← Chapters

ထောင်ချောက်

Vol. 3 Ch. 164

ထောင်ချောက်

Vol. 3 Ch. 164

“ဟားဟားဟား... ဟားဟားဟား... “

တောင်ကုန်းတစ်ခုပေါ်ကနေ သူရူးတစ်ယောက်ရဲ့ရယ်သံလို့ ထင်ရတဲ့ ရယ်သံက ပြန့်လွင့်လာနေတယ်။ နေဝင်ချိန် ရောက်လုပြီဖြစ်ပြီး ရွှေအိုရောင်နေအလင်းက ဂျုံခင်းတွေပေါ်ကို ကျရောက်နေတယ်။

နေရာအနှံက မြေပြင်မှာအက်ကွဲ​ကြောင်းတွေ ပေါက်ကွဲရာတွေနဲ့ပြည့်နေခဲ့တဲ့အတွက် လှပတယ်လို့ မဆိုနိုင်တဲ့ မြင်ကွင်းတစ်ခုပေါ့။ တိုက်ပွဲခြေရာလက်ရာတွေရဲ့အလယ်မှာတော့ ဓားကိုင်ထားတဲ့ လူငယ်လေးတစ်ယောက်ရှိနေပြီး လည်ချောင်းကွဲလုမတက် ရယ်မောနေတယ်။ နောက်တော့ သူက ရယ်နေတာကိုရပ်လိုက်ပြီး အကြည့်တွေက လေးနက်သွားတယ်။

“မင်းကောင်းကောင်း တိုက်ခဲ့ပါတယ်။” ဆားဗီးရပ်က နဖူးပေါ်မှာစီးကျနေတဲ့ သွေးတွေကို လက်နဲ့ဖယ်ရှားလိုက်ရင်းနဲ့ ထရပ်လိုက်ပါပြီ။ သူ့ခန္ဓာကိုယ်မှာစိုက်ဝင်နေတဲ့ အလင်းတိုင်တွေဟာလည်း ဖြည်းဖြည်းချင်းပျောက်ကွယ်သွားတယ်။

သူ့ခေါင်းပေါ်မှာတော့ ထူးဆန်းတဲ့ဆူးပန်းနဲ့ ပြုလုပ်ထားတဲ့ သရဖူတစ်ခုကိုစောင်းထားပြီး အဲဒီသရဖူဟာ အမှုန့်တွေအဖြစ်ကို ​ကြေမွ ပျောက်ကွယ်သွားခဲ့ပါတယ်။

“ငါပြောခဲ့သားပဲ... ငါ့ကိုတကယ်သတ်နိုင်တဲ့သူ တစ်ယောက်ပဲရှိတယ်။”

ဆားဗီးရပ်ရဲ့ခန္ဓာကိုယ်က ဒဏ်ရာတွေက မျက်စိနဲ့မြင်နိုင်တဲ့နှုန်းနဲ့ ပြန်လည်ကောင်းမွန် လာနေပါတယ်။ သူက သူ့ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်တယ်။ တိုက်ပွဲ ပြီးဆုံးသွားပြီ ဆိုတဲ့သဘောပါပဲ။

နောက်တော့ သူက နေရောင်ကိုကျောခိုင်းရင်း “အဲဒီရဟန်းမင်းပလ္လင်ပေါ်ကဘိုးတော်က ဘာအကွက်တွေရွှေ့နေမှန်းမသိပေမဲ့ စိုးရိမ်စရာမရှိဘူး။”

