ်သွားကာ နားမလည်နိုင်ဖြစ်သွားသည်။
ချင်ဟန်လည်း မျက်မှောင်ကြုတ်ကာတစ်ချက်ကြည့်လာသည်။
မားမားချင်သည် ကျီဖေး၏ အတွေးများကို ကြားရသဖြင့် ထိန်းမထားနိုင်တော့ပဲ တရားမျှတမှုအတွက် မားမားမတ်မတ်ရပ်တည်လိုက်သည်။
"ဒါပေါ့နော် ဘယ်သူက ကိုယ့်သမီးအရင်းကို လျစ်လျူရှုပြီး တခြားတစ်ယောက်ရဲ့ ကလေးကို အသည်းအသန်မွေးစားပြီး အပြင်လူကို မျက်နှာသာပေးမှာလဲ၊ ငါ့တို့ ချင်ရုန်ကိုဆို အချစ်တွေ၊ ဂရုစိုက်မှုတွေနဲ့ ပြုစုပျိုးထောင်သလိုပဲ၊ ရှင့်မိသားစုကလည်း ချင်ကျားရှီကို မင်းသမီးလေးလိုဆက်ဆံတာဖြစ်ရမယ်”
မားမားချင်ပြောသည့်အတိုင်း ချင်ရုန်သည် အလိုလိုက်ခံထားရသည့် ကလေးပမာတောက်ပ၊ရွှင်မြူးလျက် သူ့ မိခင်၏ ရင်ခွင်ထဲမှီလျက် သူမျက်လုံးများသည်လည်း တောက်ပနေ သည်။ ချင်ရုန်တင်မက အိမ်ထောင်ရေးကြောင့် ချုံးချုံးကျကျနေသော ချင်ရန်ပင် လတ်တလောအခြေအနေပိုကောင်းလာသလိုပင်။
၎င်းတို့မပြောနှင့် ဝမ်းကွဲ သမီးအကြီးဆုံးဖြစ်သည်ါ ချင်ဝမ်ရှန့်နှင့် စတုတ္ထဦးလေး၏ သမီးများသည် ချင်မိသားစု၏ သမီးများဖြစ်သည့်အလျောက် သူတို့ကိုယ်သူတို့ ယုံကြည်မှုနှင့်ဝင့်ကြွားမှုအပြည့်ရှိကြသည်။
ဆန့်ကျင်ဘက်အနေဖြင့် ချင်ကျားရှီသည် ထိုသို့မဟုတ်ချေ။ သူမသည် မိသားစုနှင့် ရုပ်ဆင်သောကြောင့်သာမဟုတ်ပါက သူမသည် ပျော့ညံ့သလို အားကိုးရာမဲ့ကာ စိတ်ဝိဉာဥ်ကင်းမဲ့နေသော မိန်းကလေးတစ်ယောက်ကဲ့သို့ပင်။
လူတိုင်း၏ပါးစပ်ထောင့်များ လှုပ်ခါသွားသည် ဒါ ဘယ်လိုလုပ် "မင်းသမီးလေး" ဖြစ်မှာလဲ ? ပြတ်ပြတ်သားသား ပြောရရင် ချင်ကျားရှီပုံစံက မင်းသမီးမပြောနဲ့ အိမ်အကူထက်တောင် ဆိုးရွားနေသေးတယ်။
ချင်ရန် သူ့မားမားအား ထောက်ခံပြီး "တတိယဦးလေးနဲ့ တတိ ယအဒေါ်က ချင်ကျားရှီကို ချစ်ခြင်းမေတ္တာတွေနဲ့ လုံခြုံမှုအပြည့်နဲ့ ပျိုးထောင်ခဲ့လို့ တခြားကလေးကို မွေးစားရလောက်အောင် ယုံကြည်မှုရှိနေတာထင်တယ်"
အချစ်လား ? လုံခြုံမှုတဲ့လား ?
သူတို့ သေချာမကြည့်လျှင် ရှင်းရှင်းလင်းလင်း မသိသာနိုင်သော်လည်း ယခုအခါ ကွာခြားချက်သည် ပို၍ထင်ရှားလာသည်။ ပုံမှန်အားဖြင့် ချင်ကျားရှီသည် တိတ်ဆိတ်ကာတစ် ယောက်တည်းနေတက်သောကြောင့် သူမအား မည်သူမျှ ဂရုမစိုက်ပေ။ ယခုမူကား… လူကြီးများ၏အကြည့်သည် တတိယဦးလေးချင်ထံရောက်သွားသည်။
၎င်းတို့သည် အမူအရာသည် ရှင်းလှသည်။- မင်းရဲ့သမီးကိုတောင် ဒီလိုမျိုးဖြစ်အောင် ပြုစုပျိုးထောင်ထားတာ တခြားတစ်ယောက် မွေးစားဖို့ ဘာလို့ စဉ်းစားနေတာတုန်း?
