လမ်းကြောင်းအသစ်
Vol. 19 Ch. 277
မျက်တောင်တစ်ခတ်အတွင်းတွင် ဟုန်ရှီ၏ လက်ကောက်ဝတ်များသည် မြေကြီးထဲသို့နစ်ဝင်သွားလေသည်။
လက်သီးသံများကို ကြားရပြီးနောက် ရှောက်ရွှမ်ကို စိန်ခေါ်ချင်နေသူများသည် သူတို့အထိုးခံနေရသလို ခံစားလိုက်ကြရသည်။
အံ့ဩစရာပါလား။ ဒီချာတိတ်လေးရဲ့ လက်သီးချက်တွေက တူနဲ့ထုသလို ပြင်းထန်လိုက်တာ။ သူ့လက်မနာဘူးလား…လက်ရိုးတွေကျိုးမကုန်ဘူးလား…ဘာလို့ ဓားမသုံးတာလဲ…”။
ရှောက်ရွှမ်က ဘာလို့ ဓားမသုံးတာလဲ။ ရှောက်ရွှမ်သာ ဓားတစ်ချောင်းကိုင်ဆွဲကာ တိုက်ခိုက်မည်ဆိုလျှင် ဟုန်ရှီ သေသွားမည်ကို ဟွမ်ယဲ့တို့က သိထားသည်။
ရှောက်ရွှမ်က တိုက်ခိုက်မှုများကို ရပ်တန့်လိုက်သောအခါ ဟုန်ရှီသည် ဓားကိုင်ထားသည့်ပုံစံအတိုင်းပဲ ရှိနေသည်။ ရှောက်ရွှမ်သည် ဟွမ်ယဲ့နှင့် ကျန်သူများကို ကြည့်လိုက်ပြီး “ဒီလောက်ဆိုရပြီလား” ဟုမေးလိုက်သည်။
ဟွမ်ယဲ့လည်း မပြတ်မသားဖြင့် “အေးပါ” ဟုဖြေလိုက်သည်။ “အေးပါဆိုတော့ ကျုပ်က ခင်ဗျားတို့ ခရီးသွားအဖွဲ့ထဲ ပါလို့ရပြီလား” ဟုရှောက်ရွှမ်က ဆက်မေးလိုက်သည်။
“ဝင်လို့ရပါပြီ” ဟွမ်ယဲ့က ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ…ဒါဆိုနောက်မှ တွေ့ကြတာပေါ့” ထိုစကားကို ပြောပြီးသောအခါ ရှောက်ရွှမ် ထွက်ခွာသွားလေသည်။
ဟွမ်ယဲ့နှင့် ချွေ့ကူတို့၏ အကြည့်များကို ကြည့်လိုက်ပြီးနောက် ကုကျီသည် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။ ထိုမတိုင်ခင်က သူသည် ဟွမ်ယဲ့ကို သတိပေးထားသည် “ သိပ်ဝေးတဲ့နေရာတွေ မ
သွားနဲ့နော်”။
ငှက်မွှေးမျိုးနွယ်စုဝင်များသည် မြေကြီးထဲတွင် နစ်နေသော ဟုန်ရှီကို အလျင်အမြန်ဆွဲထုတ်နေကြသည်။ တိုက်ပွဲတွင် အသုံးပြုထားသောကြောင့် ကုကျီ၏ဓားကြီးမှာ ပူနွေးနေသည်။
သူတို့သည် ဟုန်ရှီ၏ ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်သည်။ ဒဏ်ရာများမှာ သိပ်မပြင်းပါ။ သို့သော် ကုသရန်တော့ ခက်ခဲပါသည်။ ဟုန်ရှီသည် လှုပ်ရှားလိုက်သောအခါတွင် ကြွက်သားများစုတ်ပြဲသလို ဝေဒနာမျိုးကို ခံစားလိုက်ရသည်။
“ဟုန်ရှီ…မင်းဓားသွားကို အပေါ်ကိုထောင်ပြီးကိုင်ထားရမှာ…ဒါမှ ဟိုကောင်လက်သီးနဲ့ထိုးတဲ့အချိန်ကျရင် သူ့လက်ကို ဓားထိမှာ” တစ်ယောက်က သူ့အမြင်ကို လှမ်းပြောလိုက်သည်။
