ယန်ဆွေ့နှင့်တွေ့ဆုံခြင်း
Vol. 19 Ch. 282
ထိုနားတဝိုက်တွင်ရှိသော မြေမှာ ရေရှားပါးပါသည်။ သစ်တောထဲတွင်လည်း သားကောင်များ သိပ်မရှိကြပါ။ မြင့်မားသောတောင်ကြီးများကို ကျော်လွန်လာပြီးသောအခါ သူတို့သည် တောင်ကုန်းဒေသတစ်ခုသို့ရောက်ရှိလာသည်။
တောင်ပေါ်မှနေ၍ တောင်ခြေတဝိုက်တွင် အိမ်များပတ်လည်ဝိုင်းနေသည်ကို တွေ့မြင်လိုက်ရသလို အဝေးတစ်နေရာတွင်လည်း စိုက်ပျိုးလယ်ယာမြေများကို တွေ့လိုက်ရသည်။ သို့သော် ထိုစိုက်ပျိုးမြေများမှာ ရေလုံလောက်စွာမရသောကြောင့် သီးနှံအထွက်နှုန်းမကောင်းပေ။ ရေမရ၍ ကောက်ပဲသီးနှံများ မထွက်သည့်အပြင် အပင်များပင် သေကြေကြသည်။
ထိုထက်ပိုဝေးသောနေရာများကိုတော့ သျောမမြင်ရတော့ပါ။ လေထဲတွင် ဖုန်မှုန့်များထူထပ်နေ
သဖြင့် မြင်ကွင်းမကောင်းပါ။ ခြောက်သွေ့သောဒေသတွင် လေတိုက်ပါက လေနှင့်အတူ သဲများပါ ပါလာတတ်သည်။
သူတို့ရှေ့ဆက်သွားတိုင်း မြေပြင်ပေါ်တွင် အက်ကွဲကြောင်းကြီးများကိုတွေ့မြင်ရလေသည်။ ထို့ပြင် မြက်ပင်များလည်း ကျိုးတိုးကျဲတဲ ပေါက်ရောက်နေသည်။ အဖွဲ့ဝင်များမြင်နိုင်သမျှကတော့ မြေပြင်တွင်ရှိသော အက်ကွဲကြောင်းကြီးများပင် ဖြစ်လေသည်။
“ဟိုဘက်မှာ မိုးမျိုးနွယ်စုဝင်တွေနေတာ” ဟွမ်ယဲ့က အခုမှ ခရီးသွားအဖွဲ့တွင် ပါလာသော လူငယ်များကို အော်ပြောလိုက်သည်။
မိုးမျိုးနွယ်စုထံသို့ သွားနေသည့်ခရီးစဉ်အတွင်း ကြီးသူများက ငယ်သူများကို မျိုးနွယ်စုများအကြောင်း သင်ပေးနေလေသည်။ အခုတော့ သူတို့သည် မိုးမျိုးနွယ်စုကို တွေ့မြင်ရပြီဖြစ်သည်။ လူကြီးများက မိုးမျိုးနွယ်စု၏ ဓလေ့
ထုံးတမ်းများကို သူတို့အား ပြောပြထားပြီးသားဖြစ်ပါသည်။
ရှောက်ရွှမ်သည် မိုးမျိုးနွယ်စုက ယန်ဆွေ့အကြောင်းကိုသိသော်လည်း မိုးမျိုးနွယ်စုအကြောင်းကိုတော့ သိပ်မသိပါ။ ထို့ကြောင့် သက်လတ်ပိုင်းလူကြီးတစ်ယောက်က သူ့မျိုးနွယ်စုမှ လူငယ်စစ်သည်တော်များကို မိုးမျိုးနွယ်စုအကြောင်း ရှင်းပြနေသောအခါ ရှောက်ရွှမ်လည်း အသာနားစွင့်ထားလိုက်သည်။ မျိုးနွယ်စုများအကြောင်းပိုသိထားလေ ပိုအကျိုးရှိလေ မဟုတ်ပါလား။