နောက်တော့ သူက ကောင်းကင်ပေါ်ကို လက်ညိုးညွန်လိုက်ပြီး “အဖွားပြောဖူးတာ တစ်ခုရှိတယ်။ ကောင်းကင်က ခင်းပေးတဲ့ လမ်းအတိုင်းလျှောက်တဲ့၊ တစ်နေ့မှာ ကမ္ဘာကိုအုပ်စိုးမယ့်သူက ကျုပ်ပဲဖြစ်လိမ့်မယ်။” ဆားဗီးရပ်ရဲ့ဒဏ်ရာတွေက အဲဒီစကားနဲ့အတူ လုံးဝ ပျောက်ကင်းသွားတယ်။ အဲဒီနောက်တော့ သူက ရှေ့ကိုတက်ပြီး ခါးကိုကိုင်းညွှတ်လိုက်ပါတယ်။ သူ့ရှေ့မှာ မိန်းကလေးတစ်ယောက် လဲကျနေတာ မြင်နိုင်တယ်။

နေက ကောင်းကင်ယံမှာပိုမိုနိမ့်ပါးလာခဲ့ပြီး နေရောင်က ဖြူဖွေးနေတဲ့ပါးပြင်ပေါ်ကို ကျဆင်းလာခဲ့တယ်။ ဒါပေမဲ့ အဲဒီးပါးပြင်ပေါ်မှာ ရင်ခုန်စရာ နွေးထွေးတဲ့ အရိပ်အယောင်မျိုးရှိမနေတော့ပါဘူး။

သီရာက သွေးအိုင်ထဲမှာ လဲကျနေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ အလင်းတိုင်တွေ နစ်ဝင်နေတာတွေ့ရတယ်။ ဒီအလင်းတိုင်တွေက သူ့ရဲ့မြားတွေဖြစ်ပြီး သူ့အမိန့်ကို နာခံခဲ့သင့်တဲ့အရာတွေပါ။ ဒါပေမဲ့လည်း..

“လောလောဆယ်တော့ မင်းကို အိမ်ပြန်ပို့ပေးပါရစေ။ ကျုပ်ကိုသတ်ချင်နေတဲ့သူတွေ မင်းအခြေအနေကို မြင်ရတဲ့အခါ ဘာဖြစ်သွားမလဲ သိချင်မိသား။ မပူပါနဲ့၊ နက်ဆန်ကိစ္စပြီးရင် ပီးယပ်ဆိုတဲ့ ဘိုးတော်ကြီးအလှည့်လည်း ရောက်လာမှာပါ။”

ဆားဗီးရပ်က သတိကင်းလွတ်နေတဲ့သီရာကို ချီမလိုက်တယ်။ သူ့လက်တစ်ဖက်က သီရာရဲ့နဖူးပေါ်က ဆံစတွေကို ဖယ်ရှားပေးလိုက်ပြီး သူ့ခန္ဓာကိုယ်ကို ကွေးညွှတ်လိုက်ပါပြီ။ အဲဲဒီနောက် သူဟာနေရာကနေ ပျောက်ကွယ်သွားတော့တယ်။ သူရှိခဲ့တဲ့ အထောက်အထားဆိုလို့ လေတိုက်လို့ လှုပ်ရှားသွားတဲ့ ဂျုံပင်တွေသာ ကျန်ရစ်တယ်။

....

“ခင်ဗျားဘာလို့ အစ်မကို ဆားဗီးရပ်ကိုသတ်ဖို့ စေလွှတ်လိုက်ရတာလဲ။ ကျုပ်ကိုလွှတ်လိုက်လို့ရတာပဲ။ သဲနာရီက ကျုပ်ဆီမှာလေ။ အစ်မကြီးက ဆားဗီးရပ်ကို ဘယ်နည်းနဲ့မှ နိုင်မှာမဟုတ်ဘူး။”

နီကိုလပ်က လက်ထဲမှာလှံကိုကိုင်ထားပြီး ပလ္လင်ရှေ့ကိုတက်လာကာ အော်ဟစ်နေတယ်။ ရဟန်းမင်းကြီးနဲ့ တအားနီးလာတဲ့အတွက် သွေးစွန်းဘုန်းတော်ကြီးက ကာကွယ်ပေးဖို့အတွက် သူတို့နှစ်ယောက်ကြား ဝင်ရပ်လိုက်ပေမဲ့ ပီးယပ်က လက်ကာပြလိုက်ပါပြီ။