အဆုံးတွင် တတိယဦးလေးချင်သည် စောစောက ခံစားခဲ့ရသည့် ခံစားကို သဘောပေါက်သွားသည်။ သမီးတစ်ယောက် ထပ်မံမွေးစားခြင်းသည် သူ့သမီးအတွက် အဆင်မပြေသည့်ပုံပင်။ သူ့သမီးဘက်ကသာ စိတ်အားထက်သန်စွာတောင်းဆိုလာခြင်းမဟုတ်သဖြင့် ဤအခြေအနေသည် သိသိသာသာမတရားပေ။
ပြီးတော့ သူ့သမီး… သူက သူတို့ သေချာ မပျိုးထောင်ခဲ့လို့ အခုလိုပုံဖြစ်သွားတာလား?
တတိယဦးလေးချင်သည် ဆိုဖာထောင့်တွင်ကပ်ကာ ခပ်ကျုံ့ကျုံ့လေးထိုင်နေသည့် သနားစရာကောင်းနေသော ချင်ကျားရှီအား မကြည့်ပဲမနေနိုင်တော့ချေ။ တဖန်သူမနှင့် မျိုးဆက်တစ်ခုတည်းမှ မိန်းကလေးများအား ကြည့်ကာ…
တတိယဦးလေးချင်သည် သူ့သားသမီးများအား ပြုစုပျိုး ထောင်ရန် ဇနီးဖြစ်သူထံ အမြဲထားခဲ့သည့်အပေါ် ပထမဆုံးအကြိမ် နောင်တ ခပ်ရေးရေးရမိသည်။
【အံ့ဩစရာပဲ၊ အမေနဲ့အစ်ကိုကြီးက သူမကို အနိုင်ကျင့်နေတာကို ငါတောင်သိတယ်၊ အသေးစိတ်အချက်အလက်တွေကို မမြင်ရင်တောင် ချင်ကျားရှီရဲ့ အခြေအနေကို တစ်ချက်ကြည့်တာနဲ့ အခြားမိန်းကလေးတစ်ယောက်ကို မွေးစားတာက သူမအတွက် အဆင်မပြောတာ အသိသာကြီးကို၊ တတိယဦးလေးက အဲ့တာကို အခုမှ သဘောပေါက်တဲ့ပုံရပဲ၊ ဒါပေမယ့် အဲဒီကျေးဇူးကန်းတဲ့ အစ်ကိုကိုတော့ ငါတကယ် အံ့သြမိတယ်… 】
သူမ ချင်ဟန်အားကြည့်လိုက်ရာ သူ့မျက်နှာသည် မည်းမှောင်နေပြီး သူမ၏ စိတ်ရင်းကို အစထဲကသိနေသည်မှာ ထင်ရှားသည်။ သို့သော် သူသည် ချင်ကျားရှီအား စူးစူးရဲရဲ ကြည့်နေဆဲပင်။
[အိုး အိုး အိုး၊ သူက မွေးစားတာကိုဖျက်စီးချင်လို့ ဟန်ဆောင်နေတယ်ထင်လို့ သူ ထင်နေတာပဲ ဒီကောင်က သူ့အစ်ကိုအရင်းရောဟုတ်ရဲ့လား? သူ့ညီမအရင်းက အဲ့လိုလုပ်လိမ့်မယ်လို့ သူဘယ်လိုတောင်တွေးရက်တာလဲ?]