“မိုးမျိုးနွယ်စုရဲ့နတ်ရုပ်ပုံစံက မိုးရေပဲ…မိုးမျိုးနွယ်စုဝင်တွေက မိုးရေကို ရှိခိုးကြတယ်…မိုးရေအပေါ်မှာ အလွန်ပဲ သက်ဝင်ယုံကြည်ကြတယ်…မျိုးနွယ်စုထဲက လူတစ်ယောက် ရေနစ်လို့သေတာပဲ ဖြစ်ဖြစ်၊ ရေနေသားရဲတစ်ကောင်ကောင်က ကိုက်လို့သေတာပဲ ဖြစ်ဖြစ် မျိုးနွယ်စုဝင်တွေက ဝမ်းနည်းပူဆွေးတာမျိုးမဖြစ်ကြဘူး…သေဆုံသွားတဲ့လူတွေက ကျန်ရစ်သူတွေမှာ မရှိတဲ့ ထူး
ထူးဆန်းဆန်း စွမ်းအင်တွေရသွားမယ်လို့ ယုံကြည်ကြတယ်…သူတို့ရသွားတဲ့ စွမ်းအင်အပေါ်မူတည်ပြီးတော့ သူတို့က ဘုရားသခင်တွေနေတဲ့ ဆီကို ရောက်အောင်သွားနိုင်တယ်တဲ့”
ရှောက်ရွှမ်နဲ့ ကျန်သူများက “ဘယ်လိုကြီးလဲ” ဟုပြေလိုက်မိကြသည်။
ထိုအဖြစ်သာအမှန်အကန်ဆိုပါက ကူမျိုးနွယ်စုမှ မိကျောင်းများသည် ဘုရားသခင်၏ ပြောခွင့်ဆိုခွင့်ရသူများ ဖြစ်သွားပေလိမ့်မည်။
မဖြစ်နိုင်ဟု ထင်စရာရှိသော်လည်း နားလည်ပေး၍တော့ ရပါသည်။ မျိုးနွယ်စုအသီးသီးသည် ကိုယ့်ယုံကြည်ချက်နှင့် ကိုဖြစ်ပါသည်။ အခြားလူများအမြင်တွင် အဓိပ္ပါယ်မရှိသော်လည်း ကိုးကွယ်သူများကတော့ ယုံကြည်မှုပြင်းထန်စွာ ကိုးကွယ်ကြခြင်းဖြစ်သည်။ သူတို့၏ ဦးနှောက်များကို ဖွင့်ပစ်မည်ဆိုလျှင်တောင် သူတို့၏ ယုံကြည်မှုများကို ပြောင်းလဲပစ်နိုင်မည် မဟုတ်ပါ။
“မိုးမျိုးနွယ်စုထဲမှာ မိုးရွာအောင် ဆုမတောင်းပေးနိုင်တဲ့ နတ်ဆေးဆရာကို မီးရှို့သတ်ပစ်တယ်လို့ပြောတယ်” တစ်ယောက်ကမေးလိုက်သည်။
“အဲဒီလိုတော့ မဟုတ်ပါဘူး…အစပိုင်းတုန်းကတော့ မိုးမခေါ်နိုင်တဲ့ နတ်ဆေးဆရာတွေကို မီးရှို့သတ်ပစ်ကြတယ်…နောက်ပိုင်းကျတော့ မိုးခေါ်နိုင်တဲ့ နတ်ဆေးဆရာဆိုတာ မရှိတော့ဘူး…အဲဒါနဲ့ သူတို့လည်း စည်းကမ်းတွေကို ပြောင်းပစ်လိုက်ရတယ်…ဒါပေမဲ့ မိုးမျိုးနွယ်စုရဲ့ နတ်ဆေးဆရာဆိုတာ သိပ်အဆင့်မမြင့်ဘူးပေါ့ကွာ...မိုးမျိုးနွယ်စုရဲ့ နတ်ဆေးဆရာအဖြစ် ရွေးချယ်ခံထားရတဲ့ နတ်ဆေးဆရာ အလောင်းအလျာတွေက မျိုးနွယ်စုပြင်ပကို သွားပြီး မိုးခေါ်လို့ရမယ့်နည်းလမ်းကို လိုက်ရှာကြရတယ်”
“မိုးခေါ်လို့ရမယ့်နည်းလမ်းကို ရှာတွေ့ကြလား” ငှက်မွှေးမျိုးနွယ်စုမှ လူငယ်စစ်သည်တော်တစ်ယောက်က မနေနိုင်သဖြင့် မေးမိသည်။
အခြားစစ်သည်တော်များက ထိုမေးခွန်းကိုမေးလိုက်သော စစ်သည်တော်ကို ကြည့်လိုက်ကြသည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…ဆုတောင်းလိုက်ရုံနဲ့ မိုးရွာတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…ငါတို့မျိုးနွယ်စုထဲက နတ်ဆေးဆရာတွေကတော့ အဲဒီလို မလုပ်တတ်ဘူး…မိုးမျိုးနွယ်စုကလူတွေကတော့ မပြောတတ်ဘူး…မျိုးနွယ်စုအငယ်စားလေးတွေကတော့ အဲဒီအကြောင်းပဲ ပြောချင်နေကြတာဖြစ်လိမ့်မယ်”