“မလိုပါဘူး သွေးစွန်းဘုန်းတော်ကြီး။ လူငယ်လေးက စိတ်ပူနေရုံသက်သက်ပါ။”

ဒီတော့မှ သွေးစွန်းဘုန်းတော်ကြီးက ဖယ်ပေးလိုက်တယ်။ ပီးယပ်ကတော့ သူ့ကိုလှံနဲ့ရွယ်လုမတတ် စိတ်ဓာတ်ပြင်းပြနေတဲ့ နီကိုလပ်ကို ကြည့်လိုက်တယ်။ နီကိုလပ်ခါးမှာ နတ်ဘုရားတွေကိုချုပ်နှောင်ထားတဲ့ သဲနာရီပုံစံ မှော်ရတနာကိုချိတ်ဆွဲထားပြီး အဲဒီထဲက နတ်ဘုရားတစ်ပါးပါးသာလွတ်သွားရင် ဘယ်သေမျိုးမှ ခံနိုင်မှာမဟုတ်ပါဘူး။

ပီးယပ်က ရယ်မောလိုက်ရင်း... “ကောင်လေး၊ ငါပြောခဲ့တဲ့အတိုင်းပဲ သဲနာရီက သာမန်အခြေအနေမှာ သုံးရတဲ့လက်နက်မျိုးမဟုတ်ဘူး။ နတ်ဘုရားအဆင့် ရန်သူတွေနဲ့ရင်ဆိုင်ရမှ သုံးရတာမျိုး။ အရင်တစ်ခါ မင်းလုပ်ခဲ့တာတွေကတင် ဘောင်ကျော်လွန်းလှပြီ။”

ပီးယပ်စကားကြောင့် နီကိုလပ်စိတ်က နည်းနည်း ငြိမ်ကျသွားတယ်။ ပီးယပ်ကတော့ “ငါ့သိစိတ်က ပြောနေတာတစ်ခုက မင်းကိုလွှတ်လိုက်ရင် မင်းရော ဆားဗီးရပ်ရော သေမယ့်အပြင် ထိန်းချုပ်မှုမဲ့နေတဲ့ နတ်ဘုရားတစ်ယောက်ယောက်က ရိုမြူလက် ဘုရားကျောင်းကို ကလဲ့စားချေဖို့ ပြန်လာလိမ့်မယ်ဆိုတာပဲ။ နေရာတိုင်းမှာ ပုန်းကွယ်နေတဲ့ နတ်ဘုရားမတစ်ပါးရှိနေပြီး မင်းလွှတ်လိုက်သမျှ နတ်ဘုရားတွေကို အနိုင်ယူပေးမှာမဟုတ်ဘူးလေ။”

“.....” နီကိုလပ်က နှုတ်ခမ်းကိုကိုက်ထားလိုက်တယ်။ သူတစ်ခုခုပြောချင်ပေမဲ့ ပီးယပ်ပြောတာတွေက အမှန်ဖြစ်နေတဲ့အတွက်ကြောင့် သူဘာမှလုပ်လို့မရ ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ တုန်ယင်နေတဲ့ သူ့နှုတ်ခမ်းကနေ စကားတစ်ခွန်းစနှစ်ခွန်းစတော့ ထွက်လာခဲ့ပါသေးတယ်။

“ဒါ... ဒါပေမဲ့... ဆားဗီးရပ်က အစ်မကြီးကိုသတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။”

ပီးယပ်က နီကိုလပ်ရဲ့ပခုံးကိုပုတ်လိုက်ပြီး ‘အဲဒီလို ဖြစ်မှာမဟုတ်ဘူး'လို့ အဓိပ္ပါယ်ရတဲ့ အပြုံးမျိုးပြုံးပြတယ်။ ပြီးတဲ့နောက်တော့ သွေးစွန်းဘုန်းတော်ကြီးကို ခေါင်းညိတ်ပြလိုက်ပြီး

