မိုးခေါ်ခြင်း
Vol. 19 Ch. 283
ယန်ဆွေ့သည် လက်ထဲမှ နွားမြီးကို အောက်ချထားလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ ယန်ဆွေ့က နွားမြီးကို လွှတ်ပစ်လိုက်သည်ကို မြင်သောအခါ ကောင်မလေးသည် နွားမြီးကို ကောက်ယူလိုက်ပြီး သစ်သားသေတ္တာတစ်လုံးထဲသို့ ထည့်သိမ်းထားလိုက်သည်။ ထိုသေတ္တာမှာ နွားမြီးတစ်ချောင်းဆန့်ရုံလောက်သာ ပြုလုပ်ထားခြင်းဖြစ်သည်။
ယန်ဆွေ့က အားတင်း၍ ပြုံးလိုက်သည် “အဲဒီလိုလုပ်ဖို့လိုလို့လား…ငါလုပ်ကြည့်တာတော့ မအောင်မြင်ပါဘူးကွာ”
အကျဉ်းချုပ်ရှင်းပြလိုက်ပြီးနောက် ထိုကောင်မလေးနာမည်မှာ မီရွှိဖြစ်ကြောင်း သိသွားသည်။ ထိုကောင်မလေးမှာ ယန်ဆွေ့နှင့် အတူကြီးပြင်းလာသော ကောင်မလေး ဖြစ်ပြီး ယန်ဆွေ့
နောက်လိုက် နတ်ဆေးဆရာမလေးဖြစ်သည်။ သူတို့၂ယောက်သည် မိုးခေါ်သည့်အခမ်းအနားကို အတူတူပြုလုပ်ကြမည်ဖြစ်သည်။
“ငါကြားထားတာ မီးတောက်ဦးချိုမျိုးနွယ်စုက ပြန်သွားပြီလို့ ကြားထားတာ…မင်းတို့တွေ အလယ်ပိုင်းဒေသက မျိုးနွယ်စုတွေနဲ့ အတူပြန်လိုက်လာတာလား” ယန်ဆွေ့က မေးလိုက်သည်။
“ဟုတ်တယ်” သူတို့၂ယောက်၏ ပုံစံများကို ကြည့်ပြီး ရှောက်ရွှမ်မေးလိုက်မိသည် “ဘာဖြစ်လို့လဲ…မင်းတို့ကို မျိုးနွယ်စုထဲကနေ အပြင်ကို မောင်းထုတ်တော့မှာမလို့လား…။
ယန်ဆွေ့လည်း ခေါင်းကုတ်လိုက်ရင်း “အဲဒီလိုသဘောပဲဆိုပါတော့”။
ခဏလောက်နှုတ်ဆိတ်သွားပြီးနောက် ယန်ဆွေ့က ဆက်ပြောသည် “ ငါသာ နတ်ဆေးဆရာအဖြစ် အရွေးချယ်မခံရရင် ဒီထက်ပိုအသက်ရှည်
ရှည်နေရမှာပဲ…အခုတော့ အခြေအနေမကောင်းရင် မီးရှို့သတ်ခံရမယ့် ကိန်းဆိုက်နေပြီ”
“ဗုန်း” မီရွှိက သူ့လက်ထဲမှ သေတ္တာကို လွှတ်ပစ်လိုက်သည်။ သေတ္တာထဲတွင် သေချာသိမ်းထားသော နွားမြီးလေးမှာ အပြင်ဘက်သို့ ထွက်ကျသွားသည်။ သူမသည် နွားမြီးကို ဂရုမစိုက်နိုင်ဘဲ နီရဲနေသော မျက်လုံးများဖြင့် အော်လိုက်သည် “ နင်မိုးခေါ်တာ အောင်မြင်မှာမဟုတ်ဘူးလို့ ဘယ်သူပြောလဲ” ။
“အားလုံးသိနေတာပဲဟာ” ယန်ဆွေ့က မဲ့ပြုံးပြုံးလိုက်သည်။ “ငါကတော့ အနှေးနဲ့အမြန်ဆိုသလို မီးရှို့သတ်ခံရတော့မှာပါ”။