“သေချာတယ်” အခြားလူများက ခေါင်းငြိမ့်လိုက်သည်။ မျိုးနွယ်စုငယ်လေးများက သူတို့မျိုးနွယ်စုလည်း ထိုကဲ့သို့ မလုပ်နိုင်သဖြင့် မိုးမျိုးနွယ်စုကလည်း ထိုကဲ့သို့ လုပ်နိုင်မည် မဟုတ်ဟု ထင်ထားကြသည်။ မိုးခေါ်သည်ဆိုသည်မှာ လိမ်ညာခြင်းပင် ဖြစ်ပေလိမ့်မည်။
“နတ်ဘုရားတွေနဲ့ မိုးက ဘာဆိုင်လို့လဲ…ဒါပေမဲ့ နတ်ဘုရားတွေကတော့ ပျံနိုင်တယ်ဆိုတာ သေချာတယ်” ငှက်မွှေးမျိုးနွယ်စုဝင်တစ်ယောက်က ပြော
လိုက်သည်။
“ဘယ်လိုလုပ် နတ်ဘုရားတွေမှာ အတောင်ပံတွေပါမှာလဲ…နတ်ဘုရားဆိုတာ ခြေလက်၈ဖက်ရှိတာကွ” ခြေလက်၈ဖက်မျိုးနွယ်စုမှ လူတစ်ယောက်က ပြောလိုက်ပြန်သည်။
“အဓိပ္ပါယ်မရှိတာ…နတ်ဘုရားဆိုတာ အဲဒီလိုမဟုတ်ဘူး”
မျိုးနွယ်စုအသီးသီးတို့သည် မိမိကိုးကွယ်ယုံကြည့်သည့် နတ်ဘုရားအပေါ်မူတည်၍ နတ်ဘုရားများအကြောင်းကို ငြင်းခုံနေကြလေသည်။
ထျန်းရှန်မျိုးနွယ်စုမှလူများကတော့ နတ်ဘုရားဆိုသည်မှာ တောင်တန်းများပေါ်တွင် နေသည်ဟု ယုံကြည်နေကြပြီး မန်မျိုးနွယ်စုလူများကတော့ နတ်ဘုရားဆိုသည်မှာ သစ်တောထဲတွင်နေကြောင်း၊ဝါးပင်များပေါက်ရောက်သော သစ်တောမျိုးဖြစ်နိုင်ကြောင်း ပြောဆိုနေကြသည်။
ရှောက်ရွှမ်သည် မီးတောက်ဦးချိုမျိုးနွယ်စုအကြောင်းကို စဉ်းစားနေလိုက်သည်။ သူငယ်စဉ်ကလေးဘဝကတည်းက နတ်ဆေးဆရာက ရိုက်သွင်းပေးထားသဖြင့် သူတို့ယုံကြည်သည်မှာ သုံးမျိုးသာရှိသည် “ မီး…နတ်ရုပ် နှင့် ဘိုးဘေးများ” ဖြစ်ကြသည်။ နတ်ဘုရားဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း။ မီးကို နတ်ဘုရားဟုသတ်မှတ်မလား။ သို့မဟုတ် နတ်ရုပ်ကို နတ်ဘုရားဟုခေါ်မည်လား။ သို့မဟုတ် ကွယ်လွန်သွားသော ဘိုးဘေးများက သူတို့နတ်ဘုရားများလား။ သို့မဟုတ် ထိုသုံးခုလုံးသည် နတ်ဘုရားများလား။
သူတို့နားတွင် ရှိနေသော လူများပြောဆိုနေကြသည်များကို နားထောင်နေရင်း လဲ့နှင့် ထွော်တို့သည် ခေါင်းကုတ်လိုက်မိသည်။ သူတို့သည်လည်း စိတ်ထဲတွင် နတ်ဘုရားဆိုသည်ကို ပုံဖော်ကြည့်နေမိသည်။ နတ်ဘုရားသာတကယ်ရှိသည်ဆိုပါက ခေါင်းတွင် ဦးချိုကြီးတစ်ချောင်းပေါက်နေမည်လား၊ အတောင်ပံများတော့ ရှိမည် မဟုတ်သလို ပင့်ကူတစ်ကောင်နှင့်လည်း တူမည်မဟုတ်