“သူ့ကို မှတ်တမ်းတင်ထားတာတွေပြလိုက်။”

သွေးစွန်းဘုန်းတော်ကြီးက တက်ပလက်တစ်လုံး သူ့အိတ်ထဲကထုတ်လိုက်ပြီး နီကိုလပ်ကို သီရာ လေ့ကျင့်ရေးကွင်းမှာ တစ္ဆေဘုရင်တွေကို သတ်ဖြတ်ပစ်တဲ့မြင်ကွင်းကို ပြန်ပြတယ်။

“ငါတို့ဘုရားကျောင်းက ကိုးကွယ်ယုံကြည်မှု စွမ်းအားကိုသုံးပြီး သူတော်စင်တွေကို အယ်ဒါအဆင့် တန်းရောက်အောင်လုပ်နိုင်တဲ့ နည်းပညာမျိုးကို စမ်းသပ်နေတာကြာပြီ။ သီရာကတော့ ပထမဆုံး အောင်မြင်ခဲ့တဲ့ သူတော်စင်ပဲ။ သူက သေချာပေါက် ဆားဗီးရပ်ကို ဖမ်းခေါ်လာလိမ့်မယ်။”

ဗီဒီယိုမှတ်တမ်းကို နီကိုလပ်က သွေး​အေးစွာနဲ့ ကြည့်နေခဲ့ပါတယ်။ သူ့ပုံစံက အဲဒီအတွက်ပျော်ပုံမရဘဲ ဒေါသဖြစ်နေပုံတောင်ရတယ်။

“အဲဒီမျက်လုံးအပိုတွေက... ခင်ဗျားတို့ အစ်မကြီးကို တကယ်ပဲ ဘာလုပ်လိုက်တာလဲ။”

နီကိုလပ်ရဲ့မေးခွန်းကို ပီးယပ်က တိုက်ရိုက်ပြန်ပြီး မဖြေခဲ့ဘူး။ အဲဒီအစား နီိကိုလပ်က အဖြေမပေးလဲ သူ့အကွက်ထဲဝင်လာမယ်လို့ ထင်နေတဲ့ပုံပါပဲ။

“ကောင်လေး၊ မင်းလက်ရှိခွန်အားနဲ့ မင်းအစ်မကြီးကို ကာကွယ်ပေးနိုင်ဦးမယ်လို့ထင်လား။”

နီကိုလပ်က ပီးယပ်ကို ထူးမခြားနားစွာကြည့်လိုက်တယ်။ ပီးယပ်ရဲ့ ဆွဲဆောင်မှုက အားကောင်းပေမဲ့လည်း ထောင်ချောက်မှန်းသိသိကြီးကို ခုန်ချရလောက်တဲ့အထိတော့ သူမတုံးအသေးပါဘူး။

“ကျုပ်ခင်ဗျားကို မယုံဘူး။”

နီကိုလပ်က လှံကိုပြန်ရုပ်သိမ်းလိုက်ပြီး ခန်းမထဲက ထွက်ခွာသွားခဲ့တယ်။ သွေးစွန်းဘုန်းတော်ကြီးက အဲဒီမြင်ကွင်းကိုကြည့်ရင်း ခေါင်းကို ခါယမ်းလိုက်တယ်။

“ကြည့်ရတာ စီစဥ်ထားတဲ့အတိုင်း မဖြစ်တဲ့ပုံပဲ။”

ပီးယပ်ကတော့ တည်တည်ငြိမ်ငြိမ်ပဲရှိနေသေးပြီး သွေးစွန်းဘုန်းတော်ကြီးကို ပြောလိုက်ပါတယ်။ “ စောပါသေးတယ်။ ကျုပ်ကတော့ ကျုပ်ရဲ့အစီအစဥ်က ကောင်းကောင်းမွန်မွန်ရှေ့ဆက်သွားနေတယ်လို့ မြင်တယ်။”

....