“အဲဒါဆိုရင် နင်တခြားလူတွေကို ဘာလို့လိမ်ပြောခဲ့တာလဲ…နင်မိုးမခေါ်နိုင်ဘူးဆိုရင် တခြားလူတွေကို ငါမိုးခေါ်နိုင်ပါတယ်လို့ ဘာလို့ ပြောခဲ့တာလဲ” မီရွှိမျက်ရည်များစီးကျလာသည်။သူမသည် မြေပေါ်ကျနေသော နွားမြီးကို ကောက်ယူလိုက်ပြီး သေတ္တာထဲထည့်ကာ သေတ္တာကို ယန်ဆွေ့ဆီ
သို့ ပြန်ပေးလိုက်သည်။ ထို့နောက် တံခါးကို ဆောင့်ပိတ်ပြီး အပြင်သို့ ပြေးထွက်သွားသည်။
ရှောက်ရွှမ်သည် တံခါးကို ဆောင့်ပိတ်သွားသော မီရွှိကို ကြည့်နေလိုက်သည်။ ထို့နောက် ယန်ဆွေ့ဘက်သို့ လှည့်ကာမေးလိုက်သည် “ဘယ်လိုဖြစ်တာလဲ…မင်းတို့အကြောင်းတွေ လူတွေသိကုန်ပြီလား”။
ယန်ဆွေ့သည် နတ်ဆေးဆရာနေရာအတွက် ယှဉ်ပြိုင်နေသည်ကို ရှောက်ရွှမ်သိသည်။ သူသည် မိုးဘယ်တော့ရွာမည်လဲကို အမြဲခန့်မှန်းနေတတ်သည်။ ထို့နောက် ကံကောင်းထောက်မစွာ တိုက်ဆိုင်မှုတစ်ခုကြောင့် သူသည် အခြားယှဉ်ပြိုင်ဘက်များကို အနိုင်ယူလိုက်နိုင်ပြီး မျိုးနွယ်စု၏ နတ်ဆေးဆရာ ဖြစ်လာခဲ့လေသည်။
ယန်ဆွေ့မျက်နှာပါ ပူဆွေးနေသည်။ နေမကောင်းသူတစ်ယောက်၏ မျက်နှာထက်ပင် ဝမ်းနည်းကြေကွဲနေသည်။ ထို့နောက် “ငါတော့ အဲဒီကတိကိုပေးမိတာ တကယ်နောင်တရနေပါပြီ
ကွာ”ဟု ပြောလိုက်သည်။ လက်ရှိကြုံတွေ့နေရသော အခြေအနေအရ ထိုအခက်အခဲကို သူမဖြေရှင်းနိုင်ပါ။ သူသည် မျိုးနွယ်စုအကြီးအကဲ၏ ဖိအားပေးမှုကြောင့် အမှန်ကို ဝန်ခံရမည့် အဖြစ်သို့ရောက်ရှိနေပြီ ဖြစ်သည်။
ရှောက်ရွှမ်နှင့် နောက်တစ်ခေါက်ဆုံရသည့်အခါတွင်လည်း သူသည် အကျပ်အတည်းနှင့် ကြုံတွေ့နေရသည့်အချိန်ဖြစ်နေသည်။ ယန်ဆွေ့သည် ဖြစ်ကြောင်းကုန်စဉ်ကို ရှောက်ရွှမ်အား အတိုချုပ်ပြောြပလိုက်သည်။
ခရီးသွားနေရာမှ ယန်ဆွေ့သည် မျိုးနွယ်စုဆီသို့ ပြန်ရောက်လာသောအခါ သူသည် မိုးမျိုးနွယ်စု၏ နတ်ဆေးဆရာဖြစ်လာလေသည်။ သို့သော် နှစ်ကုန်ပိုင်းတွင်တော့ အခြားနတ်ဆေးဆရာ အလောင်းလျာတစ်ယောက်ကို ထောက်ခံသော မျိုးနွယ်စုအကြီးအကဲအသစ်တစ်ယောက် ပြောင်းလဲသွားသည်။ ယန်ဆွေ့သည် ပြီးခဲ့သော ရွေးကောက်ပွဲတုန်းက မသမာမှုဖြင့် ယှဉ်ပြိုင်ခဲ့သဖြင့် အကြီးအကဲအသစ်သည် ယန်ဆွေ့ကို
ဖယ်ရှားပစ်ရန် ဆုံးဖြတ်လိုက်သည်။ ယန်ဆွေ့သာ ထိုနေ့တွင် မိုးမခေါ်နိုင်ပါက လက်ရှိအကြီးအကဲသည် ယန်ဆွေ့အားမိုးခေါ်ခွင့်ပေးတော့မည် မဟုတ်ပါ။