ပါ။ ထို့ပြင် မိုးကိုကိုယ်စားပြုသည့်အရာလည်း မဟုတ်နိုင်ပါ။
နတ်ဘုရားဆိုသည်မှာ ဦးခေါင်းပေါ်တွင် ရှည်လျားသော ဦးချိုများရှိနေပြီး စွမ်းအားလွန်စွာ ကြီးမားသူဖြစ်ရမည်။ လဲနှင့်ထွော်တို့သည် သူတို့အချင်းချင်းဆွေးနွေးကြည့်ပြီးနောက် အခြားလူများ၏ အမြင်မှာ အဓ္ဓိပ္ပါယ်မရှိကြောင်း သဘောတူလိုက်ကြသည်။
အငြင်းပွားနေကြသူများ အချင်းချင်း တိုက်ခိုက်ကုန်ကြတော့မည်ကို သိလိုက်သဖြင့် လူအိုကြီးများသည် စိတ်ကိုလျှော့ချလိုက်ပြီး စိတ်လှုပ်ရှားနေသော လူငယ်စစ်သည်တော်များကို လိုက်ဆွဲနေရသည်။
“သူတို့က ဘယ်သူတွေလဲ…”လဲ့က သူတို့နှင့် အနည်းငယ်လှမ်းသောနေရာလောက်မှ ဖြတ်သွားသော အုပ်စုတစ်စုကို ညွှန်ပြရင်း မေးလိုက်သည်။
လဲ့၏စကားသံများကို ကြားသောအခါ အားလုံး
သည် အငြင်းအခုံဖြစ်နေသည်ကို ရပ်တန့်လိုက်ပြီး ထိုနေရာသို့ ကြည့်လိုက်ကြသည်။
အားလုံးပေါင်းလူကိုးယောက်ပါသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ခေါင်းဆောင်လုပ်သူက နွယ်ပင်စိမ်းများနှင့် အဝါရောင်ကောက်ရိုးပင်များဖြင့် ယက်လုပ်ထားသော အဝတ်အစားများ၊ အလှဆင်ထားသော သစ်သားများ၊ အရိုးစများကို ဆွဲထားသည်။ အဖွဲ့ဝင်တိုင်း၏ လက်ထဲတွင် ပန်းကန်လုံးတစ်လုံးစီကိုင်ထားကြသည်။ နောက်သို့ နည်းနည်းဆုတ်လိုက်ပြီး ပန်းကန်လုံးထဲသို့ လက်နှိုက်လိုက်သည်။ ထို့နောက် လမ်း၏ ဘေးဘီဝဲယာသို့ ပန်းကန်လုံးထဲနှိုက်လိုက်သော လက်ဖြင့် ကျဲဖြန့်လိုက်သည်။ ထို့နောက်ထိုအပြုအမူကိုပဲ ထပ်ခါထပ်ခါ ပြုလုပ်နေသည်။ သူတို့ ယူလာသော ပန်းကန်လုံးထဲတွင် ပါဝင်သော ပစ္စည်းမှာ ရေပင်ဖြစ်ရမည်။
လက်ကောက်ဝတ်များတွင်တော့ အခွံမာသီးများဖြင့် ပြုလုပ်ထားသော သစ်သားခေါင်းလောင်းလေးများကို ပတ်ထားကြသည်။ သူ
တို့လက်များလှုပ်ရှားလိုက်သည့်အခါတိုင်း ထိုခေါင်းလောင်းလေးများက လိုက်လှုပ်ရှားပြီး မိုးပေါက်များ မြေပြင်ပေါ်သို့ ကျရောက်သလို အသံမျိုးထွက်ပေါ်လာသည်။
“အဲဒါမိုးမျိုးနွယ်စုတွေပဲ” ဟွမ်ယဲ့က ပြောလိုက်သည်။
“အခမ်းအနားပွဲတစ်ခု ကျင်းပဖို့ လုပ်နေတာလား” တစ်ယောက်က မေးလိုက်သည်။