နီကိုလပ်က ခန်းမထဲကနေ ထွက်လာပြီးနောက် ဘုရားကျောင်းရဲ့အလယ်ဗဟိုမှာရှိတဲ့ ပန်းဥယျာဥ် ခုံတန်းပေါ်မှာ တစ်​ယောက်တည်းထိုင်နေခဲ့တယ်။ တစ်ဖက်လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်နေကြတဲ့ ဘုရားကျောင်းအစောင့်စစ်သားတွေနဲ့ ဒိုင်းသူတော်စင် ရူဘီတို့ရဲ့အသံကို ကြားနေရသေးတယ်။

အချိန်ဘယ်လောက်တောင် ကြာသွားတယ်မသိ။ ကောင်းကင်ပေါ်က နေမင်းကြီး ဝင်လုဆဲဆဲအချိန် ရောက်နေပြီဖြစ်ပြီး လေ့ကျင့်ကွင်းက တိုက်သံခိုက်သံတွေလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။

“အာရာ့... နင်ဒီမှာထိုင်နေတာကြာပြီပဲ။ ခါတိုင်းဆိုရင် သီရာနဲ့ ဘုရားကျောင်းတစ်ခုလုံး လျှောက်သွားနေကျ မဟုတ်ဘူးလား။”

လေ့ကျင့်ပြီးပြီဖြစ်လို့ လေ့ကျင့်ရေးကွင်းကနေ ထွက်လာတဲ့ ရူဘီက နီကိုလပ်ကိုကြည့်ပြီး ပြောလိုက်တယ်။ ရူဘီက ဝတ်နေကျသံချပ်ကာကို မဝတ်ဆင်ထားဘဲ ချိုင်းပြတ်ချွေးခံအင်္ကျီနဲ့ ဘောင်းဘီတိုကိုသာ ဝတ်ဆင်ထားပါတယ်။ လက်ထဲမှာတော့ ပုဝါတစ်ထည်ရှိနေပြီး ကိုယ်ပေါ်က ချွေးတွေကို ဖယ်ရှားလိုက်တယ်။ လက်ထောက်ဖြစ်တဲ့ လီချင်းချင်းကတော့ နောက်ကလိုက်လာပြီး ရူဘီရဲ့သံချပ်ကာ အလေးကြီးတွေထည့်ထားတဲ့ တွန်းလှည်းကို တွန်းနေပါတယ်။

နီကိုလက်က ရူဘီကို အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်ပြီးတဲ့နောက် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တယ်။

“ရူဘီ၊ ခင်ဗျားကာကွယ်ပေးချင်တဲ့ လူတစ်​ယောက်က ကိုယ့်ထက်ပို စွမ်းအားကြီးသွားရင် ဘာလုပ်သင့်တယ်လို့ ခင်ဗျားထင်လဲ။”

“.....” ရူဘီ တစ်ခဏလောက် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့တယ်။ နီကိုလပ်နဲ့သူက မိတ်ဆွေတွေ မဟုတ်ပါဘူး။ အရမ်းကြီးမုန်းတီးနေတာမျိုး မဟုတ်ပေမဲ့လို့ ပြိုင်ဘက်တွေလို့တော့ပြောနိုင်တယ်။ ပုံမှန်အခြေအနေမှာဆိုရင် နီကိုလပ်က အခုလိုမျိုး ပြောလာမှာမဟုတ်ဘူး။ ဒါပေမဲ့ ရူဘီကလည်း ငယ်သေးပေမဲ့ သူတော်စင်ဆိုတဲ့ဂုဏ်ပုဒ်အလေးချိန်ကို သယ်ပိုးထားရတဲ့ နီကိုလပ်ကို နားလည်တဲ့အတွက် အခုလိုမျိုးပြောလိုက်တယ်။

“ငါဆိုရင်တော့လား... အခုလိုထိုင်နေမယ့်အစား ပိုစွမ်းအားကြီးလာအောင် လေ့ကျင့်မိမယ်ထင်တာပဲ။”