“ဟုတ်တယ်…အဲဒီလို ဓားထိသွားတဲ့အချိန်ကျရင်…”
“တော်ကြပါတော့” ဟုန်ရှီက နဖူးကြောကြီးများ ထောင်ထလာသည်အထိ ထအော်ပစ်လိုက်သည်။
“ကျွန်တော့် ဓားမကိုက်တတ်တဲ့လူလို့များထင်နေတာလား…ဒါမှမဟုတ် ရှောက်ရွှမ်ကကော ဓားသွားကို မရှောင်တတ်တဲ့ ငပိန်းလို့ထင်နေတာလား…ခင်ဗျားတို့ပြောသလိုသာ အခွင့်အရေးရလို့ကတော့ သူ့ကို အနိုင်တိုက်လိုက်နိုင်ပြီပေါ့ဗျ…ကဲ…သူဟိုနားမှာပဲရှိသေးတယ်…မကျေနပ်ရင် ခင်ဗျားတို့ကိုယ်တိုင် သွားတိုက်ဗျာ”
ဘေးနားတွင် ရှိသော သူများတိတ်ဆိတ်သွားကြသည်။ ဟုန်ရှီကိုင်နေကျ လက်နက်မှာလည်း ဓားတစ်ချောင်းမဟုတ်သည့်အတွက် သူအခက်အခဲတွေ့ရခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် ဓားမကိုင်တတ်သည်တော့မဟုတ်ပါ။ အများအမြင်တွင် ခုခံရသည်မှာ လွယ်ကူသယောင်ရှိသော်လည်း ရှောက်ရွှမ်လိုလူမျိုးနှင့် ရင်ဆိုင်ရသောအခါ ဖိအားများလွန်းသည်။ ရှောက်ရွှမ်နှင့်တိုက်ခိုက်နေစဉ်က တောထဲက သားရဲတစ်ကောင်ပြေးထွက်လာသည်ဟုလည်း ထင်ယောင်ထင်မှား ဖြစ်သေးသည်။
သူ့ပြိုင်ဘက်၏ တိုက်ခိုက်မှုများကို တားဆီးရသောအခါ သူ့လက်မောင်းရိုးများ ကျိုးသွားသလိုခံစားလိုက်ရပြီး ဓားကိုလှည့်ရန် ပင်မလွယ်ဖြစ်သွား
သည်။ ရှောက်ရွှမ်သည် ဟုန်ရှီထက် အတွင်းအားရော ကိုယ်ဖော့သိုင်းပါ မြင့်မားနေသဖြင့် ဟုန်ရှီရှုံးသွားသည်မှာ သဘာဝကျပါသည်။ နောက်ဆိုလျှင် သူသည် ရှောက်ရွှမ်ကို အထင်သေးရဲတော့မည် မဟုတ်ပါ။ရှောက်ရွှမ်ကို အထင်သေးမိသောကြောင့် ယခုလို အရှက်တကွဲရှုံးနိမ့်သွားခြင်း ဖြစ်သည်။
“မင်းရဲ့အတွင်းအားကို သိရင် ငါကိုင်နေကျလက်နက်ကိုပဲ ကိုင်ပါတယ်” ဟုန်ရှီက ကုကျီကို ဓားပြန်ပေးလိုက်သည်။ ထို့နောက် စိတ်ဆိုးသောလေသံဖြင့် “ ကျွန်တော် ဒဏ်ရာတွေက ပြန်သက်သာလာရင် နောက်တစ်ခါ တိုက်ဦးမယ်…အဲဒီအခါကျရင် ကျွန်တော်ကိုင်နေကျ လက်နက်ပဲ ကိုင်တော့မယ်” ထို့နောက် ခဏလောက် နှုတ်ဆိတ်သွားပြီး “ကျွန်တော် လုံးဝရှုံးသွားပြီလို့ ပြောလို့မရသေးဘူး…ဘာလို့လဲဆိုတော့ ကျွန်တော် အားကုန်ထုတ်မတိုက်ရသေးဘူး”ဟု ထပ်ပြောလိုက်သည်။
“ချီ…”
ချွီဆဲ့တစ်ယောက်အသံထွက်ရယ်မောမိလေသည်။ “ခင်ဗျားက ဘာရယ်တာလဲ” ဟုန်ရှီက သူ့ကို လှမ်း
ကြည့်လိုက်သည်။
“မင်းငှက်မွှေးတွေ ပြုတ်ကျကုန်ပြီ” ချွီဆဲ့က မြေပေါ်ရှိ ငှက်မွှေးများကို ညွှန်ပြရင်း ပြောလိုက်သည်။