“မပြောတတ်ဘူး...သူတို့ ရိုးရာအခမ်းအနားနဲ့ပတ်သက်နေတာလည်း ဖြစ်ရင် ဖြစ်မှာပေါ့”
“ကဲပါ…ငါတို့နားစရာနေရာ အရင်ရှာလိုက်ရအောင်”
“ဟုတ်တယ်…ခရီးသွားအဖွဲ့အတွက် မိုးမျိုးနွယ်စုဝင်တွေက အိမ်တွေ ပြင်ဆင်ထားလိမ့်မယ်…အဲဒီနေရာမှာ သွားအနားယူကြရအောင်” အတွေ့အကြုံရင့်သော ခရီးသည်ကြီးတစ်ယောက်
က ပြောလိုက်လေသည်။
မိုးမျိုးနွယ်စုဝင်များသည် ဖြည်းဖြည်းနှင့် မှန်မှန်သာ လှုပ်ရှားနေသည်။ ခရီးသွားအဖွဲ့က ထိုနေရာမှ ထွက်ခွာသွားသောအခါ မိုးမျိုးနွယ်စုဝင်များနှင့် ရှောက်ရွှမ်တို့အဖွဲ့ဆုံမိသည်။
မိုးမျိုးနွယ်စုမှ လူများသည် မျက်နှာပေါ်တွင် ရောင်ခြယ်ပစ္စည်းများဖြင့် နတ်ရုပ်များကို ရေးဆွဲထားကြသဖြင့် သူတို့၏ ပင်ကိုယ်မျက်နှာကို မမြင်ရပါ။ သို့သော် ရှောက်ရွှမ်ကတော့ သူတို့အဖွဲ့ရှေ့မှ ဖြတ်လျှောက်သွားသော ယန်ဆွေ့ကို မှတ်မိနေသည်။
ယန်ဆွေ့အဝတ်အစားများက သူ့နောက်မှ လိုက်လာသော လူ၈ယောက်နှင့်မတူဘဲ အနည်းငယ်ကွဲပြားနေသည်။ သူ့အဝတ်အစားများမှာ ပိုရှုပ်ထွေးနေသလို လက်ထဲတွင် ကိုင်ထားသော ပန်းကန်လုံးကလည်း အခြားလူများ ကိုင်ထားသော ပန်းကန်လုံးများနှင့် မတူပါ။ သူ့ပန်းကန်လုံးကို အနည်းငယ်မြှင့်၍ ကိုင်ထားသည်။ ထို့ပြင်
ပန်းကန်လုံးတွင် အစင်းကြောင်းများ အစက်အပြောက်များ ရေးဆွဲထားသည်။ထိုအစင်းကြောင်းများ၊ အစက်အပြောက်များသည် စီးဆင်းနေသောရေနှင့် မိုးရေစက်များကို ကိုယ်စားပြုခြင်းဖြစ်သည်။
ယန်ဆွေ့ကလည်း ရှောက်ရွှမ်ကို သတိထားမိသွားသည်။ သူသည် ခဏလောက် ကြက်သေသေသွားပြီး တစ်ခုခုပြောရန် ပြင်လိုက်သည်။ သို့သော် အခုအချိန်သည် ရှောက်ရွှမ်နှင့် စကားပြောရန် အချိန်ကောင်းမဟုတ်ကြောင်း သူသတိရလိုက်သည်။ ရှောက်ရွှမ်နားတွင် အခြားလူများလည်းရှိနေသည်ကို တွေ့လိုက်သောအခါ သူ့အတွေးတစ်မျိုးပြောင်းသွားသည်။ ရှောက်ရွှမ်ကို မိုးမျိုးနွယ်စုဆီသို့ သွားရန် မျက်ရိပ်ပြလိုက်သည်။
ယန်ဆွေ့က ရှောက်ရွှမ်ကို မိုးမျိုးနွယ်စုထံအရင်သွားရန် အချက်ပြလိုက်သည်။ သူလုပ်စရာရှိသည်များလုပ်ပြီးပါက သူသည် ရှောက်ရွှမ်ကိုလာရှာမည်ဖြစ်သည်။
မိုးမျိုးနွယ်စု၏ ရွာအစွန်တွင် သစ်သားအိမ်လေးများ တန်းစီဆောက်ထားသည်ကို တွေ့လိုက်ရသည်။ ထိုအိမ်များမှာ ခရီးသွားအဖွဲ့များနားနေရန် ဆောက်လုပ်ပေးထားခြင်း ဖြစ်သည်။ တည်းခိုခအနည်းငယ်တော့ ပေးရသည်။