ယန်ဆွေ့ကတော့ မိုးခေါ်ရန် အလုပ်မှာ အလွန်ခက်ခဲသည် ဟုဆိုသည်။ ယန်ဆွေ့အတွက်တော့ နတ်ဆေးဆရာမဖြစ်လာလည်း ပြဿနာမရှိပါ။သို့သော် လက်ရှိအကြီးအကဲက သူ့ဘက်တွင်ရှိသော လူတစ်ယောက်ကို ရာထူးတိုးပေးချင်နေသည်။ ထို့ကြောင့် အကြီးအကဲက အများရှေ့တွင် ယန်ဆွေ့အား မိုးခေါ်ပြန်ရန် ခိုင်းလိုက်ခြင်းဖြစ်သည်။ ထို့ပြင် ယခင်တစ်ခေါက်မိုးခေါ်နိုင်သည်မှာလည်း တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ကြောင်း ပြောလိုက်သေးသည်။ ယန်ဆွေ့အပြုအမူမှာ အားလုံးကို လှည့်စားသလိုဖြစ်ပြီး ဘိုးဘေးများနှင့် နတ်ရုပ်ကိုလည်း မလေးစားရာကျနေသည်။ ထို့ကြောင့် နတ်ဘုရားများက အပြစ်ပေးသည့်အနေဖြင့် ယခုနှစ်တွင် မိုးမရွာအောင် ပြုလုပ်ထားသည်။ ယခုထက်မိုးခေါင်မည်ဆိုပါက ရာသီဥတုမှာ ပိုမိုပူလောင်လာမည် ဖြစ်
ပြီး မြေပြင်များမှာ ခြောက်သွေ့အက်ကွဲကုန်မည်ဖြစ်သည်။ ထိုအခါ လယ်ယာမြေများမှာလည်း စိုက်ပျိုး၍ ရတော့မည် မဟုတ်ပါ။ အကြီးအကဲအသစ်က ယန်ဆွေ့၏ လှည့်ဖျားမှုကို ခွင့်လွှတ်ပေးရန် လူထုကို တောင်းဆိုထားရသည်။
ဘယ်လိုဖြစ်တာလဲ၊ မိုးခေါ်နိုင်သည်ဟု ဝန်ခံခိုင်းခြင်းမှာ ယခင်မျိုးနွယ်စုအကြီးအကဲဖြစ်သည်။ မျိုးနွယ်စုအကြီးအကဲအဟောင်းကို လိမ်လည်ရဲသည့် ယန်ဆွေ့ကို မီးရှို့သတ်ပစ်ကြတော့မည်ဖြစ်သည်။
“အကြီးအကဲအသစ်က ငါ့ကို မိုးရွာအောင် လုပ်ခိုင်းထားတယ်…မိုးရွာအောင်မလုပ်နိုင်ဘူးဆိုရင် နတ်ဘုရားတွေက ဒေါသထွက်လိမ့်မယ်…နတ်ဘုရားတွေရဲ့ ဒေါသတွေကို ပြေပျောက်အောင် ငါ့ကို မီးရှို့သတ်ရမည်တဲ့” ယန်ဆွေ့သည် သေတ္တာထဲမှ နွားမြီးကို ထုတ်ကာ ဝှေ့ယမ်းနေလိုက်သည်။ “အမှန်တကယ်တော့ အဲဒါက အကြောင်းပြချက်တစ်ခုဆိုတာ လူတိုင်း သိပါတယ်ကွာ…ဘယ်လိုလုပ်ပြီး ဆုတောင်းရုံနဲ့ မိုးကရွာမှာလဲ…ဒါပေမဲ့
လည်း အကြီးအကဲက ပေးထားတဲ့အမိန့်ဆိုတော့ ငါလည်း ဘာမှမတတ်နိုင်တော့ဘူး…နောက်ပြီးတော့ လူတွေက မိုးခေါင်တာကို ရပ်စေချင်ရင် ငါ့ကို မီးရှို့ပြီး ယဇ်ပူဇော်မှပဲ ရမယ်လို့ထင်နေကြတယ်”