ဟုန်ရှီသည် မျက်တောင်ခတ်လိုက်ပြီး ပြောလိုက်သည် “ချွီဆဲ့…ခင်ဗျားစောင့်ကြည့်နေလိုက်ပါ…ကျွန်တော် နေပြန်ကောင်းသွားရင် ပြန်တိုက်ဦးမှာ”။
လူငယ်များ၏ အငြင်းအခုံ လျစ်လျူပြုလိုက်ပြီး ဟွမ်ယဲ့သည် သက်ပြင်းချလိုက်ကာ ကုကျီနှင့် ချွေ့ကူတို့ကို လှမ်းပြောလိုက်သည် “ တိရှန်မျိုးနွယ်စုဝင် ဟူမာကြီးကို သတ်တာ ရှောက်ရွှမ်ဆိုတာ ငါယုံသွားပြီ”။
ယခုအဖြစ်အပျက်မတိုင်ခင်တုန်းက သူတို့ သုံးယောက်လုံးသည် တိရှန်မျိုးနွယ်စုဝင် ဟူမားကြီးတစ်ယောက်၊ မီးတောက်ဦးချိုမျိုးနွယ်စုမှ သိမ်းငှက်ကြီး၁ကောင်မွေးထားသော ချာတိတ်လေးတစ်ယောက်၏ လက်စာမိသွားသည် ဟူသော ကောလဟာလများကို ကြားဖူးထားကြသည်။ သူတို့ကတော့ ထိုကောလဟာလများကို မယုံကြပါ။ မီးတောက်ဦးချိုမျိုးနွယ်စုမှ ကောင်လေး၏ အစွမ်း
ကို ဖော်ပြနေသည်မှာ လွန်လွန်းကြသည်ဟု ယူဆပြီး မယုံကြခြင်း ဖြစ်လေသည်။ ထို့ကြောင့် ထိုသတင်းကိုကြားသောအခါ သူတို့သည် သိပ်အရေးမလုပ်ခဲ့ကြပါ။
အခုတော့ ဟူရှန်ကို သတ်သည်မှာ ရှောက်ရွှမ်ဆိုတာ ဖြစ်နိုင်သွားပြီ မဟုတ်ပါလား။
“အား…” ကုကျီက သူ့နဖူးသူ လက်ဝါးနှင့် ရိုက်ပြီး “ပျောက်သွားတဲ့ငှက်၂ကောင်အကြောင်း သူ့ကိုမေးလိုက်ရမှာကွ…အဲဒီအကြောင်း သူသိရင် သိလောက်တယ်” ဟုပြောလိုက်သည်။
သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များထံတွင် ငှက်၂ကောင်အကြောင်းကို မမေးဖြစ်ပါ။ သူတို့တွင် သူလျှိုငှက်၂ကောင်ပါလာကြောင်းကိုသာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ သိသွားပါက ပြဿနာက နှစ်ထပ်ကွမ်းဖြစ်သွားမည်။ ထူးဆန်းပြီး သံသယဖြစ်ဖွယ် ငှက်တစ်ကောင်ကို တွေ့သွားကြပါက သတ်ပစ်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
“ငါတို့က ဘယ်လို သွားမေးမလဲ” ကုကျီက ငှက်၂ကောင်အတွက် အတော် စိတ်မကောင်း ဖြစ်နေသည်။ သူသည် ၎င်းတို့ကို မွေးလာသည်မှာ ကြာလှပြီ ဖြစ်ပြီး သူတို့သည် တစ်ခါမှ လူဖမ်းမခံရဖူးချေ။ မီးတောက်ဦးချိုမျိုးနွယ်စုသည် လျှို့ဝှက်ချက်တွေ ပြည့်နှက်နေသော မျိုးနွယ်စု တစ်ခုဖြစ်နေလေသည်။