တည်းခိုးခကိုတော့ ရှောက်ရွှမ်တို့သည် သူတို့ဟာသူတို့ ပေးရမည် ဖြစ်သည်။ တခြားမျိုးနွယ်စုများက သူတို့အတွက် ပေးလိမ့်မည်မဟုတ်ပါ။ ကံကောင်းချင်တော့ ရှောက်ရွှမ်တွင် ငွေအလုံအလောက်ပါလာပါသည်။ မိုးမျိုးနွယ်စု၏ အစောင့်သုံးယောက်ကို ခရုခွံငွေကြေးအချို့ပေးလိုက်ပြီး သုံးယောက်ခန်းတစ်ခန်းကို တောင်းလိုက်ပါသည်။
သူတို့နားရမည် အခန်းလေးမှာ လွန်စွာရှေးကျလှသည်။ သို့သော် နားနေရန် အပင်တစ်ပင်ပင် မရှိသောနေရာတွင် ထိုကဲ့သို့ အခန်းမျိုးတွင် နားရသည်မှာ တော်ပါသေးသည်။
ရှောက်ရွှမ်သည် မိုးမျိုးနွယ်စုမှလူများဆီမှ ပေါင်မုန့်အမာစားတစ်မျိုးကို ငွေကြေးတချို့နှင့် လဲလှယ်လိုက်သည်။ သူတို့အတွက် ထိုအစားအသောက်များကို စားသောက်ရန် မလွယ်ကူပါ။ လဲ့နှင့်ထွော်တို့သည် တောထဲတွင် အမဲလိုက်သည့်အခါတိုင်း သားရဲကြီးများ၏ အသားကို စားသောက်နေကျဖြစ်သည်။ သူတို့အနေနှင့် ထိုကဲ့သို့နေရာမျိုးကို အခုမှ ရောက်ဖူးခြင်းဖြစ်ပြီး၊ ထိုကဲ့သို့ အစားအသောက်မျိုးကိုလည်း အခုမှစားဖူးခြင်းဖြစ်လေသည်။
“ငါတို့မျိုးနွယ်စုနေတဲ့နေရာက ဒီနေရာထက်အများကြီးပိုကောင်းတယ်” လဲ့ကပြောလိုက်သည်။
အရသာမရှိ၊ခြောက်ကပ်နေသော ပေါင်မုန့်ကို ကိုက်ဝါးရင်း ထွေသည် လဲ့ပြောသည်ကို သဘောတူလိုက်ကာ ရှောက်ရွှမ်ကို မေးလိုက်သည် “ငါတို့ဒီနေရာမှာ ဘယ်လောက်ကြာအောင်နေရမှာလဲ…ငါတို့သွားမယ့်ခရီးစဉ်မှာ ဒီနေရာထက်ဆိုးတဲ့နေရာတွေ ရှိနေသေးတာလား”။
“အဲဒါကတော့ လူကြီးတွေအပေါ်မူတည်တယ်…ကျန်တဲ့ခရီးစဉ်တလျှောက်အတွက် မင်းတို့ စိတ်ထဲက ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်”ရှောက်ရွှမ်က သူတို့ကိုကြည့်ပြီး ပြောလိုက်သည်။ ရှောက်ရွှမ်အကြည့်က ဒီထက် ပိုဆိုးသော နေရာများ ရှိနိုင်သေးသည်ဟု ဆိုလိုနေသလိုပင်။
လဲ့နှင့်ထွော်တို့၏ မျက်နှာများပေါ်မှ မျှော်လင့်ချက်များပျောက်ကွယ်သွားသည်။ ယခုနေရာထက်ဆိုးသော နေရာများပင်ရှိနေနိုင်သေးသည် ဆိုပါလား။ ထိုအစား သားရဲတို့ ပျော်စံရာမြေမှာပင် ဆယ်ရက်ခန့် တစ်ယောက်တည်းသွားနေချင်လိုက်သေးတော့သည်။ ယခုကဲ့သို့ သားကောင်တစ်ကောင်မှ မရှိသောနေရာတွင် သူတို့ မနေချင်ကြပါ။