အတိတ်တုန်းကဆိုလျှင် ယန်ဆွေ့သည် အကြီးအကဲဟောင်း၏ ထောက်ခံမှုကြောင့် ဟန်မပျက်နေနိုင်သေးသည်။ အကြီးအကဲအဟောင်းသည် မိုးရွာသည်မှာ ယန်ဆွေ့ကြောင့်မဟုတ်ဘဲ၊ တိုက်ဆိုင်မှုကြောင့်သာ ဖြစ်ကြောင်း သိထားသော်လည်း မျိုးနွယ်စုကို တည်ငြိမ်စေရန် နတ်ဆေးဆရာတစ်ယောက်တော့ လိုအပ်ကြောင်း သိထားသည်။ သူတာဝန်ယူစဉ်အချိန်က သူ့ဂုဏ်သိက္ခာကို မညှိုးနွမ်းစေရန် နတ်ဆေးဆရာတစ်ယောက် ရွေးချယ်လိုက်ခြင်းဖြစ်သည်။ အခုတော့ အကြီးအကဲ အသစ်က ယန်ဆွေ့ကို အမှန်အတိုင်းဝန်ခံရန် ဖိအားပေးနေပြီဖြစ်သည်။
“မင်းကိုထောက်ခံတဲ့လူဘယ်နှယောက်ရှိသေးလဲ” ရှောက်ရွှမ်က မေးလိုက်သည်။
အကြီးအကဲသည် ယန်ဆွေ့ကို ချက်ချင်းမီးရှို့သတ်၍ မရသဖြင့် အကြောင်းပြချက်တစ်ခုကို ရှာဖွေနေရသည်။ သူ့တွင်လည်း စိုးရိမ်စရာ ကိစ္စတစ်ခုခုရှိနေမည်ဖြစ်သည်။
“ငါ့ကို ထောက်ခံတဲ့လူတွေကတော့ အကြီးအကဲကို ထောက်ခံတဲ့လူတွေထက် များတယ်…ဒါပေမဲ့ နောက်၂ရက်ကြာရင် ငါ့ကိုထောက်ခံတဲ့လူတစ်ယောက်မှ ရှိတော့မှမဟုတ်ဘူး” ယန်ဆွေ့က အားယူပြုံးလိုက်ရင်း ပြောလိုက်သည်။
“ဒါဆို နောက်၂ရက်ကြာရင် မင်းက မိုးခေါ်မှာလား” ရှောက်ရွှမ်က မေးလိုက်သည်။
“ဟုတ်တယ်…ဒီရက်ပိုင်းတွေမှာ မိုးခေါ်ဖို့အတွက် ငါပြင်ဆင်စရာရှိတာ ပြင်ဆင်နေတာ…ငါတစ်ယောက်တည်းလည်း လေ့ကျင့်နေတယ်…ဒီနွားမြီးနဲ့ လေ့ကျင့်နေတယ်ဆိုပါတော့ကွာ” ယန်ဆွေ့က နွားမြီးကို ရှောက်ရွှမ်အား ဝှေ့ယမ်းပြလိုက်သည်။ “မနေ့က နွားမြီးတစ်ချောင်းကျိုးပြီးသွား
ပြီ…ဒါက အသစ်တစ်ချောင်းလေ”။
“မိုးခေါ်ဖို့အတွက် နွားမြီးကို အသုံးပြုရတာလား”
“ဟုတ်တယ်” ယန်ဆွေ့က နွားမြီးကို ဝှေ့ယမ်းရင်း ပြောလိုက်လေသည်။ “မိုးခေါ်ဖို့ဆုတောင်းနေတဲ့အချိန်မှာ ငါ့လက်ထဲမှာ နွားမြီးကို ကိုင်ထားရမယ်…ဒါပေမဲ့ အခုကိုင်ထားတဲ့ နွားမြီးက လေ့ကျင့်ဖို့အတွက် သုံးတာပါပဲ…တကယ်မိုးခေါ်တဲ့အခါကျရင်တော့ ငါ့ကိုထောက်ခံတဲ့သူတွေ ပြင်ဆင်ပေးထားတဲ့ နွားမြီးတစ်ချောင်းကို သုံးရမယ်…သာမန်အချိန်တွေမှာ သုံးလို့ရတဲ့ နွားမြီးမဟုတ်ဘူးဆိုပါတော့ကွာ…”
“မင်းဘာဆက်လုပ်မှာလဲ…မိုးခေါ်လို့ မအောင်မြင်ဘူးဆိုရင် ဒီအတိုင်းပဲ မီးရှို့အသတ်ခံလိုက်တော့မှာလား”