နောက်တစ်နေ့တွင် အကြီးအကဲမော့က ဟွမ်ယဲ့နှင့် ကျန်သူ၂ယောက်တို့ကို စကားပြောဆိုဆွေးနွေးရန် ဖိတ်ခေါ်လိုက်သည်။ ကျောက်သားစားပွဲပေါ်တွင် တင်ထားသော ငှက်အသေ၂ကောင်ကိုကြည့်ပြီး၊ အနားတွင်ရှိသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ တင်းမာသော မျက်နှာများကို မြင်ရသောအခါမှ သူတို့နားလည်သွားကြသည်။ ဟွမ်ယဲ့ကတော့ ခေါင်းပင်ကိုက်သွားလေသည်။
“ရှောက်ရွှမ်ဘယ်မှာလဲ” ချွေ့ကူက မေးလိုက်သည်။ “သူက တခြားကိစ္စတွေဆောင်ရွက်နေပါတယ်” အော့က ရိုးရိုးပင်ပြန်ဖြေလိုက်သည်။
အိမ်ထဲသို့ ဟွမ်ယဲ့ကြည့်လိုက်သောအခါ အခန်းထဲတွင် မရှိသူများမှာ ရှောက်ရွှမ်တစ်ယောက်တည်း
သာ မဟုတ်ဘဲ၊ မီးတောက်ဦးချိုမျိုးနွယ်စု၏ အမဲလိုက်အဖွဲ့ခေါင်းဆောင်၂ယောက်ကိုပါ မတွေ့သည်ကို သိလိုက်ရသည်။ သူတို့ဘယ်သွားနေကြသနည်း။ သို့သော် ထိုကိစ္စက အရေးမကြီးပါ။ သူတို့သည် ဝမ်ရှစ်မျိုးနွယ်စုနှင့် မတိုက်ခိုက်လျှင် ပြီးရောပင်။
ဟွမ်ယဲ့ မယုံသင်္ကာဖြစ်နေသည်ကို အော့က လျစ်လျူရှူလိုက်ပြီး ငှက်၂ကောင်ကို ယူလိုက်ကာ ငှက်မွှေးမျိုးနွယ်စုဝင်များနှင့် စကားပြောနေလိုက်သည်။
တကယ်တမ်းလည်း ရှောက်ရွှမ်က ထာ့၊ကွေ့ဟယ်တို့နှင့်အတူ မနက်အစောထ၍ သားရဲတို့ပျော်စံရာမြေကို ထွက်သွားခဲ့ကြခြင်းဖြစ်သည်။
မီးတောက်ဦးချိုမျိုးနွယ်စု၏ နယ်စပ်နှင့် သိပ်မဝေးကွာသောနေရာတွင် လူဆယ်ယောက်ခန့်ရှိသော အဖွဲ့တစ်ဖွဲ့က ရှောက်ရွှမ်တို့ကို စောင်နေလေသည်။ သူတို့အဖွဲ့အပြင် အဖွဲ့ထဲမှ ပျောက်ကွယ်နေသည်မှာ ကြာနေပြီဖြစ်သော ကြောက်မက်ဖွယ်သားရဲများလည်း ပါဝင်လာပြီဖြစ်သည်။
နတ်ဆေးဆရာက ထိုကြောက်မက်ဖွယ်သားရဲများ
အလုပ်မရှိတာ ကြာပြီဖြစ်သဖြင့် သူတို့ကို တောနက်ထဲသို့ စေလွှတ်လိုက်ခြင်း ဖြစ်သည်။ မျိုးနွယ်စုထဲပဲနေနေလျှင် ၎င်းတို့၏ စွမ်းအင်များပျောက်ကွယ်သွားမည်ကို စိုးရိမ်တာလည်းပါသည်။ ကြောက်မက်ဖွယ်သားရဲများသည် သားရဲဗီဇ ပျောက်ကွယ်မသွားသင့်ပါ။
“အားလုံးလူစုံပြီလား” ရှောက်ရွှမ်က မေးလိုက်သည်။
“အားလုံးရောက်နေပါပြီ” ကွေ့ဟယ်က ဖြေလိုက်သည်။ ထာ့ကလည်း ခေါင်းငြိမ့်ပြသည်။
“ဒါဆိုရင် သွားကြစို့” ရှောက်ရွှမ်နှင့် လူငါးဆယ်တို့သည် တောနက်ထဲသို့ ပြေးဝင်သွားကြသည်။ အမဲလိုက်အဖွဲ့ဘေးမှ သားရဲကြီးများ ပြေးလိုက်လာသည်။
သူတို့ရွေးချယ်ထားသော လမ်းကြောတွင် တချို့လမ်းကြောင်းများကို ရှောက်ရွှမ်က ရောက်ဖူးနေသဖြင့် သူသည် တခြားသူများကို ဆောင်ရန် ရှောင်ရန်များကို ပြောပြနိုင်လေသည်။ ကျန်သောလမ်းများ