ထို့ကြောင့် ခရီးသွားအဖွဲ့ဝင်များက ယခုခရီးသည် ခက်ခဲကြမ်းတမ်းသော ခရီးဖြစ်ကြောင်းကို ပြောခဲ့ကြခြင်းဖြစ်သည်။
ခဏလောက်ကြာသောအခါ ရေပန်းကန်လုံးကို ကိုင်ဆောင်ထားသော ကောင်မလေးတစ်ယောက် အိမ်ထဲဝင်လာပြီး ရှောက်ရွှမ်ကို ပြုုံးပြလိုက်သည်။ ထို့နောက် ရှောက်ရွှမ်ကို သစ်ရွက်တစ်ရွက်ပေးလိုက်သည်။
ထိုကောင်မလေးထွက်သွားသောအခါ၊ လဲ့နှင့်ထွော်တို့သည် ရှောက်ရွှမ်ဘက်သို့ စောင်းငဲ့ကြည့်ရင်း သစ်ရွက်ပေးတာက မိုးမျိုးနွယ်စုရဲ့ထုံးစံပဲလား”
“သစ်ရွက်ပေါ်မှာ စာများ ရေးထားသေးလား…ကြည့်ရအောင်”
ရှောက်ရွှမ်သည် လဲ့တို့၂ယောက်၏ လက်များမှ လွတ်အောင်ရှောင်ရင်း သစ်ရွက်ကို ကြည့်လိုက်ပြီးနောက်တွင် သစ်ရွက်ကို မြေပြင်တွင် နင်းချေလိုက်သည်။
လဲ့နှင့်ထွော်တို့စိတ်ပျက်သွားကြသည်။
“ငါအပြင်သွားလိုက်ဦးမယ်…အဖွဲ့ထဲမှာ အရေးကြီးကိစ္စပေါ်လာရင် လေချွန်သံပေးလိုက်” ရှောက်ရွှမ်က ပြောလိုက်သည်။ ထို့နောက် စကားကိုခဏရပ်လိုက်ကာ ဆက်ပြောသည် “ထျန်းရှန်မျိုးနွယ်စုဝင်တွေကို သတိဝီရိယနဲ့စောင့်ကြည့်နေနော်”
“ဟုတ်ပါပြီ ငါတို့သိပါတယ်…မင်းသွားစရာရှိတာ သွားပါ ဝါစဉ်ကြီးပုဂ္ဂိုလ်ကြီးရဲ့” ထွော်က လက်ဝှေ့ယမ်းပြလိုက်သည်။
သစ်သားအိမ်လေးမှ မထွက်ခွာမီ ရှောက်ရွှမ်သည် အခြားအခန်းမှာလူများသည် ပြတင်းပေါက်မှ တဆင့် သူတို့အခန်းကို လှမ်းကြည့်နေသည်ကို တွေ့လိုက်သည်။ ထိုအခန်းသည် ထျန်းရှန်မျိုးနွယ်စုဝင်များနေသော အခန်းဖြစ်သည်။ လူတစ်ယောက်က ပြတင်းပေါက်နားတွင် လေးတစ်ချောင်းကိုင်ထားပြီး မြားတစ်စင်းဖြင့် ရှောက်ရွှမ်ကို ချိန်ထားသည်။ သို့သော် ထိုလူမှာ မြားဖြင့် ချိန်ရုံသာချိန်ထားပြီး ရှောက်ရွှမ်ကို မြားနှင့်တော့ မပစ်ပါ။
သူတို့နေရာကို ရှောက်ရွှမ်တွေ့သွားသောအခါ ထိုမြားနှင့် ချိန်သောလူက ပြုံးလိုက်သည်။ တော်တော်စိတ်အနှောင့်အယှက်ဖြစ်စေသော အပြုံးပင် ဖြစ်လေသည်။
ထျန်းရှန်မျိုးနွယ်စုဝင်များသည် ရှောက်ရွှမ်တို့၃ယောက်ကို အငြိုးထားနေသည်မှာ တိရှန်မျိုးနွယ်စုကိစ္စကြောင့်လား သို့မဟုတ် အခြားအကြောင်းကိစ္စတစ်ခုခုကြောင့်လား။
ထိုအချိန်မှစ၍ ရှောက်ရွှမ်သည် ထျန်းရှန်မျိုးနွယ်စုဝင်များကို သတိမပြတ် စောင့်ကြည့်နေရမည်ဟု ဆုံးဖြတ်လိုက်သည်။