“တခြားငါတတ်နိုင်တာ ဘာရှိလို့လဲ” ယန်ဆွေ့က မျှော်လင့်ချက်မဲ့စွာပြောလိုက်သည်။ “တစ်ခုခုဖြစ်လာရင် ထွက်ပြေးဖို့တော့ ငါစဉ်းစားထားပါ
တယ်…ဒါပေမဲ့ ငါ့သူငယ်ချင်းတွေ၊ မိသားစုဝင်တွေရှိနေတော့ ငါပြေးလို့မဖြစ်သေးဘူး…ငါ့မျိုးနွယ်စုကလည်း ဒီမှာပဲ…မီးတောက်ကလည်း ဒီမှာပဲ…ငါဘယ်ကိုသွားရမှာလဲ…ငါကျွန်လည်းမဖြစ်ချင်ဘူး…လေလွင့်သူလည်း မဖြစ်ချင်ဘူး…မီးရှို့ပြီးအသတ်ခံလိုက်တာကမှ ကောင်းဦးမယ်”။
အခန်းထဲတွင် ရုတ်တရက် တိတ်ဆိတ်သွားသည်။
“နောက်တစ်ကြိမ် မိုးက ဘယ်တော့ရွာမှာလဲ…မိုးရာသီရောက်တော့မှာလား” ရှောက်ရွှမ်က မေးလိုက်သည်။
နောက်၁လလောက်အထိတော့ မိုးကကျဦးမှာ မဟုတ်ဘူး…ဒီဒေသမှာက လပြည့်ပြီးမှ မိုးရွာလေ့ရှိတယ်…အခြားဒေသတွေထက် နောက်ကျတယ်ဆိုပါတော့” ယန်ဆွေ့က ရှင်းပြနေသည်။
တော်တော်ဖြေရှင်းရခက်သည့် ပြဿနာတစ်ခုပင်ဖြစ်သည်။ မိုးရာသီမကျရောက်လာပါက ရှောက်ရွှမ်လည်း မည်သို့ ဖြေရှင်းရမည် မသိတော့ပါ။
မိုးအတုရွာအောင် လုပ်လျှင်ကော။ ထူးဆန်းသည့်ကိစ္စများစွာ ဖြစ်လေ့ရှိသော နေရာဒေသများဖြစ်သော်လည်း ရှောက်ရွှမ်သည် အခုပြဿနာအတွက်တော့ အဖြေကို မရှာတတ်ပါ။
“မင်းပြန်တော့လေ…သဲမုန်တိုင်းတိုက်လာပြီ” ယန်ဆွေ့ကပြောလိုက်သည်။ “ဒီရက်ပိုင်း ငါနတ်ဆေးဆရာဖြစ်နေတုန်းတော့ မင်းကို အရသာရှိတဲ့ အစားအသောက်တွေ ကြွေးနိုင်ပါသေးတယ်၊ ခဏနေရင် မင်းဆီကို အစားအသောက်တွေ ပို့ခိုင်းလိုက်မယ်”
ရှောက်ရွှမ်သည် ပျက်နေသော ပြတင်းပေါက်မှ အပြင်သို့ ကြည့်လိုက်သောအခါ ကောင်းကင်ပြာသည် မီးခိုးရောင် အနည်းငယ်သမ်းနေသည်ကို တွေ့လိုက်ရသည်။ အပြင်ဘက်တွင် လေထန်သောကြောင့် သဲနှင့် ဖုန်များ လွင့်စဉ်လျက်ရှိသည်။
“မင်းတို့နောက်၂ရက်ဆက်နေမယ်ဆိုရင် ငါအရှင်လတ်လတ်မီးရှို့သတ်ခံရမှာကို မြင်ရမှာပေါ့
ကွာ” ယန်ဆွေ့က ပြောလိုက်ပြီး နွားမြီးထည့်ထားသော သေတ္တာလေးကို ကိုင်ရင်း အပြင်ထွက်သွားသည်။ “ပြန်တော့လေ..မနက်ဖြန်လည်း မင်းအပြင်မထွက်ရင် ကောင်းမယ်”။