ကိုတော့ ရှောက်ရွှမ်လည်း မရောက်ဖူးပါ။
ပြီးခဲ့သောအခေါက်တောဝင်တုန်းက ရှောက်ရွှမ်သည် ချာချာညွှန်ပြသောနေရာအတိုင်းသွားပြီး လမ်းတစ်ဝက်ကျမှ လှည့်ပြန်လာသည်။ အခုတစ်ခေါက်တွင်တော့ သူတို့သည် မျိုးနွယ်စုပိုင်နက်ထဲမှ စတင်ထွက်ခွာလာခြင်းဖြစ်သည်။ ဘိုးဘေးများ၏ အရိုးစုများနှင့် နှစ်တစ်ထောင်လောက်ပျောက်ကွယ်နေသော မီးတောက်ဦးချိုမျိုးနွယ်စု၏ ရာဇဝင် သားရေချပ်များကို သယ်ဆောင်ရမည်ဖြစ်သဖြင့် သွားစရာရှိသည့်နေရာကိုသာ တိုက်ရိုက်သွားကြလေတော့သည်။
မသိနိုင်သော အန္တရာယ်များ၊ ခန့်မှန်း၍မရသော သားရဲကြီးများ၊ ကြမ်းတမ်းသော ပတ်ဝန်းကျင်အခြေအနေများကို ရင်ဆိုင်ရသော်လည်း သူတို့သည် အကြောက်အရွံ့မရှိကြပါ။ ထိုသို့သော ပတ်ဝန်းကျင်မျိုးရောက်သောအခါ သူတို့သည် သာမန်လူများနှင့် မတူတော့ပဲ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများအတွက် ပျော်ရွှင် စိတ်လှုပ်ရှားနေတတ်ကြသည်။ ထို့ပြင် ဘိုးဘေးများ၏ ရုပ်အလောင်းများနှင့် ရာဇဝင်သားရေချပ်များကို လည်း သယ်ဆောင်ရမည် မဟုတ်ပါလား။
အခုသူတို့သွားနေသောလမ်းသည် နောင်တချိန်တွင် သူတို့အတွက် အမဲလိုက်လမ်းကြောင်းအသစ်တစ်ခု ဖြစ်လာနိုင်ပါသည်။
သူတို့သည် နယ်မြေဟောင်းကို ပြန်ရောက်လာသည့်အချိန်မှစတင်၍ အမဲလိုက်လမ်းကြောင်းအသစ်တစ်ခုကို မသတ်မှတ်ရသေးပါ။ အခုတော့ ဘိုးဘေးများက ထိုပြဿနာကို ဖြေရှင်းပေးလိုက်လေပြီ။ ဘိုးဘေးများ၏ လမ်းညွှန်မှုလည်း ဖြစ်နိုင်သည်။
သူတို့ခေတ်အခါတုန်းကလည်း ဘိုးဘေးများသည် ယခုလမ်းကြောင်းအသစ်ကို အသုံးပြုခဲ့ကြမည်ဖြစ်သည်။ ယနေ့ခေတ်တွင်တော့ မီးတောက်ဦးချိုမျိုးနွယ်စုမှ လူများသည် ထိုလမ်းကြောင်းကို ပြန်ရှာတွေ့ခြင်းဖြစ်သည်။
အရပ်အနားမရှိ တောင်ပေါ်မှ ကျောက်တုံးများ ထိပွတ်မိသံများ ထွက်ပေါ်နေသည်။ တောင်ပေါ်တွင်တော့ သတ်ဖြတ်မှုများကြောင့် သွေးချောင်းစီးနေပေပြီ။ သားရဲကြီးများ၏ မြည်ဟိန်းသံမှာလည်း နားပင်
ကွဲမတတ်ဖြစ်စေသည်။ ကြောက်လန့်ကုန်ကြသော ငှက်များမှာလည်း နေဝင်ရာဘက်သို့ ဦးတည်ပျံသန်းသွားကြလေသည်။
နက်ပြာရောင်ကောင်းကင်အောက်တွင် ရှောက်ရွှမ်တို့ ရှာတွေ့သော လမ်းကြောင်းအသစ်မှာ သွေးရောင်လွှမ်းသွားသည်။