ရှောက်ရွှမ်သည် သူ့ကို မြားနှင့်ချိန်သော သူကို သိပ်ဂရုမစိုက်ပါ၊ ယခုလိုအခြေအနေမျိုးတွင် သူတို့သည် မျက်နှာပြောင်တိုက်၍ တိုက်ခိုက်ရဲမည် မဟုတ်ပါ။ သစ်သားအိမ်ငယ်လေးမှ ထွက်ခွာလာပြီးနောက် ရှောက်ရွှမ်သည် အရပ်မျက်နှာတစ်ဖက်သို့ ဦးတည်လျှောက်လာလိုက်သည်။ ထိုနေရာ
တွင် တောင်ကုန်းလေးတစ်ကုန်းရှိပြီး ထိုတောင်ကုန်းပေါ်တွင် သစ်သားအိမ်လေးများ ဆောက်ထားသည်။ ထိုနေရာသည် မိုးမျိုးနွယ်စု၏ ပိုင်နက်အပြင်ဘက်သို့ရောက်နေပြီ ဖြစ်သော်လည်း ရှောက်ရွှမ်ကတော့ ရပ်တန့်မည် မဟုတ်ပါ။
ထိုသစ်သားအိမ်လေးများသည် သူတို့အနားယူသော အိမ်များထက်ပင် အခြေအနေဆိုးဝါးသေးသည်။ ရှောက်ရွှမ်သည် ကောက်ရိုးကြိုးတစ်ချောင်းဆွဲထားသော အိမ်ငယ်တစ်လုံးထဲသို့ ဝင်သွားလိုက်သည်။
တံခါးရွက်များမှာ တစ်ဝက်ဖွင့်ထားသည်။ ရှောက်ရွှမ်သည် အခန်းထဲက လူများကို ကြည့်လိုက်သည်။ တစ်ယောက် သူ့ကို ရေနှင့် သစ်ရွက်ပေးသွားသော ကောင်မလေးဖြစ်ပြီး နောက်တစ်ယောက်ကတော့ ယန်ဆွေ့ဖြစ်သည်။
ထိုအချိန်တွင် ယန်ဆွေ့သည် နွားမြီးတစ်ချောင်းကို ကိုင်ထားပြီး ထိုနွားမြီးကို ကြည့်နေလေ
သည်။
ရေနှင့် သစ်ရွက်လာပေးသော ကောင်မလေးကို ရှောက်ရွှမ်တစ်ခေါက်မြင်ဖူးသည်။ ထိုအချိန်တုန်းကလည်း သူမသည် ယန်ဆွေ့နောက်က ပါလာခြင်းဖြစ်သည်။ သို့သော် သူ့အဝတ်အစားများ၊ မျက်နှာပေါ်တွင် ရေးခြယ်ထားသောအမှတ်အသားများ ကြောင့် သူမကို လွယ်ကူစွာ မမှတ်မိခြင်းဖြစ်သည်။
ရှောက်ရွှမ်ဝင်လာသောအခါ ကောင်မလေးက တစ်စုံတရာကို တီးတိုးပြောလိုက်သည်။ ရှောက်ရွှမ်၏ ခြေသံများကို ကြားသောအခါ သူမသည် ရပ်တန့်လိုက်ပြီး နှစ်ယောက်လုံးသည် ရှောက်ရွှမ်ကို မော့ကြည့်လိုက်သည်။
“မင်းရောက်လာပြီကိုး” ယန်ဆွေ့မှာ အခြေအနေမကောင်းပါ။ မျက်နှာပေါ်မှ အမှတ်အသားများ မရှိတော့သောအခါ ယန်ဆွေ့၏မျက်လုံးများ ညိုမည်းနေသည်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။
“မင်းကိုကြည့်ရတာ အခြေအနေမကောင်းပါလား…နတ်ဆေးဆရာဖြစ်မလာလို့လား” ရှောက်ရွှမ်က မေးလိုက်သည်။
“မဟုတ်ဘူး…အခုဆိုရင် ငါက မျိုးနွယ်စုရဲ့နတ်ဆေးဆရာ ဖြစ်နေပြီ…ဒါပေမဲ့ အောင်မြင်မှာတော့ မဟုတ်ပါဘူးကွာ” ယန်ဆွေ့က သက်ပြင်းချရင်း ပြောလိုက်သည်။