ရှောက်ရွှမ်သည် သူအနားယူသည့်အခန်းသို့ ပြန်လာသည့်လမ်းတွင် ကောင်းကင်ပြင်ကြီးသည် အဝါရောင် သမ်းနေသည်ကို တွေ့လိုက်ရသည်။ မြင်ကွင်းမှာလည်း သိပ်မရှင်းတော့ပါ။ သဲများ၊ဖုန်းများပါသောလေထုကြောင့် နေကိုကောင်းစွာမမြင်ရဘဲ ဖြစ်နေသည်။ အိမ်ပြင်တွင်ရောက်နေသောသူများသည် အသက်ရှူရန် ခက်ခဲနေသည်။ သူတို့သည် ဖုန်မှုန့်များကြားတွင် သွားလာနေကြသည်။
မိုးမျိုးနွယ်စုမှ လူများကတော့ ထိုအခြေအနေမျိုးကို အသားကျနေပြီဖြစ်သည်။ သို့သော် အခုမှ ခရီးစထွက်လာသော လူငယ်များအတွက်တော့ အခက်အခဲတစ်ခုဖြစ်နေသည်။ အလင်းရောင်မှိန်နေသော ကောင်းကင်ကိုကြည့်ပြီး သူတို့ စိတ်များမှာလည်း ပျင်းရိပျင်းတွဲဖြစ်ကုန်သည်။
“ငါတို့မျိုးနွယ်စု စခန်းချတဲ့နေရာက တော်တော်ကောင်းတယ်” လဲ့က အပြင်ဘက်မှ ရာသီဥတုကို ကြည့်လိုက်ပြီး ပြတင်းပေါက်ကို ပိတ်လိုက်ကာ ရှောက်ရွှမ်ကို ပြောလိုက်သည်။
လဲ့နှင့် ကျန်သူများကတော့ ယခုသူတို့ရောက်နေသော သဲများသာရှိသောနေရာထက် သားရဲတို့ပျော်စံရာမြေတွင်သာ နေထိုင်လိုကြသည်။ မိုးမျိုးနွယ်စုမှလူများကတော့ သူတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ သူတို့က သားရဲတို့ပျော်စံရာမြေထက် ယခုနေရာတွင်ပင် နေချင်နေကြခြင်းဖြစ်သည်။
“အပြင်မှာတော့ ရာသီဥတုက ဒီလိုပဲ ဖြစ်နေဦးမှာပဲ..အိပ်ကြစို့ကွာ…ခဏနေရင် သဲတွေလည်း အိပ်ပျော်သွားလိမ့်မယ်” ထွော်က အကောင်းမြင်စိတ်ဖြင့် တွေးလိုက်သည်။
ရှောက်ရွှမ်ကတော့ စိတ်လေးနေသည်။ မနက်ဖြန်တွင် အပြင်မထွက်ရန် ယန်ဆွေ့က သူ့ကိုမှာလိုက်သည်။ ရာသီဥတုအခြေအနေမှာ ယနေ့
ထက်ပင်ပိုဆိုးမည့် အခြေအနေဖြစ်သည်။ နက္ခဗေဒပညာပိုင်းနှင့် ပတ်သက်၍တော့ ရှောက်ရွှမ်သည် ယန်ဆွေ့ကို ယုံကြည်နေပါသေးသည်။
မိုးခေါ်ခြင်းကတော့…။
မိုးမျိုးနွယ်စုဝင်များသည် ကောင်းကင်ကို ပူဇော်ရှိခိုးမည့်အစား မိုး၏နောက်ကွယ်တွင်ရှိနေသာ စွမ်းအင်တစ်ခုကို ရှိခိုးပူဇော်ကြခြင်း ဖြစ်ပါသည်။ မိုးရေသည် စွမ်းအင်များကို ကိုယ်စားပြုသည်။ “စွမ်းအင်ထက်မြက်ပြီး လျှို့ဝှက်သိပ်သည်းသော စွမ်းအင်” ကိုကိုယ်စားပြုသည်။ မိုးကိုခေါ်နိုင်သူသည်လည်း ထိုကဲ့သို့ စွမ်းအင်မျိုးရှိသည်ဟု ယူဆကြပြီး မိုးမျိုးနွယ်စုဝင်များက ထိုသူကို ယုံကြည်စွာ ရှိခိုးပူဇော်ကြလေသည်။
သို့သော် ထိုစွမ်းအင်တကယ်ရှိလား..မရှိလား ဆိုတာကတော့…။