ထိုသည်ကိုကြားချိန် ချင်ဒုတိယမိသားစုလည်း ဒေါသဖြစ်သွားသည်။
ပါးပါးချင်သည် တတိယဦးလေးချင်ကို ကြည့်ကာ "တတိယဦးလေး... ဒါကို သေချာစဉ်းစားတာ အကောင်းဆုံးပဲ"
သူ့လေသံအရ ချင်ဒုတိယမိသားစုသည် ထိုကိစ္စအားမထောက် ခံကြောင်းရှင်းလင်းလှသည်။
တတိယဦးလေးချင်လည်း အသက်ပြင်းပြင်းရှူလိုက်ကာ "ဒီကိစ္စကို ထားလိုက်တော့၊ ကျွန်တော်လည်း သင့်တော်တယ်မထင်ဘူး"
ချင်ဟန်သည် ချင်ရှန့်ထံမှ စကားတစ်ခွန်းတောင် မကြားလိုက်ရသော်လည်း မည်သို့မည်ပုံ ဖြစ်ပျက်သွားသည်ကို မသိကာ ဒေါသထွက်သွားပြီး
"ပါး သဘောတူပြီးသားလေ! ကိုယ့်စကားကို ဘယ်လိုတောင် ရုတ်သိမ်းလိုက်တာလဲ! ပါး မေ့သွားပြီလား? ယုရှင်းက မားနဲ့ မားဗိုက်ထဲက ကလေးကို ကယ်ခဲ့ဝာာလေ၊ ကျွန်တော်တို့ ချင်မိသားစုက သူတစ်ပါးရဲ့ ကြင်နာမှုတွေ အမြဲတမ်း ပြန်ဆပ်တက်တယ်လို့ လူတိုင်းက သိကြတယ်လေ၊ ဒီကိစ္စကိုတောင် အပြင်လူတွေ သိသွားရင် ရယ်ကြလိမ့်မယ်"
တတိယဦးလေးချင်၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားပြီး “တော်လောက်ပြီ၊ ဒီမှာ လူကြီးတွေ အများကြီးရှိတယ်၊ မင်း အရှက်မရှိဘူးလား”
ချင်ဟန်သည် သူ့အဖေ၏ ရုတ်တရက် တင်းမာမှုကြောင့် ထိတ် လန့်သွားသည်။ သူ့အဖေ၏အသံသည် သူ့အား နှုတ်ပိတ်သွားစေရန် လုံလောက်သည်။
【 ဟမ့်! သူ့ကို ပြောပစ်လိုက်စမ်းပါ! အမြဲတမ်း ကျေးဇူးဆပ်တယ်လို့ပြောပြီး အကြွေးဆပ်ချင်နေတယ်ပေါ့? ယုရှင်းလို စ ရွံရှာစရာကောင်းတဲ့ မိန်းကလေးက ကိုယ်ကျိုးစွန့်လိမ့်မယ်လို့ ဘယ်သူယုံမှာလဲ ? နေပါဦး၊ ဘာကြီး!!!!!]
တတိယဦးလေးချင်၏ စိတ်ပြောင်းလဲမှုကြောင့် သက်သာရာရသွားသော ချင်ဒုတိယမိသားစုလည်း ရုတ်တရက် လန့်သွားသည်။
နောက်ထပ် ဇာတ်လမ်းရှိသေးတာလား ငါတို့ကိုလည်းမြန်မြန်လေးပြောပြပါဦး !
[အတိတ်ဘ၀တုန်းက ယုရှင်းက တတိယအဒေါ်နဲ့ ချင်ဟန်ကို ကယ်ခဲ့လို့များလား? ဘယ်လိုလုပ် သူ့အတွက် ဒီလောက်ထိ လုပ်ပေးနိုင်တာလဲ?????]
ချင်ဒုတိယမိသားစု: ဘာလဲ ? ဘယ်လောက်ထိ လုပ်ပေးကြလို့လဲ ?
ချင်ရှန့်ပင် သိချင်စိတ်ဖြစ်လာရသည်။
ထို့နောက် သူတို့သည် ကျီဖေး၏အသံအား ကြားလိုက်ရပြီး ရွံ့ရှာသွားကြသည်။
【အိုး! အဲဒါက အသက်ကယ်ခဲ့တယ်ဆိုတာကြီးပေါ့၊ ငါရယ်ရလို့ သေတော့မှာပဲဟေ့၊ ချင်မိသားစုက ယုရှင်းကိုမွေးစားအောင်လို့ တတိယအဒေါ်နဲ့ ချင်ဟန် စီစဉ်ထားတဲ့ဟာကြီးပဲ၊ သူတို့ ကားမတော်တဆမှုအတုလုပ်ပြီး မီးခိုးတလူလူထွက်နေတဲ့ကားထဲက တတိယအဒေါ်ကို ယုရှင်းကယ်ထုတ်နေတာကို ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ထားတာ၊ ပြီးတော့ အဲဒါကိုတတိယဦးလေးယုံအောင် သူ့ဆီပို့လိုက်ကြတာပဲ၊ အကုန်လုံးက လိမ်ဆင်ကြီး!]