အဲဒီနောက်တော့ ရူဘီနဲ့လီချင်းချင်းက နီကိုလပ်ကို ထားခဲ့ပြီး ရေချိုးရုံဆီကို ဦးတည်သွားကြပါတယ်။ နီကိုလပ်ကတော့ မှောင်လာနေတဲ့ ကောင်းကင်ကြီးကို ဆက်ကြည့်နေခဲ့မိတယ်။

ရုတ်တရက် ကောင်းကင်ပေါ်မှာ အမည်းစက်တစ်ခု ပေါ်လာတဲ့အတွက် သူ့မျက်လုံးသူ ပွတ်ကြည့်မိတယ်။ အမြင်မှားတယ်ထင်ပေမဲ့ အမည်းစက်က ပိုနီးလာနေပြီ ဖြစ်ပြီးတော့ လူပုံသဏ္ဍာန်ဖြစ်နေမှန်း သိထားမိလိုက်မယ်။

“ဒါက...” သူရင်ထိပ်သွားမိတယ်။ အဲဒီလူရိပ်က လူရင်းနှီးနေတဲ့ လူတစ်ယောက်ရဲ့ပုံရိပ် ဖြစ်နေခဲ့လို့ပါ။

ဘုန်း....

နီကိုလပ် ကြောင်အနေခဲ့တဲ့အတွက်ကြောင့် လူရိပ်ပြုတ်ကျလာချိန်မှာ တားဆီးဖို့ မလုပ်နိုင်ခဲ့ဘူး။ လှပတဲ့ ပုံရိပ်လေးက ဘုရားကျောင်းကြမ်းပြင်နဲ့ ရိုက်မိသွားပြီးနောက် သုံးပေလောက်ပြန်ခုန်တက်လာပြီးနောက်မှ ပြန်ပြုတ်ကျလာတယ်။

အဲဒီမိန်းကလေးက သံချပ်ကာတစ်မျိုးကိုဝတ်ထားပြီး သွေးစွန်းနေတဲ့ ရွှေရောင်ဆံပင်တွေရှိတယ်။ နှုတ်ခမ်းက ပြာနှမ်းတိုဝင်နေပြီး အသက်ရှိသေးတဲ့ အရိပ်အယောင်နည်းနည်းလေးသာ ရှိပါတော့တယ်။ လက်ထဲမှာတော့ အထွတ်အမြတ်လေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတယ်။

“မ... မဟုတ်တာ... ဒီ... ဒီလိုဖြစ်လို့မရဘူးလေ။”

နီကိုလပ်ရဲ့ခန္ဓာကိုယ်ထဲက အားအင်တွေအားလုံး ဒီအခိုက်အတန့်မှာပဲ ပျောက်ဆုံးသွားခဲ့တယ်။ လောကကြီးတစ်ခုလုံးက သူ့ကိုစွန့်လွှတ်သွားသလို တိတ်ဆိတ်သွားခဲ့ပြီး တုန်တုန်ယင်ယင်နဲ့ ထိုင်နေရာကနေ ထလိုက်မိတယ်။ သူ့မျက်လုံးကနေ မျက်ရည်ပူတွေစီးကျနေပြီး အော်ဟစ်ဖို့ကြိုးစားပေမဲ့ အသံထွက်မလာခဲ့ဘူး။

သူ့ခြေလှမ်းတွေကတော့ သူချစ်ရတဲ့သူဆီ...

မကြာခင်မှာပဲ သွေးစွန်းထင်းနေတဲ့ မိန်းကလေးဆီ သူ့လက်တွေရောက်သွားခဲ့တယ်။ သူ့ခေါင်းထဲမှာ ဖိစီးနေတဲ့အတွေးကြောင့် အကူအညီခေါ်ဖို့တောင် သူ့ဦးနောက်က အလုပ်မလုပ်ခဲ့ဘူး။ မိန်းကလေးရဲ့ ဦးခေါင်းကို သူ့ရင်ထဲသွပ်သွင်းပြီးတဲ့နောက် ညင်ညင်သာသာပွေ့ဖက်ထားရင်းနဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကိုသာ သူရေရွတ်နေခဲ့မိတယ်။

“အေးစက်နေတာ... အဲဒီလိုအေးစက်နေလို့မရဘူးလေ... အဲဒီလိုသေသွားလို့မဖြစ်ဘူး.... သေသွားရင်... သေသွားရင်... ငါ... ငါ....”

ဆားဗီးရပ်က အဲဒီနေရာမှာပဲ တခြားသူတွေ သူတို့ကို မြင်ပြီးလှုပ်ရှားလာတဲ့အထိ အရူးတစ်ယောက်လိုမျိုး ရေရွတ်နေခဲ့တယ်။

...

ညနက်ပိုင်း။

ရဟန်းမင်းကြီးပီးယပ်က သန်းဝေလိုက်ရင်းနဲ့ စားပွဲပေါ်က စာအုပ်ကို ပိတ်လိုက်ပါတယ်။ ဒီနေ့ ညနေပိုင်းကဖြစ်ခဲ့တဲ့ အဖြစ်အပျက်က သူ့ကိုနည်းနည်းလေးမှ မထိခိုက်စေတဲ့အလားပါ။

သူက တိုင်ကပ်နာရီကို မော့ကြည့်လိုက်ပြီး ကိုးနာရီ ထိုးနေတာတွေ့ရတော့ ပြုံးလိုက်ပြီး ထိုင်နေရာထကာ စာကြည့်ဆောင်တံခါးကိုဖွင့် အပြင်ကိုထွက်လိုက်တယ်။

“ကောင်လေး... မင်းစာကြည့်ဆောင်ရှေ့မှာ ရပ်နေတာ ဘယ်အချိန်ကတည်းကလဲ။”

သူ့ရှေ့မှာတော့ နီရဲနေတဲ့သွေးကြောမျှင်တွေနဲ့ ပြည့်နှက်နေတဲ့ မျက်လုံးအကြည့်တွေနဲ့ နီကိုလပ်ဟာ ကြောက်ရုပ်ထုလိုမျိုး ရပ်နေတယ်။ သူ့လက်ကနေ သွေးတွေစီးကျနေပြီး လက်သည်းတွေက လက်ခုံထဲ နစ်ဝင်နေခဲ့လို့ပါ။

“ခင်ဗျားပြောတဲ့ စွမ်းအားကြီးလာစေနိုင်တဲ့ နည်းလမ်းဆိုတဲ့ဟာ။ ကျုပ်အပေါ်မှာရော သုံးလို့ရလား။”

ပီးယပ်က နီကိုလပ်ရဲ့စကားကြောင့် ပြုံးလိုက်တယ်။ အဲဒီနောက် “မင်းပဲ ကျုပ်ကိုမယုံဘူးလို့ ပြောခဲ့တယ် မဟုတ်လား။”

နီကိုလပ်က ဆတ်ခနဲလှုပ်ရှားလိုက်တယ်။ သူက ချက်ချင်းပီးယပ်ရှေ့ကိုရောက်လာပြီး ပီးယပ်ခါးကို ဆွဲဖြဲလုမတတ်ပုံစံနဲ့ ဆုပ်ကိုင်လိုက်တယ်။

“ကျုပ်ဂရုမစိုက်တော့ဘူး၊ ဆားဗီးရပ်ကို သတ်နိုင်တဲ့အထိ၊ နက်ဆန်ဆိုတဲ့ကောင်ကို အနိုင်ယူနိုင်တဲ့အထိ၊ အစ်မကို ဘယ်သူမှမထိနိုင်အောင် ကာကွယ်ပေးနိုင်တဲ့အထိ ကျုပ်ကို စွမ်းအားကြီးအောင်လုပ်ပေး။”

All Chapters